← Chapters

အခန်း (၈၆၁-၈၆၂)

Vol. 87 Ch. 861-862

အခန်း (၈၆၁-၈၆၂)

Vol. 87 Ch. 861-862

(စာလုံးရေလျော့ပြီး တစ်အုပ် ၃၀၀ ကျပ်အဖြစ်သို့ ပြောင်းပါမည်ဗျ။ တိုသွားတော့ ရက်ခပ်စိတ်စိတ်ထွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။)

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၆၁ + ၈၆၂)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

လေလွင့်ဗိုလ်မှူးသည် ထူးဆန်းသော သံချပ်ကာဝတ်စုံကြီးကို ဝတ်ဆင်ထားကာ လက်ထဲတွင် အနက်ရောင် ဓားရှည်တစ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။ နှစ်မီတာကျော် မြင့်မားထွားကျိုင်းသော အရပ်အမောင်းကြောင့် ကြည့်ရုံမျှဖြင့် ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားရစေသည်။

သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ “လန်ဟူနယ်မြေသခင်... အခုချက်ချင်း ထွက်ခဲ့စမ်း...”

မကြာမီပင် မြင့်မားသော မြို့ရိုးထက်၌ တုပိုင် ထွက်ပေါ်လာသည်။

သူ့ကိုမြင်သည်နှင့် လေလွင့်ဗိုလ်မှူးက စကားစလိုက်၏။ “ငါတို့မှာ ထိုက်ခန်အင်ပါယာနဲ့ စစ်ဖြစ်ဖို့ ရည်ရွယ်ချက် မရှိဘူး...”

လေလွင့်စစ်သည်များသည် နေရာအနှံ့အပြား၌ ရက်စက်စွာ လုယက်သတ်ဖြတ်လေ့ရှိသော်လည်း ထိုက်ခန်အင်ပါယာ၏ နယ်မြေများကိုမူ ရဲရဲတင်းတင်း ဝင်ရောက်တိုက်ခိုက်လေ့ မရှိကြချေ။ အကြောင်းရင်းကား ဧကရာဇ်ထိုက်ခန်သည် အလွန်အစွမ်းထက်လွန်းသောကြောင့် လေလွင့်မဟာမိတ်အဖွဲ့ကြီး တစ်ခုလုံးကပင် သူ့အား ကြောက်ရွံ့နေကြသောကြောင့် ဖြစ်ပေသည်။

တုပိုင်က တည်ငြိမ်သောလေသံဖြင့် တုံ့ပြန်လိုက်၏။ “ငါကလည်း မင်းတို့နဲ့ စစ်ဖြစ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး...”

ယခုအချိန်တွင် မြို့ရိုးအပြင်ဘက်၌ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော လေလွင့်စစ်သည် အင်အားတစ်ထောင်ကျော်ခန့်သည် မြို့အား အလုံးအရင်းဖြင့် ဝိုင်းရံထားကြသည်။ တုပိုင် ထိုစစ်သည်တစ်ထောင်ဖြင့် မတိုက်ခိုက်လိုပေ။

လေလွင့်ဗိုလ်မှူး ဆက်ပြောလာ၏။ “ငါတို့ လေလွင့်မဟာမိတ်အဖွဲ့က သစ္စာဖောက်တစ်ယောက် မင်းတို့နယ်မြေထဲကို ထွက်ပြေးလာတယ်။ မင်းသာ အဲဒီသစ္စာဖောက်ကို အေးအေးဆေးဆေး လွှဲပေးမယ်ဆိုရင် ဘာပြဿနာမှ မရှိခဲ့သလို သဘောထားပေးမယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ငါကိုယ်တိုင် ဝင်သတ်ပြီး အဲဒီသစ္စာဖောက်ကို ဖမ်းခေါ်သွားရလိမ့်မယ်...”

ထိုအခိုက် ကျန်းရှောင်မန်က မြို့ရိုးပေါ်သို့ လျင်မြန်စွာ ပြေးတက်လာပြီး အေးစက်စက်လေသံဖြင့် လှမ်းမေးလိုက်၏။ “ဗိုလ်မှူး... ရှင်ပြောနေတဲ့ သစ္စာဖောက်ဆိုတာ... ကျွန်မကို ပြောတာလား...”

