← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇) သေဖို့ သိပ်မလိုတော့ဘူး

ငါးရက် ကြာပြီးနောက်….။

စမ်းသပ်လေ့ကျင့်ရေးကွင်း၊ လူစုစည်းရာနေရာ။

ချန်လော့သည် မြေပြင်ပေါ်တွင် ထိုင်၍ သူ၏ သစ်သီးကို စားနေ၏။သူ၏ဘေးတွင် ထိုင်နေသူမှာ ကျောက်မန် ဖြစ်ပြီး လက်ထဲရှိ အသားစိမ်း အနည်းငယ်ဖြင့် မီးတောက်ဝါးမြိုသားရဲ အကောင်ပေါက်လေး အချို့ကို အစာကျွေးနေသည်။

ဤမီးတောက်ဝါးမြိုသားရဲများကို ခန္ဓာတောင်ထွတ်မှ ဂိုဏ်းသားများက ယူဆောင်လာခဲ့ခြင်း ဖြစ်၏။ သူတို့သည် မနေ့က ဤနေရာသို့ ရောက်ရှိလာခဲ့ကြပြီး ချန်လော့နှင့် တွေ့ဆုံပြီးနောက် မီးတောက်ဝါးမြိုသားရဲ အားလုံးကို သူ့ထံသို့ ပြန်ပေးခဲ့ကြသည်။

သို့သော်လည်း ချန်လော့သည် ဤမီးတောက်ဝါးမြိုသားရဲများကို ပြုစုစောင့်ရှောက်ရန် စိတ်ဝင်စားမှု မရှိသဖြင့် သားရဲအားလုံးကို ကူညီပေးရန် ကျောက်မန်ထံသို့ လွှဲအပ်ထားခဲ့၏။

စမ်းသပ်လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်လာသူများထဲတွင် သဘာဝကျစွာပင် သားရဲတောင်ထွတ် ဂိုဏ်းသား အချို့လည်း ပါဝင်သည်။ လွန်ခဲ့သော ရက်အနည်းငယ် အတွင်း ချန်လော့သည် မီးတောက်ဝါးမြိုသားရဲ အကောင်ပေါက် အချို့ကို ရောင်းချခဲ့ပြီး ဖြစ်၏။

သစ်သီး စားပြီးနောက် ချန်လော့သည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး သူ၏ ဘေးပတ်လည်ရှိ လူအုပ်ကို တစ်ချက်ဝေ့ ကြည့်လိုက်သည်။ဤအချိန်တွင် လူစုစည်းရာနေရာ၌ လူခြောက်ဆယ်ခန့် စုဝေးနေကြပြီ ဖြစ်၏။ယနေ့သည် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပွင့်မည့်ရက် ဖြစ်ပြီး သီအိုရီအရ ဂိုဏ်းသားအားလုံး ယနေ့ နောက်ဆုံးထား၍ ပြန်လာကြရမည် ဖြစ်သည်။

စမ်းသပ်လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်လာသော ဂိုဏ်းသား တစ်ရာအနက် ထက်ဝက်ခန့်မှာ ပြန်မရောက်လာကြသေးချေ။ သို့သော်လည်း ကျန်ရှိနေသော ထက်ဝက်မှာ ပြန်လာကြတော့မည် မဟုတ်ဟု ခန့်မှန်းရ၏။

မည်သို့ပင်ဆိုစေ ချန်လော့သည် ကျောက်စိမ်းရောင် သစ်ပင်အောက်၌ပင် အလောင်းသစ် ခုနစ်လောင်း သို့မဟုတ် ရှစ်လောင်းခန့်ကို တွေ့မြင်ခဲ့ရပြီး အားလုံးမှာ ဤတစ်ကြိမ် စမ်းသပ်လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်လာသူများ ဖြစ်ကြောင်း ထင်ရှားသည်။ကျောက်စိမ်းရောင် သစ်ပင် တစ်နေရာတည်းတွင်ပင် လူအများအပြား သေဆုံးနိုင်ပါက အခြား မည်သည့် နေရာများတွင် လူမည်မျှ သေဆုံးနိုင်မည်ကို စိတ်ကူးကြည့်နိုင်၏။

သို့သော်လည်း ချန်လော့သည် ဓားတောင်ထွတ်မှ ဂိုဏ်းသားများကို မမြင်တွေ့ရခြင်းက အနည်းငယ် ထူးဆန်းနေသည်။ဤတစ်ကြိမ် စမ်းသပ်လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်လာသူများထဲတွင် ယန်ချင်းလင် တစ်ယောက်တည်းသာ ဓားတောင်ထွတ်မှ ဂိုဏ်းသား မဟုတ်ဘဲ အခြားသော အတွင်းဂိုဏ်းသား အုပ်စုများစွာလည်း ပါဝင်၏။

ထို့အပြင် သူတို့ အားလုံးသည် အတော်လေး သန်မာကြပြီး ယခုအချိန်ဆိုလျှင် ပြန်ရောက်နေသင့်ပြီ ဖြစ်သော်လည်း ချန်လော့သည် သူတို့ကို မမြင်တွေ့ရပေ။

"ဟိုဘက်က လူတွေက ဓားတောင်ထွတ်က ဂိုဏ်းသားတွေ မဟုတ်ဘူးလား..."

