အခန်း (၈၆၇-၈၆၈)
Vol. 87 Ch. 867-868
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၆၇ + ၈၆၈)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ထို့ပြင် ထိုအကောင်ကြီးသည် တုပိုင်ထံသို့ တည့်တည့်မတ်မတ် ဦးတည်လာပြီး တုပိုင်အား အဆုံးအစမဲ့သော လောဘရမ္မက်များဖြင့် စိုက်ကြည့်နေလေ၏။
မကြာမီမှာပင် ထိုဧရာမ ဖုတ်ကောင်ခေါင်းဆောင်ကြီးသည် လန်ဟူနယ်မြေ၏ မြင့်မားသော မြို့ရိုးနှင့် တစ်ကီလိုမီတာအကွာအထိ ချဉ်းကပ်လာလေတော့သည်။
လေလွင့်ဗိုလ်မှူးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "သူ့ခေါင်းကို ပစ်ကြစမ်း..."
ထို့နောက် သေနတ်အလက် နှစ်ရာတိတိက ဧရာမ ဖုတ်ကောင်ခေါင်းဆောင်ကြီးထံသို့ စတင်ပစ်ခတ်ကြသည်။ ဂေါက်စ်ရိုင်ဖယ် ဒါဇင်ပေါင်းများစွာကလည်း အခြားသွေးရိုင်းဖုတ်ကောင်များကို လျစ်လျူရှုကာ ပစ်ခတ်မှုအားလုံးကို ထိုခေါင်းဆောင်ကြီးထံသို့သာ စုပြုံလိုက်ကြသည်။
သို့သော် ထိုအရာအားလုံးမှာ အချည်းနှီးသာ ဖြစ်နေပုံရ၏။
သာမန်ရိုင်ဖယ်ကျည်ဆန်များက ဤဧရာမ ဖုတ်ကောင်ခေါင်းဆောင်ကြီး၏ ဦးခေါင်းကို ထိမှန်သောအခါ ကလိထိုးနေသကဲ့သို့သာဖြစ်ပြီး ကျည်ဆန်များမှာ အပြင်သို့ ပြန်လွင့်ထွက်သွားကြလေသည်။
ဂေါက်စ်ရိုင်ဖယ်ကျည်ဆန်များက ထိုအကောင်ကြီး၏ အရေပြားကို ဖောက်ထွင်းနိုင်သော်လည်း သေစေနိုင်သည်အထိ အမကောင်းသေးပေ။ ထိုအစား သူ့ကို ပို၍ပင် ဒေါသထွက်လာအောင် ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားတော့၏။
"ဝေါင်းးး"
ထိုအကောင်ကြီးက ကောင်းကင်သို့မော့ကာ အသံရှည်ကြီးဖြင့် ထပ်မံ အော်ဟစ်လိုက်ပြန်၏။ အသံလှိုင်းကြောင့် လူတိုင်း ခေါင်းကိုက်သွားကြပြီး နားစည်များပင် ပေါက်ကွဲထွက်မတတ် ခံစားလိုက်ကြရသည်။
ထို့နောက် သူသည် အရှိန်အဟုန်ပြင်းစွာဖြင့် တုပိုင်နှင့် အခြားသူများရှိရာ မြို့ရိုးဆီသို့ တဟုန်ထိုး ပြေးဝင်လာတော့၏။
သုံးလေးမီတာခန့် ထူထဲသော ကွန်ကရစ်မြို့ရိုးကြီးမှာ ဧရာမ ဖုတ်ကောင်ကြီးအတွက် လုံးဝ အသုံးမဝင်ချေ။ သူသည် လက်တစ်ဖက်တည်းဖြင့်ပင် မြို့ရိုးကို ရိုက်ချိုးဖျက်ဆီးနိုင်စွမ်း ရှိလေသည်။ ထိုမျှမက ထိုအကောင်ကြီးသည် လူတစ်ထောင်ကျော်ကို တစ်မိနစ်အတွင်း သတ်ဖြတ်ပစ်နိုင်သေး၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမ ဖုတ်ကောင်ကြီးသည် ရှေ့သို့ ရောက်ရှိလာပြီး သူ၏ ဧရာမလက်ကြီးများကိုမြှောက်ကာ မြို့ရိုးအနောက်ဘက်ရှိ လူအုပ်ကြီးထံသို့ ရိုက်ချလိုက်လေတော့၏။