လေလွင့်ဗိုလ်မှူးက ခက်ထန်အေးစက်သော မျက်နှာထားဖြင့် ပြန်လည်တုံ့ပြန်သည်။ “ကိုယ့်ကိုယ်ကိုယ် သိရင် ပြီးတာပဲ။ အခုချက်ချင်း မြို့ပြင်ထွက်လာခဲ့ပြီး ဗိုလ်ချုပ်ရဲ့ အပြစ်ပေးမှုကို ခံယူဖို့ ငါတို့နောက် လိုက်ခဲ့စမ်း...”

ကျန်းရှောင်မန်က ဒေါသတကြီးဖြင့် ပြန်လည်အော်ဟစ်လိုက်၏။ “အပြစ်ပေးခံယူရမယ် ဟုတ်လား... ငါ့ကို သူ့ရဲ့ မျိုးရိုးအမည်ခံ ကျွန်အဖြစ် ပြန်သွားခိုင်းတာမလား။ ပြီးတော့ ငါ့လက်အောက်က လူတွေအားလုံးကိုလည်း သတ်ပစ်ကြဦးမယ် မဟုတ်လား”

လေလွင့်ဗိုလ်မှူးက လှောင်ပြောင်သည့်အသံဖြင့် ထပ်ပြောလာ၏။ “ဗိုလ်ချုပ်ရဲ့ အမိန့်တွေကို ဖီဆန်ရဲလောက်အောင် ဘယ်သူကများ မင်းကို သတ္တိတွေ ပေးလိုက်တာလဲ”

ကျန်းရှောင်မန်က ချက်ချင်းပင် ပြန်ပက်လိုက်၏။ “လုယက်တာက ပြဿနာမရှိဘူး။ ဒါပေမဲ့ လက်နက်မဲ့ အရပ်သား ရာနဲ့ချီကို ရက်ရက်စက်စက် တစ်ပြိုင်နက်တည်း သတ်ခိုင်းတာကိုတော့ ငါတို့ ဘယ်လိုမှ မလုပ်နိုင်ဘူး”

ထိုအခါ လေလွင့်ဗိုလ်မှူး အံကြိတ်ကာ စွပ်စွဲလိုက်၏။ “မင်းက ဗိုလ်ချုပ်ရဲ့ အမိန့်ကို ဖီဆန်ခဲ့ရုံတင် မကဘူး။ သူ့ရဲ့ ရတနာတွေကိုပါ ခိုးယူသွားခဲ့သေးတယ်။ ဒီအပြစ်တစ်ခုတည်းနဲ့တင် မင်းခန္ဓာကိုယ်ကို တစ်စစီ ခုတ်ထစ်ပစ်ဖို့ လုံလောက်နေပြီလေ”

ထို့နောက် လေလွင့်ဗိုလ်မှူးသည် တုပိုင်ဘက်သို့ လှည့်ကာ ရိုင်းစိုင်းစွာ ခြိမ်းခြောက်လိုက်သည်။ “လန်ဟူနယ်မြေသခင်... သစ္စာဖောက် ကျန်းရှောင်မန်ကို အခုချက်ချင်း အပ်လိုက်စမ်း။ အဲဒီလိုမှ မဟုတ်ရင်တော့ မင်းတို့ နယ်မြေတစ်ခုလုံးကို ပြာကျသွားအောင် လုပ်ပစ်ပြီး မင်းတို့ကိုပါ သတ်ပစ်ရလိမ့်မယ်”

ထိုစကားကြောင့် ကျန်းရှောင်မန် မည်သည်ကိုမှ ဆက်မပြောတော့ဘဲ တုပိုင် မည်သို့တုံ့ပြန်မည်ကို သိလိုသဖြင့် သူ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်၏။

တကယ်တမ်းတွင် တုပိုင်တို့ဘက်၌ လူနှစ်ယောက်သာရှိပြီး ကျန်းရှောင်မန်၏ လက်အောက်ငယ်သားများနှင့် ပေါင်းလျှင်ပင် အင်အား ရှစ်ဆယ်မပြည့်ချေ။ သို့သော် မြို့ရိုးအပြင်ဘက်၌မူ ရက်စက်ကြမ်းကြုတ်သော လေလွင့်စစ်သည် တစ်ထောင်ကျော်က အသင့်အနေအထား ရှိနေလေရာ နှစ်ဖက်အင်အားမှာ မိုးနှင့်မြေအလား ကွာဟလွန်းလှသည်။