ထိုစဉ် ကျောက်မန်သည် ချန်လော့၏ အင်္ကျီလက်ကို ရုတ်တရက် ဆွဲလိုက်သည်။ချန်လော့ မော့ကြည့်လိုက်ရာ ချက်ချင်း မျက်မှောင်ကြုတ်သွား၏။ဂိုဏ်းသား ငါးယောက် သို့မဟုတ် ခြောက်ယောက်ခန့်က သူတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာနေကြသည်။

သူတို့သည် ဓားတောင်ထွတ် ဂိုဏ်းသား ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး လူတစ်ယောက် အိပ်နေသည့်ပုံပေါ်သော အဖြူရောင် ပိတ်စဖြင့် ဖုံးအုပ်ထားသော ထမ်းစင်တစ်ခုကို သယ်ဆောင်လာကြ၏။ကြည့်စရာပင် မလိုဘဲ ထိုထမ်းစင်ပေါ်ရှိ လူမှာ ယန်ချင်းလင် ဖြစ်ကြောင်း ချန်လော့ သိလိုက်သည်။

"ငါတို့ အပြင်ရောက်သွားတာနဲ့ သွေးထွက်သံယိုမှု နောက်တစ်ခု ထပ်ဖြစ်လာဖို့ သေချာနေတဲ့ပုံပဲ..."

ချန်လော့သည် အကူအညီမဲ့စွာ သက်ပြင်းချရင်း ပြောလိုက်၏။သို့သော်လည်း အခြေအနေ ဆိုးရွားလာပါက သူ့အတွက် ကောင်းကင်ကြီးကပင် ထောက်ပံ့ပေးရန် လောချင်းယွီ ရှိနေမည် ဖြစ်သဖြင့် ချန်လော့သည် အထူးတလည် စိုးရိမ်ပူပန်နေခြင်း မရှိပေ။

ဓားတောင်ထွတ် ဂိုဏ်းသားများ၏ အသွင်အပြင်နှင့် အဖြူရောင် ပိတ်စ ဖုံးအုပ်ထားသော အလောင်းသည် လူအများ၏ အာရုံစိုက်မှုကို သိသိသာသာ ဆွဲဆောင်သွားခဲ့၏။သို့သော်လည်း လူအများ၏ အာရုံစိုက်မှုက ထမ်းစင်ထက် ချန်လော့အပေါ်တွင် ပို၍ စူးစိုက်နေကြသည်။

နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ အသက်ဝင်လာပြီ ဖြစ်ကြောင်း ညွှန်ပြသည့် အလင်းတန်း တစ်ခု ထွက်ပေါ်လာ၏။ချန်လော့သည် ဝင်ရောက်ရန် ပြင်လိုက်စဉ် ရင်းနှီးနေသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

"နောက်ဆုံးတော့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပွင့်ပြီပဲ..."

ချန်လော့ တစ်ခဏမျှ တန့်သွားပြီးနောက် အသံထွက်ပေါ်လာရာ အရပ်သို့ စပ်စုချင်စိတ်ဖြင့် လှမ်းကြည့်လိုက်၏။ထိုအချိန်၌ အလွန် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို သူ ရုတ်တရက် တွေ့လိုက်ရသည်။

"ပိုင်ဇီချိုး..."

မိမိ၏ အမည်ကို တစ်စုံတစ်ယောက် လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရသဖြင့် ပိုင်ဇီချိုး သည် ခေါင်းလှည့်ကြည့်လိုက်ရာ ချန်လော့ကို မြင်လိုက်ရ၏။

"အစ်ကိုကြီးချန်..."

ချန်လော့ကို ကြည့်နေသော ပိုင်ဇီချိုး၏ အကြည့်များသည် အံ့အားသင့်သွားပုံမရချေ။

မည်သို့ပင် ဖြစ်စေကာမူ ၊ ချန်လော့သည် ချန်ရှင်းဂိုဏ်းတွင် နာမည်ကြီး ဂိုဏ်းသား တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ဤစမ်းသပ်မှုတွင် သူ ပါဝင်ခဲ့ကြောင်းကို လူတိုင်း သိထားကြ၏။သို့သော်လည်း ယခင်က ချင်းယန်တောင်ထွတ်တွင် သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် အနည်းငယ် အဆင်မပြေ ဖြစ်ခဲ့သောကြောင့် ဤတစ်ခေါက် စမ်းသပ်လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်ရာတွင် သူသည် ချန်လော့ကို မဖိတ်ခေါ်ခဲ့ပေ။

ချန်လော့သည် ပိုင်ဇီချိုးကို ဤမျှ ရှင်းလင်းစွာ မှတ်မိနေရခြင်းမှာ ပိုင်ဇီချိုးသည် သူ ခိုးယူထားသည့် အရာကို ပြန်လည် ရယူနိုင်ခဲ့သော တစ်ဦးတည်းသောသူ ဖြစ်သောကြောင့်ပင်။ဤသည်ကား ချန်လော့အတွက် စော်ကားမှု တစ်ခု ဖြစ်၏။

