အခန်း (၈၆၅-၈၆၆)
Vol. 87 Ch. 865-866
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၆၅ + ၈၆၆)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
“ဘုန်းးး ဘုန်းးး ဘုန်းးး” လေလွင့်စစ်သားများဘက်မှ အမြောက်သုံးလက်အား စတင်ပစ်ခတ်လိုက်ကြ၏။
ထိုသည်တို့မှာ ဟောင်ဝစ်ဇာအမြောက်တစ်လက်နှင့် မော်တာနှစ်လက်တို့ ဖြစ်ကြသည်။
ဟောင်ဝစ်ဇာအမြောက်မှ ပစ်ခတ်လိုက်သော သံချပ်ကာဖောက်ကျည်သည် လန်ဟူနယ်မြေ၏ ထူထဲလှသော မြို့ရိုးကြီးကို ဖောက်ထွင်းဝင်ရောက်သွားကာ ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။ ချက်ချင်းဆိုသလိုပင် သုံးလေးမီတာခန့် ထူထဲသည့် ကွန်ကရစ်မြို့ရိုးကြီးသည် ပြိုကျပျက်စီးသွားလေတော့ပြီး မီတာအနည်းငယ်ခန့် ကျယ်ဝန်းသော အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားရတော့၏။
မော်တာကျည်နှစ်လုံးမှာမူ လေထဲတွင် မျဉ်းကွေးပုံစံ ဖြတ်သန်းသွားပြီးနောက် မြို့ရိုးနောက်ဘက် မီတာရာဂဏန်းအကွာရှိ သုံးထပ်တိုက်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲသွားရာ ထိုအဆောက်အအုံမှာ ချက်ချင်းပင် ပြိုကျပျက်စီးသွားရတော့သည်။
ဤသည်ကား ခေတ်သစ်အမြောက်ကျည်များ ဖြစ်သောကြောင့် ဖျက်ဆီးအားမှာ အလွန်တရာ အံ့မခန်း ပြင်းထန်လွန်းလှသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ကျွမ်းကျင်အမြောက်ပစ်သမားများကို တုပိုင် ကြိုတင်သတ်ဖြတ်ထားခဲ့သောကြောင့် ထိုမော်တာကျည်နှစ်လုံးမှာ ပစ်မှတ်လွဲချော်သွားခြင်း ဖြစ်၏။ သို့မဟုတ်ပါက ထိုအမြောက်ကျည်များသာ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့လျှင် တုပိုင်၏ ပတ်ဝန်းကျင်ရှိ လူဒါဇင်ပေါင်းများစွာမှာ ကူရာကယ်ရာမဲ့စွာဖြင့် သေချာပေါက် အသက်ပျောက်သွားမည်သာ ဖြစ်သည်။
လေလွင့်ဗိုလ်မှူးက ထပ်မံပြီး အော်ဟစ်ကာအမိန့်ပေးလိုက်၏။ “သေချာ ချိန်စမ်း… တည့်တည့်ပစ်…”
ထို့နောက် မကျွမ်းကျင်သည့် အမြောက်ပစ်သမား အချို့သည် ပစ်မှတ်များကို ဆက်လက် ချိန်ရွယ်လိုက်ကြ၏။
“ဘုန်းးး ဘုန်းးး ဘုန်းးး” ချက်ချင်းဆိုသလိုပင် လေလွင့်စစ်သားများထံမှ ဒုတိယအကြိမ် အမြောက်ကျည်များ ထပ်မံကျရောက်လာပြန်၏။
ယခုတစ်ကြိမ်တွင်မူ ပစ်ခတ်မှုမှာ ပို၍တိကျလာကာ ပေါက်ကွဲမှုသည် တုပိုင်တို့အဖွဲ့နှင့် မီတာတစ်ရာပင် မကွာဝေးတော့ချေ။ အကယ်၍ ဤသို့ ပစ်ခတ်နေမှုများကိုသာ ဆက်လက် ခွင့်ပြုထားမည်ဆိုပါက တုပိုင်နှင့် အခြားလူ ဒါဇင်ပေါင်းများစွာသည် မကြာမီ သေဆုံးကြရတော့မည် ဖြစ်လေ၏။