သာမန်လူတစ်ယောက်သာဆိုလျှင် သူနှင့် သူ၏ သမီးလေး အသက်ရှင်သန်ရေးအတွက် ကျန်းရှောင်မန်အား လွှဲပြောင်းပေးအပ်ရန် သေချာပေါက် ရွေးချယ်ကြမည် ဖြစ်ပေ၏။ ထို့အပြင် တုပိုင်သည် ယမန်နေ့ကမှ ကျန်းရှောင်မန်၏ အသက်ကို ကယ်တင်ပေးခဲ့ဖူးလေရာ သူမအပေါ်၌ မည်သည့် ကျေးဇူးကြွေးမျှ ရှိမနေပေ။

သို့သော် တုပိုင်ကမူ တည်ငြိမ်စွာပင် ငြင်းဆန်လိုက်၏။ “စိတ်မကောင်းပါဘူး... ကျန်းရှောင်မန်နဲ့ သူ့လူတွေက ငါ့လန်ဟူနယ်မြေနဲ့ ထိုက်ခန်အင်ပါယာရဲ့ လက်အောက်ခံတွေ ဖြစ်သွားကြပြီမို့ ငါ လွှဲပေးလို့ မရဘူး။ မင်းတို့သာ ငါ့လန်ဟူနယ်မြေကို အတင်းအဓမ္မ တိုက်ခိုက်လာမယ်ဆိုရင်တော့... ဒါက ထိုက်ခန်အင်ပါယာကို စစ်ကြေညာတာနဲ့ အတူတူပဲ ဖြစ်သွားလိမ့်မယ်”

ထိုစကားကြောင့် ကျန်းရှောင်မန် အံ့အားသင့်သွားကာ တုပိုင်အား မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်ပြီး တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။ “နင် ရူးနေပြီလား။ နင်တို့မှာ နှစ်ယောက်တည်း ရှိတာလေ။ သူတို့ဆီမှာ လူတစ်ထောင်ကျော်တောင် ရှိနေတာကို”

တုပိုင်ကမူ သူမအား ကြည့်ပင် မကြည့်ဘဲ ခပ်တည်တည်ဖြင့် ရပ်နေ၏။

ထိုအခါ လေလွင့်ဗိုလ်မှူးထံမှ အထင်သေးလှောင်ပြောင်သည့် ရယ်မောသံကြီး ထွက်ပေါ်လာလေတော့၏။ “ဟားဟားဟားဟား... ရယ်ရလွန်းလို့ပါကွာ... ငါက ဘာမှမသိဘူးလို့ မင်းထင်နေတာလား။ ဒီလန်ဟူနယ်မြေ တစ်ခုလုံးမှာ မင်းတို့ သားအဖနှစ်ယောက်တည်း ရှိတာလေ။ ပြီးတော့ မင်းက မြို့စားမင်း လျန်ကျင်းကိုလည်း စော်ကားထားသေးတယ်။ ငါသာ မင်းတို့ကို သတ်ပစ်လိုက်မယ်ဆိုရင် မြို့စားမင်း လျန်ကျင်းတောင် ငါ့ကို ကျေးဇူးတင်နေဦးမှာ။ အဲဒီတော့ သူက ဘာကိစ္စနဲ့ ထိုက်ခန်အင်ပါယာကိုယ်စား မင်းတို့အတွက် စစ်တိုက်ပေးမှာလဲ”

ထို့နောက် လေလွင့်ဗိုလ်မှူးက ခပ်ပြတ်ပြတ် အော်ဟစ်လိုက်၏။ “မင်းကို အချိန် သုံးစက္ကန့်ပေးမယ်။ မင်းသာ သစ္စာဖောက် ကျန်းရှောင်မန်တို့ကို မအပ်ဘူးဆိုရင် ငါတို့ကိုယ်တိုင် ဝင်လာပြီး အားလုံးကို သတ်ပစ်မယ်။ မင်းတို့ သားအဖနှစ်ယောက်ကိုလည်း တစ်စစီ ခုတ်ထစ်ပစ်မယ်။ အို... နေပါဦး... မင်းရဲ့ သမီးလေးက အရမ်းလှတာပဲ။ ဗိုလ်ချုပ်က သူ့ကို အရမ်းသဘောကျပြီး သေတဲ့အထိ ရက်ရက်စက်စက် ကစားပစ်လိမ့်မယ်လို့ ငါ သေချာပေါက် အာမခံတယ်... ဟားဟားဟား”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တုပိုင်၏ ဒေါသများ ပေါက်ကွဲထွက်လာလေတော့၏။