မည်သူကမျှ သူ ခိုးယူထားသည့် အရာကို ပြန်ယူနိုင်ခွင့်မရှိပေ။

တုံ့ဆိုင်းနေခြင်း မရှိဘဲ ချန်လော့သည် နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို စတင်လိုက်သည်။သို့သော်လည်း ချန်လော့သည် တိုက်ရိုက် လုယူရန် မရွေးချယ်ခဲ့ပေ။ ထိုသို့ လုပ်ဆောင်ခြင်းသည် တိုက်ရိုက်တပည့် အဆင့်အတန်းနှင့် မထိုက်တန်သောကြောင့် ဖြစ်၏။

ချန်လော့သည် လျှောက်သွားပြီး တစ်ဖက်လူကို တင်းကြပ်စွာ ဖက်လိုက်သည်။

"မတွေ့ရတာ ကြာပြီနော် ညီငယ်ပိုင်..."

ဤမြင်ကွင်းနှင့် ရင်ဆိုင်ရသောအခါ ပိုင်ဇီချိုးမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။သူကိုယ်တိုင်ပင် ချန်လော့နှင့် သူ၏ ဆက်ဆံရေးသည် ထိုမျှ ကောင်းမွန်သည်ဟု မထင်ထားခဲ့ပေ။

တိုက်ရိုက်တပည့် တစ်ယောက်၏ စိတ်အားထက်သန်မှုနှင့် ရင်ဆိုင်ရသောအခါ သူ မငြင်းပယ်နိုင်သဖြင့် အတင်းအကျပ် ပြုံးပြကာ ဖက်ရန် လက်လှမ်းလိုက်ရုံသာ တတ်နိုင်တော့၏။

"အစ်ကိုကြီးချန်..."

တစ်ချိန်တည်းမှာပင် ဘေးတွင် ရပ်နေသော ချန်ရှင်းဂိုဏ်းသားများမှာ အခက်တွေ့နေပုံရသည်။

အဘယ်ကြောင့်ဆိုသော် ပိုင်ဇီချိုး၏ လက်များကို ကိုင်ထားသော ချန်လော့သည် သူ၏ ခါးတွင် ချည်ထားသော သိုလှောင်အိတ်ကို ဖြည်းညင်းစွာ ဖြုတ်ယူနေသည်ကို သူတို့ ရှင်းလင်းစွာ မြင်နေရသောကြောင့် ဖြစ်၏။

သူတို့ မြင်တွေ့ခဲ့ရသော်လည်း မည်သူကမျှ တစ်ခွန်းမှ မဟရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ မည်သူကမျှ ချန်လော့ကို ရန်မစချင်ကြသောကြောင့် ဖြစ်သည်။ငါးစက္ကန့် သို့မဟုတ် ခြောက်စက္ကန့် ကြာပြီးနောက် ချန်လော့သည် သိုလှောင်အိတ်ကို ဖြုတ်ယူပြီးဖြစ်ကာ သူ၏ ကိုယ်ပိုင် သိုလှောင်အိတ်ထဲသို့ တိတ်ဆိတ်စွာ ထည့်လိုက်၏။

သူသည် ပိုင်ဇီချိုးကို တွန်းဖယ်လိုက်သည်။

"ညီငယ်ပိုင်... နောက်တစ်နေ့ကျရင် ငါတို့ ပြန်တွေ့ကြတာပေါ့..."

ထိုသို့ ပြောပြီးနောက် သူသည် ကျောက်မန်၏ ဘေးသို့ ပြေးသွားကာ ဘူးသီးခွက်ပေါ်သို့ တက်နင်း၍ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါဆီသို့ ပျံသန်းသွား၏။ဤအခိုက်၌ ပိုင်ဇီချိုး၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ရှိနေပြီး အခြေအနေ၏ ကြီးလေးမှုကို သတိမပြုမိသေးပုံ ရသည်။

"မင်းမှာ တစ်ခုခု ပျောက်နေပြီလားဆိုတာ တစ်ချက်လောက် စစ်ကြည့်ပါလား..."

ပိုင်ဇီချိုးနှင့် ဆက်ဆံရေး ကောင်းမွန်သော ဂိုဏ်းသား တစ်ယောက်သည် သူ့ကို သတိပေးလိုက်၏။ပိုင်ဇီချိုး တစ်ခဏမျှ မှင်သက်သွားပြီးနောက် ငုံ့ကြည့်လိုက်ရာ သူ၏ ခါးတွင် ချိတ်ဆွဲထားသော သိုလှောင်အိတ် ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။

"ခွေးကောင်... ချန်လော့... မင်း အဲဒီမှာ ရပ်လိုက်စမ်း..."

