အခန်း (၈၆၃-၈၆၄)
Vol. 87 Ch. 863-864
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၆၃ + ၈၆၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ဤမျှ နီးကပ်လှသော အကွာအဝေးမျိုးမှ ပစ်ခတ်မည်ဆိုပါက ဤသံကူကွန်ကရစ် မြို့ရိုးကြီးသည်ပင် သံချပ်ကာဖောက်ကျည်များ၏ ဒဏ်ကို ခံနိုင်မည်မဟုတ်ဘဲ အလွယ်တကူ ထိုးဖောက်ခံရမည်မှာ အသေအချာပင်။
ထို့အပြင် မော်တာများသည် မြို့ရိုးနောက်တွင် ပုန်းအောင်းနေသူများ၏ အပေါ်မှ ကျဆင်းပေါက်ကွဲနိုင်လေရာ ၊ တစ်ချက်ပစ်ခတ်လိုက်ရုံဖြင့် လူဒါဇင်ပေါင်းများစွာ သွေးသံရဲရဲဖြင့် သေဆုံးသွားနိုင်သည်။ ခေတ်သစ်မော်တာများ၏ ဖျက်ဆီးအားကား ထိုမျှအထိ ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုအချိန်၌ အမြောက်ပစ်သမားများသည် ပစ်မှတ်ထောင့်များကို သေချာစွာ ချိန်ရွယ်နေကြပြီဖြစ်ရာ မကြာမီအချိန်အတွင်း အမြောက်ကျည်များ မိုးရွာချတော့မည် ဖြစ်၏။
အမြောက်များသာ ပစ်ခတ်လိုက်ပါက… နောက်ဆက်တွဲ အကျိုးဆက်များကား တွေးဝံ့စရာပင် မရှိတော့ဘဲ ဤနေရာတစ်ခုလုံး ငရဲခန်းအလား ပြောင်းလဲသွားကာ လူမည်မျှ အဖြစ်ဆိုးဖြင့် သေဆုံးသွားမည်ကို တုပိုင် လုံးဝ မှန်းဆနိုင်မည် မဟုတ်ချေ။
ထိုအရေးကြီးသော အခိုက်အတန့်တွင် တုပိုင် အံ့မခန်း လုပ်ရပ်တစ်ခုကို စတင်လိုက်ကာ သူ၏ စိတ်အာရုံဖြင့် ပစ်မှတ်များကို တိကျစွာ ချိန်ရွယ်လိုက်လေ၏။
ရုတ်တရက်ဆိုသလိုပင် မီတာတစ်ရာအကွာရှိ အမြောက်ပစ်သမား သုံးဦးသည် တုပိုင်၏ စိတ်အာရုံထဲတွင် ပစ်မှတ်ထားခံလိုက်ရသည်။
တုပိုင်၏ နှုတ်ခမ်းဖျားမှ ခပ်တိုးတိုး ရေရွတ်သံ ထွက်ပေါ်လာ၏။ “မြားငါးစင်း ဆက်တိုက်…”
“ရွှီးးး ရွှီးးး ရွှီးးး”
လေထုကို ခွင်းဖြတ်သွားသော ကျယ်လောင်သည့် အသံများနှင့်အတူ မြားငါးစင်းသည် လေထဲတွင် သေမင်းမျဉ်းကွေးတစ်ခုကို ရေးဆွဲလိုက်သည့်အလား ပျံသန်းသွား၏။
မြားတစ်စင်းနှင့်တစ်စင်းသည် တစ်တန်းတည်း ချိတ်ဆက်လျက် အပြင်ဘက်ရှိ အမြောက်ပစ်သမားများထံသို့ အံ့မခန်း အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။
ထိုမြင်ကွင်းကို ကြည့်ကာ ကျန်းရှောင်မန်နှင့် အခြားသူများမှာ အလွန်အမင်း အံ့အားသင့်သွားကြလေ၏။ တုပိုင် မည်သည်ကို လုပ်နေသနည်း။ မျက်စိမှိတ်ကာ ကောင်းကင်သို့ မြားလှမ်းပစ်မည့် အရူးမျိုး လောကတွင် ရှိနေသည်လော။