ကျန်းရှောင်မန်က အံကြိတ်ကာ ဆိုလိုက်၏။ “ရှင်တို့ သားအဖကိုတော့ အသေမခံခိုင်းနိုင်ပါဘူး”
ထို့နောက် လူအချို့ကို ခေါ်ဆောင်လျက် အပြင်ဘက်ရှိ လေလွင့်စစ်သားများကို တိုက်ရိုက်ရင်ဆိုင်ရန် ပြေးထွက်သွားတော့၏။
တုပိုင်က ဒေါသတကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “တုံးအလိုက်တဲ့ မိန်းမ... မင်းက သွားပြီး အသေခံမလို့လား။ ငါတို့ အိမ်ထဲကို ဆုတ်မယ်။ သူတို့ကို အထဲဝင်လာခွင့်ပြုလိုက်ပြီးမှ တစ်ယောက်ချင်းစီ ခွဲထုတ် အမဲဖြတ်မယ်။”
တုပိုင် ဆိုလိုသည်မှာ မြို့တွင်းတိုက်ပွဲ ဆင်နွှဲရန် ဖြစ်၏။ ထိုသို့ပြုလုပ်ပါက အသေအပျောက် ကြီးမားနိုင်သော်လည်း အနည်းဆုံးတော့ အနိုင်ရရန်အခွင့်အရေးရှိသေး၏။
ရန်သူများသာ သူ၏ မီတာတစ်ရာပတ်လည် အတွင်းသို့ ဝင်ရောက်လာပါက သူ၏ စိတ်အာရုံဖြင့် ပစ်မှတ်များကို ချုပ်နှောင်ထားနိုင်မည် ဖြစ်၏။ ထိုအချိန်ရောက်လျှင် လေးနှင့်မြားကို အသုံးပြု၍ဖြစ်စေ ၊ လီဝိညာဉ် သတ်ဖြတ်ခြင်း နည်းစနစ်ကို အသုံးပြု၍ဖြစ်စေ သူ၏စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။
လက်ရှိအချိန်တွင် တုပိုင် သူ၏ အားနည်းချက်ကို ကိုယ်တိုင် နားလည်သဘောပေါက်နေဆဲ ဖြစ်၏။ မဟုတ်ပါက လေလွင့်စစ်သား တစ်ထောင်ကျော်၏ အနိုင်ကျင့် ဖိနှိပ်တိုက်ခိုက်မှုများကို သူ မည်သို့လုပ် ငြိမ်ခံနေရမည်နည်း။
တုပိုင် သမီးဖြစ်သူနှင့် ကျန်းရှောင်မန်တို့အား ခေါ်ဆောင်၍ မြို့တွင်းတိုက်ပွဲ ဆင်နွှဲရန် နယ်မြေအတွင်းရှိ အိမ်တစ်လုံးထဲသို့ ဝင်ရောက်ပုန်းအောင်းရန် ပြင်လိုက်ချိန်တွင်ပင် အပြင်ဘက်မှ အမြောက်ပစ်ခတ်မှုများ ရုတ်တရက် ရပ်တန့်သွားလေသည်။
ထို့နောက် ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာကြကာ မြေကြီးတစ်ခုလုံး အပြင်းအထန် တုန်ခါလာ၏။ အမှန်တကယ်ပင် ငလျင်လှုပ်သကဲ့သို့ တုန်ခါနေခြင်းဖြစ်ပြီး မည်သည်မှန်းမသိရသော အသံကြီးမှာလည်း ပို၍ပို၍ နီးကပ်လာသည်။
တုပိုင် ခေါင်းကို အနည်းငယ်မော့ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ ရုတ်တရက်ဆိုသလို သူ လုံးဝ ဆွံ့အ မှင်သက်သွားရတော့၏။
မရေမတွက်နိုင်သော သွေးရိုင်းဖုတ်ကောင်များသည် ဒီရေလှိုင်းကြီးအလား တဟုန်ထိုး ပြေးဝင်လာကြ၏။ အနည်းဆုံး အကောင်ရေ နှစ်သောင်းကျော်ခန့် ရှိပေလိမ့်မည်။
