အခန်း (၁၇၉)
Vol. 18 Ch. 179
စံအိမ်၏ အပြင်ဘက်တွင် ဝမ်ယန်က အနက်ရောင်နှင့် အနီရောင်ရောယှက်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ဆံပင်ကို ဆံထိုးများဖြင့် ထုံးဖွဲ့ထားသည်။
သူမက ကျောက်ဖုန်းအတွက် ကလေးနှစ်ယောက် မွေးဖွားပေးထားပြီဖြစ်သော်လည်း ၎င်းမှာ သူမ၏ ယောက္ခမနှင့် ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံခြင်းဖြစ်သောကြောင့် သူမက အနည်းငယ် စိုးရိမ်စိတ်ဖြစ်မိသည်။
စံအိမ်အတွင်းမှ ကျောက်ကတော်က ဖြည်းညင်းစွာ ထွက်လာပြီး သူမ၏ အကြည့်က ဝမ်ယန်ဆီသို့ ကျရောက်သွားသည်။
" အရမ်းလှတာပဲ။ ဒါက မရီးလား။ " ကျောက်ရင်ကလည်း ဝမ်ယန်ကို မြင်သောအခါ အံ့အားသင့်သွားသည်။
" ဒါက ကျောက်ဖုန်းရဲ့ အမေဖြစ်ရမယ်။ " ဝမ်ယန်ကလည်း ကျောက်ကတော်ကို ကြည့်လိုက်သည်။ " သူမက သာမန်အမျိုးသမီးတစ်ယောက်နဲ့ လုံးဝမတူဘူး။ သူမရဲ့ အရှိန်အဝါက ရှန်းယန်က မှူးမတ်တွေထက်တောင် ပိုပြီးထင်ရှားနေတယ်။ သူမက သေချာပေါက် အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ရမယ်။ "
" ပြီးတော့ ဒါက ကျောက်ဖုန်းရဲ့ ညီမလေးဖြစ်ရမယ်။ သူမကလည်း ရွာသူတစ်ယောက်နဲ့ လုံးဝမတူဘူး။ "
သူမ၏ ယောက္ခမက ယခင်က အဆင့်အတန်းမြင့်မားသော အမျိုးသမီးတစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း သူမက ရွာသူအမျိုးသမီးတစ်ယောက်နှင့် လုံးဝမတူပေ။
" သမီးက ဘယ်သူလဲ။ " ကျောက်ကတော်က မေးလိုက်သည်။
" အဒေါ်က ကျောက်ဖုန်းရဲ့ အမေလား။ " ဝမ်ယန်က ရှေ့တိုးလာပြီး မေးလိုက်သည်။
" ဟုတ်ပါတယ်။ " ကျောက်ကတော်က ခေါင်းညိမ့်လိုက်သည်။
" ဝမ်ယန်က အဒေါ်ကို ဂါရဝပြုပါတယ်။ " ဝမ်ယန်က ဦးညွှတ်ပြီး ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ကတော်၏ မျက်လုံးများက တောက်ပသွားသည်။ သူမက တည်ငြိမ်စွာဖြင့် ဝမ်ယန်ဆီသို့ လျှောက်လာသည်။
" ထပါ ထပါ..." ကျောက်ကတော်က ဝမ်ယန်ကို ထူပေးပြီး နွေးထွေးစွာ ပြောလိုက်သည်။
" ဖုန်းအာက ရှန်းယန်မြို့က တော်ဝင်အမျိုးသမီးတစ်ယောက်နဲ့ စေ့စပ်ထားတယ်လို့ ငါကြားခဲ့တယ်။ အဲ့ဒါကို ကောလဟာလလို့ပဲထင်ခဲ့တာ။ အခုလိုတကယ်ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ "
" ကျေးဇူးတင်ပါတယ် အဒေါ်။ " ဝမ်ယန်က ပြန်ပြောလိုက်သည်။ ထို့နောက် သူမက ကျောက်ရင်ဘက်သို့ လှည့်လိုက်သည်။ " ဒါက ညီမလေး ကျောက်ရင်ဖြစ်ရမယ်။ "
" မရီး..." ကျောက်ရင်က ရှေ့တိုးလာပြီး နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။
" ရင်အာ..." ဝမ်ယန်က ပြုံးလိုက်သည်။ " မမက ရင်အာနဲ့ အဒေါ်အတွက် လက်ဆောင်အချို့ ယူလာခဲ့တယ်။ "
ထို့နောက် သူမက နောက်လှည့်ပြီး အစောင့်များကို ပြောလိုက်သည်။ " အဲ့ဒါတွေကို စံအိမ်ထဲပို့လိုက်ကြ။ "
" ဟုတ်ကဲ့ပါ သခင်မလေး။ " အစောင့်များက သေတ္တာများကို အိမ်ထဲသို့ သယ်ဆောင်သွားကြသည်။
ထိုအချိန်ထဲတွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
" အူဝဲ.... အူဝဲ...."