လူတိုင်းမှာ အကြောက်လွန်ကာ မျက်စိမှိတ်လိုက်ကြပြီး သေမင်း ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်ကြရတော့သည်။
ထိုစဉ် တုပိုင် ဝိညာဉ်ချုပ်နှောင်ခြင်းနည်းစနစ်ကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။
ချက်ချင်းပင် အထပ်သုံးလေးထပ်ခန့် မြင့်မားသော ဧရာမ ဖုတ်ကောင်ကြီးမှာ အေးခဲသွားသကဲ့သို့ ငြိမ်သက်သွား၏။ သူ၏ လက်ကြီးများသည်လည်း လေထဲတွင် မြှောက်လျက်သားဖြစ်နေပြီး ဆူးချွန်များ ဖုံးလွှမ်းနေသော လျှာရှည်ကြီးမှာ အပြင်သို့ ထွက်ကျနေဆဲ ဖြစ်သည်။
သူ၏ မျက်လုံးများထဲ၌ ဝေခွဲမရဖြစ်နေဟန်များ ပေါ်လွင်၏။ ဤဧရာမ ဖုတ်ကောင်ကြီးသည် သူ့ကြောင့် ချုပ်နှောင်ခံလိုက်ရခြင်း မဟုတ်သည်ကို တုပိုင် သိ၏။
ထိုအကောင်ကြီးသည် အလွန်အစွမ်းထက်လှသည်။ ရုပ်ပိုင်းဆိုင်ရာသာမက ဝိညာဉ်ပိုင်းဆိုင်ရာတွင်ပါ အလွန်အစွမ်းထက်လှ၏။ သူသည် ဉာဏ်ရည်မမြင့်မားသော်ငြား သွေးရိုင်းဖုတ်ကောင် ထောင်သောင်းချီကို ထိန်းချုပ်ရန်အတွက် အလွန်အားကောင်းသော စိတ်စွမ်းအင်ကို လိုအပ်ပေမည်။
သူ လှုပ်ရှားမှု ရပ်တန့်သွားရခြင်းမှာ ရင်းနှီးနေသော စိတ်ဝိညာဉ်စွမ်းအင်ကို ခံစားလိုက်ရသောကြောင့် ဖြစ်၏။
ထိုအကောင်ကြီးသည် ယဲ့ဟိုင်ထန်ကို သိနေသည်။
လီဝိညာဉ် ယဲ့ဟိုင်ထန်သည် တုပိုင်အား စွမ်းအင်ကျောက်သလင်း ပေးခဲ့ဖူးရာ တုပိုင် ဝိညာဉ်ချုပ်နှောင်ခြင်းနည်းစနစ် အသုံးပြုလိုက်ချိန်တွင် ယဲ့ဟိုင်ထန်၏ စိတ်ဝိညာဉ်အရှိန်အဝါကို ခံစားလိုက်ရသဖြင့် လှုပ်ရှားမှု ရပ်တန့်သွားခြင်း ဖြစ်၏။
သို့သော်လည်း အနီးနားရှိ ကျန်းရှောင်မန်နှင့် လေလွင့်ဗိုလ်မှူးတို့မှာမူ ဤအကြောင်းကို မသိကြချေ။ တုပိုင် ဤမျှ အစွမ်းထက်သော ဖုတ်ကောင်ခေါင်းဆောင်ကြီးကိုပင် ချုပ်နှောင်နိုင်စွမ်းရှိသည်ဟု သူတို့ ထင်မှတ်သွားကြလေသည်။
ထိုဧရာမ ဖုတ်ကောင်ကြီးမှာ ယာယီ ဝေခွဲမရဖြစ်သွားခြင်းသာဖြစ်ပြီး တုပိုင်မှာ ယဲ့ဟိုင်ထန် မဟုတ်ကြောင်း သိသွားသည်နှင့် တစ်ပြိုင်နက် လူတိုင်းကို အစအနမကျန် သတ်ဖြတ်ပစ်ဦးမည်ကိုမူ သူတို့ မသိကြပေ။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် အထပ်သုံးလေးထပ်ခန့် မြင့်မားသော ထိုဧရာမ ဖုတ်ကောင်ကြီး၏ မျက်လုံးများ၌ သွေးစွန်းမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ ပြန်လည်လွှမ်းမိုးလာပြီး ပို၍ပင် ဒေါသထွက်လာလေ၏။ သိသာစွာပင် တုပိုင် ယဲ့ဟိုင်ထန်ကို သတ်ဖြတ်ခဲ့သောကြောင့် သူမ၏ စွမ်းအင်များ ရရှိထားသည်ဟု ထိုအကောင်ကြီးက ထင်မှတ်သွားခြင်း ဖြစ်၏။