ပိုင်ဇီချိုးသည် အော်ဟစ်လိုက်ပြီး ချန်လော့နောက်သို့ လိုက်သွား၏။

သို့သော် သူ၏ အမြန်နှုန်းသည် ပျံသန်းရေး မှော်လက်နက်နှင့် မယှဉ်နိုင်ဘဲ သူတို့ကြားရှိ ကွာဟချက်သည် ပို၍ ပို၍ ကျယ်ပြန့်လာသည်ကို မြင်ရသောအခါ သူ၏ နှလုံးသားမှာ ပို၍ ပို၍ အေးစက်လာသည်။

"ငါ့ရဲ့ သိုလှောင်အိတ်ကို ပြန်ပေး... ငါ့ကို ပြန်ပေး..."

"အား... သိုလှောင်အိတ်... မင်းမပါဘဲ ငါ ဘယ်လို အသက်ရှင်ရမလဲ..."

"သိုလှောင်အိတ်... မသွားပါနဲ့..."

နှပ်ချေးများ၊ မျက်ရည်များ မျက်နှာပေါ်တွင် စီးကျနေသော ပိုင်ဇီချိုး၏ သနားစရာ အခြေအနေကို မြင်သောအခါ အခြား ဂိုဏ်းသားများ အားလုံးသည် သူတို့၏ ခါးတွင် ချိတ်ဆွဲထားသော သိုလှောင်အိတ်များကို ဖြုတ်ယူ၍ သူတို့၏ အိတ်ကပ်များထဲတွင် ဝှက်ထားလိုက်ကြ၏။

…

နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို ဖြတ်သန်းပြီးနောက် ချန်လော့နှင့် ကျောက်မန်တို့သည် စမ်းသပ်လေ့ကျင့်ရေးကွင်းမှ ပထမဆုံး ထွက်လာသူများ ဖြစ်ကြသည်။

ချန်လော့သည် ဘူးသီးခွက်ပေါ်မှ ခုန်ဆင်း၍ လွတ်လပ်ရေး ကြေညာစာတမ်း တစ်ရပ်ကို ထုတ်ပြန်ရန် ပြင်ဆင်နေ၏။သို့သော် ထိုအချိန်တွင် သူ့အနီးအနား၌ ဓားတောင်ထွတ် ဝတ်စုံ ဝတ်ဆင်ထားသူ တစ်ယောက်ကို သူ တွေ့လိုက်ရသည်။ တိုက်ရိုက်တပည့် ဝတ်စုံ ဝတ်ဆင်ထားသော ထိုသူသည် ထိုနေရာတွင် ရပ်နေ၏။

ထိုသူသည် အသက် သုံးဆယ်အောက်ဟု ထင်ရသော်လည်း သူ၏ အရှိန်အဝါသည် အလွန် အားကောင်းကာ သူ၏ ကျင့်ကြံမှု အဆင့်သည် အနည်းဆုံး ရွှေအမြုတေအဆင့်တွင် ရှိမည် ဖြစ်သည်။သို့သော် ပို၍ အရေးကြီးသည်မှာ ထိုသူ၏ ရုပ်ရည်သည် ယန်ချင်းလင်နှင့် ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ဆင်တူနေခြင်း ဖြစ်၏။

"ဒါက ယန်ချင်းလင်ရဲ့ အစ်ကို များလား..."

"ယန်ချင်းလင်ရဲ့ အလောင်းကို သူ မြင်သွားရင် ဒေါသထွက်ပြီး ငါ့ကို သတ်ပစ်မလား မသိဘူး..."

ထိုအရာကို တွေးမိသောအခါ ချန်လော့သည် သူ၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။သူ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် မလှမ်းမကမ်းတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ထိုပုံရိပ်သည် တစ်ယောက်တည်း ရပ်နေပြီး သူ၏ ဘေးပတ်လည်ရှိ လူများသည် သူ့ကို ကပ်ရောဂါ တစ်ခုကဲ့သို့ ရှောင်ရှားနေကြသည်။

"ဆရာ..."

"ဆရာက ငါ့ကို လာကြိုတာပဲ... ငါ့ကို ဂရုစိုက်တုန်းပဲ..."

ချန်လော့သည် ကျောက်မန်ကို လောချင်းယွီ၏ ဘေးသို့ မောင်းနှင်ခိုင်းလိုက်သည်။လောချင်းယွီသည် ချန်လော့ကို မြင်သည်နှင့် သူ့ကို အထက်အောက် ကြည့်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အသက်ရှင်နေသေးတာပဲ..."

ချန်လော့သည် အနေခက်စွာဖြင့် ပြုံးပြလိုက်၏။

"အသက်ရှင်နေသေးတယ်... ဒါပေမဲ့ သေဖို့ သိပ်မလိုတော့တဲ့ပုံပဲ..."

ချန်လော့၏စကားကို ကြားပြီးနောက် လောချင်းယွီမှာ ခဏတာ ကြောင်အမ်းသွားသည်။ သူမ သတိမပြန်ဝင်လာမီမှာပင် မလှမ်းမကမ်းမှ ဟိန်းဟောက်သံ တစ်ခုကို သူ ကြားလိုက်ရ၏။

အခန်း (၇၈) တစ်ယောက်ချင်း တိုက်ပွဲ

"ဘယ်သူလဲ... သူ့ကို ဘယ်သူ သတ်တာလဲ..."

