အခန်း (၁၈၀)
Vol. 18 Ch. 180
" အစောက သွေးဂျင်ဆင်း ဘယ်မှာလဲ။ " ကျောက်ကတော်က အနီးမှ အစေခံဘက်သို့ လှည့်ပြီး မေးလိုက်သည်။
" သခင်မ ဒီမှာပါ။ " အစေခံက သွေးဂျင်ဆင်းထည့်ထားသော သေတ္တာကို ပေးလိုက်သည်။
" ယန်အာ သမီးရောက်လာတာ အချိန်ကိုက်ပဲ။ " ကျောက်ကတော်က ပြုံး၍ ပြောလိုက်သည်။ " ဒါက ဖုန်းအာ ချီးမြှင့်ခံထားရတဲ့ သွေးဂျင်ဆင်းပဲ။ အားအကောင်းဆုံး ဆေးဖက်ဝင်အပင်ပေါ့။ အမေက ဆေးပညာကျွမ်းကျင်တယ်။ ဒီနေ့ အမေကိုယ်တိုင် ဒါကို ပြင်ဆင်ပြီး သမီးကို အားပြည့်အောင် လုပ်ပေးမယ်။ "
" အမေ မလုပ်ပါနဲ့။ " ဝမ်ယန်က ငြင်းဆိုလိုက်သည်။ " ဒီသွေးဂျင်ဆင်းက ချင်နိုင်ငံရဲ့ အမြင့်မြတ်ဆုံးရတနာပါ။ အရှင်မင်းကြီးက အကိုရဲ့ မိဘအပေါ် သိတတ်တဲ့ စိတ်ကို အသိအမှတ်ပြုပြီး ဒါကို ချီးမြှင့်ခဲ့တာပဲ။ "
" အကိုတို့ကို မွေးပြီးကတည်းက အမေက ကျန်းမာရေးကောင်းတာမဟုတ်ဘူး။ အမြဲတမ်း အားနည်းပြီး ဖျားနေတယ်လို့ အကိုပြောတာ ကြားဖူးတယ်။ ဒီသွေးဂျင်ဆင်းက အမေ့ကို အားဖြည့်ပေးဖို့ အတွက်ပါ။ " ဝမ်ယန်က ငြင်းဆိုလိုက်သည်။
" သမီးက အမေ့ ချွေးမပဲ။ ပြီးတော့ အမေ့အတွက် အမြွှာလေးလည်း မွေးပေးထားသေးတယ်။ ဒီသွေးဂျင်ဆင်းကို သမီးပဲ စားရမယ်။ " ကျောက်ကတော်က ပြတ်သားစွာ ပြောလိုက်သည်။
" မရဘူး အမေ။ မဖြစ်နိုင်ဘူး။ သမီးက စစ်သူကြီးမိသားစုက ဆင်းသက်လာပြီး ငယ်ငယ်ကတည်းက စစ်ပညာကို လေ့ကျင့်ခဲ့တယ်။ သမီးရဲ့ ခန္ဓာကိုယ်က သန်မာတယ်။ အားဖြည့်ဖို့ ဒီလောက်တန်ဖိုးကြီးတဲ့ သွေးဂျင်ဆင်း မလိုပါဘူး။ " ဝမ်ယန်က ပြောလိုက်သည်။
သူမတို့နှစ်ယောက် အပြန်အလှန်ငြင်းခုန်နေကြသည်ကို မြင်သောအခါ ကျောက်ရင်က ဝင်ပြောလိုက်သည်။ " အမေ၊ မရီး။ "
" ဒီသွေးဂျင်ဆင်းရဲ့ ဆေးအာနိသင်က အရမ်းပြင်းထန်တယ်။ သန့်စင်ပြီးရင်တောင် လူတစ်ယောက်တည်းစားဖို့ အရမ်းများလွန်းတယ်။ လူနှစ်ယောက်ဆို အကိုက်ပဲ။ ဒါကို ကျွန်မကို လွှဲထားလိုက်ပါ။ အမေတို့နှစ်ယောက်လုံးအတွက် ကျွန်မ ပြင်ဆင်ပေးမယ်။ " ကျောက်ရင်က ပြုံး၍ ပြောလိုက်သည်။
" ဒါလည်း ဟုတ်တာပဲ။ " ကျောက်ကတော်က ခေါင်းညိမ့်လိုက်သည်။ " ယန်အာ အမေတို့နှစ်ယောက် ဒီသွေးဂျင်ဆင်းကို မျှစားကြတာပေါ့။ ဒီတစ်ခါတော့ သမီးငြင်းလို့မရတော့ဘူးနော်။ "
" ကျေးဇူးတင်ပါတယ် အမေ။ " ဝမ်ယန်ကလည်း ခေါင်းညိမ့်ရုံသာ တတ်နိုင်တော့သည်။
" အဲ့လိုမှပေါ့။ " ကျောက်ကတော်က ကျေနပ်စွာ ပြုံး၍ ပြောလိုက်သည်။
" ရှောင်လင်း " သူမက တစ်စုံတစ်ခုကို သတိရသွားသည်။
" သခင်မ " အစေခံမလေးက ချင်းချင်း ရောက်လာသည်။
