အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉) ကံဆိုးသူ
လှေငယ်၏ အမြန်နှုန်းသည် အလွန် မြန်ဆန်လှပြီး မိနစ်အနည်းငယ် အကြာတွင် ချန်လော့နှင့် လောချင်းယွီတို့ နှစ်ဦးစလုံး ချင်းယန်တောင်ထွတ်သို့ ပြန်ရောက်လာကြသည်။
"ဆရာ... ဆရာ့ရဲ့ ပျံသန်းရေး မှော်လက်နက်က တကယ်ကို အံ့မခန်းပဲ..."
"ကျောက်မန်ရဲ့ ဘူးသီးခွက် အစုတ်ကြီးထက် အများကြီး ပိုကောင်းတယ်..."
"ဆရာ့ဆီမှာ အပိုတွေ ရှိသေးလား... ကျွန်တော့်ကို တစ်ခုလောက် ပေးလို့ ရမလား..."
ချန်လော့သည် သူ့အောက်ရှိ လှေငယ်ကို ပွတ်သပ်ရင်း သူ၏ မျက်လုံးများထဲတွင် အားကျသည့် အရိပ်အယောင်တစ်ခု ပေါ်လာ၏။တစ်ချိန်တည်းမှာပင် လောချင်းယွီအတွက် သူက ပိုအရေးကြီးသလား သို့မဟုတ် လှေငယ်က ပိုအရေးကြီးသလား ဆိုသည်ကို သူ စတင် စဉ်းစားလာသည်။
အကယ်၍ တစ်ယောက်ယောက်အတွက် ငါက အရေးကြီးတယ်ဆိုရင် ဒီလှေငယ်ကို ခိုးတာက သိပ်ပြီး ပြဿနာ မဖြစ်လောက်ပါဘူး…
သို့သော်လည်း လောချင်းယွီသည် ချန်လော့ကို လှုပ်ရှားရန် အခွင့်အရေး လုံးဝ မပေးခဲ့ပေ။ သူမသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် လှေငယ်ကို ချက်ချင်း ပြန်သိမ်းလိုက်၏။
"အဲဒီ ယန်ချင်းလင်... ယန်ချင်းလင်က အခြေခံတည်ဆောက်ခြင်း နယ်ပယ် အဆင့်ကိုးရှိတဲ့ ကျင့်ကြံသူ တစ်ယောက်လို့ ငါ မှတ်မိတယ်... မင်း သူ့ကို ဘယ်လိုများ သတ်လိုက်တာလဲ..."
လောချင်းယွီသည် ချန်လော့ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် စပ်စုလိုသည့် အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။ချန်လော့ ပထမဆုံး လေ့ကျင့်ရေးဆင်းသည့် နေ့တွင် သူသည် ချီသန့်စင်ခြင်းနယ်ပယ် အဆင့်ကိုးဖြင့် အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ရှိ ဂိုဏ်းသား တစ်ယောက်ကို အနိုင်ယူနိုင်ခဲ့သော်လည်း သို့သော် ဤအယူအဆ နှစ်ခုသည် လုံးဝ ကွဲပြားခြားနာသည်။
ထိုဂိုဏ်းသားသည် အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံမှု ရှိသော်လည်း သာမန် အတွင်းဂိုဏ်းသား တစ်ယောက်မျှသာ ဖြစ်သည်။ယန်ချင်းလင်သည် တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်ပြီး ထိုအတွင်းဂိုဏ်းသားများထက် ပိုမိုများပြားသော နည်းလမ်းများ ရှိသည့်အပြင် ရွှေအမြုတေအဆင့်တွင် ရှိသော အစ်ကို တစ်ယောက်လည်း ရှိနေ၏။
သူ့အစ်ကိုသည် သူ့ကို အလွန် အလိုလိုက်ပြီး ပစ္စည်းကောင်းများ အများအပြား ပေးလေ့ရှိကြောင်း နာမည်ကြီးသည်။အကယ်၍ ချန်လော့သည် ယန်ချင်းလင်ကို အနိုင်ယူရုံသာ အနိုင်ယူခဲ့ပါက လောချင်းယွီသည် အတော်လေး ပုံမှန်ဖြစ်သည်ဟု တွေးမိပေလိမ့်မည်။သို့သော် သူ့ကို သတ်နိုင်ခဲ့သည် ဆိုပါက ထိုအရာသည် လုံးဝ ခြားနားသော ကိစ္စရပ်တစ်ခု ဖြစ်သွားပြီ ဖြစ်၏။
ဤသည်က ယန်ချင်းလင်သည် သူ၏ နည်းလမ်း အားလုံးကို အကုန်အစင် သုံးပြီး ကြိုးစားခဲ့သော်လည်း ချန်လော့ကို အနိုင်ယူနိုင်စွမ်းမရှိဟု ဆိုလိုခြင်း ဖြစ်သည်။ချန်လော့ကို ကြည့်ရသည်မှာ မည်သည့် ဒဏ်ရာမှ မရှိသလို လုံးဝ အထိအခိုက် မရှိသည့်ပုံ ပေါက်နေ၏။ချန်လော့၏ စွမ်းရည်များနှင့် ပတ်သက်၍ သူမ အတော်အသင့် နားလည်ထားသည်။ ဤအဆင့်သည် ချန်လော့၏ စွမ်းဆောင်ရည်ထက် များစွာ ကျော်လွန်နေသည်။
လောချင်းယွီသည် ယန်ချင်းလင်အပေါ် သူ၏ အောင်ပွဲနှင့် ပတ်သက်၍ စပ်စုချင်နေသည်ကို မြင်လိုက်ရချိန်တွင် ချန်လော့သည် ဇာတ်လမ်းကို ချဲ့ကားပြောဆိုရန် ပြင်လိုက်သော်လည်း သူ စကားမပြောရသေးမီမှာပင် လောချင်းယွီက စကားစလာသည်။
"မင်း အမှန်တိုင်း ပြောတာ ပိုကောင်းမယ်... မဟုတ်ရင် မင်းရဲ့ နတ်အသိစိတ်ကို ငါ ဖတ်လိုက်ရလိမ့်မယ်..."