ရုတ်တရက် ငိုသံကြောင့် ကျောက်ကတော်နှင့် ကျောက်ရင်တို့က ရထားလုံးဆီသို့ ကြည့်လိုက်ကြသည်။ ရထာလုံးပေါ်မှ အစေခံနှစ်ယောက်က ကလေးများကို ပွေ့ပြီး ဆင်းလာကြသည်။
" သခင်မ သခင်လေးနဲ့ သခင်မလေးတို့ နိုးလာပါပြီ။ "
ဝမ်ယန်က ပြုံးပြီး သူတို့ဆီသို့ လျှောက်သွားသည်။
" အဲ့ဒါ အကိုရဲ့ ကလေးတွေလား။ " ကျောက်ရင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။
ကျောက်ကတော်ကလည်း အံ့အားသင့်သွားပြီး ကလေးနှစ်ယောက်ဆီသို့ မျှော်လင့်ချက်များဖြင့် ကြည့်နေသည်။ ဝမ်ယန်က အစေခံများကု ရှေ့သို့လာရန် အချက်ပြလိုက်သည်။
" အဒေါ် ဒါက ကျောက်ဖုန်းရဲ့ ကလေးတွေပါ။ အခုဆို သူတို့က သုံးလပြည့်တော့မယ်။ သူတို့က အဒေါ်ရဲ့ မြေးယောကျာ်းလေးနဲ့ မြေးမိန်းကလေးတွေပါ။ "
သူမ၏ စကားများကြောင့် ကျောက်ကတော်က မယုံကြည်နိုင်ခြင်း၊ အံ့အားသင့်ခြင်းများနှင့် ဝမ်းသာမှုများ ပြည့်နှက်သွားသည်။
" ဖုန်း ဖုန်းအာရဲ့ ကလေးတွေလား။ " သူမက ကလေးများကို စိုက်ကြည့်ပြီး ဖြည်းညင်းစွာ လျှောက်သွားသည်။
"ဒါ ဒါက ငါ့ရဲ့ မြေးလေးတွေလား။ " သူမက ယခုထိ မယုံကြည်နိုင်ဖြစ်နေသည်။
" ဟုတ်ပါတယ်။ " ဝမ်ယန်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။ " ဒါက အကြီး အကိုနဲ့ ဒါက ညီမလေးပါ။ "
" ကောင်းတယ်။ ဖုန်းအာက တကယ်ကံကောင်းတာပဲ။ " ကျောက်ကတော်က ပြုံးလိုက်သည်။ " ငါ့မှာ မြေးလေးတွေ ရှိနေပြီ။ "
" အဒေါ် တစ်ယောက်ကို ချီကြည့်ပါလား။ " ဝမ်ယန်က ချက်ချင်း ပြောလိုက်သည်။
ယောကျာ်လေးကို ချီထားသော အစေခံမလေးက ရှေ့တိုးလာပြီး ကလေးငယ်ကို ကျောက်ကတော်ထံ ညင်သာစွာ ပေးလိုက်သည်။ ကျောက်ကတော်က ကလေးငယ်ကို ဂရုတစိုက် ပွေ့ချီလိုက်သည်။
အနီးနားတွင် ကျောက်ရင်က ငေးမောနေဆဲ ဖြစ်သည်။ " ငါက အဒေါ်ဖြစ်သွားပြီးပေါ့။ မရီးကလည်း ငါနဲ့အကိုလိုပဲ အမြွှာလေးတွေ မွေးခဲ့တာပဲ။ ငါလည်း တစ်ယေညက်ကို သွားချီလိုက်ရမလား။ "
" ရင်အာ တူမလေးကို မချီချင်ဘူးလား။ " ဝမ်ယန်က သူမကို သတိပြုမိသွားပြီး ပြုံး၍ ပြောလိုက်သည်။
" ကျွန်မ ကျွန်မ တကယ်ချီလို့ရလား။ " ကျောက်ရင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ရတာပေါ့ ချီလို့ရတာပေါ့။ " ဝမ်ယန်က ပြုံး၍ ပြောလိုက်သည်။ " ဒါက ရင်အာရဲ့ တူလေးနဲ့ တူမလေးတွေပဲ။ "
" ကျေးဇူးတင်ပါတယ် မရီး။ " ကျောက်ရင်က စိတ်လှုပ်ရှားစွာဖြင့် ချဉ်းကပ်သွားပြီး သူမ၏ တူမလေးကို ပွေ့ချီလိုက်သည်။