သွေးရိုင်းဖုတ်ကောင် တစ်ကောင်ချင်းစီသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပြီး တရှဲရှဲ အသံများပြုလုပ်ကာ ရူးသွပ်စွာ ပြေးလွှားနေလာကြ၏။ သူတို့၏ ပြေးနှုန်းမှာ တစ်စက္ကန့်လျှင် ဆယ်မီတာနီးပါး ရှိရာ မီတာတစ်ရာ အပြေးသမားများအလား လျင်မြန်လွန်းလှသည်။
ထိုမျှသာမက သွေးရိုင်းဖုတ်ကောင်များကြားတွင် ဧရာမ ဖုတ်ကောင်ကြီး ရာကျော်ခန့် ရောနှောပါဝင်နေသည်ကို တုပိုင် တွေ့လိုက်ရ၏။ အကြီးဆုံး အကောင်ကြီးများမှာ လေးမီတာမှ ငါးမီတာအထိ မြင့်မားပြီး အငယ်ဆုံးအကောင်များပင် သုံးမီတာကျော် မြင့်မားကြ၏။
ထိုဧရာမ ဖုတ်ကောင်ကြီးများ၏ ခန္ဓာကိုယ်မှ အသားများမှာ ပုပ်ပွနေပြီဖြစ်ရာ ပြေးလွှားနေစဉ် သူတို့၏ ဝမ်းဗိုက်ထဲမှ အူများပင် အပြင်သို့ တွဲလောင်းပြုတ်ကျနေကြသည်။
အကောင်ရေ နှစ်သောင်း ၊ သုံးသောင်းခန့်ရှိသော ထိုဖုတ်ကောင်လှိုင်းကြီးမှာ အလွန်တရာ မြန်ဆန်လွန်းလှပြီး လန်ဟူနယ်မြေနှင့် အရှိန်အဟုန်ဖြင့် နီးကပ်လာ၏။
သုံးကီလိုမီတာ ၊ နှစ်ကီလိုမီတာ ၊ တစ်ကီလိုမီတာ...။
တုပိုင်၏ မျက်နှာမှာ သွေးဆုတ်သွားပြီး ကျန်းရှောင်မန်၏ လက်အောက်ခံ လူများမှာလည်း အကြောက်လွန်ကာ ခြေတုန်လက်တုန် ဖြစ်လာကြတော့သည်။
တုရှောင်ကမူ ဖခင်ဖြစ်သူ၏ အနီးသို့ ကပ်သွားကာ သူမလက်ထဲရှိ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။
သောင်းနှင့်ချီသော သွေးရိုင်းဖုတ်ကောင်များသည် အပြင်ဘက်ရှိ လေလွင့်ဗိုလ်မှူး၏ တပ်သားတစ်ထောင် အပါအဝင် တုပိုင်၏ ပတ်ဝန်းကျင်ရှိ လူဒါဇင်ပေါင်းများစွာကို အလွယ်တကူ လွှမ်းမိုးဝါးမျိုပစ်ရန် လုံလောက်နေ၏။
အပြင်ဘက်၌မူ လေလွင့်ဗိုလ်မှူး၏ မျက်နှာကြီးမှာလည် လုံးဝ သွေးဆုတ်ဖြူရော်နေပြီဖြစ်လေသည်။
သူ၏ လက်အောက်ခံ တပ်သားတစ်ထောင်ကျော်လုံးမှာလည်း ကြောက်လန့်တကြား တုန်ရီနေကြ၏။ ကမ္ဘာပျက်မည့်နေ့ ရောက်ရှိလာပြီလော။ ကမ္ဘာပျက်မည့်နေ့က အမှန်တကယ် ဆိုက်ရောက်လာပြီလော။
ထိုအခိုက်အတန့်တွင်ပင် လေလွင့်ဗိုလ်မှူးက ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်၏။ “အထဲက အရှင်သခင်… ခင်ဗျား ကြားနေရလား”
တုပိုင် ပြန်ဖြေ၏။ “ကြားတယ်”
လေလွင့်ဗိုလ်မှူးက အကြံပြုလိုက်၏။ “ငါတို့အားလုံးက လူသားတွေချည်းပဲ။ ဒီ မသေမျိုး သွေးရိုင်းဖုတ်ကောင်တွေရှေ့မှာ ငါတို့ ညီညွတ်သင့်တယ်။ ငါတို့ အထဲဝင်လာပြီး အတူတကွ ပူးပေါင်းတိုက်ခိုက်ကြရင် ဘယ်လိုလဲ”