"ငါက မတော်တဆ မင်းကို အရူးတစ်ယောက်အဖြစ် ပြောင်းလဲပစ်လိုက်မိရင် မင်းရဲ့ ဘဝက အခုကစပြီး တော်တော်လေး ခက်ခဲသွားလိမ့်မယ်..."
ချန်လော့သည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်၏။
"အဲဒီကောင်က အဖြူရောင် မြအိုင်ရဲ့ အမွေအနှစ်ကို ပေးဖို့ တောင်းဆိုတယ်လေ... ကျွန်တော် ပေးရင် မြန်မြန် သေခွင့်ပေးမယ်တဲ့..."
"သူ့ရဲ့ ကျင့်ကြံမှု အဆင့်က တော်တော် မြင့်နေတာ တွေ့တော့ သူ့ကို ထိပ်တိုက် ရင်ဆိုင်တာက အရမ်း ဒုက္ခများမယ်လို့ ထင်လို့ အစက အလျှော့ပေးသလို ဟန်ဆောင်ပြီး သူ့ခြေထောက်ကို ဖက်ပြီး သိုလှောင်အိတ်ထဲက ပစ္စည်းကောင်းတွေ ထုတ်ပေးခဲ့တာ..."
"ပြီးတော့ သူ သတိလက်လွတ် ဖြစ်နေတုန်း သူ့ကို ဓားမြှောင်နဲ့ ထိုးလိုက်တော့ သေသွားတာပဲ..."
ချန်လော့၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် လောချင်းယွီမှာ ဆွံ့အသွား၏။ချန်လော့သည် ယန်ချင်းလင်ကို သတ်ရန် ထူးခြားသော နည်းလမ်း တစ်ခုခုကို အသုံးပြုခဲ့သည်ဟု သူမ မူလက ထင်ထားခဲ့သည်။
သို့သော် ယခု ကြည့်ရသည်မှာ ချန်လော့သည် "ယုတ်မာခြင်း" ဟူသော စကားလုံး တစ်ခွန်းတည်းကို အားကိုး၍ ယန်ချင်းလင်ကို သတ်နိုင်ခဲ့ခြင်း ဖြစ်ပုံရ၏။
သို့သော်လည်း ယုတ်မာခြင်းသည် မှားယွင်းသည်ဟု သူမ မထင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ချန်လော့၏ ယုတ်မာမှုကို သူမ သဘောကျမိသည်။ကျင့်ကြံခြင်း လောကသည် ရက်စက်ကြမ်းကြုတ်၏။ သေရေးရှင်ရေး တိုက်ပွဲ တစ်ခု ဖြစ်သည်။
ဘာက ယုတ်မာတာလဲ... ဘာက မြင့်မြတ်တာလဲ...
အရာအားလုံးသည် ဖြတ်သန်းသွားသော တိမ်တိုက်များသာ ဖြစ်ပြီး အသက်ရှင်သန်ခြင်းထက် မည်သည့်အရာကမျှ ပို၍ အရေးမကြီးပေ။
လောချင်းယွီသည် ခေါင်းညိတ်လိုက်ပြီး ချန်လော့၏ ချဉ်းကပ်ပုံကို အတော်လေး ကျေနပ်သွား၏။သို့သော် အကြောင်းရင်း တစ်ခုခုကြောင့် ချန်လော့သည် သူ၏ စကားထဲတွင် အလွန် အရေးကြီးသော အရာတစ်ခုကို လျစ်လျူရှုထားခဲ့သည်ဟု သူမ ခံစားလိုက်ရသည်။
ထိုအရာက အဖြူရောင် မြအိုင်နှင့် သက်ဆိုင်ပုံ ရ၏။
အဖြူရောင် မြအိုင်ရဲ့ အမွေအနှစ် ဟုတ်လား…
ဤအရာကို တွေးမိသောအခါ လောချင်းယွီ၏ မျက်လုံးများမှာ ရုတ်တရက် လင်းလက်သွားသည်။
"မင်း အခုလေးတင် ဘာပြောလိုက်တာလဲ..."