ဤသည်မှာ သက်သက် ကံစမ်းပြီး ရမ်းပစ်နေခြင်းလော။ မျက်လုံးဖွင့်ထားလျှင်ပင် ပစ်မှတ်ကို သေချာချိန်ရွယ်နိုင်ရန် ခက်ခဲလှသည်ကို မျက်လုံးမှိတ်ထားလျှင် ပို၍ပင် ဆိုးရွားမည် မဟုတ်လော။
သို့သော် သူတို့၏ သံသယများ မဆုံးခင် စက္ကန့်ပိုင်းအကြာတွင်ပင်… “အားးးး” အပြင်ဘက်မှ အလွန်တရာ နာကျင်နေပုံရသည့် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီးများ ဆက်တိုက် ထွက်ပေါ်လာတော့၏။
အမြောက်ပစ်သမား အားလုံး၏ ခေါင်းများတွင် ထက်ရှလှသော မြားများ နက်ရှိုင်းစွာ စိုက်ဝင်သွားကာ သွေးသံရဲရဲဖြင့် ပွဲချင်းပြီး သေဆုံးသွားကြရသည်။
ကျန်းရှောင်မန်တစ်ယောက်ကမူ သူမ၏ မျက်စိရှေ့တွင် နည်သည်တို့ ဖြစ်ပျက်သွားသည်ကို လုံးဝ နားမလည်နိုင်တော့ချေ။ သို့သော် အပြင်ဘက်ရှိ လေလွင့်ဗိုလ်မှူးမှာမူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လုံးဝကို တုန်လှုပ်အံ့အားသင့်သွားရတော့သည်။
တုပိုင်၌ အလွန်တရာ ဆန်းကြယ်လှသော ဝိညာဉ်ချုပ်နှောင်ခြင်းနည်းစနစ် နှင့် လီဝိညာဉ် သတ်ဖြတ်ခြင်းနည်းစနစ်တို့ ရှိနေသေးသည်။
သို့သော် ထိုအမြောက်ပစ်သမားများမှာ အလှမ်းဝေးလွန်းနေလေရာ တုပိုင်၏ စိတ်စွမ်းအင်သည် ထိုမျှဝေးကွာသော နေရာမှနေ၍ သူတို့၏ အသက်များကို တိုက်ရိုက် နုတ်ယူနိုင်လောက်သည်အထိ အားမကောင်းသေးချေ။
သို့သော် မြို့ရိုးနှင့် အနီးအနားရှိ လူများအတွက်မူ ပြဿနာမရှိပေ။ ရုတ်တရက်ဆိုသလိုပင် တုပိုင် သူ၏ ထိတ်လန့်ဖွယ်ကောင်းလှသော လီဝိညာဉ် သတ်ဖြတ်ခြင်း နည်းစနစ်ကို အစွမ်းကုန် ထုတ်သုံးလိုက်တော့၏။
ထိုအခါ အလွန်တရာ ထူးဆန်းဆန်းကြယ်လှသော မြင်ကွင်းတစ်ခု စစ်မြေပြင်တွင် ထွက်ပေါ်လာတော့သည်။
အပြင်ဘက်၌ ဝိုင်းရံနေသော လေလွင့်စစ်သည် တစ်ဒါဇင်ခန့်၏ စိတ်ထဲတွင် သူတို့ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မခံစားဖူးခဲ့သော အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် ထိတ်လန့်မှုကြီးက ရုတ်တရက် ကြီးစိုးသွားတော့၏။
