လေနတ်ဘုရားဖုန်းပေါ်
Vol. 9 Ch. 851
လူငယ်လေး၏နာမည်မှာ လုဖေး ဖြစ်လေသည်။
ထိုလူငယ်လေး၏မိဘများက မည်သူမှန်းမသိပေ။ ဝမ်ရှီတောက်က လုဖေးကို မွေးစားထားခြင်း ဖြစ်လေသည်။ သို့သော်… သူက သူ့ကိုယ်သူ လုဖေး၏ မိဘအရာတွင် မနေခဲ့သလို လုဖေးက သူ့ကို မိဘသဖွယ်ဆက်ဆံမည်ကိုလည်း ခွင့်မပြုခဲ့ပေ။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ အလွန်ထူးဆန်းလေသည်။
ဝမ်ရှီတောက်က လုဖေးအပေါ်တွင် အလွန်လေးစားသည်ကို အားထီမော့ အမှတ်မထင်သိရှိခဲ့ရပြီး အံ့သြခဲ့ရဖူးသည်။ထိုအချိန်မှစပြီး အားထီမော့သည်လည်း လုဖေးကို မလေးမစားမလုပ်ရဲဘဲ ကြင်ကြင်နာနာဆက်ဆံလေသည်။
အားထီမော့က ပြုံးလိုက်ပြီး…
"ဒါဖြင့်လည်း ကျုပ်ကို ဆိုင်ထဲပေးဝင်ဦးလေ ညီလေးလု…"
ကျီးကျီကျိုင်ရှေးဟောင်းပစ္စည်းဆိုင်အတွင်းသို့ ဝင်သည့်လမ်းက ကျယ်ဝန်းခြင်းမရှိပေ။
သို့သော်… အတွင်းသို့ဝင်လိုက်သည်နှင့် ဆိုင်အပြင်အဆင်က ထူးခြားလေသည်။ ဆိုင်အတွင်းပိုင်းမှာ ကျောက်ဂူတစ်ခုနှင့်ဆင်တူလေ၏။
ထို့ပြင် ဆိုင်ထဲတွင် ရေကန်ငယ်တစ်ခုရှိပြီး တံတားတစ်စင်းလည်း ထိုးထားလေသည်။ ရေကန်ငယ်မှာ ကြည်လင်နေပြီး မြင်ရသူတိုင်း စိတ်ကြည်နူးခြင်းကို ဖြစ်ပေါ်စေလေသည်။
ဝမ်ရှီတောက်က ရေကန်လေးနံဘေးရှိ ခုံတစ်ခုတွင်ထိုင်နေလေသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် လူတစ်ယောက်ရှိနေလေ၏။ ထိုသူမှာ လူငယ်တစ်ယောက်ဖြစ်သော်လည်း အသက်အရွယ်မည်မျှရှိသည်ကို ခန့်မှန်းရခက်လေသည်။
ထိုလူငယ်က ချောမောလှပသူတစ်ယောက်ဖြစ်ပြီး လက်ချောင်းများကလည်း ရှည်လျားလှပလေသည်။ သူထိုင်နေသည့်ဟန်ပန်မှာ တိမ်ဆိုင်တိမ်လွှာလေးတစ်စအလား ပေါ့ပေါ့ပါးပါးရှိလှလေသည်။
မဟာမြို့တော်ကြီးတွင် တန်ခိုးရှင်များစွာ ရှိလေသည်။ အားထီမော့သည်လည်း တန်ခိုးရှင်များစွာနှင့် ဆုံတွေ့ဖူးပါသည်။ သို့သော်… ယခု သူ့ရှေ့တွင်မြင်တွေ့လိုက်ရသည့် လူငယ်ကတော့ သူတွေ့ဖူးသမျှ တန်ခိုးရှင်များနှင့် လုံးဝတူညီခြင်းမရှိဘဲ ထူးခြားလျှက်ရှိလေ၏။
ဆိုင်အတွင်းသို့ အားထီမော့ဝင်လာသည်နှင့် ထိုသူက ခေါင်းကို လည်ပြန်လှည့်ကာ ကြည့်လိုက်သည်။ ထိုအခါ ဖန်သားအလားကြည်လင်သည့် လူငယ်၏မျက်ဝန်းများနှင့် အားထီမော့ ရင်ဆိုင်လိုက်ရလေသည်။