ချန်လော့မှာ ကြောင်အမ်းသွားသည်။ လောချင်းယွီသည် ယန်ချင်းလင်ကို သူ သတ်ဖြတ်ခဲ့သည့် လုပ်ငန်းစဉ်ကို သေချာ မကြားလိုက်ရဘူးဟု ထင်ကာ သူသည် ပြန်လည် ပြောပြလိုက်သည်။
"ကျွန်တော် အရင်ဆုံး သူ့ခြေထောက်ကို ဖက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်ခဲ့တယ်... ပြီးတော့..."
"မဟုတ်ဘူး... အဖြူရောင် မြအိုင်ရဲ့ အမွေအနှစ်... ယန်ချင်းလင်က မင်းကို အဖြူရောင် မြအိုင်ရဲ့ အမွေအနှစ်ကို ပေးဖို့ တောင်းဆိုခဲ့တယ်လို့ မင်း အခုလေးတင် ပြောလိုက်တယ်..."
"ဟုတ်တယ်လေ... တာအိုသုံးပါး စမ်းသပ်မှုကို ကျော်ဖြတ်ပြီးလို့ ပစ္စည်းကို အခုလေးတင် ရထားတာ ယန်ချင်းလင် ရောက်လာပြီး လုဖို့လုပ်တာ..."
လောချင်းယွီသည် ချန်လော့ကို ကြည့်လိုက်ရာ သူ၏ အမူအရာသည် ဟန်ဆောင်နေပုံ မရပေ။
တစ်နည်းအားဖြင့် ပြောရလျှင် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့ပြီး ရေတွက်၍ မရနိုင်သော ချန်ရှင်းဂိုဏ်းသားများကို ခေါင်းကိုက်စေခဲ့သည့် ထိုအဖြူရောင် မြအိုင်၏ အမွေအနှစ်ကို ချန်လော့သည် အမှန်တကယ်ပင် ရယူနိုင်ခဲ့လေသလော။
ထိုအရာကို တွေးမိသောအခါ လောချင်းယွီမှာ တစ်ခဏမျှ ဆွံ့အမိသွား၏။
ငါ့ရဲ့ တပည့် အတုအယောင်လေးက တကယ်ပဲ အဲဒီလောက် စွမ်းနေတာလား…
တစ်ခဏမျှ စဉ်းစားပြီးနောက် လောချင်းယွီသည် ချန်လော့ကို အဖြူရောင် မြအိုင် စမ်းသပ်မှု အကြောင်း ပြောပြရန် တောင်းဆိုလိုက်သည်။ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး၏ အကြမ်းဖျင်း အကြောင်းအရာကို သူမ လျင်မြန်စွာ သိရှိသွား၏။
သူမ ဂိုဏ်းသို့ စတင် ဝင်ရောက်စဉ်က စမ်းသပ်လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိခဲ့ဖူးသော်လည်း ထိုအချိန်က သူမ၏ အဓိက ပန်းတိုင်မှာ အဖြူရောင် မြအိုင် မဟုတ်သဖြင့် ထိုနေရာသို့ မသွားခဲ့ပေ။ထိုဒေသအကြောင်း သူမ နားလည်ထားသည်မှာ အခြားသူများ၏ ပြောပြချက်များသာ ဖြစ်သည်။
ချန်လော့ကို ထိုနေရာသို့ စေလွှတ်လိုက်ခြင်းသည် လောင်းကြေးတစ်ခုသာ ဖြစ်သော်လည်း သူမ ကို အံ့အားသင့်စေသည့်အထိ အမှန်တကယ် အလုပ်ဖြစ်သွားခဲ့၏။
"အမွေအနှစ်ထဲက အရာတွေက ဘာတွေလဲ..."
တစ်ခဏမျှ စဉ်းစားပြီးနောက် လောချင်းယွီ မေးလိုက်သည်။
"မပြည့်စုံတဲ့ မူလဓားဆန္ဒရယ်... လျှို့ဝှက်နက်နဲတဲ့ အဖြူရောင် မြူခိုး ရယ်ပဲ..."
သူ ရရှိခဲ့သည့် အရာများနှင့် ပတ်သက်၍ ချန်လော့သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားခဲ့ပေ။အဘယ်ကြောင့်ဆိုသော် လောချင်းယွီထံမှ မည်သို့မျှ ဖုံးကွယ်ထား၍ မရနိုင်ကြောင်း သူ ကောင်းကောင်း သိနေသောကြောင့် ဖြစ်၏။
"မူလဓားဆန္ဒက ရှားပါးတဲ့ ရတနာ တစ်ခုပဲ... မပြည့်စုံတဲ့ အခြေအနေမှာတောင်မှ တော်တော်လေး အသုံးဝင်သေးတယ်..."