" ငါ့အခန်းထဲကို သွားပြီး ကုတင်အောက်က ပိုးသားသေတ္တာကို သွားယူလိုက်ပါ။ " ကျောက်ကတော်က ညွှန်ကြယးလိုက်သည်။
" ဟုတ်ကဲ့။ " ရှောင်လင်းက အခန်းထဲသို့ ဝင်သွားပြီး ခဏကြာသောအခါ သူမက သေတ္တာငယ်လေးတစ်လုံးနှင့် ပြန်ရောက်လာသည်။
" ယန်အာ ဒါက သမီးအတွက်ပဲ။ " ကျောက်ကတော်က ၎င်းကို မဖွင့်ဘဲ ဝမ်ယန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
" အမေ ဒါက ဘာလဲ။ ဒါက အရမ်းတန်ဖိုးကြီးရင် သမီး မယူရဲဘူး။ " ဝမ်ယန်က အမြန်ပြောလိုက်သည်။
" ဖွင့်ကြည့်လိုက်ပါဦး။ " ကျောက်ကတော်က ပြုံး၍ ပြောလိုက်သည်။
ဝမ်ယန်က သေတ္တာကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အတွင်း၌ ကျောက်စိမ်းလက်ကောက်တစ်ခုကို တွေ့လိုက်ရသည်။
" ဒီလက်ကောက်က တကယ် ထူးခြားတာပဲ။ " ဝမ်ယန်က အံ့ဩသွားသည်။
" ယန်အာ ဒီနေ့ သမီးက အမေတို့ အိမ်ကို ရောက်လာခဲ့ပြီ။ သမီးက တရားဝင်လက်မထပ်ရသေးပေမယ့် အမေတို့ ကျောက်မိသားစုအတွက် မြေးလေးနှစ်ယောက်ကို မွေးပြီးပြီဆိုတော့ သမီးက ကျောက်မိသားစုရဲ့ ချွေးမတစ်ယောက်ဖြစ်နေပြီ။ အမေမှာ သမီးကို ပေးစရာအများကြီး မရှိဘူး။ ဒီလက်ကောက်က မိသားစုပိုင် အမွေအနှစ်တစ်ခုပဲ။ ဒါက တန်ဖိုးအရမ်းမကြီးနိုင်ပေမယ့် အမေတို့ မိသားစုအတွက် အရမ်းတန်ဖိုးကြီးနိုင်ပါတယ်။ "
" ဒီနေ့ ဒီလက်ကောက်ကို သမီးကို ပေးလိုက်မယ်။ " ကျောက်ကတော်က ပြုံး၍ ပြောလိုက်သည်။
" အမေ အမေက မျက်နှာလိုက်တာပဲ။ သမီးက ငယ်ငယ်ကတည်းကဒီလက်ကောက်ကို သဘောကျနေတာ။ အခု မရီးရောက်လာတာနဲ့ ချက်ချင်း ပေးပစ်တာပဲ။ " ကျောက်ရင်က နှုတ်ခမ်းဆူပြီး စနောက်လိုက်သည်။
" မင်းရဲ့ မရီးက ငါ့ကို မြေလေးနှစ်ယောက် ပေးခဲ့တာလေ။ " ကျောက်ကတော်က လက်ကောက်ကို ထုတ်ယူပြီး ဝမ်ယန်၏ လက်ကို စွပ်ပေးလိုက်သည်။
" တွေ့လား အကိုက်ပဲ။ " ကျောက်ကတော်က ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အမေ။ " ဝမ်ယန်က ချက်ချင်း ပြောလိုက်သည်။
" ဒါနဲ့ စကားမဆပ် အမေ့ မြေးလေးတွေကို နာမည်ပေးပြီးပြီလား။ " ကျောက်ကတော်က မေးလိုက်သည်။
" မပေးရသေးပါဘူး။ အကိုပြန်လာမှ နာမည်ရွေးဖို့ သမီးစီစဉ်ထားတယ်။ သူတို့က ငယ်သေးတာလည်း ပါတာပေါ့။ " ဝမ်ယန်က ပြန်ဖြေလိုက်သည်။
" အဲ့ဒါကောင်းတဲ့အကြံပဲ။ ကလေးတွေရဲ့ အဖေကိုပဲ နာမည်ပေးခိုင်းတာပေါ့။ " ကျောက်ကတော်ကလည်း ပြုံး၍ သဘောတူလိုက်သည်။
" မရီး " ကျောက်ရင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ " ဒီမှာ ဘယ်လောက်နေဖို့ စိတ်ကူးထားလဲ။ "
" သမီးဒီမှာ အမြဲတမ်း နေလို့ရမလား။ အကိုက ဒီမှာမရှိတော့ အမေ့ကို အဖော်လုပ်ပေးချင်လို့ပါ။ " ဝမ်ယန်က ပြောလိုက်သည်။