မည်သည့်အရာကိုမျှ တိတိကျကျ မမြင်ရဘဲ အကြောင်းအရင်းမရှိ ရုတ်တရက် အသည်းခိုက်မတတ် ကြောက်ရွံ့သွားခြင်းမျိုး ဖြစ်သည်။ ဤကြောက်ရွံ့မှုမျိုးသည် အမှောင်ထုထဲတွင် သရဲတစ္ဆေများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရသည်ထက် အဆရာထောင်မက ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။
ဤသည်က သာမန်လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်ခြင်းပင် ဖြစ်၏။
“အားးးးးးးးးး”
ရူးသွပ်လုမတတ် အော်ဟစ်လိုက်သော အသံကြီးများနှင့်အတူ ရန်သူများ၏ စိတ်အာရုံများ အပိုင်းပိုင်းအစစ ပြိုကျပျက်စီးသွားလေတော့သည်။ ကြောက်မက်ဖွယ်ကောင်းလှသော အော်ဟစ်သံများ တစ်ဆက်တည်း ထွက်ပေါ်လာကြ၏။
လေလွင့်စစ်သည် တစ်ဒါဇင်ခန့်၏ မျက်နှာများမှာ ရှုံ့မဲ့တွန့်လိမ်သွားကြလေပြီး သူတို့၏ ဒွါရခုနစ်ပေါက်မှ သွေးများ ပန်းထွက်လာကာ ကြောက်လန့်တကြား သေဆုံးသွားကြရတော့သည်။
အဘယ်ကြောင့်ဆိုသော် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်သွားသည့်အခါ အက်ဒရီနယ်လင်းဟော်မုန်းများ တဟုန်ထိုး မြင့်တက်လာကာ သွေးပေါင်ချိန် အပြင်းအထန် တက်သွားသောကြောင့် ဖြစ်သည်။
သွေးကြောများအတွင်း သွေးလှည့်ပတ်မှုက ဆူပွက်နေသော ရေလှိုင်းကြီးအလား နှလုံးဆီသို့ ရိုက်ခတ်သွားရာ နှလုံးကြွက်သားများ စုတ်ပြဲကာ နှလုံးသွေးကြောပေါက်၍ ပွဲချင်းပြီး သေဆုံးသွားရခြင်း ဖြစ်၏။
လေလွင့်ဗိုလ်မှူးသည် အလွန်အစွမ်းထက်သော စစ်သည်တစ်ဦးဖြစ်လေရာ သူ၏ သိုင်းပညာစွမ်းရည်သည် တုပိုင်ထက် များစွာ သာလွန်နေလျက်ရှိသည်။
သို့သော် ဤကဲ့သို့ လူသတ်သည့် နည်းလမ်းမျိုးကို သူ ကြားသာ ကြားဖူးခဲ့ခြင်း ဖြစ်၏။ ဤနည်းလမ်းသည် လူတစ်ထောင်စီရှိသော လူနေရပ်ကွက် နှစ်ခုကို အသံတိတ် သတ်ဖြတ်သွားခဲ့သည့် လီဝိညာဉ်၏ လက်ချက်ပင် ဖြစ်သည်။
တုပိုင် လီဝိညာဉ်သတ်ဖြတ်ခြင်း နည်းစနစ်ကို ဆက်တိုက် ထုတ်သုံးနေလေရာ တစ်ကြိမ်သုံးလိုက်တိုင်း စစ်သည်တစ်ဒါဇင်ခန့်မှာ မျက်နှာများ ရှုံ့မဲ့တွန့်လိမ်ကာ သေဆုံးသွားရသည်။
သို့သော် တစ်ချိန်တည်းတွင်ပင် သူ၏ စိတ်စွမ်းအင်များသည်လည်း လျင်မြန်စွာ ခန်းခြောက်လာနေ၏။
တုပိုင်၏ စိတ်စွမ်းအင် ကျင့်ကြံခြင်းအဆင့်သည် သိပ်မမြင့်မားလှသေးချေ။ လီဝိညာဉ် သတ်ဖြတ်ခြင်း နည်းစနစ်၏ ထိခိုက်နိုင်စွမ်း အကွာအဝေးမှာ မီတာ ၂၀ မျှသာ ရှိပြီး စိတ်စွမ်းအင် နိမ့်ကျသူများအပေါ်တွင်သာ ထိရောက်မှု ရှိလေရာ ယဲ့ဟိုက်ထန်လောက် မစွမ်းဆောင်နိုင်သေးပေ။