" သူမက သေးသေးလေးပဲ။ " ကျောက်ရင်က ပြုံး၍ ပြောလိုက်သည်။
" သူက ဖုန်းအာ ငယ်ငယ်တုန်းကနဲ့ အရမ်းတူတာပဲ။ " ကျောက်ကတော်က သူမ၏ မြေးလေးကို ပွေ့ချီပြီး ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
" အမေ..." ကျောက်ရင်က သူမ၏ တူမလေးကို ပွေ့ချီရင်း ပြောလိုက်သည်။ " မြန်မြန်ကြည့်ပါဦး။ တူမလေးက သမီးနဲ့ တူရဲ့လား။ "
" ဒီကလေးကတော့..." ကျောက်ကတော်က ရယ်မောလိုက်သည်။ " ငါ့မြေးမလေးက သူအမေနဲ့တူမှာပေါ့။ ဘယ်လိုလုပ်မင်းနဲ့တူမှာလဲ။ "
" သခင်မလေးဝမ်ကို နှုတ်ဆက်ပါတယ်။ " ယန်ပင်းက ချဉ်းကပ်လာပြီး ပြောလိုက်သည်။
" ဒါက ဘယ်သူလဲ။ " ဝမ်ယန်က ကျောက်ကတော်ကို ကြည့်ပြီး ပြောလိုက်သည်။
" သူက ရှချူးခရိုင်ရဲ့ နယ်စားမင်းပါ။ သူက အရှင်မင်းကြီး ချီးမြှင့်လိုက်တဲ့ ဆုလာဘ်ကို လာပို့ပေးတာပါ။ " ကျောက်ကတော်က ပြုံး၍ ပြောလိုက်သည်။
" နယ်စားမင်းပေါ့။ " ဝမ်ယန်က ပြန်လည်ဦးညွှတ်လိုက်သည်။
" သခင်မလေးဝမ်က အရမ်းယဉ်ကျေးလွန်းနေပါပြီ။ "ယန်ပင်းက ပြုံး၍ ပြောလိုက်သည်။
ကျောက်ကတော်နှင့် ကျောက်ရင်တို့က အမြွှာကလေးတစ်ယောက်စီကို ပွေ့ချီထားကြပြီး နှစ်ယောက်လုံးက ဝမ်းသာပျော်ရွှင်နေကြသည်။ ဝမ်ယန်ကလည်း ဘေးတွင်ရပ်ပြီး ကြင်နာစွာ ကြည့်နေသည်။
အတော်ကြာပြီးနောက် အနီးတွင် ရပ်နေသော အိမ်တော်ထိန်းက ရှေ့သို့ တိုးပြီး ပြောလိုက်သည်။
"သခင်မ သခင်မလေးကို အထဲကို ဖိတ်ခေါ်ပြီး စကားပြောရင် ပိုမကောင်းဘူးလား။ "
၎င်းကို ကြားသောအခါ ကျောက်ကတော်က အသိပြန်ဝင်လာသည်။ သူမက ဝမ်ယန်ဘက်သို့ လှည့်ပြီး ပြုံး၍ ပြောလိုက်သည်။
" ငါ့မြေးလေးတွေကို ကြည့်ရင် သတိလက်လွတ်ဖြစ်သွားတယ်။ ယန်အာ လာ အမေနဲ့အတူ အိမ်ထဲကို လိုက်ခဲ့။ "
ထိုအမေဟူသော စကားလုံးတစ်ခုတည်းကပင် ကျောက်ကတော်က ဝမ်ယန်ကို ချွေးမအဖြစ် လက်ခံလိုက်ပြီဖြစ်ကြောင်း ဖော်ပြနေသည်။ ထိုစကားကို ကြားသောအခါ ဝမ်ယန်က တောက်ပစွာ ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။
" အိမ်တော်ထိန်း " ကျောက်ကတော်က ပြောလိုက်သည်။ " ငါ့ချွေးမရဲ့ အစောင့်တွေကို စံအိမ်ထဲမှာ အနားယူဖို့ စီစဉ်ပေးလိုက်။ ပြီးတော့ သူတို့အတွက် စားသောက်စရာတွေပါ ပြင်ဆင်ပေးလိုက်။ "
" စိတ်ချပါ သခင်မ။ " အိမ်တော်ထိန်းက ပြန်ပြောလိုက်သည်။
ယန်ပင်းကတော့ စံအိမ်ထဲသို့ လိုက်မဝင်တော့ဘဲ အလိုက်သိစွာဖြင့် ထွက်ခွာသွားခဲ့သည်။