မကြာမီကမှ သေခန်းပြတ် ရန်သူများဖြစ်ခဲ့ကြသော အဖွဲ့နှစ်ဖွဲ့သည် အကောင်ရေ နှစ်သောင်းကျော်ရှိသော သွေးရိုင်းဖုတ်ကောင်များရှေ့တွင် ရန်သူမှသည် မိတ်ဆွေအဖြစ်သို့ ယာယီ ပြောင်းလဲသွားကြတော့မည် ဖြစ်၏။
လေလွင့်ဗိုလ်မှူးက လှမ်းအော်လိုက်၏။ “စိတ်စွမ်းအင်ရှင်… အရင်က ငါတို့ကြားမှာ ဘယ်လို ရန်ငြိုးရန်စတွေပဲ ရှိခဲ့ရှိခဲ့ ၊ ဒီသွေးရိုင်းဖုတ်ကောင်တွေကို တွန်းလှန်ဖို့ ငါတို့ လက်တွဲလိုက်ကြရအောင်။ ခင်ဗျား ဘယ်လိုထင်လဲ”
တုပိုင် မည်သည်ကိုမှ ပြန်မပြောချေ။ သို့သော် များမကြာမီမှာပင် သူ၏ သဘောထားကို ဖော်ပြသည့်အနေဖြင့် နယ်မြေမြို့ရိုး၏ သံတံခါးကြီးက ပွင့်လာ၏။
လေလွင့်ဗိုလ်မှူးက အမြန် အမိန့်ပေးလိုက်သည်။ “ဝင်… အမြန်ဝင်ကြဟ”
ချက်ချင်းပင် သူ၏ လေလွင့်စစ်သား တစ်ထောင်ကျော်သည် အသက်လုကာ ပြေးလွှားကြပြီး သူတို့၏ အစွမ်းကုန် အင်အားများကို သုံးကာ မြင့်မားသော မြို့ရိုးကြီးထဲသို့ ဝင်ရောက်သွားကြတော့၏။ မကြာမီမှာပင် ထိုလူတစ်ထောင်ကျော်သည် လန်ဟူနယ်မြေ အတွင်းသို့ ရောက်ရှိလာကြသည်။ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ “တံခါးပိတ်… တံခါး မြန်မြန်ပိတ်စမ်း”
ထို့နောက် နယ်မြေ၏ သံတံခါးကြီးကို အပြင်းအထန် ပိတ်ချလိုက်ကြ၏။
ထိုအချိန်၌ပင် သွေးရိုင်းဖုတ်ကောင်များသည် မြို့ရိုးအောက်သို့ တဟုန်ထိုး ရောက်ရှိလာကြ၏။
ကျန်းရှောင်မန်က ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။ “ပစ်… ပစ်စမ်း”
လေလွင့်ဗိုလ်မှူး၏ လက်အောက်ခံ လူတစ်ထောင်ကျော်သည်လည်း မြင့်မားသော မြို့ရိုးပေါ်သို့ တက်သွားကြကာ အောက်ဘက်ရှိ ဖုတ်ကောင်လှိုင်းကြီးထံသို့ အသည်းအသန် ပစ်ခတ်လိုက်ကြတော့၏။
“ဘုန်းးး ဘုန်းးး ဘုန်းးး”
မကြာမီကမှ တစ်ဦးကိုတစ်ဦး သေချေရှင်ကွဲ တိုက်ခိုက်နေခဲ့ကြသော လူနှစ်စုသည် ယခုအခါတွင်မူ အားတက်သရောဖြင့် ပခုံးချင်းယှဉ်ကာ အတူတကွ တိုက်ပွဲဝင်နေကြရသည်။
လူအင်အား တစ်ထောင်ကျော် ရှိနေသည်ဖြစ်ရာ အကောင်ရေ နှစ်သောင်းခန့်ရှိသော သွေးရိုင်းဖုတ်ကောင်များကို ရှင်းလင်းရန် သိပ်မခက်ခဲလှဟု တုပိုင် မူလက ထင်မှတ်ထားမိ၏။ သို့သော် လက်တွေ့တွင်မူ အလွန်တရာ ခက်ခဲလှနေသည်။
အဘယ်ကြောင့်ဆိုသော် ဤသွေးရိုင်းဖုတ်ကောင်များသည် ဦးခေါင်းကို တည့်တည့်ထိမှန်မှသာ သေဆုံးကြမည်ဖြစ်ပြီး ၊ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများကို ထိမှန်လျှင် သေဆုံးသွားခြင်း မရှိဘဲ သူတို့၏ တဟုန်ထိုးပြေးဝင်လာမှုကို အနည်းငယ်မျှသာ ဟန့်တားနိုင်သောကြောင့် ဖြစ်၏။