"ဒါပေမဲ့ ပြီးပြည့်စုံအောင် လုပ်ချင်ရင်တော့ အနည်းဆုံး ရွှေအမြုတေအဆင့်ကို ရောက်ဖို့ လိုတယ်..."
"အဲဒီ အဖြူရောင် မြူခိုး ကတော့..."
ထိုသို့ ပြောရင်း လောချင်းယွီသည် သူ၏ လက်ကို မြှောက်လိုက်ပြီး ချန်လော့၏ နဖူးပေါ်သို့ သူမ၏ လက်ချောင်းများဖြင့် ဖိကပ်လိုက်၏။နတ်ဝိညာဉ်အာရုံ တစ်ခုသည် သူမ၏ လက်ချောင်းများမှတစ်ဆင့် ချန်လော့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး စက္ကန့်အနည်းငယ် အကြာတွင် လောချင်းယွီသည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
"တော်တော်လေး ကောင်းတဲ့ မှော်ရတနာ တစ်ခုပဲ..."
လောချင်းယွီ ပြုံး၍ ပြောလိုက်၏။
ထိုအချိန်၌ ချန်လော့မှာ လုံးဝ ဇဝေဇဝါ ဖြစ်နေပြီး သူမ မည်သည့်အရာ လုပ်နေသည်ကို လုံးဝ မသိပေ။
လောချင်းယွီက ဘာတွေ ပြောနေတာလဲ…
"ဆရာ... စကားဝှက်တွေ ပြောနေတာကို ရပ်လို့ ရမလား..."
"အဲဒါ ဘာလဲဆိုတာ ပြောပြပါ... ကျွန်တော် လောနေပြီ..."
ချန်လော့မှ ထိုသို့ ပြောလာသဖြင့် လောချင်းယွီသည် သူ့ကို ဆက်လက် စိတ်လှုပ်ရှားအောင် လုပ်မနေတော့ပေ။
"မင်း ပြောတဲ့ အဖြူရောင် မြူခိုးကို အတုယူမြူခိုး လို့ ခေါ်တယ်..."
"မင်းရဲ့ ကိုယ်ပိုင် ဆန္ဒကနေတစ်ဆင့် သူ့ကို ဘယ်လို ပုံသဏ္ဌာန်မျိုးမဆို ပြောင်းလဲအောင် လုပ်လို့ ရတယ်... ပြီးတော့ သူက အတိုင်းအတာ တစ်ခုအထိ မင်းရဲ့ ကိုယ်ပိုင် စွမ်းအား တစ်စိတ်တစ်ပိုင်းကိုတောင် ပိုင်ဆိုင်နိုင်သေးတယ်..."
"ဒါပေမဲ့ အဲ့ဒီမြူခိုးကို ရွှေအမြုတေအဆင့် ရောက်မှပဲ အသက်သွင်းလို့ ရမယ်... ရွှေအမြုတေအဆင့်ကို မရောက်မချင်းကတော့ သူက အလှပြရုံသက်သက်ပဲ..."
ချန်လော့မှာ ထပ်မံ ဆွံ့အသွား၏။
"ဒါဆို အဖြူရောင် မြအိုင်ကနေ ရလာတဲ့ ပစ္စည်း နှစ်ခုထဲက တစ်ခုက အသုံးပြုဖို့ ရွှေအမြုတေအဆင့် လိုအပ်ပြီး နောက်တစ်ခုက ပြုပြင်ဖို့ ရွှေအမြုတေအဆင့် လိုအပ်တယ်ပေါ့... ဆရာ ကျွန်တော့်ကို နောက်နေတာလား..."
ချန်လော့၏ မကျေနပ်သော အမူအရာကို မြင်လိုက်ရချိန်တွင် လောချင်းယွီသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။အကယ်၍ အခြားသူ တစ်ယောက်သာ ဆိုပါက ထိုပစ္စည်း နှစ်ခုထဲမှ တစ်ခုခုကို ရရှိခြင်းကပင် သူတို့ကို အချိန်အတော်ကြာအောင် ပျော်ရွှင်သွားစေရန် လုံလောက်နေပေလိမ့်မည်။
သို့သော် ရလဒ်အနေဖြင့် ဤအရာများကို အခြေခံတည်ဆောက်ခြင်း အဆင့်ဖြင့် အသုံးပြုလို့ မရသောကြောင့် ၎င်းမှာ ညည်းတွားနေလေ၏။
"ဒီတစ်ကြိမ် စမ်းသပ်လေ့ကျင့်ရေးကွင်းကနေ ဒီပစ္စည်း နှစ်ခုထက်မက မင်း ရလာခဲ့မှာ သေချာတယ်..."
"မင်းရဲ့ ခန္ဓာကျင့်ကြံမှုက ဒုတိယအကြိမ် သွန်းလုပ်ထားတဲ့ သံအရိုး အဆင့်ကို ရောက်နေတာ မြင်ရတော့ မင်း ရန်ယွီတောင်ကြားကို ရောက်ခဲ့တယ်လို့ ထင်တယ်... ကျောက်စိမ်းရောင် သစ်ပင်က ကျောက်စိမ်းရောင် သစ်သီးတွေကို မင်း ခူးလာခဲ့သေးလား..."