" ဒါထက် ပိုကောင်းတာမရှိတော့ဘူး။ " ကျောက်ကတော်က ဝမ်းသာအားရ ပြောလိုက်သည်။ " ယန်အာ သမီးက အမေ့ချွေးမဖြစ်နေပြီ။ ဒါက အခုသမီးရဲ့ အိမ်ပဲ။ ဒီမှာ သမီးကြိုက်သလောက်နေနိုင်တယ်။ "
ကျောက်နိုင်ငံ။
စစ်မီးတောက်များက နေရာအနှံ့ တောက်လောင်နေသည်။ ကျင်းယန်မြို့က ချင်စစ်တပ်၏ လက်ထဲသို့ ကျဆုံးသွားခြင်းနှင့်အတူ ကျောက်နိုင်ငံ၏ ခံစစ်က ပျက်စီးသွားခဲ့သည်။ လန်ထျန်းမှ စစ်တပ်သုံးခုက လမ်းကြောင်းသုံးခုခွဲ၍ ချီတက်လာခဲ့သည်။
တစ်လကျော်အတွင်း သူတို့က ကျောက်မြို့ပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့သည်။ ကျောက်နယ်မြေ၏ ငါးပုံတစ်ပုံက ချင်၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့သည်။ သို့သော် ချင်စစ်တပ်က စစ်ချီလာချိန်တွင် စစ်သေနာပတိချုပ်ဖန်ရွှမ်က ခံစစ်ပြင်ရန် သူ၏ တပ်ဖွဲ့များကို ပြန်လည်ဦးဆောင်လာခဲ့ပြီဖြစ်သည်။
စစ်သည်နှစ်သိန်းကျောက်ကို ဝူအန်းမြို့တွင် တပ်စွဲထားပြီး ထိုနေရာတွင ယန်ကျူး၏ လက်ကျန်တပ်ဖွဲ့ တစ်သိန်းနီးပညးကလည်း ပူးပေါင်းခဲ့သည်။ ဝူအန်းမြို့၏ ခံစစ်က ပိုမိုခိုင်မာသွားခဲ့သည်။ တစ်ချိန်တည်းတွင် လန်ထျန်းစခန်း၏ စစ်တပ်သုံးခုကလည်း ဝူအန်းမြို့ဆီသို့ စုရုံးလာခဲ့သည်။
စစ်စခန်းအတွင်း။
" စစ်သူကြီးကျောက် ရောက်လာပါပြီ။ " ကိုယ်ရံတော်တပ်မှူးက ကြေညာလိုက်သည်။
ကျောက်ဖုန်းက လက်ထောက်စစ်သူကြီးနှစ်ယောက်နှင့် ဝင်ရောက်လာသည်။ တဲအတွင်း၌ ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့ကလည်း သူတို့၏ လက်ထောက်စစ်သူကြီးများနှင့်အတူ ရောက်ရှိနေကြပြီဖြစ်သည်။
" စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းက ရင်ကျန့်ကို အရိုအသေပေးလိုက်သည်။
" ထိုင်ကြဦး။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" စစ်သူကြီးကျောက် မင်းရဲ့ ထိုးစစ်က တကယ်မြန်ပြီး ပြင်းထန်တာပဲ။ ကျောက်မြို့ပေါင်းဆယ့်ခုနှစ်မြို့ကို သိမ်းပိုက်ပြီး ငါတို့စစ်တပ်သုံးခုထဲမှာ စွမ်းဆောင်မှုအကောင်းဆုံးပဲ။ " ယန်တွမ်ဟီက ပြုံး၍ ပြောလိုက်သည်။
" ဟုတ်တယ်။ စစ်သူကြီးကျောက်ရဲ့ ကွပ်ကဲနိုင်စွမ်းက တကယ်ကို အံ့မခန်းပဲ။ " ဝမ်ပင်းက ပြုံး၍ ပြောလိုက်သည်။
" စစ်သူကြီးတို့က မြှောက်ပင့်လွန်းနေပါပြီ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။ " လွန်ခဲ့တဲ့ တစ်လအတွင်းမှာ စစ်သူကြီးတို့လည်း မြို့အများကြီးကို သိမ်းပိုက်ခဲ့တာပဲ။ "
" ကဲ ချီးကျူးတာတွေ ထားလိုက်ဦး။ " ဝမ်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " အခု လက်ရှိကိစ္စကို ဆွေးနွေးရအောင်။ "