ထို့ကြောင့် သူသည် ဒေါသတကြီးဖြင့် တုပိုင်အား အသားစအသားနများအဖြစ် ဆွဲဆုတ်ဖြဲပစ်ရန် ပြင်လိုက်တော့၏။
ထိုအချိန်၌ပင် တောင်ထိပ်ပေါ်ရှိ ဧကရာဇ်ထိုက်ခန်က သက်ပြင်းဖွဖွချကာ ဆိုလိုက်၏။ "မင်း မြင်လိုက်လား... ဒါက ကံတရားရဲ့ ကြီးမားတဲ့ မျက်နှာသာပေးမှုပဲ။ လန်ဟူနယ်မြေကို သုံးလအတွင်း လူတစ်ထောင်အထိ တိုးချဲ့ဖို့ မင်း သူ့ကို အမိန့်ပေးခဲ့တယ်။ သူက ဆယ်ရက်အတွင်းမှာတင် ပြီးမြောက်အောင် လုပ်နိုင်ခဲ့တယ်။"
ပြောပြီးသည်နှင့်.နောက်တစ်စက္ကန့်၌ ဧကရာဇ်ထိုက်ခန်၏ ပုံရိပ်က တောင်ထိပ်ပေါ်မှ ရုတ်တရက် ဆင်းသက်လာလေသည်။
"ဝုန်းးး"
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ကီလိုမီတာ ပတ်လည်အတွင်း၌ အလွန်အစွမ်းထက်သော အရှိန်အဝါကြီးတစ်ခု လွှမ်းမိုးသွားကာ အရာအားလုံးကို ဖိနှိပ်ချုပ်ကိုင်လိုက်တော့၏။
ဧရာမ ဖုတ်ကောင်ခေါင်းဆောင်ကြီး အပါအဝင် သွေးရိုင်းဖုတ်ကောင် အားလုံးသည် တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြပြီး ခေါင်းဆောင်ကြီး၏ ရက်စက်သော မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားရတော့သည်။
ကျန်ရစ်နေသော သွေးရိုင်းဖုတ်ကောင် တစ်သောင်းကျော်မှာလည်း တုန်ရီနေကြ၏။.သူတို့ ထွက်ပြေးချင်နေကြပြီ ဖြစ်သည်။
ဧကရာဇ်ထိုက်ခန်ကမူ ဖြည်းညင်းစွာ လျှောက်လှမ်းလာ၏။
သူ၏ ခြေလှမ်းများက နှေးကွေးသော်လည်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဟင်းလင်းပြင်ကို ထက်ပိုင်းခွဲကာ တစ်စက္ကန့်အတွင်း မီတာတစ်ရာခန့် ရောက်ရှိသွားသကဲ့သို့ ထင်မှတ်ရလေသည်။
ထို့နောက် သူက သွေးရိုင်းဖုတ်ကောင်အုပ်စုကြီးထံသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်၏။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို စုစည်းရန် သူ၏ ဧရာမ ဓားကြီးကို မြှောက်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်း တစ်ကီလိုမီတာ ပတ်လည်ရှိ ကောင်းကင်နှင့် မြေကြီး၏ ရွှမ်းချီအတွင်းအားများ အားလုံးသည် သူ၏ ဧရာမဓားကြီးပေါ်သို့ စုပြုံရောက်ရှိလာပြီး ထိုဧရိယာတစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ ထင်မှတ်ရလေတော့၏။