ချန်လော့သည် အနည်းငယ် ပြုံးလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းဖောက်ထွင်းမြင်ရသော အပြာရောင် သစ်သီး သုံးလုံး သူ၏ လက်ထဲတွင် ထွက်ပေါ်လာသည်။
ထိုသစ်သီး သုံးလုံးကို မြင်လိုက်ရချိန်တွင် လောချင်းယွီမှာ တစ်ခဏမျှ မှင်သက်သွားသည်။
"သစ်သီး သုံးလုံးစလုံး မင်း ယူလာတာလား... တခြား ဂိုဏ်းသားတွေက မင်းနဲ့ မလုကြဘူးလား..."
ချန်လော့သည် ပခုံးတွန့်ပြလိုက်၏။
"ကျွန်တော် လုမယူခဲ့ပါဘူး... ယန်ချင်းလင်ရဲ့ သိုလှောင်အိတ်ထဲမှာ တွေ့ခဲ့တာ..."
လောချင်းယွီ…
ဒီယန်ချင်းလင်က တကယ်ကို ကံဆိုးတာပဲ…
အခန်း (၈၀) ကျောရိုးဓား
လောချင်းယွီသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ချန်လော့၏ လက်ထဲရှိ ကျောက်စိမ်းရောင် သစ်သီး သုံးလုံးစလုံး ပျံသန်းလာ၏။
"မနက်ဖြန် ဆေးတောင်ထွတ်ကို ငါ သွားပြီး ကျောက်စိမ်းရောင် သစ်သီးတွေကို မင်းအတွက် ကျောက်စိမ်းရောင် ဆေးလုံးအဖြစ် ဖော်စပ်ပေးဖို့ ဆေးတောင်ထွတ် အကြီးအကဲကို သွားပြောလိုက်မယ်..."
"ဆရာ... ကျောက်စိမ်းရောင် ဆေးလုံးက ဘယ်အဆင့် ဆေးလုံးလဲ..."
ချန်လော့သည် မမေးဘဲ မနေနိုင်တော့ချေ။အကယ်၍ အဆင့်သည် သိပ်မမြင့်ပါက သူ ကိုယ်တိုင် ဖော်စပ်နိုင်သည်။
သူ့ထံတွင် စနစ် ရှိနေသဖြင့် သူ ဖော်စပ်သမျှ ဆေးလုံးတိုင်းက "အတွေ့အကြုံ စုဆောင်းခြင်း" ဖြင့် ပြီးပြည့်စုံသော အရည်အသွေး ရှိမည်ဟု သူ သေချာစေနိုင်၏။
"အဆင့် ၅..."
လောချင်းယွီ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ချန်လော့ တိတ်ဆိတ်သွား၏။
ဘုရားရေ... အဆင့် ၅ ဆေးလုံး... သူက ပထမအဆင့် အထွတ်အထိပ်မှာသာ ရှိနေဆဲဖြစ်သည်။
သူ၏ ကျင့်ကြံမှု အဆင့်သည် အခြေခံတည်ဆောက်ခြင်းသို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် ဒုတိယအဆင့် ဆေးဆရာ တစ်ယောက် ဖြစ်လာရန် ကြိုးစားနိုင်ပြီ ဖြစ်သော်လည်း အဆင့် ၅ နှင့်မူ အတော်လေး ဝေးကွာနေဆဲပင်။ကျောက်စိမ်းရောင် သစ်သီးများကို သိမ်းဆည်းပြီးနောက် လောချင်းယွီသည် ထွက်ခွာရန် ပြင်လိုက်၏။
သို့သော် သူမ သည် တစ်စုံတစ်ခုကို သတိရသွားပုံ ရကာ ချန်လော့ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သိုလှောင်အိတ်ထဲမှ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး စတုဂံပုံသဏ္ဌာန် သေတ္တာရှည် တစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
ချန်လော့သည် တစ်ချက် ကြည့်လိုက်ပြီး ချက်ချင်း စိတ်ဝင်စားသွား၏။ပြောစရာပင် မလိုအောင် သူ့အတွက် ပေးခြင်း ဖြစ်သည်မှာ သေချာသည်။
"ဆရာ... အဲဒါ ဘာပစ္စည်းကောင်းလဲ..."