ထို့ကြောင့် တုပိုင် လီဝိညာဉ် သတ်ဖြတ်ခြင်း နည်းစနစ်ကို ရပ်တန့်လိုက်ပြီး လေးကိုသာ အာရုံစိုက်၍ ဆက်ပစ်နေလိုက်တော့၏။
“ရွှီးးး ရွှီးးး ရွှီးးး”
မြားတန်းများသည် မိုးသီးများကြွေကျသည့်အလား ဆက်တိုက် ပျံသန်းထွက်ခွာသွားတော့သည်။ မြားတစ်စင်း ထွက်သွားတိုင်း လူတစ်ယောက် သေချာပေါက် သေဆုံးသွားရလေ၏။ အပြင်ဘက်ရှိ လူတိုင်းမှာ လုံးဝကို ဆွံ့အ မှင်သက်သွားကြ၏။
အထဲရှိလူမှာ မည်သို့သော သတ္တဝါမျိုးရှိနေသနည်း။ လေးနတ်ဘုရားဟုန်ယွီလော။ ချိန်ရွယ်ရန်ပင် မလိုဘဲ ပစ်သမျှ မြားတိုင်းက ပစ်မှတ်ကို တည့်တည့်ထိမှန်နေသည်လော။ တကယ်ကို ကြောက်စရာ ကောင်းလှသည်။
အလွန်အမင်း ထူးဆန်းဆန်းကြယ်ကာ အံ့မခန်း ဖြစ်လွန်းလှသဖြင့် အပြင်ဘက်ရှိ လေလွင့်စစ်သည်များမှာ ပစ်ခတ်မှုများကိုပင် ရပ်တန့်လိုက်ကြလေ၏။ မည်သည့်အရာများ ဖြစ်ပျက်နေသနည်း ဆိုသည်ကို သူတို့ ရှင်းလင်းစွာ အကဲခတ်ရန် လိုအပ်နေသည်။
အပြင်ဘက်မှ ပစ်ခတ်မှုများ ရပ်တန့်သွားသည်ကို ခံစားလိုက်ရပြီးနောက် ကျန်းရှောင်မန် အန္တရာယ်ကို လျစ်လျူရှုကာ အပြင်သို့ ခေါင်းပြူ၍ အကဲခတ် ကြည့်ရှုလိုက်၏။
ထို့နောက် သူမသည် လုံးဝကို ယုံကြည်နိုင်ဖွယ် မရှိသော ၊ အလွန်တရာ ထူးဆန်းပြီး မှင်သက်အံ့သြဖွယ် ကောင်းလှသည့် မြင်ကွင်းကြီးကို တွေ့လိုက်ရလေတော့သည်။
တုပိုင် ပစ်ခတ်လိုက်သော မြားများသည် မျက်စိပါနေသည့်အလား ပစ်သမျှ အားလုံး တည့်တည့်မတ်မတ် ထိမှန်နေလေ၏။ မြားတစ်စင်းတိုင်းက ရန်သူတစ်ယောက်စီ၏ အသက်ကို နှုတ်ယူနေသည်။
ဤသည်ကား အလွန်ပင် အစွမ်းထက်လှပေသည်။ ထူးဆန်းအံ့သြဖွယ် ကောင်းလွန်းသလို ၊ အလွန်လည်း နက်နဲဆန်းကြယ်လှ၏။
ယမန်နေ့က တုပိုင်ကို သနားစရာကောင်းလောက်အောင် အားနည်းသူဟု ကျန်းရှောင်မန် ထင်မှတ်ခဲ့မိသော်လည်း တကယ်တမ်းတွင် သူသည် ဤမျှတိုင်အောင် အစွမ်းထက်နေခဲ့သည်လော။ တကယ်ကို အံ့မခန်းပင် ဖြစ်တော့သည်။
လေလွင့်ဗိုလ်မှူးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ “အထဲမှာ စိတ်စွမ်းအင်ရှင် တစ်ယောက် ရှိနေတယ်။ အစွမ်းထက်တဲ့ စိတ်စွမ်းအင်ရှင် တစ်ယောက်ပဲ။ အားလုံး မီတာ နှစ်ရာ နောက်ဆုတ်... မီတာ နှစ်ရာ...”