သမီးလေးသည် သူ၏ အသက်သွေးကြော ၊ သူ၏ ကမ္ဘာလေးပင် ဖြစ်၏။ ယခုအခါ ထိုအသက်သွေးကြောအား လေလွင့်ဗိုလ်မှူးက ပြင်းပြင်းထန်ထန် စော်ကားလိုက်ပြိ်ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် တုပိုင် မျက်လုံးများထဲ၌ သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ရုတ်တရက် ဖုံးလွှမ်းသွားတော့၏။

တစ်ချိန်တည်းတွင် သတ်ဖြတ်ခြင်း အရှိန်အဝါများသည်လည်း သူ၏ ကိုယ်မှ စိမ့်ထွက်လာကာ ပတ်ဝန်းကျင်အပူချိန်ပင် အနည်းငယ်ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ တုပိုင်၏ အကြည့်တို့မှာ အလွန်အေးစက်နေပြီး တာ့နင်အင်ပါယာ၏ စစ်နတ်ဘုရားတစ်ပါးအသွင်သို့ ပြောင်းလဲသွားလေတော့၏။

“သုံး”

“နှစ်”

“တစ်”

လေလွင့်ဗိုလ်မှူးက သေမင်းတမန်ကဲ့သို့ အချိန်ရေတွက်နေစဉ်မှာပင် ကျန်းရှောင်မန်က သက်ပျင်းချလိုက်၏။ “တုပိုင်... နင် ငါ့ကို အပ်လိုက်သင့်တယ်”

တုပိုင်​က ချက်ချင်းပင် ဒေါသတကြီးဖြင့် ပြန်ပက်လိုက်၏။ “ငါတို့ လူနှစ်ယောက်တည်းက နင်တို့ လူခုနစ်ဆယ်လောက်ကို ဘယ်လိုလုပ် လွှဲပေးနိုင်မှာလဲ... ဦးနှောက်လေး ဘာလေး သုံးစမ်းပါဦး”

ရုတ်တရက် ဆူပူကြိမ်းမောင်းခံလိုက်ရသဖြင့် ကျန်းရှောင်မန်၏ လှပသော မျက်နှာလေးမှာ ရှုံ့မဲ့သွားရလေ၏။

ထိုအခိုက်မှာပင် လေလွင့်ဗိုလ်မှူး၏ အော်ဟစ်သံကြီးက မိုးချုန်းသံအလား ထွက်ပေါ်လာတော့သည်။ “အချိန်ပြည့်ပြီ... အခုချက်ချင်း ဝင်စီး... သစ္စာဖောက်တွေကို သတ်ပစ်ကြ။ ဟို မျက်နှာဖြူခွေးကောင် နယ်မြေသခင်ကိုပါ တစ်စစီ ခုတ်ထစ်ပစ်လိုက်။ သူ့သမီးကိုတော့ ဗိုလ်ချုပ်ဆီ ဆက်သဖို့ အရှင်ဖမ်းခဲ့ကြ”

“ပစ်”

“ဒိုင်းးး ဒိုင်းးး ဒိုင်းးး”

ရုတ်တရက်ဆိုသလိုပင် မြို့ရိုးအပြင်ဘက်ရှိ သေနတ်ပြောင်းဝ ထောင်ပေါင်းများစွာမှ မီးတောက်များ တစ်ပြိုင်နက်တည်း အပြင်းအထန် ပွင့်ထွက်လာလေတော့၏။ နားကွဲမတတ် ကျယ်လောင်လှသော သေနတ်သံများနှင့်အတူ သေမင်းတမန် ကျည်ဆန်မိုးများသည် လန်ဟူမြို့ရိုးဆီသို့ အဟုန်ပြင်းစွာ ရွာသွန်းချလာတော့သည်။

တုပိုင် ၊ တုရှောင် ၊ ကျန်းရှောင်မန်နှင့် အခြားသူများအားလုံး မြေပြင်ပေါ်သို့ လျင်မြန်စွာ ဝပ်ချကာ အလွန်ထူထဲခိုင်ခံ့သော မြို့ရိုးတံတိုင်းကြီးကို အကာအကွယ် ယူလိုက်ကြရ၏။