ထိုအကြည့်များကို ရင်ဆိုင်လိုက်ရသည်နှင့် အားထီမော့၏ စိတ်ထဲတွင် ကြည်လင်ငြိမ်းချမ်းသွားရလေသည်။ မိုးရွာပြီးကာစ သစ်ရွက်နုလေးများထက်တွင် လုံး၀ ဖုံမှုံ့များကင်းစင်ပြီး လန်းဆန်းနေသည့်အလား ခံစားလိုက်ရလေသည်။
ထိုလူငယ်က တစ်ချက်ပြုံးလိုက်ရင်း…
"နှင်းကြာပန်းသေရည်က အနည်းဆုံး (၃)နှစ် နှစ်ချို့အောင်ထားမှ အရသာကောင်းမှာနော်…"
အားထီမော့က…
"ဆရာကြီးပြောတာမှန်ပါတယ် ၊ ကျုပ်ယူလာတဲ့ နှင်းကြာပန်းသေရည်က မဟာမြို့တော်ရဲ့ မြို့တော်ဝန်မြေအောက်ခန်းထဲမှာ (၃)နှစ်တိတိသိမ်းထားတာပါ ၊ တစ်ရက်မပိုသလို တစ်ရက်လည်း မလျော့ပါဘူး…"
အားထီမော့ စကားမဆုံးခက်မှာပင် သူ့လက်ထဲမှ နှင်းကြာပန်းသေရည်အိုးသည် နူးညံ့သည့်စွမ်းအားတစ်ခုဖြင့် အသာအယာဆွဲယူခြင်းကို ခံလိုက်ရလေသည်။
သေရည်အိုးက လူငယ်ထံသို့ရောက်ရှိသွားပြီး သေရည်အိုးအဖုံးကလည်း အလိုလို ပွင့်ဟာသွားလေ၏။
ထို့နောက် သေရည်အိုးထဲမှ သေရည်များစီးဆင်းထွက်လာပြီး စားပွဲပေါ်ရှိ ဖန်သားသေရည်ခွက် (၂)ခွက်အတွင်းသို့ စီးဆင်းဝင်ရောက်သွားလေသည်။
ဖန်သားသေရည်ခွက်က ကြည်လင်နေသလို သေရည်ကလည်းကြည်လင်နေလေသည်။ မွှေးပျံ့သည့်သေရည်ရနံ့ထွက်ပေါ်လာပြီး ဆိုင်အတွင်းမှလူအားလုံးကို စိတ်ကြည်လင်သွားစေလေသည်။
ဝမ်ရှီတောက်က…
"အားထီမော့… မင်း ဆိုင်ရှေ့က ခြံဝန်းထဲမှာ ခဏစောင့်နေပါ…"
ဝမ်ရှီတောက်မှာ တည်တည်တံ့တံ့နေသူတစ်ယောက်ဖြစ်သည့်အတွက် သူ့စကားကို အားထီမော့ မငြင်းဆန်ရဲပေ။ သူက ဖြည်းဖြည်းချင်းနောက်ဆုတ်ကာ ထွက်ခွာသွားလေတော့သည်။
အားထီမော့ထွက်ခွာသွားတော့မှ ဝမ်ရှီတောက်ရှေ့တွင် ထိုင်နေသည့်လူငယ်က တစ်ချက်ပြုံးလိုက်ရင်း…
"ဘာလို့ သူ့ကို တပည့်အဖြစ် လက်မခံရတာလဲ…"
ဝမ်ရှီတောက်က ပေါ့ပါးသည့်လေသံဖြင့်…
"ဘာအရည်အချင်းမှ မရှိဘူးလေ ၊ ပြီးတော့ ကံကလည်းနည်းလွန်းတယ်…"
လူငယ်က ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး…
"တကယ်တော့ ခင်ဗျားက သူ့ကို မနာကျင်စေချင်လို့ တပည့်အဖြစ်လက်မခံတာ မဟုတ်လား…"