"ချင်းလင်ကို ဘယ်သူ သတ်တာလဲ... ငါ မင်းတို့ကို မေးနေတယ်..."

"မြန်မြန်ပြောစမ်း... မင်းတို့က ချင်းလင်နဲ့အတူ မြှုပ်နှံခံချင်နေတာလား..."

ဟိန်းဟောက်သံတိုင်းနှင့်အတူ လူတိုင်း၏ အကြည့်များသည် အသံထွက်ပေါ်လာရာ အရပ်သို့ လှည့်သွားကြ၏။နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ အဝင်ဝတွင် ဓားတောင်ထွတ် တိုက်ရိုက်တပည့် ပုံစံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ဓားတောင်ထွတ် ဂိုဏ်းသား တစ်ယောက်၏ ကော်လာကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။သူတို့၏ ဘေးတွင် အဖြူရောင် ပိတ်စ ဖုံးအုပ်ထားသော ထမ်းစင်တစ်ခု ရှိနေ၏။

ဖွင့်မပြထားသော်လည်း ထမ်းစင်ပေါ်တွင် လူတစ်ယောက် လှဲလျောင်းနေကြောင်း မည်သူမဆို သိနိုင်ပေသည်။ထိုသူသည် သေဆုံးနေသော လူတစ်ယောက် ဖြစ်သည်။

"အဲဒါ ဓားတောင်ထွတ်က ယန်ချင်းချွမ် မဟုတ်ဘူးလား..."

"ဒီစမ်းသပ်မှုမှာ သူ့ညီလည်း ပါသွားတယ်လို့ ကြားတယ်..."

"ယန်ချင်းလင်လား... ခဏနေဦး... ငါ သူ့ကို မတွေ့မိသလိုပဲ... အဲဒီ ထမ်းစင်ပေါ်မှာ အိပ်နေတာများ သူလား..."

လူအုပ်ကြီးသည် ဤကိစ္စကို စတင် ဆွေးနွေးလာကြပြီး စမ်းသပ်လေ့ကျင့်ရေးကွင်းမှ ပြန်ရောက်လာကာ အတွင်းရေးများကို သိရှိသော ဂိုဏ်းသား အချို့သည် ချန်လော့ ရှိရာသို့ အခါအားလျော်စွာ စတင် ကြည့်ရှုလာကြ၏။လောချင်းယွီသည်လည်း သူ၏ ဘေးပတ်လည်ရှိ ဂိုဏ်းသားများ၏ အကြည့်များကို သတိပြုမိသွားပြီး ချန်လော့ ယခုလေးတင် ပြောခဲ့သည်များကို ပြန်တွေးကာ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရသည်။

ဘေးရှိ ချန်လော့ကို လှည့်ကြည့်လိုက်ရာ သူသည် ခါးကို မတ်ထားပြီး တစ်ဖက်လူနှင့် အချိန်ကြာမြင့်စွာ ပြင်းထန်သော အချေအတင် စကားများ ပြောဆိုရန် အသင့်ဖြစ်နေပုံပေါ်သည်ကို တွေ့လိုက်ရ၏။

"မင်း သူ့ကို သတ်လိုက်တာလား..."

လောချင်းယွီသည် သာမန် မေးခွန်းတစ်ခုကဲ့သို့ ခံစားချက် ကင်းမဲ့စွာဖြင့် တိုးတိုးလေး မေးလိုက်သည်။ချန်လော့သည် ဝမ်းနည်းနေသော အမူအရာဖြင့် ကြည့်လိုက်၏။

"အစကတည်းက ကျွန်တော် အဲဒီလို မလုပ်ချင်ခဲ့ပါဘူး..."

"ဒါပေမဲ့ သူက ဆရာ့ကို စော်ကားပြီး ကျွန်တော့်အကြောင်း မကောင်းပြောခဲ့တယ်..."

"သူတို့က ဆရာ့ကို လုံးဝ ယုတ်မာတယ်လို့ ပြောကြတယ်... ဆရာ့မျက်နှာက ရုပ်ဆိုးတယ်တဲ့... ဆရာ သေသွားရင်တောင် ဆရာ့သင်္ချိုင်းက ဆယ်ကြိမ်တောင် တူးဖော်ခံရလိမ့်မယ်တဲ့..."

"ဆရာ... ကျွန်တော့်ကို သိပါတယ်... ကျွန်တော် စော်ကားခံရတာကို သည်းခံနိုင်ပါတယ်... ဒါပေမဲ့ ဆရာ့ကို စော်ကားတာကိုတော့... လုံးဝ လက်မခံနိုင်ဘူး... ဒါကြောင့် ကျွန်တော်..."

ဖြန်း…

ချန်လော့ စကားမဆုံးမီမှာပင် လောချင်းယွီသည် သူ၏ ခေါင်းကို ရိုက်လိုက်၏။

"အမှန်တိုင်း ပြောစမ်း..."