ရှေ့တည့်တည့်ရှိ မြို့ရိုးကြီးများသည် သံကူကွန်ကရစ်များဖြင့် အခိုင်အမာ တည်ဆောက်ထားခြင်းဖြစ်ပြီး ၃ မီတာမှ ၄ မီတာအထိ အလွန်တရာ ထူထဲလှ၏။ ထိုမျှတောင့်တင်းလှသော နံရံကြီးများကို သာမန်သေနတ်များဖြင့်မဆိုထားနှင့် အဆင့်မြင့် ဂေါက်စ်ရိုင်ဖယ်များဖြင့်ပင် အလွယ်တကူ ဖောက်ထွင်းနိုင်စွမ်း မရှိချေ။

သို့သော်လည်း အခြေအနေကား အလွန်တရာ ဆိုးရွားနေခဲ့ပြီဖြစ်သည်။ တုပိုင်တို့ဘက်တွင် လူတစ်ဒါဇင်ခန့်သာ အသက်ရှင်ကျန်ရစ်တော့သော်လည်း မြို့ရိုးအပြင်ဘက်၌မူ သွေးဆာနေသော ရန်သူတစ်ထောင်ကျော်က ဝိုင်းရံထားလေ၏။ အင်အားကွာဟချက် အလွန်ကြီးမားလွန်းလှသဖြင့် သူတို့အနေဖြင့် ပြန်လည်ခုခံရန်ဆိုသည်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်နေတော့သည်။

နံရံအကွယ်မှ ခေါင်းပြူကြည့်လိုက်သည်နှင့် တပြိုင်နက် လေထုကိုခွင်း၍ မိုးသီးများအလား ရွာကျလာမည့် ကျည်ဆန်များကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ဇကာပေါက်ဖြစ်ကာ သေဆုံးသွားမည်မှာ အသေအချာပင်။

ထို့ကြောင့် သူတို့သည် မြို့ရိုးနောက်၌ ပုန်းအောင်းနေရုံမှလွဲ၍ လုံးဝ ပြန်လည်မခုခံနိုင်ဘဲ တစ်ဖက်သတ် အတိုက်ခံနေရတော့သည်။

အပြင်ဘက်ရှိ လေလွင့်ဗိုလ်မှူးထံမှ ရူးသွပ်နေသော ရယ်မောသံကြီးက စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

“ဟားဟားဟား… မင်းတို့ကောင်တွေ အဲဒီ သောက်မြို့ရိုးကြီးအနောက်မှာ ပုန်းနေရင် လွတ်မယ်လို့ ထင်နေကြတာလား။ ငါတို့ဆီမှာ အမြောက်တွေ ရှိသေးတယ်ကွ။ မင်းတို့ပုန်းနေတဲ့နေရာကို ကျော်ပစ်နိုင်သလို အဲဒီ သောက်မြို့ရိုးကြီးကိုလည်း အလွယ်တကူ ဖြိုချပစ်နိုင်တယ်… ဟားဟားဟား”

ထိုလှောင်ပြောင်သံကြောင့် ကျန်းရှောင်မန်နှင့် အခြားသူများ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားကြတော့၏။ အထူးသဖြင့် သွေးဆူလွယ်သူပီပီ ကျန်းရှောင်မန်သည် သူမ၏ သေနတ်ကို ချက်ချင်းမောင်းတင်ကာ အသေခံ ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။

သို့သော် သူမ မတ်တပ်မရပ်ရသေးမီပင် တုပိုင် သူမအား မြေပြင်ပေါ်သို့ အကြမ်းပတမ်း ဆွဲချလိုက်ကာ ကျယ်လောင်စွာ ဆူပူလိုက်၏။

“မင်း ရူးနေပြီလား... သေချင်နေတာလား...”

ကျန်းရှောင်မန်ကလည်း အလျှော့မပေးဘဲ ချက်ချင်း ပြန်ပက်လိုက်၏။

“လိပ်လို အခွံထဲ ခေါင်းဝှက်ပြီး ပုန်းနေရမယ့်အစား သေလိုက်တာကမှ ပိုမြတ်ဦးမယ်။ ရှင့်လို အသုံးမကျတဲ့လူကတော့ ဘယ်နားလည်ပါ့မလဲ...”

တုပိုင် သူမ၏စကားကို လျစ်လျူရှုလိုက်ပြီး ဘေးရှိလူများကို ခပ်ပြတ်ပြတ် မေးလိုက်၏။

“မင်းတို့ထဲမှာ လေးပါတဲ့သူ ရှိလား...”