ဝမ်ရှီတောက်က အတန်ကြာတိတ်ဆိတ်နေပြီးမှ…
"ဟုတ်တယ်"
ဟု ပြန်ပြောလိုက်လေသည်။
လူငယ်က …
"ခင်ဗျား လူတစ်ဖက်သားကို အလေးထားတတ်လာပြီပဲ ၊ အရင်တုန်းက အဲဒီလိုမဟုတ်ဘူးနော် ၊ အခု တော်တော်ပြောင်းလဲသွားတာပဲ…"
ဝမ်ရှီတောက်က…
"တာအိုဆရာတုန်းဖုန်းလည်း အရင်ဘဝက အခုလိုမျိုး သူရဲကောင်းတစ်ယောက် မဟုတ်ပါဘူးလေ…"
လူငယ်က ပြုံးလိုက်ရင်း…
"အင်း… အရင်ဘဝက ကျုပ်က ထိုက်ယွဲ့သဏ္ဍန်မှန်ပညာကို ကျင့်ကြံခဲ့တာ ၊ အခုတော့ လေရိပ်ဝိညာဉ်ကျင့်စဉ်ကို ကျင့်ကြံနေတာဆိုတော့ စိတ်နေစိတ်ထားတော့ ပြောင်းလဲသွားတာပေါ့ ၊ ဒါပေမဲ့ အရင်ဘဝဆိုတာကလည်း ကြာခဲ့ပါပြီလေ… ကြာခဲ့ပါပြီ ၊ လေလိုပဲ လွင့်မျောသွားတာပါပဲ… အခု ကျုပ်က တာအိုဆရာတုန်းဖုန်းမဟုတ်တော့ပါဘူး ၊ ပေဖုန်းဖြစ်နေပါပြီ…"
ဝမ်ရှီတောက်က ဖန်သားသေရည်ခွက်လေးထဲမှ သေရည်ကို တစ်ငုံသောက်လိုက်ရင်း…
“အင်း… လူပြန်ဝင်စားပြီးနောက်ပိုင်း ခင်ဗျားတော်တော်ပြောင်းလဲသွားတာပဲ ၊ ဒါနဲ့ နေပါဦး ၊ ခင်ဗျား ကျုပ်ဆီကို ဘာကိစ္စရောက်လာရတာလဲ…"
သူ့အကြည့်များက တာအိုဆရာတုန်းဖုန်းတစ်ဖြစ်လဲ ပေဖုန်းထံသို့ ငြင်ငြင်သာသာပင် ကျရောက်နေလေ၏။
တာအိုဆရာတုန်းဖုန်းဆိုသည်မှာ တစ်ချိန်က ကွမ်းချင်းနတ်ဘုရားဂိုဏ်းမှ တာအိုဆရာဖြစ်ပြီး နောက်ဆုံး ဆန်းလျန်၏ ဓားချက်အောက်တွင် ဘဝအဆုံးခံသွားသူ ဖြစ်လေသည်။
ယခုတော့ ပေဖုန်းအဖြစ် လူပြန်ဝင်စားကာ ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့ပြီ။
တာအိုဆရာတုန်းဖုန်းက…
“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်လောက်က မဟာကျားရဲ့ကိုယ်တော်ကြီးဟာ အရှင်အိန္ဒြရဲ့ဓားချက်သုံးချက် (၃)ချက်နဲ့ တိုက်ခိုက်ခံခဲ့ရတယ် ၊ အဲဒီအကြောင်း ခင်ဗျားသိတယ် မဟုတ်လား…"
တာအိုဆရာတုန်းဖုန်း၏စကားကြောင့် ဝမ်ရှီတောက်၏ မျက်ဝန်းများ အရောင်တစ်ချက်လက်သွားလေသည်။
“သိပါတယ်….”
တာအိုဆရာတုန်းဖုန်းက…
“မဟာကျားရဲ့ကိုယ်တော်ကြီး အရှင်အိန္ဒြရဲ့ဓားချက်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပေမယ့် အဲဒီ ဓားချက်သုံးချက်ကြောင့်ပဲ အရှင်အိန္ဒြရဲ့ ဓားသိုင်းကိုလည်း သိမြင်နားလည်သွားခဲ့တယ်….”