ချက်ချင်းဆိုသလိုပင် ကျန်ရှိနေသော လေလွင့်စစ်သည် တစ်ထောင်ကျော်ခန့်သည် နောက်ဘက် မီတာ ၂၀၀ အကွာသို့ လျင်မြန်စွာ ဆုတ်ခွာသွားကြလေတော့၏။
ဤအခိုက်အတန့်တွင်မူ တုပိုင်အနေဖြင့် မည်သည်ကိုမှ ဆက်လုပ်၍ မရနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ရန်သူများမှာ မီတာ ၂၀၀ အကွာသို့ ဆုတ်ခွာသွားကြပြီဖြစ်ရာ တုပိုင်၏ စိတ်စွမ်းအင်ဖြင့် ပစ်မှတ်ထားနိုင်စွမ်းနှင့် တိုက်ခိုက်နိုင်စွမ်း အကွာအဝေးထက် ကျော်လွန်သွားသောကြောင့် ဖြစ်ပေသည်။
သို့သော်ငြားလည်း ရန်သူ့ဘက်မှ အမြောက်များနှင့် သေနတ်များသည်မူ မီတာ နှစ်ရာအကွာအဝေးကို အလွယ်တကူ လှမ်းပစ်နိုင်စွမ်း ရှိနေကြလေ၏။
တစ်နည်းဆိုရသော် တုပိုင်နှင့် အခြားသူများမှာ ပြန်လည် မခုခံနိုင်တော့ဘဲ တစ်ဖက်သတ် အတိုက်ခံရမည့် အခြေအနေသို့ ပြန်လည်ဆိုက်ရောက်သွားခြင်းပင် ဖြစ်တော့သည်။
မီတာ နှစ်ရာကျော် အကွာအဝေးသို့ ဆုတ်ခွာသွားပြီးနောက်တွင်မူ လီဝိညာဉ်၏ အသက်နုတ်ယူမှုများ ပျောက်ကွယ်သွားသည်ကို လေလွင့်ဗိုလ်မှူး သတိထားမိလိုက်လေ၏။ ထို့အပြင် မြင့်မားသော မြို့ရိုးနောက်မှ ပစ်ခတ်နေသော မြားများလည်း ရပ်တန့်သွားတော့သည်။
အစောက မြင်ကွင်းကြီးသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး သေမင်းက နာမည်စာရင်းဖတ်ကာ အသက်နုတ်ယူနေသည်နှင့် တစ်ထေရာတည်း တူညီနေခဲ့၏။
လေလွင့်ဗိုလ်မှူးက ဟိန်းဟောက်လိုက်၏။ “အထဲမှာရှိနေတဲ့ စိတ်စွမ်းအင်ရှင်… ဒီလောက်အကွာအဝေးဆိုရင် မင်း ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ အဲဒီတော့ ငါတို့ သတ်တာကို ငြိမ်ငြိမ်လေးသာ စောင့်နေလိုက်။ ငါ့ရဲ့ သံချပ်ကာဖောက်ကျည်တွေက မင်းတို့ရဲ့ မြို့ရိုးတွေကို အလွယ်တကူ ဖောက်ထွင်းပစ်လိမ့်မယ်။ ငါ့ရဲ့ မော်တာတွေကလည်း မင်းတို့အားလုံးကို စိစိညက်ညက်ကြေသွားအောင် ဖောက်ခွဲပစ်လိမ့်မယ်”
ထိုအချိန်၌ လန်ဟူနယ်မြေ၏ ဘေးနားရှိ မြင့်မားသော တောင်ထိပ်တစ်ခုပေါ်တွင် မြို့စားမင်း လျန်ကျင်းက မြေပြင်ပေါ်၌ ဒူးထောက်ကာ လျှောက်တင်လိုက်၏။
“အရှင်မင်းကြီး… တုပိုင်ရဲ့ အခြေအနေက အခု အရမ်းကို အန္တရာယ်များနေပါပြီ။ ကျွန်တော်မျိုးတို့ ကူညီပေးရမလား”
ထိုအခိုက် လေထုကြီးတစ်ခုလုံးသည် ရုတ်တရက် တွန့်လိမ်သွားလေ၏။
ထို့နောက် ဧရာမ ဧကရာဇ်ကြီးတစ်ပါးသည် တောင်ထိပ်ထက်၌ ရုတ်ချည်း ထွက်ပေါ်လာလေတော့သည်။
ယခုတစ်ကြိမ်တွင်မူ ပုံရိပ်ယောင်တစ်ခု မဟုတ်တော့ဘဲ တကယ့် အစစ်အမှန် ဧကရာဇ်ထိုက်ခန်ပင် ဖြစ်လေ၏။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင် သံချပ်ကာဝတ်စုံဖြင့် ဖုံးလွှမ်းထားလေပြီး ခမောက်ထက်တွင်မူ ချွန်ထက်သော ဦးချိုကိုးချောင်း ရှိနေသည်။
ဤတောင်ထိပ်ပေါ်တွင် ရပ်တန့်နေသည့် သူ၏ ပုံစံသည် တောင်ကြီးတစ်ခုလုံးကို ချက်ချင်းပင် ကြေမွသွားစေနိုင်မည့်အလား အလွန်တရာ ကြီးစိုးလွှမ်းမိုးနိုင်သော အရှိန်အဝါများ ပြည့်နှက်နေ၏။