"ဟူးးး"
ထို့နောက် သူ ဓားယဖြင့် အောက်သို့ အသာအယာ ခုတ်ချလိုက်သည်။
ရုတ်တရက် အထပ်သုံးလေးထပ်ခန့် မြင့်မားသည့် ထိုဧရာမ ဖုတ်ကောင်ခေါင်းဆောင်ကြီးမှာ အပိုင်းပိုင်းအစစ ပြတ်တောက်သွားကာ ပြာအဖြစ် လုံးဝ ပျောက်ကွယ်သွားရလေတော့၏။ သူ၏ ပတ်ဝန်းကျင်ရှိ ထောင်ပေါင်းများစွာသော သွေးရိုင်းဖုတ်ကောင်များမှာလည်း တစ်စစီ ကြေမွပျက်စီးသွားရတော့သည်။
ကျန်ရစ်နေသော သွေးရိုင်းဖုတ်ကောင် သောင်းနှင့်ချီမှာလည်း ပြင်းထန်သော ထိတ်လန့်တုန်လှုပ်မှုကြီးကို ခံစားလိုက်ကြရ၏။
တစ်ခဏချင်းမှာပင် မူလကတည်းက ရူးသွပ်နေခဲ့ကြသော သူတို့သည် ပို၍ပင် ရူးသွပ်သွားကြကာ အချင်းချင်း ပြန်လည်သတ်ဖြတ်ကြလေတော့သည်။
လုံးဝ စိတ်လွတ်သွားကြသကဲ့သို့ပင် ဖြစ်သည်။
အချိန်တိုအတွင်းမှာပင် ကျန်ရစ်နေသော သွေးရိုင်းဖုတ်ကောင် သောင်းနှင့်ချီသည် အချင်းချင်း သတ်ဖြတ်မှုကြောင့် သေဆုံးသွားကြလေတော့၏။
**--**--**--**--**--**--**--**
အမှောင်လောက၏ ဘုရင်တစ်ပါးအလား လွှမ်းမိုးနိုင်စွမ်းရှိသော ဧကရာဇ်ထိုက်ခန်က တုပိုင်အနီးသို့ ရောက်ရှိလာ၏။
သူ၏ ခန္ဓာကိုယ်မှာ မူလက ငါးမီတာခန့်သာရှိသော်လည်း ယခုအချိန်တွင်မူ ရှစ်မီတာခန့် မြင့်မားနေပြီဖြစ်ရာ မြို့ရိုးပေါ်တွင် မတ်တပ်ရပ်နေသော တုပိုင်နှင့် အရပ်အမောင်း တူညီသွားလေတော့သည်။
ဧကရာဇ်ထိုက်ခန်က ရှင်းပြသည်။ "မင်းနဲ့ မြို့စားမင်းလျန်ကျင်းကြားမှာ သဘောတူညီချက် နှစ်ခုရှိတယ်။ ပထမ သဘောတူညီချက်က လန်ဟူနယ်မြေကို သုံးလအတွင်း လူတစ်ထောင်အထိ တိုးချဲ့ဖို့ပဲ။ မင်းက လဝက်တောင်မပြည့်ခင်မှာတင် ပြီးမြောက်အောင် လုပ်နိုင်ခဲ့တယ်။ ဒုတိယ သဘောတူညီချက်က နောက်ထပ် ခြောက်လအတွင်း မင်းနဲ့ သူ စီးချင်းထိုးဖို့ပဲ။ ဒါပေမဲ့ ခြောက်လအထိ စောင့်စရာမလိုတော့ဘူး။ မင်းတို့ရဲ့ စီးချင်းထိုးပွဲကို အခုချက်ချင်း စတင်ရလိမ့်မယ်။"
ထိုအချိန်၌ပင်စ မြို့စားမင်းလျန်ကျင်း အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် အပြေးအလွှား ရောက်ရှိလာ၏။