သူ၏ လိမ်လည်မှု ပေါ်သွားသည်ကို မြင်လိုက်ရချိန်တွင် ချန်လော့မှာ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် ဖြည်းညင်းစွာ ပြောလိုက်၏။

"သူက ကျွန်တော့်ပစ္စည်းတွေကို လုဖို့ ကြိုးစားခဲ့တာ... ကျွန်တော်က ငြင်းလိုက်တော့ သူက ကျွန်တော့်ကို သတ်ဖို့ လုပ်လို့ သူ့ကို ကျွန်တော် သတ်လိုက်တာ..."

"ဒါပဲလား..."

"ဒါပါပဲ..."

လောချင်းယွီသည် ချန်လော့ကို အကူအညီမဲ့သော အမူအရာဖြင့် ကြည့်လိုက်၏။ဤအချိန်တွင် ယန်ချင်းချွမ်သည်လည်း ဓားတောင်ထွတ် ဂိုဏ်းသားထံမှ သူ လိုချင်သော အမည်ကို ရရှိသွားပြီးနောက် ချန်လော့ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။သို့သော် လောချင်းယွီကို မြင်လိုက်ရချိန်တွင် သူ၏ အကြည့်များသည် ရုတ်တရက် အေးခဲသွားပြီး ရပ်တန့်သွား၏။

"ချန်လော့... မင်းပဲ ဖြစ်ရမယ်... ငါ့ညီကို မင်း သတ်ခဲ့တာ..."

ချန်လော့သည် လောချင်းယွီကို ရှေ့တွင် ကာထားစေရန် အနည်းငယ် နောက်ဆုတ်သွားသော ယန်ချင်းချွမ်ကို ကြည့်လိုက်ပြီးနောက် ခါးကို မတ်ကာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်... မင်းအဘိုး ငါက သူ့ကို သတ်လိုက်တာပဲ..."

"ဘာလဲ... မင်းက မကျေနပ်ဘူးလား... တစ်ယောက်ချင်း ရှင်းကြမလား..."

ယန်ချင်းချွမ်မှာ ဆွံ့အသွား၏။ ချန်လော့သည် ကြောက်လန့်ပြီး ထွက်ပြေးမည်ဟု သူ မူလက ထင်ထားခဲ့သော်လည်း ဤသို့ လုပ်ရဲပြီး သူ့ကို ထိပ်တိုက် ရင်ဆိုင်ရဲမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ကောင်းပြီ... မင်း ပြောတဲ့အတိုင်းပဲနော်..."

"ဒါဆို သေတဲ့အထိ တိုက်ကြတာပေါ့..."

ထိုသို့ ပြောရင်း ယန်ချင်းချွမ်သည် သူ၏ ခါးမှ ဓားရှည်ကို ဆွဲထုတ်၍ ချန်လော့ကို တိုက်ရိုက် ချိန်ရွယ်လိုက်၏။ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိသော ဘေးပတ်လည်ရှိ လူများမှာ အံ့အားသင့်စွာဖြင့် အသက်ရှူမှားသွားကြသည်။

ချန်လော့မှာ အခြေခံတည်ဆောက်ခြင်း တတိယအဆင့်တွင်သာ ရှိသေးသော်လည်း သူ့တွင် ဒုတိယအကြိမ် သွန်းလုပ်ထားသော သံအရိုးနှင့် ဒုတိယအဆင့် ဝင်္ကပါဆရာ တစ်ဦး၏ ခွန်အားကိုလည်း ပိုင်ဆိုင်ထား၏။

သို့သော်လည်း ယန်ချင်းချွမ်၏ ကျင့်ကြံမှု အဆင့်က ရွှေအမြုတေအဆင့် ခုနစ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ၎င်းတစ်ခုတည်းနှင့်ပင် ချန်လော့ကို လုံးဝ ဖိနှိပ်ထားရန် လုံလောက်နေသည်။သို့သော် လူတိုင်း၏ အံ့အားသင့်မှုကား ချန်လော့သည် ယန်ချင်းချွမ်ကို အမှန်တကယ် စိန်ခေါ်ရဲခဲ့ခြင်းပင်ဖြစ်သည်။

"ဂိုဏ်းတူအစ်ကိုကြီးချန်က အချိန်အများစုမှာ ဂရုမစိုက်ဘဲ တာဝန်မဲ့ပုံ ပေါက်နေပေမဲ့ သူ့ရဲ့ သတ္တိနဲ့ တာဝန်ယူမှုက တကယ်ကို အထင်ကြီးစရာ ကောင်းတယ်လို့ ပြောရမယ်..."

"ဂိုဏ်းတူအစ်ကိုကြီးချန်က ငါတို့ ချန်ရှင်းဂိုဏ်းရဲ့ တိုက်ရိုက်တပည့် လို့ ခေါ်ဆိုခံရဖို့ တကယ်ကို ထိုက်တန်ပါတယ်... သူ့ရဲ့ သတ္တိနဲ့ ဆုံးဖြတ်ချက်က ငါတို့ အားလုံးကို ရှက်သွားစေတယ်..."

"ဂိုဏ်းတူအစ်ကိုကြီးချန်က ငါ့ချန်ရှင်းဂိုဏ်းရဲ့ တိုက်ရိုက်တပည့် နေရာနဲ့ ထိုက်တန်တယ်..."