" ကလေးတွေအတွက် လိုအပ်တဲ့ ပစ္စည်းအချို့ သွားပြင်ဆင်လိုက်ပါ။ ပြီးရင် ကျောက်စံအိမ်ကို တိုက်ရိုက်ပို့ပေးလိုက်ပါ။ " သူက ရထားလုံးပေါ်သို့ တက်ပြီး သူ၏ လူများကို ညွှန်ကြားလိုက်သည်။ သူက ကျောက်မိသားစုနှင့် ဆက်ဆံရေးကောင်းတည်ဆောက်မည့် အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ။
ကျောက်စံအိမ်အတွင်း ကျောက်ကတော်က ဝမ်ယန်ကို ခြံဝင်းနောက်ဘက်သို့ ခေါ်လာခဲ့သည်။ ထိုနေရာတွင် သူတို့မိသားစု၏ သက်ကယ်မိုးတဲအိမ်လေးရှိနေသည်။
" ယန်အာ..." ကျောက်ကတော်က သူမ၏ သူမ၏ မြေးကြီးကို ပွေ့ချီထားရင်း ပြောလိုက်သည်။ " သမီကို ဒီလိုပဲ ခေါ်မယ်နော်။ "
" ရပါတယ် အဒေါ်။ " ဝမ်ယန်က ခေါင်းိမ့်လိုက်သည်။
" မရီးကလည်း ဘာလို့ အဒေါ်လို့ ခေါ်နေသေးတာလဲ။ " ကျောက်ရင်က ပြုံး၍ ပြောလိုက်သည်။ " မရီးက အကိုအတွက် သားတစ်ယောက် သမီးတစ်ယောက် မွေးထားပြီးပြီ။ အခုဆို ကျောက်မိသားစုရဲ့ ချွေးမဖြစ်နေပြီ။ ခေါ်ပုံခေါ်နည်း ပြောင်းရမယ့်အချိန်ပဲ။ "
" အမေ...." ဝမ်ယန်က ချိုသာစွာ ခေါ်လိုက်သည်။
" အင်း ယန်အာ ဖုန်းအာက အခု စစ်မြေပြင်မှာဆိုတော့ ပြန်လာခိုင်းလို့မရသေးဘူး။ ဒါပေမယ့် အမေကတိပေးပါတယ်။ သူပြန်လာတာနဲ့ သမီးကို တင့်တောင်းတင့်တယ် လက်ထပ်ခိုင်းပါမယ်။ " ကျောက်ကတော်က ကတိပေးလိုက်သည်။
" ကျေးဇူးတင်ပါတယ် အမေ။ " ဝမ်ယန်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" မရီးနဲ့ အကိုက ဘယ်လိုလုပ် တွေ့ခဲ့တာလဲ။ " ကျောက်ရင်က သိလိုစိတ်ဖြင့် ပြောလိုက်သည်။
" စစ်တပ်ထဲမှာပဲ။ " ဝမ်ယန်က ပြုံး၍ ပြောလိုက်သည်။
" စစ်တပ်ထဲမှာ ဟုတ်လား။ " ကျောက်ရင်က အံ့အားသင့်သွားသည်။
" ညီမရဲ့ အကိုက အမအသက်ကို ကယ်ခဲ့တာလေ။ " ဝမ်ယန်က ပြန်ဖြေလိုက်သည်။
" ဒါဆို အသက်သခင်ကျေးဇူးရှင်ကို လက်ထပ်ပြီး ပြန်ပ်လိုက်တာပေါ့။ " ကျောက်ရင်က ရယ်လိုက်သည်။ " အကိုက တကယ်ကံကောင်းတာပဲ။ စစ်ထဲသွားတာ ဇနီးတစ်ယောက်ရလာတယ်။ "
" ယန်အာ သမီးက ကလေးမွေးထားတာ မကြာသေးဘူးလေ။ ကျန်းမာရေးကို ဂရုစိုက်ပြီး အနားယူရမယ့် အချိန်ကို။ အခုလို ခရီးရှည်ကြီး ထွက်မလာသင့်ဘူး။ " ကျောက်ကတော်က စိုးရိမ်တကြီး ပြောလိုက်သည်။
" အမေ အကိုက အမေ့နားမှာ မရှိနိုင်တဲ့အတွက် ချွေးမတစ်ယောက်အနေနဲ့ အမေကို လာတွေ့ဖို့က သမီးရဲ့ တာဝန်ပါ။ ဒါ့အပြင် အမေကို ကလေးတွေနဲ့လည်း တွေ့ပေးချင်လို့ပါ။ " ဝမ်ယန်က ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျောက်ကတော်က စိတ်လှုပ်ရှားသွားမိသည်။ သူမက သူမ၏ ချွေးမအပေါ် အလွန်ကျေနပ်နေသည်မှာ ထင်ရှားသည်။