သူသည် သိုင်းပညာမဟာဆရာသခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်များ ပိုင်ဆိုင်ထားသည့် စစ်မှန်သော သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်များကို ထည့်မတွက်လျှင်ပင် သူ၏ ခွန်အားနှင့် လျင်မြန်ဖျတ်လတ်မှုတို့မှာ သိုင်းပညာရှင်အဆင့် ၁၆ သို့ ရောက်ရှိနေပြီ ဖြစ်၏။
ထိုမျှသာမက သူ၏ စိတ်စွမ်းအင် ကျင့်ကြံမှုမှာလည်း အဆင့် ၉ ဝိညာဉ်ဆရာသခင်အဆင့်သို့ ရောက်ရှိနေလေသည်။ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်များ ပိုင်ဆိုင်ထားသော သိုင်းပညာရှင်တစ်ဦးအဖို့ စိတ်စွမ်းအင် နိမ့်ကျနေ၍ မဖြစ်သောကြောင့်ပင်။
ဤအချိန်၌ တုပိုင်၏ ခွန်အားနှင့် လျင်မြန်ဖျတ်လတ်မှုစွမ်းရည်မှာ အဆင့် ၄ သိုင်းပညာရှင်အဆင့်ခန့်သာ ရှိသေး၏။
ပုံရိပ်ယောင်ဓားသွားမိစ္ဆာကို ဝါးမျိုလိုက်ခြင်းမှ ရရှိလာသော စွမ်းအားအများစုကို သူ၏ ခန္ဓာကိုယ် ပြန်လည်ကုသရာတွင် သုံးစွဲပစ်လိုက်ရလေသည်။ ထို့အပြင် ပုံရိပ်ယောင်ဓားသွား၏ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်နိုင်စွမ်းမှာ လျင်မြန်ဖျတ်လတ်မှုဖြစ်ပြီး သူ့တွင် ဖောက်ထွင်း၍မရနိုင်သော အခွံတစ်ခုလည်း ရှိနေသည်။ သူ၏ စစ်မှန်သော စွမ်းအားမှာ အဆင့် ၉ သိုင်းပညာရှင်တစ်ဦးနှင့် ညီမျှပေလိမ့်မည်။
သာမန်သိုင်းပညာရှင်များသည် ပုံရိပ်ယောင်ဓားသွားနှင့် ရင်ဆိုင်ရသောအခါ ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။ သို့သော် မြို့စားမင်းလျန်ကျင်းကဲ့သို့ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်များ ပိုင်ဆိုင်ထားသူဆိုလျှင်မူ ထိုမိစ္ဆာကို အလွယ်တကူ ထိုးဖောက်သတ်ဖြတ်နိုင်စွမ်းရှိနေသည်။
ကံမကောင်းစွာဖြင့် ဤကမ္ဘာတွင် အတွင်းအားသိုင်းကျင့်စဉ်မှာ လူအနည်းစု၏ ကိုယ်ပိုင်မူပိုင်ခွင့်မျှသာ ဖြစ်နေလေ၏။
ထို့ကြောင့် အဆင့် ၄ သိုင်းပညာရှင်နှင့် အဆင့် ၉ ဝိညာဉ်ဆရာသခင်အဆင့်သာ ရှိသေးသော တုပိုင်သည် မြို့စားမင်းလျန်ကျင်း၏ ပြိုင်ဘက် လုံးဝ ဖြစ်လာမည် မဟုတ်ပေ။
မြို့စားမင်းလျန်ကျင်း၏ စိတ်စွမ်းအင် ကျင့်ကြံခြင်းမှာလည်း အဆင့် ၉ သို့ ရောက်ရှိနေပြီဖြစ်ရာ တုပိုင်၏ ဝိညာဉ်ချုပ်နှောင်ခြင်းနည်းစနစ်မှာ အလုပ်ဖြစ်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေ သူသည် တစ်ချိန်က ဧကရာဇ်ထိုက်ခန်၏ ကိုယ်ရံတော်တစ်ဦး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။