ဝမ်ရှီတောက်က အေးဆေးသည့်လေသံဖြင့်…
“အဲဒါတွေက တကယ်ဟုတ်လို့လား ၊ လူတွေလျှောက်ပြောနေကြတာ မဟုတ်ဘူးလား”
ပေဖုန်းက…
“အဲဒီကိစ္စက လူတွေလျှောက်ပြောနေတာမဟုတ်တဲ့ အမှန်တရားတစ်ခုဆိုတာ ခင်ဗျားလည်း သိပြီးသားပဲ မဟုတ်လား ၊ နှစ်ပေါင်းတစ်သောင်းကျော်လုံးလုံး ခင်ဗျား ဒီမဟာမြို့တော်ကြီးက တစ်ဖဝါးမှ မခွာခဲ့တာ အိန္ဒြဓားကျမ်းကို ရှာနေတယ်ဆိုတာ ကျုပ်သိပါတယ်…"
ပေဖုန်း၏စကားကြောင့် တည်ငြိမ်နေသည့် ဝမ်ရှီတောက်၏စိတ်အစဉ်တွင် လှိုင်းဂယက်လေးများ ရိုက်ခတ်သွားရသည်။
သူက ပေဖုန်းကို စကားတစ်ခွန်းမှ ပြန်မပြောဘဲ ဖန်သားသေရည်ခွက်လေးထဲမှ သေရည်တစ်ငုံကို မော့သောက်လိုက်လေသည်။
ပြီးမှ ဝမ်ရှီတောက်က စကားပြောလိုက်သည်။
“အဲဒီဓားကျမ်းဘယ်မှာရှိနေလဲဆိုတာ ခင်ဗျားသိသလား…”
ပေဖုန်းက…
"သိတာပေါ့…”
"ဘယ်နေရာမှာလဲ…"
သူနှစ်ပေါင်းများစွာ ရှာဖွေနေသည့် ဓားကျမ်းအကြောင်းကို ကြားသိလိုက်ရသည့်အတွက် ဝမ်ရှီတောက် ဟန်ပင်မဆောင်နိုင်ဘဲ မေးလိုက်မိလေသည်။
ထိုဓားကျမ်းသည် ဓားကျမ်းတစ်ခုသာ မဟုတ်ပေ။ မဟာကျားရဲ့ကိုယ်တော်ကြီးတစ်ဘဝလုံး သိမြင်သွားခဲ့သည့် တရားဓမ္မအနှစ်ချုပ်များလည်း ပါဝင်လေသည်။ ထို့ကြောင့် မဟာကျားရဲ့ကိုယ်တော်ကြီး၏ တရားဓမ္မများနှင့် အရှင်အိန္ဒြ၏ဓားသိုင်း ပေါင်းစပ်လိုက်သည့်အခါ အိန္ဒြဓားကျမ်းသည် ထိပ်တန်းကျင့်စဉ်တစ်ခု ဖြစ်လာခဲ့လေသည်။
ထိုကျင့်စဉ်သည် ကျန့်ယွမ်ကျီနတ်မင်းကြီး၏ ဝိဇ္ဇာအင်္ကျီလက်ပညာနှင့် ဗုဒ္ဓဘာသာမှ ဗုဒ္ဓလက်ဖဝါးကျင့်စဉ်တို့ကို ကောင်းကောင်းယှဉ်နိုင်လေသည်။
ပေဖုန်းက…
“အဲဒီဓားကျမ်းက ဒီမြို့က ကျားရဲ့ဝတ်ကျောင်းတော်မှာရှိတယ်…”
ဝမ်ရှီတောက်က ခေါင်းကိုခါယမ်းလိုက်ရင်း…
“ကျုပ်အဲဒီမှာ အကြိမ်ပေါင်းများစွာ ရှာကြည့်ပြီးပြီ ၊ ဘာမှ မရှိဘူး…”
ပေဖုန်းက…
“ကျုပ်နဲ့အတူသွားရှာကြမယ်လေ ၊ ခင်ဗျား အဲဒီဓားကျမ်း ကျိန်းသေတွေ့စေရမယ်လို့ အာမခံတယ်…"
ဝမ်ရှီတောက်က …
“ဒါဖြင့် ခင်ဗျားက ကိုယ့်ဟာကိုယ် ဘာလို့ သွားမရှာတာလဲ…"