အထူးသဖြင့် ဧရာမ ဖုတ်ကောင်ကြီးများဆိုလျှင် ကျည်ဆန်အချက်ပေါင်းများစွာ ထိမှန်ထားလျှင်ပင် မသေနိုင်ကြသည့်အပြင် ဦးခေါင်းကို တည့်တည့်ထိမှန်လျှင်တောင်မှ အလွယ်တကူ မသေဆုံးနိုင်ကြချေ။
မူလက သူတို့တွင် အမြောက်သုံးလက် ရှိသော်လည်း လေလွင့်ဗိုလ်မှူး၏ တပ်သားတစ်ထောင်ကျော်မှာ အလုအယက် ပြေးဝင်လာခဲ့ကြရာ ထိုအမြောက်သုံးလက်ကို အထဲသို့ ဆွဲသွင်းရန် အချိန်မရလိုက်ချေ။
ထို့ကြောင့် သွေးရိုင်းဖုတ်ကောင်များသည် ရူးသွပ်စွာဖြင့် တဟုန်ထိုး ပြေးတက်လာကြတော့၏။
မည်မျှပင် သတ်ဖြတ်နေပါစေ ကုန်ဆုံးသွားမည့်ပုံ မပေါ်ချေ။ ဤမျှများပြားလှသော သွေးရိုင်းဖုတ်ကောင်များက မည်သည့်နေရာမှ ရောက်ရှိလာကြသနည်း။
တုပိုင် အပြင်ဘက်တွင် လှည့်လည်သွားလာနေသည့် အချိန်တစ်လျှောက်လုံးတွင် မြင်တွေ့ခဲ့ရသော သွေးရိုင်းဖုတ်ကောင် အရေအတွက်မှာ စုစုပေါင်းမှ ရာဂဏန်းမျှသာ ရှိသည် မဟုတ်ပါလော။
လူတစ်ထောင်ကျော်သည် အသည်းအသန် ပစ်ခတ်နေကြသော်လည်း အကောင်ရေ နှစ်သောင်းကျော်ရှိသော ထိုဖုတ်ကောင်လှိုင်းကြီးကို အနိုင်နိုင် ဟန့်တားထားနိုင်ရုံမျှသာ ရှိ၏။
တစ်ခါတစ်ရံတွင် အကောင်အနည်းငယ်ခန့် မြို့ရိုးပေါ်သို့ ကျော်တက်လာတတ်ရာ တုပိုင် သူ၏ စိတ်စွမ်းအင်ဖြင့် တိုက်ရိုက် ချုပ်နှောင်ထားလိုက်ပြီး ကျန်းရှောင်မန် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရ၏။
“ဝေါင်းးး” ရုတ်တရက် အလွန်တရာ ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာတော့၏။
ထို့နောက် အလွန်တရာ ကြီးမားလှသော ဧရာမ သွေးရိုင်းဖုတ်ကောင်ကြီး တစ်ကောင်သည် တုပိုင်၏ မြင်ကွင်းထဲသို့ ရောက်ရှိလာတော့၏။
ဤသည်က တုပိုင် ယခင်က သိထားခဲ့သမျှကို လုံးဝ ရိုက်ချိုးပစ်လိုက်ခြင်းပင် ဖြစ်၏။
ထိုသွေးရိုင်းဖုတ်ကောင်ကြီးမှာ အထပ်သုံးလေးထပ်တိုက်ခန့် မြင့်မားနေ၏။ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း သွေးကဲ့သို့ နီရဲနေပြီး ဆူးချွန်များဖြင့် ဖုံးလွှမ်းနေကာ လျှာကြီးမှာလည်း နှစ်မီတာ ၊ သုံးမီတာခန့် ရှည်လျားနေ၏။ ကိုယ်နေဟန်ထား လှုပ်ရှားမှုများမှာ နှေးကွေးလေးလံနေပုံရသော်လည်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်းပင် မီတာဆယ်ဂဏန်းခန့် ရောက်ရှိသွားသောကြောင့် ရှေ့သို့ချီတက်လာသည့် နှုန်းမှာမူ အလွန်တရာ မြန်ဆန်လှပေသည်။