" ဟုတ်ကဲ့။ " စစ်သူကြီးသုံးယောက်က ပြန်ပြောလိုက်သည်။
" ကျောက်နိုင်ငံရဲ့ စစ်ကူတွေက ငါထင်ထားတာထက် ပိုမြန်မြန် ရောက်လာတာပဲ။ ဖန်ရွှမ်က ယန်နိုင်ငံက ဆုတ်ခွာပြီး ဝူအန်းမြို့မှာ ခံစစ်ကို တည်ဆောက်ပြီးပြီ။ မြို့ထဲမှာ စစ်သည်အင်အားသုံးသိန်းရှိနေတယ်။ ဒီမြို့ကို သိမ်းဖို့ ခက်ခဲလိမ့်မယ်။ ငါတို့ အောင်မြင်ခဲ့ရင်တောင် ပြင်းထန်တဲ့ သွေးချောင်းစီးတိုက်ပွဲကြီးဖြစ်လိမ့်မယ်။ "
" မင်းတို့သုံးယောက် အဆင်သင့်ပဲလား။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" ချင်အတွက် သေတဲ့အထိ တိုက်ပွဲဝင်ပါမယ်။ " စစ်သူကြီးသုံးယောက်က ပြန်ဖြေလိုက်သည်။
" ဒါပေမယ့် သတင်းကောင်းတစ်ခုရှိတယ်။ " ဝမ်ကျန့်က ဆက်ပြောလိုက်သည်။ " ဝူအန်းမြို့က ကျောက်နိုင်ငံရဲ့ အတွင်းပိုင်းက မြို့တစ်မြို့ပဲ။ ကျင်းယန်လိုမျိုး စစ်ရေးခံစစ်မြို့ကြီးမဟုတ်ဘူး။ ငါတို့တပ်တွေက မြို့ရိုးကို ထိုးဖောက်နိုင်ရင် မြို့ထဲက တိုက်ပွဲက အဲ့ဒီလောက် ခက်ခဲမှာမဟုတ်ဘူး။ "
" ကျွန်တော်တို့ ချင်ရဲ့ ပုံမှန်နည်းဗျူဟာတွေအတိုင်းပဲ သုံးရမှာပေါ့။ " ဝမ်ပင်းက အကြံပေးလိုက်သည်။ " ကျွန်တော်တို့ရဲ့ ကျောင်စာပစ်စက်တွေနဲ့ လေးသည်တော်တွေကို သုံးပြီး ပြင်းထန်တဲ့ လှုပ်ရှားမှုကို ပြုလုပ်မယ်။ "
" မြို့ထဲက ကျောက်စစ်တပ်က အင်အားများနေပေမယ့် သူတို့က အတင်းအကျပ် ချီတက်လာလို့ ပင်ပန်းနေကြပြီ။ပြီးတော့ သူတို့ထဲမှာ စစ်ရှုံးထားတဲ့ ကျောက်စစ်သည်တွေရှိနေတယ်။ ဒီအချက်တွေကို ကြည့်ရင် သူတို့ရဲ့ စိတ်ဓာတ်က သိပ်မမြင့်ဘူးလို့ ယူဆလို့ရတယ်။ " ယန်တွမ်ဟီက ပြောလိုက်သည်။
" ဒီတိုက်ပွဲအတွက် ကျွန်တော် အကြံပြုချင်တာကတော့...." ကျောက်ဖုန်းက စကားပြောလိုက်သည်။ " ကျွန်တော်တို့က ဝူအန်းမြို့ရဲ့ တံခါးသုံးပေါက်ကို တပြိုင်နက် တိုက်ခိုက်ပြီး ကျောက်စစ်တပ်ကို ထွက်ပြေးဖို့ တစ်ပေါက်ဖွင့်ထားရပါမယ်။ "
" တံခါးသုံးပေါက်ကို တိုက်ပြီး တစ်ပေါက်ကို ချန်ထားဖို့လား။ " ဝမ်ကျန့်က ကျောက်ဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
" မြို့ထဲမှာရှိတဲ့ ကျောက်စစ်တပ်ကို ဆုတ်ပေါက်မပေးထားရင် သူတို့က သေတဲ့အထိ တိုက်မှာပဲ။ ဒါပေမယ့် သူတို့ကို ထွက်ပေါက်တစ်ခုကို ပေးထားရင် သူတို့က အသက်ရှင်လိုတဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားပြီး ကျွန်တော်တို့ စစ်တပ်ကို သေတဲ့အထိ တိုက်ခိုက်မှာမဟုတ်တော့ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။