ပေဖုန်းက…
“ကျုပ်က ကျားရဲ့ကျောင်းတော်မှာ မဟာကျားရဲ့ကိုယ်တော်ကြီးထားခဲ့တဲ့အရံအတားကို ဖျက်စီးနိုင်စွမ်း မရှိဘူးလေ…”
ဝမ်ရှီတောက်က…
“ကျုပ်ကတော့ ခင်ဗျားနဲ့ မလိုက်နိုင်ဘူး ၊ ခင်ဗျား အကူအညီတောင်းချင်ရင် နောက်တစ်ယောက်ရှာလိုက်ပါ…"
ပေဖုန်းက…
“တခြားသူတွေထက် ခင်ဗျားက ပိုအဆင်ပြေလို့ပေါ့ဗျာ…”
စကားဆုံးသွားသည်နှင့် ပေဖုန်းက ကြည်လင်သည့်မျက်ဝန်းများဖြင့် ဝမ်ရှီတောက်ကို စိုက်ကြည့်လိုက်သည်။သူ့ပုံစံက တည်ငြိမ်အေးဆေးလျှက် ရှိလေ၏။
ဝမ်ရှီတောက်က…
“ကောင်းပြီလေ ၊ တစ်ကြိမ်တော့ ခင်ဗျားကို ယုံလိုက်မယ်…"
ပေဖုန်းကပြုံးလိုက်ပြီး စားပွဲထက်မှ သေရည်အိုးကို ကောက်ယူလိုက်လေသည်။
“ခင်ဗျားက သိပ်ပြီး သေရည်မသောက်တတ်ပါဘူး ၊ ဒီ နှင်းကြာပန်းသေရည်ကို ကျုပ်ကို ပေးလိုက်တော့…"
ထို့နောက် ဝမ်ရှီတောက် စကားပြန်မပြောနိုင်ခင်မှာပင် ပေဖုန်းသည် သေရည်အိုးကိုပိုက်ကာ လေပြေတစ်ခုအလား ကျီးကျီကျိုက်ရှေးဟောင်းပစ္စည်းဆိုင်ထဲမှ ထွက်ခွာသွားလေတော့သည်။
ဝမ်ရှီတောက်က ပေဖုန်းအဝေးသို့လွင့်မျောထွက်ခွာသွားသည်ကို ကြည့်နေလေသည်။
လေပြေအလား လွင့်မျောသွားသည့် ပေဖုန်း၏အရိပ်ထဲတွင် ခိုင်ခန့်သည့် တောင်တစ်တောင်၏ အရိပ်ကို တွေ့လိုက်ရလေသည်။
လူပြန်ဝင်စားပြီးသည့်တိုင် တာအိုဆရာတုန်းဖုန်းသည် ထိုက်ယွဲ့သဏ္ဍန်မှန်ပညာကို မစွန့်လွှတ်နိုင်သေးပေ။ ယခင်ကကဲ့သို့ အလေးအနက်ထားကျင့်ကြံထားခြင်းမျိုး မဟုတ်တော့သော်လည်း ကျင့်စဉ်သဘောတရားကိုတော့ ဖက်တွယ်ထားသေးသည်။
ထို့ပြင် ယခုဘဝတွင် ပေဖုန်းကျင့်ကြံနေသည့်ကျင့်စဉ်မှာ လေရိပ်ဝိညာဉ်ကျင့်စသ်ဖြစ်လေသည်။ ထိုကျင့်စဉ်မှာ လေနတ်ဘုရားဖုန်းပေါ်၏ ကျင့်စဉ်ဖြစ်လေရာ ပေဖုန်းမှာ လေနတ်ဘုရားဖုန်းပေါ်၏ အမွေကို ဆက်ခံခဲ့ဟန်ရှိလေသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ပေဖုန်း၏နောက်ကွယ်တွင် ရှိနေသူမှာ လေနတ်ဘုရားဖုန်းပေါ်ဖြစ်နိုင်လေသည်။