ဤအကောင်ကြီးသည် ဖုတ်ကောင်နှစ်သောင်းကျော်၏ ခေါင်းဆောင်ကြီး ဖြစ်ပေလိမ့်မည်။
ထိုအကောင်ကြီး ဖြတ်သန်းသွားသော နေရာတစ်လျှောက်ရှိ ဧရာမ သစ်ပင်သေကြီးများဖြစ်စေ ၊ ယိုယွင်းနေသော အိမ်အိုကြီးများဖြစ်စေ အားလုံးမှာ တစ်စစီ ကြေမွပျက်စီးသွားသည်ကိုသာ မြင်တွေ့နေရ၏။ ထိုအကောင်ကြီးသည် ဖြောင့်တန်းသော လမ်းကြောင်းအတိုင်းသာ လျှောက်လှမ်းလာရာ ရှေ့တွင် မည်သည့် အတားအဆီးမျိုး ရှိနေပါစေ မြစ်ဖြစ်လျှင် တိုက်ရိုက် ဖြတ်သန်းသွားမည်ဖြစ်ပြီး ၊ အဆောက်အအုံဖြစ်လျှင်လည်း တစ်စစီ ဖျက်ဆီးပစ်မည်သာ ဖြစ်၏။
ထိုအကောင်ကြီး၏ အရှိန်အဝါမှာ လူကို အသက်ရှူကျပ်သွားစေနိုင်လောက်သည့်အထိ အားကောင်းလွန်းလှသည်။
ထိုယိုယွင်းနေသော အဆောက်အအုံများသည် သံကူကွန်ကရစ်များ ၊ အုတ်များဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ရာ အမြောက်ကျည် တစ်လုံးတည်းနှင့်ပင် လုံးဝ ကြေမွသွားအောင် ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ သို့သော် ထိုဧရာမ ဖုတ်ကောင်ခေါင်းဆောင်ကြီးကမူ လက်ဖြင့် အသာအယာ ရိုက်ချလိုက်ရုံဖြင့် ခိုင်ခံ့သော အိမ်ကြီးတစ်လုံးလုံးမှာ ရစရာမရှိတော့အောင် လုံးဝ ကြေမွပျက်စီးသွားရတော့၏။
ထိုအခါ ကျန်းရှောင်မန် အပါအဝင် လေလွင့်ဗိုလ်မှူးတို့ အားလုံးဝ မျှော်လင့်ချက်မဲ့သွားကြရတော့လေသည်။
အကောင်ရေ နှစ်သောင်းခန့်ရှိသော သွေးရိုင်းဖုတ်ကောင်များကိုပင် ဤလူတစ်ထောင်ကျော်ဖြင့် မတားဆီးနိုင်သည့်အခြေအနေတွင် ၊ ဤမျှ ကြောက်မက်ဖွယ်ကောင်းလှသော ဧရာမ ဖုတ်ကောင်ခေါင်းဆောင်ကြီးနှင့် ဆိုပါက ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။
ကျန်းရှောင်မန် တစ်ယောက် လေလွင့်စစ်သည်အဖြစ် ကျင်လည်ခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်၏။ သို့သော် ဤကဲ့သို့ အထပ်သုံးလေးထပ်ခန့် မြင့်မားသော ဧရာမ ဖုတ်ကောင်ခေါင်းဆောင်ကြီးမျိုးကို သူမ တစ်ကြိမ်သာ မြင်ဖူးခဲ့၏။ ထိုအကောင်ကြီးကို မြို့ကြီးတစ်မြို့တွင် မီတာသောင်းနှင့်ချီ ဝေးကွာသော နေရာမှ လှမ်း၍ မြင်တွေ့ခဲ့ရခြင်းဖြစ်ကာ ၊ ထိုစဉ်က သူမ မည်မျှဝေးဝေး အသက်လု ပြေးခဲ့ရသည်ကိုပင် မမှတ်မိတော့ချေ။
ထိုသို့ဆိုလျှင် ဤဧရာမ ဖုတ်ကောင်ခေါင်းဆောင်ကြီးသည် ယခု ဤနေရာ၌ အဘယ်ကြောင့် ရုတ်တရက် ပေါ်လာရသနည်း။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၆၅ + ၈၆၆) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။