လောချင်းယွီသည် တိတ်ဆိတ်နေပြီး သေတ္တာကိုသာ ဖွင့်လိုက်၏။ချန်လော့သည် စပ်စုချင်စိတ်ဖြင့် အနီးသို့ တိုးသွားရာ အတွင်း၌ ဖြူဖျော့နေသော အရာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ထိုအရာသည် အတော်လေး ထူးဆန်းနေပြီး တိရစ္ဆာန် တစ်ကောင်ကောင်၏ အရိုးများနှင့် အနည်းငယ် တူသော်လည်း ၎င်း၏ ပုံသဏ္ဌာန်က ဓားရှည် တစ်လက်နှင့် ပို၍ ဆင်တူနေ၏။
သို့သော် ဤအရိုးဓားတွင် ဓားရိုး သို့မဟုတ် လက်ရန်း မရှိဘဲ ဓားသွားသာ ရှိပြီး အပိုင်းပိုင်း ညီတူညီမျှ ခွဲခြားထားသည်။သို့သော် အသွားနှစ်ဖက်ပါသော ဒီဇိုင်းနှင့် ချွန်ထက်သော အဖျားသည် အတော်လေး ထက်မြက်ပုံ ပေါက်နေ၏။
"ဆရာ... ဒါ ဘာလဲ..."
ဤထူးဆန်းသော အရာကို မည်သို့ ခေါ်သည်ကို မသိသော်လည်း အထက်မှ ထွက်ပေါ်နေသော အစွမ်းထက်သည့် အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် ၎င်းသည် သာမန်အရာ မဟုတ်ကြောင်း သေချာနေသည်။
"နတ်ဝိညာဉ်အဆင့် တစ်ဝက်ရှိတဲ့ သားရဲရဲ့ ကျောရိုးနဲ့ ပြုလုပ်ထားတဲ့ ကျောရိုးဓား တစ်လက်ပဲ..."
ချန်လော့၏ မျက်လုံးများ ချက်ချင်း လင်းလက်သွား၏။
နတ်ဝိညာဉ်အဆင့် တစ်ဝက် သားရဲရဲ့ ကျောရိုး... ဒါက ရှားပါးတဲ့ တွေ့ရှိမှု တစ်ခုပဲ... ရောင်းလိုက်ရင် ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းလောက် အလွယ်တကူ ရနိုင်တယ်…
"ဘယ်ဘက်လက်လား ဒါမှမဟုတ် ညာဘက်လက်လား..."
လောချင်းယွီသည် ချန်လော့၏ လက်များကို ရုတ်တရက် ကြည့်လိုက်သည်။
"ဟင်..."
ချန်လော့ အံ့အားသင့်သွားပြီး လောချင်းယွီသည် မည်သည့်အရာကို ဆိုလိုကြောင်း ရှင်းလင်းစွာ နားမလည်ခဲ့ပေ။သို့သော် လောချင်းယွီတွင် အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိချေ။
"ဒါဆို ဘယ်ဘက်လက်ကို သုံးကြတာပေါ့..."
လောချင်းယွီ၏ စကားများ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို ချန်လော့ နားမလည်နိုင်မီမှာပင် သူ၏ လက်မောင်းကို ဆွဲကိုင်ခံလိုက်ရပြီ ဖြစ်၏။ထို့နောက် လောချင်းယွီသည် ချန်လော့၏ ဘယ်ဘက် အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး လက်ချောင်း တစ်ချောင်းကို ဆန့်ထုတ်၍ ချန်လော့၏ ဘယ်ဘက် လက်ဖျံ အတွင်းပိုင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ချန်လော့၏ လက်မောင်းပေါ်တွင် သွေးကွက် တစ်ခု ချက်ချင်း ပေါ်လာပြီး ဒဏ်ရာသည် ပိုမို နက်ရှိုင်းစွာ ကျယ်ပြန့်လာ၏။ ချန်လော့သည် နာကျင်မှုကို ခံစားလိုက်ရပြီး ဒဏ်ရာမှတစ်ဆင့် သူ၏ လက်ရိုးများကိုပင် မြင်တွေ့ခဲ့ရသည်။
သူမ မည်သည့်အရာ လုပ်နေသည်ကို ချန်လော့ မမေးနိုင်မီမှာပင် လောချင်းယွီသည် ထိုကျောရိုးဓားကို သူ၏လက်ထဲသို့ ထည့်သွင်းလိုက်သည်ကို မြင်လိုက်ရသည်။
"ဒီကျောရိုးက မင်းရဲ့ လက်အရိုးတွေနဲ့ ပေါင်းစပ်ပြီး မင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာလိမ့်မယ်..."
"မင်းရဲ့ စိတ်ကို အသုံးပြုပြီး အသက်သွင်းလိုက်တာနဲ့ သူက မင်းရဲ့ အရေပြားကို ဖောက်ထွက်ပြီး ရုတ်တရက် ပေါ်လာနိုင်တယ်..."
"သေချာတာကတော့ သူ အရေပြားကို ဖောက်ထွက်လာတဲ့ အကြိမ်တိုင်း နာကျင်ရလိမ့်မယ်... ဒါပေမဲ့ ရန်သူကို အလစ်အငိုက် သတ်ပစ်နိုင်ဖို့လည်း ကူညီပေးနိုင်တယ်..."
ချောက်…
ရုတ်တရက် ကျောရိုးဓားထံမှ အသံတစ်သံ ထွက်ပေါ်လာပြီး လက်မောင်းမှ ပြင်းထန်သော နာကျင်မှု တစ်ခု ထွက်ပေါ်လာ၏။
"နည်းနည်းတော့ နာလိမ့်မယ်... အဲဒါ ပုံမှန်ပါပဲ..."