သို့သော်… လေနတ်ဘုရားဖုန်းပေါ်သည် လေးသည်တော်တာ့ယိ၏လက်ချက်ဖြင့် သေဆုံးခဲ့ပြီးပြီ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ပေဖုန်း၏နောက်ကွယ်မှ ပုဂ္ဂိုလ်သည် မည်သူဖြစ်ပါသနည်း။
ဝမ်ရှီတောက် ခန့်မှန်းမရနိုင်ဖြစ်သွားရလေသည်။
ထို့ကြောင့် သူက စဉ်းစားမနေတော့ဘဲ ဆိုင်အရှေ့ဘက်ခြံဝန်းဆီသို့ ထွက်လာခဲ့လေသည်။
ခြံဝန်းအတွင်းရှိ ကျောက်တုံးများကြားတွင် လုဖေးက ထိုင်နေပြီး စာအုပ်တစ်အုပ်ဖတ်နေလေသည်။
အားထီမော့ကတော့ ခြံဝန်းထဲတွင် လမ်းလျှောက်နေရင်း ဝမ်ရှီတောက်ထွက်လာသည်ကို တွေ့သည့်အခါ ချက်ချင်းပင် ဦးညွှတ်အရိုအသေပြုလိုက်လေသည်။
အမှန်တော့… ဝမ်ရှီတောက်သည် အားထီမော့ကို အလွန်သဘောကျလေသည်။ သို့သော်… ဆရာဖြစ်သူက ရွှမ်ထျန်းနတ်ဘုရားဂိုဏ်းကို ပြန်လည်တည်ထောင်နိုင်ခြင်းမရှိသရွေ့ တပည့်လက်မခံရန် တားမြစ်ခဲ့လေသည်။
ထို့ကြောင့် နှစ်ပေါင်းများစွာကြာသည့်တိုင် သူက အားထီမော့ကို တပည့်အဖြစ် အသိအမှတ်မပြုခဲ့ခြင်း ဖြစ်လေသည်။
သို့သော်… သူ၏နှလုံးသားမှာလည်း ကျောက်သားဖြင့် ပြုလုပ်ထားသည့်နှလုံးသားမဟုတ်လေရာ အားထီမော့က သူ့အပေါ် ရိုးသားစွာဆက်ဆံလေ သူက သဘောကျမိလေပဲ ဖြစ်လေသည်။
ဝမ်ရှီတောက်က လုဖေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အားထီမော့ကို ခေါင်းတစ်ချက်ညိတ်ပြကာ အသိအမှတ်ပြုလိုက်သည်။
ဝမ်ရှီတောက်က….
“ကျုပ် ဒီည ကိစ္စတစ်ခုရှိလို့ အပြင်ထွက်ရမယ် ၊ မင်း ဆိုင်မှာခဏနေပေးပြီး လုဖေးကို စောင့်ရှောက်ပေးပါ ၊ ဘာကိစ္စတွေပဲဖြစ်လာပါစေ လုဖေးကို တစ်ယောက်တည်း မထားခဲ့နဲ့ ၊ ကျုပ်ပြန်လာတဲ့အထိ စောင့်နေပါ ၊ ကျုပ်ပြန်လာမှ ဆိုင်ကနေပြန်ပါ…"
ဝမ်ရှီတောက်က လေးလေးနက်နက်မှာကြားနေသည့်အတွက် အားထီမော့သည်လည်း စိတ်ထဲတွင်အလေးအနက် မှတ်သားထားလိုက်လေသည်။
ထို့ပြင် ဝမ်ရှီတောက် ယနေ့ည အပြင်ထွက်ရသည့်အကြောင်းရင်းမှာ စောစောက ဆိုင်အတွင်းတွင်ရောက်နေသည့် ဧည့်သည်နှင့် ပတ်သက်နေကြောင်း ရိပ်မိလိုက်လေသည်။
***