လူတိုင်းသည် စကားပြောနေကြရင်း ချန်လော့၏ သတ္တိအပေါ် သူတို့၏ လေးစားအားကျမှုများကို ဖော်ပြနေကြ၏။ရွှေအမြုတေအဆင့် ၇ ရှိ ကျင့်ကြံသူ တစ်ဦးကို စိန်ခေါ်ရဲခြင်းသည် အလွန်အမင်း ရဲရင့်လှသည်။လောချင်းယွီပင်လျှင် အနည်းငယ် အံ့အားသင့်သွား၏။

ငါ့ရဲ့ တပည့် အတုအယောင်လေးက ပုံမှန်ဆို သေမှာကို တော်တော် ကြောက်တတ်တာ မဟုတ်ဘူးလား... ဘာလို့ ဒီနေ့ အရမ်း ထူးထူးခြားခြား ဖြစ်နေရတာလဲ…

စမ်းသပ်လေ့ကျင့်ရေးကွင်းမှာ သူ လိင်ပြောင်းသွားတာများလား…

သို့သော် ချန်လော့၏ ရဲရင့်မှုအပေါ် လူတိုင်း အံ့အားသင့်နေစဉ်မှာပင် ချန်လော့သည် လောချင်းယွီကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

"ဆရာ... ဒီကောင်က ဆရာ့ကို စိန်ခေါ်ချင်နေတာ..."

ထိုနေရာတွင် ရှိနေသူ အားလုံးမှာ ဤစကားများကြောင့် ဆွံ့အသွားကြ၏။

ဒါက ဘာလဲ... လောချင်းယွီကို စိန်ခေါ်တာလား... သူက မင်းကို စိန်ခေါ်နေတာ မဟုတ်ဘူးလား…

သို့သော် လူတိုင်း နားမလည်နိုင်မီမှာပင် ချန်လော့သည် ထပ်ပြောလိုက်သည်။

"ရွှေအမြုတေအဆင့် အောက်က ဘယ်သူမဆို ကျွန်တော့်ဆီ လာရင် ကျွန်တော့်ဘာသာ ဖြေရှင်းမယ်လို့ ဆရာ အရင်က မပြောခဲ့ဘူးလား..."

"ဒါပေမဲ့ ရွှေအမြုတေအဆင့် ဆိုရင်တော့ ဆရာ့ကို ဆက်သွယ်မယ်... ပြီးတော့ ဆရာက ကျွန်တော့်ကို ဖြေရှင်းဖို့ ကူညီပေးမယ်လို့လေ..."

"ကြည့်ပါဦး... ဒီရွှေအမြုတေ သောက်ကောင်က ကျွန်တော်တို့ တံခါးဝကို လာခေါက်နေပြီ... ဆရာသာ သူ့ကို ပညာမပေးရင် ချင်းယန်တောင်ထွတ်က ချန်ရှင်းဂိုဏ်းမှာ ဘယ်လိုလုပ် မျက်နှာပြရဲတော့မှာလဲ..."

ထိုစကားများကို ကြားပြီးနောက် လောချင်းယွီမှာ ဆွံ့အသွား၏။ချန်လော့သည် အကျင့်ပြောင်းလဲသွားပြီဟု သူမ ထင်မှတ်ခဲ့သော်လည်း သူသည် အစကတည်းက ဆရာဖြစ်သူကို လှည့်စားရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

လူတိုင်း ဆွံ့အသွားကြ၏။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ချီးကျူးနေခဲ့ကြပြီး ဤသို့ဖြစ်မည်ဟုမထင်ခဲ့ကြပေ။ယန်ချင်းချွမ်၏ မျက်နှာမှာ ပြာနှမ်းသွားလေသည်။

လောချင်းယွီကို စိန်ခေါ်တာလား... သူက အသက်ရှင်ရတာ ငြီးငွေ့နေပြီလား…

အခြားသူများသည် လောချင်းယွီ၏ ကျင့်ကြံမှုအဆင့်ကို အတိအကျ မသိကြသော်လည်း ၊ သို့သော် ဓားတောင်ထွတ်၏ တိုက်ရိုက်တပည့် တစ်ယောက်အနေဖြင့် လောချင်းယွီ၏ ခွန်အားကို သူ အလွန် ရှင်းလင်းစွာ သိထား၏။အဘယ်ကြောင့်ဆိုသော် တစ်ခါက လောချင်းယွီသည် မိမိ၏ ဆရာဖြစ်သူကို တောင်တစ်ဝက်ခန့်အထိ လိုက်လံ ရိုက်နှက်နေသည်ကို သူ မြင်တွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။

နောက်ပိုင်းတွင် လောချင်းယွီ၏ အစစ်အမှန် ခွန်အားမှာ နတ်ဝိညာဉ်အဆင့် တစ်ဝက် ဖြစ်ကြောင်း ဆရာဖြစ်သူထံမှ သူ သိရှိခဲ့ရ၏။သူသည် အဆင့်နိမ့် ရွှေမြုတေအဆင့် ကျင့်ကြံမှုဖြင့် နတ်ဝိညာဉ်အဆင့် တစ်ဝက်ရှိသူကို ဆန့်ကျင်နေခြင်း ဖြစ်သည်။ ဤသည်က သွားအသေခံခြင်းပင် မဟုတ်လော။