"ဒီကျောရိုးက အခု အသက်မဲ့နေပြီ ဆိုပေမဲ့ သူက တစ်ချိန်က နတ်ဝိညာဉ်အဆင့် တစ်ဝက်ရှိတဲ့ သားရဲ တစ်ကောင်ရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တာ..."
"ဒါပေမဲ့ မင်းရဲ့ ဒုတိယအကြိမ် သွန်းလုပ်ထားတဲ့ သံအရိုး ခွန်အားနဲ့ဆိုရင် ပြဿနာ မရှိနိုင်ပါဘူး... အလွန်ဆုံး နည်းနည်းလေး နာရုံပဲ ရှိမှာပါ..."
ချန်လော့သည် အံကြိတ်၍ သည်းခံနေလိုက်၏။ပုံမှန်ဆိုလျှင် သူသည် အသက်ချမ်းသာပေးရန် တောင်းပန်နေလောက်ပြီ ဖြစ်ပြီး ထို့နောက် လောချင်းယွီထံမှ တစ်ခုခုကို အခွင့်ကောင်းယူ၍ တောင်းဆိုပေလိမ့်မည်။
သို့သော် ယခုမူ ချန်လော့သည် ထိုသို့ မလုပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဝိညာဉ်အဆင့် တစ်ဝက်ရှိသော သားရဲ၏ ကျောရိုးကို အလကား ရမည်ဟူသော အတွေးသည် သူ ခံစားခဲ့ရသမျှ ဆင်းရဲဒုက္ခ အားလုံးမှာ တန်ဖိုးရှိသည်ဟု ခံစားရစေသောကြောင့် ဖြစ်၏။
ရှဲ…
ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ချန်လော့သည် သူ၏ လက်မောင်းမှာ ရုတ်တရက် သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ဒဏ်ရာကို ငုံ့ကြည့်လိုက်ရာ သွေးကြော အချို့ ပြတ်တောက်သွားကြောင်း တွေ့လိုက်ရ၏။
"စိတ်မပူပါနဲ့... ကျောရိုးဓား ပေါင်းစပ်မှု ပြီးသွားတာနဲ့ သွေးကြောတွေကို ဆက်ပေးဖို့ ကူညီပေးလိမ့်မယ်..."
လောချင်းယွီ၏ စကားများကို ကြားပြီးနောက် နောက်ဆုံးတွင် ချန်လော့ အလျှော့ပေးလိုက်သည်။ငါးမိနစ် သို့မဟုတ် ခြောက်မိနစ် ကြာပြီးနောက် နောက်ဆုံးတွင် ကျောရိုးဓားသည် ချန်လော့၏ လက်ဖျံရိုးနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွား၏။
ကျောရိုးဓား၏ အမြီးပိုင်းသည် လက်ဖျံရိုး၏ အဆုံးတွင် တင်းကျပ်စွာ တွယ်ကပ်နေပြီး သွေးကြောများသည် ကျောရိုးဓား၏ အစွန်းနှစ်ဖက် တစ်လျှောက် ပြန်လည် ဆက်သွယ်သွားကြသည်။
"ချိတ်ဆက်မှု ပြီးသွားပြီ... အသက်သွင်းကြည့်လိုက်..."
"ဟင်... အခုလား..."
ချန်လော့သည် သူ၏ လက်မောင်းကို တစ်ချက် ကြည့်လိုက်ရာ ဒဏ်ရာမှာ မကျက်သေးပေ။
"ငါ ဒီမှာ ရှိနေတုန်း မင်းမှာ ရှိနေနိုင်တဲ့ ပြဿနာ မှန်သမျှကို ကူညီဖြေရှင်းပေးလို့ ရတာပေါ့..."
"မင်းက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေပြီး တစ်ခုခု မှားယွင်းသွားတဲ့ အချိန်ကျမှ ငါ့ဆီ လာဖို့ ရည်ရွယ်ထားတာလား..."
ချန်လော့သည် ဘာမျှ ထပ်မပြောတော့ချေ။သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု ဖြစ်လာသော ကျောရိုးဓားကို သူ ခံစားလိုက်ပြီး အတွေးတစ်ခု ဝင်လာ၏။
ဇွက်...
"ကျစ်..."