ထို့ကြောင့် ယခုအချိန်တွင် တုပိုင်နှင့် မြို့စားမင်းလျန်ကျင်းတို့ စီးချင်းထိုးပါက ရလဒ်တစ်ခုတည်းသာ ရှိ၏။ ထိုသည်မှာ တုပိုင်တစ်ယောက် စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်ခံရမည်သာ ဖြစ်သည်။
မြို့စားမင်းလျန်ကျင်းက ရဲတင်းစွာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... အခုချက်ချင်း ကျွန်တော်နဲ့ တုပိုင်ကို စီးချင်းထိုးခိုင်းတာက မတရားရာ မကျလွန်းဘူးလား။ ခြောက်လဆိုတဲ့ အချိန်ကတောင် အရမ်းကို လွန်ကျူးနေပြီလေ။ အခုက လဝက်တောင် မပြည့်သေးပါဘူး။"
သူတို့နှစ်ဦး၏ စွမ်းအားမှာ တကယ်ကို ကောင်းကင်နှင့် မြေကြီးအလား ကွာခြားလွန်းလှသည်။
ဧကရာဇ်ထိုက်ခန်က သူ့ကို လျစ်လျူရှုလိုက်ပြီး တုပိုင်ကို ကြည့်ကာ မေးလိုက်၏။ "မင်း လက်ခံလား။"
တုပိုင် တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ "ကျွန်တော် လက်ခံပါတယ်။"
ထိုစကားများ ထွက်ပေါ်လာသည်နှင့် မြို့စားမင်းလျန်ကျင်းမှာ တုပိုင် ရူးသွားပြီလားဟုပင် ယုံကြည်ရခက်သွားလေတော့သည်။
တုပိုင် ခေါ်လိုက်၏။ "ကျန်းရှောင်မန်... ဒီကိုလာခဲ့။"
ထို့နောက် တုပိုင် ကျန်းရှောင်မန်ကို အိမ်တစ်လုံးထဲသို့ ခေါ်သွားလိုက်သည်။
တုပိုင် မေးလိုက်၏။ "မင်း အမဲလိုက်ထွက်တုန်းက စွမ်းအင်ကျောက်သလင်းတွေ ရခဲ့သေးလား။"
ကျန်းရှောင်မန် ခေါင်းညိတ်ပြကာ အတည်ပြုလိုက်သည်။ "ရှိတယ်။"
ထို့နောက် သူမ စွမ်းအင်ကျောက်သလင်း တစ်ဆုပ်စာကို ယူကာ တုပိုင်အား ကမ်းပေးလိုက်၏။ အားလုံးမှာ သားရဲဆန်းများထံမှ အမဲလိုက်ရရှိထားသည့် အမျိုးမျိုးသော စွမ်းအင်ကျောက်သလင်းများ ဖြစ်ကြသည်။
ဤကျောက်သလင်းများမှာ အလွန်ရှားပါးလှသော်လည်း ယခုအခါ သူမက တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ အားလုံးကို ပေးအပ်လိုက်ခြင်း ဖြစ်၏။
တုပိုင် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ထိုအထဲမှ တစ်ခုကို ရွေးချယ်ကာ လက်ဖဝါးထဲ ဆုပ်ကိုင်ထားလိုက်ပြီး ညွှန်ကြားလိုက်၏။ "ကောင်းပြီ... မင်း အပြင်ကို အရင်ထွက်သွားပြီး မြို့စားမင်းလျန်ကျင်းကို ပြောလိုက်။ နောက်ထပ် နာရီဝက်နေရင် ငါ အပြင်ထွက်လာပြီး သူနဲ့ စီးချင်းထိုးမယ်လို့။"
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၆၇ + ၈၆၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။