လောချင်းယွီသည် သူ၏ အတုအယောင် တပည့်လေးကို ကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။သို့သော်လည်း ချန်လော့ ပြောသည်မှာ တစ်ချက်တော့ မှန်ကန်၏။

သူတို့က ငါတို့ တံခါးဝကို လာခေါက်နေကြပြီ... သူတို့ကို ပညာမပေးရင် တကယ်ကို ရှက်စရာကောင်းမှာပဲ…

လောချင်းယွီသည် သူမ၏ လက်ကို မြှောက်လိုက်ရာ အစွမ်းထက်သော ဝိညာဉ်စွမ်းအား တစ်ခုက သူမ၏ လက်ဖဝါးတွင် စုစည်းလာသည်။ယန်ချင်းချွမ်ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာမှာ မည်းမှောင်သွား၏။ သူ ထွက်ပြေးချင်ခဲ့သော်လည်း သူ့တွင် အခွင့်အရေး လုံးဝ မရှိခဲ့ပေ။

ဘုန်း…

အသံကျယ်တစ်ခုနှင့်အတူ အစွမ်းထက်သော ဝိညာဉ်စွမ်းအင် ပေါက်ကွဲမှု တစ်ခုသည် ယန်ချင်းချွမ်၏ ရင်ဘတ်ကို ရိုက်ခတ်သွားပြီး သူ့ကို မီတာ ဆယ်ဂဏန်းကျော် အဝေးသို့ လွင့်စင်သွားစေသည်။ဖြစ်စဉ် တစ်ခုလုံးသည် တစ်စက္ကန့်ခန့်သာ ကြာမြင့်ပြီး စောင့်ကြည့်နေသူ အားလုံးကို အံ့အားသင့်စွာဖြင့် တိတ်ဆိတ်သွားစေ၏။

"မင်း သူ့ကို သတ်ချင်တာလား... ကောင်းပြီ... ဒါပေမဲ့ မင်းကိုယ်တိုင်တော့ မလုပ်နဲ့..."

"ရွှေအမြုတေအဆင့်အောက် ဂိုဏ်းသားတွေကို မင်း ရှာလို့ ရတယ်..."

"ရွှေမြုတေအဆင့် အောက်က ဘယ်သူ့ကိုမဆို သတ်ရင်တောင် ငါတစ်ခွန်းမှ မမေးဘူး..."

"ဒါပေမဲ့ ရွှေမြုတေအဆင့် ဒါမှမဟုတ် အဲဒီအထက်က တစ်ယောက်ယောက်သာ လှုပ်ရှားမယ် ဆိုရင်တော့ ငါ့ရဲ့ သတ်ဖြတ်တာကို ခံရဖို့ ပြင်ထားလိုက်..."

ထိုသို့ ပြောပြီးနောက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ လှေငယ် တစ်စင်းသည် သူမ၏ ခြေထောက်အောက်တွင် ထွက်ပေါ်လာ၏။ထို့နောက် လောချင်းယွီသည် ချန်လော့၏ ကော်လာ နောက်ကျောကို ဆွဲ၍ သူ့ကိုလည်း လှေငယ်ပေါ်သို့ ဆွဲတင်လိုက်သည်။ချန်လော့သည် လှေငယ်ပေါ်တွင် ပြုံးတုံးတုံး ရပ်နေလေ၏။

သို့သော် လှေငယ်သည် လေထဲတွင် တစ်ဝက်ခန့် ရောက်နေချိန်၌ ချန်လော့သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံ ရပြီး မြေပြင်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

"ကျောက်မန်! အဲဒီ မီးတောက်ဝါးမြိုသားရဲတွေကို သားရဲတောင်ထွတ် ဂိုဏ်းသားတွေဆီ ရောင်းဖို့ ငါ့ကို ကူညီပေးပါဦး"

"ပြီးတော့ မင်း အကြွေးတင်နေတဲ့ ပိုက်ဆံတွေ ပို့ပေးဖို့လည်း မမေ့နဲ့နော်... ချင်းယန်တောင်ထွတ်မှာ မင်းကို စောင့်နေမယ်..."

သို့သော် သူ စကားမဆုံးမီမှာပင် လောချင်းယွီသည် သူကို နောက်သို့ ဆွဲချလိုက်၏။

"မင်း ငါ့ကို အရှက်ခွဲတာ ရပ်လို့ ရမလား..."

လောချင်းယွီသည် ချန်လော့ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။သို့သော် ချန်လော့မှာ အရှက်ရှိပုံမရပေ။

"အကြွေးဆပ်တယ် ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲလေ... ဘာများ ရှက်စရာ ရှိလို့လဲ..."

လောချင်းယွီ သက်ပြင်းချလိုက်ပြီး ချန်လော့နှင့် စကားပြောရန် အချိန် မဖြုန်းတော့ပေ။ သူမသည် လှေငယ်ကို ချင်းယန်တောင်ထွတ်ဆီသို့ တိုက်ရိုက် မောင်းနှင်သွား၏။

All Chapters