ကျောရိုးဓားသည် လက်ကောက်ဝတ်မှ ရုတ်တရက် ထိုးထွက်လာပြီး အသားနှင့် အရေပြား အတားအဆီးကို ဖောက်ထွင်းကာ ချန်လော့၏ မျက်စိရှေ့တွင် ပေါ်လာ၏။ချန်လော့သည် အစကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ကျောရိုးဓားက သူ၏ အသားကို ဖောက်ထွင်းသွားသည့် အခိုက်အတန့်တွင် သူကျိန်ဆဲမိခဲ့သည်။
ဤကျောရိုးဓားကို အသုံးပြုသည့် အကြိမ်တိုင်း လူတစ်ယောက်၏ အရေပြားကို ဖောက်ထွင်းရမည် ဖြစ်ပြီး နာကျင်မှုကိုပါ သည်းခံနိုင်ရပေမည်။သို့သော်လည်း ရန်သူကို အလစ်အငိုက် သတ်ဖြတ်နိုင်ရန်အတွက် ဤနာကျင်မှုက တန်ဖိုးရှိသည်ဟု ချန်လော့ ခံစားမိ၏။ချန်လော့သည် သူ၏ လက်ကို မြှောက်လိုက်ပြီး ကျောရိုးဓားကို အထက်အောက် ကြည့်လိုက်သည်။
အပြည့်အဝ ဆန့်ထုတ်လိုက်သောအခါ ဤကျောရိုးဓားသည် နှစ်ပေ သို့မဟုတ် အရှည် ၆၀ စင်တီမီတာခန့် အထိ ရောက်ရှိနိုင်၏။လက်ဖျံရိုး အတွင်းရှိ အစိတ်အပိုင်း အပါအဝင် ဆိုပါက သုံးပေခန့် ရှည်လျားမည် ဖြစ်သည်။ထို့အပြင် ၎င်း၏ ထူးခြားသော ဖွဲ့စည်းပုံကြောင့် ကျောရိုးဓားကို ဓားတစ်လက် အနေဖြင့်သာမက ကြာပွတ်အနေဖြင့်ပါ အသုံးပြုနိုင်၏။
၎င်းကို အသက်သွင်းသည့် နည်းလမ်းသည် ချန်လော့ကို Assassin's Creed မှ လျှို့ဝှက်ဓားကို သတိရစေသည်။ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး ထောင်ပေါင်းများစွာသော စစ်တပ်များကြားမှ ရန်သူ စစ်ဗိုလ်ချုပ်၏ ခေါင်းကို ယူဆောင်နေသည့် သူ၏ ပုံရိပ်ကို စိတ်ကူးယဉ်နေပြီ ဖြစ်၏။
"ပြဿနာ မရှိတဲ့ပုံပဲ..."
လောချင်းယွီသည် ပြောရင်းနှင့် ချန်လော့၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး အစိမ်းရောင် ပုလင်းငယ်လေး တစ်လုံးကို ထုတ်ယူလိုက်သည်။သူမသည် ပုလင်းငယ်လေးကို ဖွင့်လိုက်ပြီး ချန်လော့၏ လက်မောင်းရှိ ပြဲနေသော ဒဏ်ရာပေါ်သို့ ဆေးရည် တစ်စက် လောင်းချလိုက်၏။ထို့နောက် ချန်လော့၏ ဒဏ်ရာသည် သာမန် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် စတင် ကျက်လာသည်။
တစ်မိနစ်မျှ အချိန်အတွင်းမှာပင် ချန်လော့၏ ဒဏ်ရာသည် လုံးဝ ကျက်သွား၏။ချန်လော့သည် ထိုအစိမ်းရောင် ပုလင်းငယ်လေးကို တစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် လောဘကြီးသော အရိပ်အယောင်တစ်ခု ရှိနေသည်။လောချင်းယွီသည် ချန်လော့၏ ဆိုလိုရင်းကို နားလည်သွားပုံ ရသဖြင့် တစ်ခွန်းမှ မပြောဘဲ ထိုပုလင်းငယ်လေးကို သိမ်းဆည်းလိုက်၏။
"နောက်ရက်အနည်းငယ် အတွင်း ဂိုဏ်းထဲမှာ ပိုပြီး သတိထား..."
"ယန်ချင်းချွမ်က သူ့ညီ သေဆုံးမှုကြောင့် မင်းအပေါ် ရန်ငြိုးဖွဲ့နေပြီ မင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး..."
"သူကိုယ်တိုင်က ရွှေအမြုတေအဆင့် ဖြစ်နေလို့ မင်းကို ဘာမှ လုပ်လို့ မရပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် က လူတွေကို ငါ ဝင်မစွက်ဖက်ဘူးလို့လည်း ပြောခဲ့တယ်လေ..."
"အကယ်၍ သူက မင်းကို ရင်ဆိုင်ဖို့ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် ဂိုဏ်းသား ဆယ်ယောက်လောက်ကို စေလွှတ်လိုက်မယ် ဆိုရင် မင်း ဘယ်လောက်ပဲ သန်မာပါစေ မင်းမှာ အခွင့်အရေး ရှိမှာ မဟုတ်ဘူး..."
လောချင်းယွီ သတိပေးလိုက်၏။
မည်သို့ပင်ဖြစ်စေကာမူ ၊ ခြောက်လ အကြာတွင် လူသတ်ရန် သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေသို့ သွားရောက်ရမည့်ကိစ္စအတွက် ချန်လော့ကို လိုအပ်နေသေးသည် ဖြစ်ရာ ၊ ချန်လော့ ယခု သေဆုံးသွားမည်ကို သူမ မလိုလားပေ။