သူ၏ အရပ်အမောင်းကား အလွန်တရာ မြင့်မားလှပြီး အတိအကျ ငါးမီတာခန့်အထိ ရှိလေရာ တကယ့်ကို ဧရာမ လူဘီလူးကြီးတစ်ပါးနှယ် ဖြစ်သည်။
သူ၏ အကြည့်တစ်ချက် စူးရှသွားသည်နှင့် တစ်ပြိုင်နက် ကီလိုမီတာ အနည်းငယ် အကွာအဝေးမှ မြင်ကွင်းများသည် သူ၏ မျက်စိရှေ့မှောက်သို့ တိုက်ရိုက် ရောက်ရှိလာလေတော့၏။
ထို့နောက် သူသည် တုပိုင်နှင့် သမီးလေးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
သူ့ရှေ့ရှိ သေနေသော သစ်ပင် ဒါဇင်ခန့်က သူ၏ မြင်ကွင်းကို အနည်းငယ် ကွယ်ဆီးနေလေ၏။
ရုတ်တရက် ဧကရာဇ်ထိုက်ခန် သူ၏ ဧရာမ လက်ဝါးကြီးအား လေထဲတွင် ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသစ်ပင် ဒါဇင်ခန့်မှာ အမှုန့်ကြိတ်ခံလိုက်ရသလို အကုန်လုံး ကြေမွသွားကြလေတော့၏။
ဧကရာဇ်ထိုက်ခန်က မိန့်ဆိုလိုက်၏။ “မလိုဘူး… သူ ဒီအခြေအနေကို ဘယ်လို ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရအောင်။ လေလွင့်စစ်သည် တစ်ထောင်လောက်ကိုတောင် သူ မဖြေရှင်းနိုင်ဘူးဆိုရင်… ငါ သူ့ကို တွေ့စရာ အကြောင်းမရှိတော့ဘူး။ လေလွင့်စစ်သည်တွေ လက်ချက်နဲ့ပဲ သေသွားပါစေတော့။ သူ ဒီတိုက်ပွဲရဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့အချိန်ကျမှ ငါ သူ့ဆီကို ပြန်လာခဲ့မယ်”
မြို့စားမင်း လျန်ကျင်းမှာ အပြင်းအထန် ခေါင်းစားခံကာ စဉ်းစားကြည့်သော်လည်း တုပိုင်အနေဖြင့် သူ၏ မျက်မှောက်၌ ရှိနေသော ဤအကျပ်အတည်းကို မည်သို့မည်ပုံ ပြောင်းပြန်လှန်နိုင်မည်နည်း ဆိုသည်ကို လုံးဝ တွေးတော၍ မရနိုင်ချေ။ လေလွင့်စစ်သည်များ၏ အမြောက်များသည် တုပိုင်၏ ပတ်ဝန်းကျင်ရှိ လူတိုင်းကို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်နေသည် မဟုတ်ပါလော။
လက်ရှိ အခြေအနေအရ ကြည့်လျှင် တုပိုင်၏ လူ ဒါဇင်ပေါင်းများစွာမှာ သေချာပေါက် ရှုံးနိမ့်ကာ သေဆုံးရတော့မည့်ပုံပင်။
မည်သည့် အံ့ဖွယ်တန်ခိုးမှ ထွက်ပေါ်လာနိုင်စရာ အကြောင်း လုံးဝ မရှိတော့ချေ။
**--**--**--**--**--**--**--**
လန်ဟူနယ်မြေ၏ မြင့်မားလှသော မြို့ရိုးအပြင်ဘက်၌ လေလွင့်ဗိုလ်မှူး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
“ပစ်… ပစ်စမ်း”
“အထဲမှာရှိတဲ့ လူတွေအားလုံးကို တစ်ယောက်မကျန် သေအောင် ပစ်ခွဲလိုက်ကြ”
“ဟို စိတ်စွမ်းအင်ရှင်နဲ့ သူ့သမီးကိုပါ သေတဲ့အထိ ပစ်ခွဲလိုက်စမ်း”
“ဒိုင်းးး ဒိုင်းးး ဒိုင်းးး ဒိုင်းးး”
ရုတ်တရက်ဆိုသလိုပင် အမြောက်သုံးလက်သည် တုပိုင်တို့ရှိရာ လန်ဟူနယ်မြေ၏ မြင့်မားသော မြို့ရိုးဆီသို့ အပြင်းအထန် ပစ်ခတ်လိုက်ကြလေတော့၏။
တုပိုင်၏ ပတ်ဝန်းကျင်ရှိ လူဒါဇင်ပေါင်းများစွာမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်ကာ သေမင်းတံခါးဝသို့ ရောက်ရှိနေပြီဖြစ်သည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၆၃ + ၈၆၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။