ချက်ချင်းပင် အဖွဲ့သားတစ်ယောက်က ခိုင်ခံ့တောင့်တင်းသော စစ်သုံးလေးတစ်လက်ကို သူ့ထံ လှမ်းပေးလိုက်၏။ ဤကမ္ဘာပျက်ကပ်လွန်ကာလတွင် အဆင့်မြင့် ဂေါက်စ်ရိုင်ဖယ်များနှင့်အတူ တိုက်ခိုက်ရေးလေးများကိုပါ အဓိကလက်နက်အဖြစ် တွဲဖက် အသုံးပြုလေ့ ရှိကြသည်။

တုပိုင် လေးကိုယူကာ ကြိုးကို စမ်းသပ်ဆွဲကြည့်လိုက်၏။ ဤလေးကား ပေါင် ၁၅၀ ကျော် ဆွဲအားရှိသည့် အလွန်ပြင်းထန်သော လေးတစ်လက် ဖြစ်သည်။

ဤသို့သော လေးမျိုးမှ ပစ်လွှတ်လိုက်သည့် မြားများသည် ဂေါက်စ်ရိုင်ဖယ်များကဲ့သို့ သံချပ်ကာများကို ထိုးဖောက်နိုင်စွမ်း မရှိသော်ငြား ၊ အနီးကပ် အကွာအဝေးတွင်မူ သာမန်ရိုင်ဖယ်တစ်လက်ထက် အားလျော့မည် မဟုတ်ချေ။

ကံကောင်းသည်မှာ ယမန်နေ့ကမှ တုပိုင်သည် ပုံရိပ်ယောင်ဓားသွားမိစ္ဆာကြီး၏ စွမ်းအားများကို အပြည့်အဝ စုပ်ယူထားနိုင်ခဲ့ခြင်းပင် ဖြစ်၏။ ထိုသို့သာ မဟုတ်ခဲ့ပါက သာမန်လူတစ်ယောက်အနေဖြင့် ဤမျှ ပြင်းထန်သော လေးကြိုးကို လွယ်လွယ်ကူကူ ဆွဲတင်နိုင်မည် မဟုတ်ချေ။

ထို့အပြင် လေးများတွင် သေနတ်များထက် သာလွန်သည့် အားသာချက်တစ်ခု ရှိနေသေးလေ၏။ ထိုသည်မှာ ရန်သူ့ရှေ့ ကိုယ်ထင်ပြရန် မလိုအပ်ဘဲ အကာအကွယ်နောက်မှနေ၍ လုံခြုံစွာ ပုန်းကွယ်ပစ်ခတ်နိုင်ခြင်းပင် ဖြစ်သည်။

တုပိုင် မြင့်မားလှသော မြို့ရိုးနောက်၌ မတ်မတ်ရပ်လိုက်ပြီး မျက်လုံးများကို မှိတ်ချလိုက်၏။ ထို့နောက် သူ၏ အားကောင်းလှသော စိတ်စွမ်းအင်များကို ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရေလှိုင်းများအလား အရှိန်အဟုန်ဖြင့် ဖြန့်ကျက်လိုက်လေတော့သည်။

ချက်ချင်းဆိုသလိုပင် အပြင်ဘက်ရှိ ရန်သူတစ်ထောင်ကျော်၏ လှုပ်ရှားမှုတိုင်းသည် သူ၏ စိတ်အာရုံထဲတွင် ရုပ်ရှင်ပြကွက်တစ်ခုအလား ကွင်းကွင်းကွက်ကွက် ပေါ်လာတော့၏။

အပြင်ဘက်ရှိ လေလွင့်စစ်သည်များထံတွင် အမြောက်သုံးလက် ရှိနေပြီး တစ်လက်မှာ ပြောင်းဝအချင်း ကြီးမားလှသော အမြောက်ကြီးဖြစ်ကာ ကျန်နှစ်လက်မှာမူ ဖျက်ဆီးအားပြင်းထန်သည့် မော်တာများ ဖြစ်ကြသည်။ ထိုအခိုက်အတန့်၌ အမြောက်ပစ်သမားများသည် သူတို့ပုန်းအောင်းနေသည့် နေရာဆီသို့ပစ်ခတ်ရန် အသင့်ပြင်ဆင်နေကြပြီ ဖြစ်လေ၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၆၁ + ၈၆၂) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters