← Chapters

မထင်မှတ်သည့်ဧည့်သည်

Vol. 9 Ch. 853

မထင်မှတ်သည့်ဧည့်သည်

Vol. 9 Ch. 853

ဆန်းလျန်၏တိုက်ခိုက်မှုကြောင့် တိစစ်ထျန်းက ထိတ်လန့်အံ့သြသွားခြင်း မရှိပေ။

တိစစ်ထျန်းက လက်တစ်ဖက်အသာဝှေ့ယမ်းလိုက်လေရာ ကြာပန်းပွင့်များအဖြစ် ပြောင်းလဲကာ အစိတ်စိတ်အမွှာမွှာ လွင့်ကြွေသွားလေသည်။

တိစစ်ထျန်းက ဒုတိယဓားကွက်ကို ထုတ်ဖော်အသုံးပြုလိုက်ခြင်းဖြစ်ကြောင်း ဆန်းလျန် ချက်ချင်းသိရှိလိုက်သည်။

အမှန်တော့ ဆန်းလျန်က အတိတ်ဆီသို့ ပြန်သွားကာ မဟာကျားရဲ့ကိုယ်တော်ကြီးဆီသို့ တိုက်ခိုက်ရန်လာသည့် တိစစ်ထျန်းနှင့် ရင်ဆိုင်နေခြင်းသာ ဖြစ်လေသည်။ ထို့ကြောင့် သူ မြင်ရ ကြားရသမျှသည် အိပ်မက်ပမာသာ ဖြစ်ပြီး မဟာကျားရဲ့ကိုယ်တော်ကြီးကို ထိခိုက်သကဲ့သို့ တကယ်တမ်းတွင် သူ့ကို ထိခိုက်နိုင်ခြင်း မရှိပေ။

တိစစ်ထျန်းက ဓားကို ကိုင်မြှောက်ထားလေသည်။

တောက်ပနေသည့်ဓားသည် ကောင်းကင်ထိတိုင်ထိုးဖောက်ဝင်ရောက်သွားပြီး မြေပြင်ကိုပင် ထက်ခြမ်းခွဲပစ်တော့မည့်အလား ထင်မှတ်ရသည်။

ဆန်းလျန်သည် မဟာကျားရဲ့ကိုယ်တော်ကြီး၏ ကြာပလ္လင်ထက်တွင်ထိုင်ရင်း ထိုဓားကွက်ကို ကြည့်နေလေသည်။

ဗောဓိပင်အောက်တွင် ဗုဒ္ဓပွင့်သည့်အချိန်တွင် လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် မိစ္ဆာများ ၊ မကောင်းမှုများအားလုံး ပျောက်ကွယ်သွားကြရလေသည်။

ဆန်းလျန်နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်မိသည်။

ဗုဒ္ဓက ရွှေရောင်ကြာပန်းတစ်ပွင့်ကို မဟာကျားရဲ့ကိုယ်တော်ကြီးကို အဘယ့်ကြောင့် ပေးလိုက်သည်ဆိုသည့်အဓိပ္ပါယ်ကို ဆန်းလျန်က နားလည်သဘောပေါက်ထားသူ ဖြစ်လေသည်။

ဆန်းလျန်သည် ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက် မဟုတ်သော်လည်း သူက ဗုဒ္ဓ၏တရားဓမ္မများကို ဗုဒ္ဓဘာသာ ကျင့်ကြံသူများထက်ပင် နားလည်သူတစ်ယောက် ဖြစ်လေ၏။

ယခု သူက အတိတ်သို့ ပြန်သွားကာ မဟာကျားရဲ့ကိုယ်တော်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိနေခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဗုဒ္ဓ၏တရားများကို ပို၍ပင် နားလည်နေခဲ့လေသည်။

တိစစ်ထျန်း၏ဓားချက်က အရှိန်အဟုန်ပြင်းထန်စွာ ဖြင့် ဝင်ရောက်လာလေသည်။

ဓားချက် တစ်ချက်ပြီးတစ်ချက်…။

ဓားချက်များကြားတွင် အစပ်အကြားမရှိ ၊ အဆုံးမရှိ ၊ စွမ်းအားလျော့နည်းသွားခြင်းလည်း မရှိ။

ဆန်းလျန်၏မျက်နှာက တည်ကြည်လေးနက်နေလေသည်။

ပြင်းထန်လွန်းသည့် ဓားဝိညာဉ်က သူ့ကို ထိုးခွင်းလိုက်ပြီး ပြင်းပြသည့်နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ စိတ်အာရုံထဲတွင် မဟာကျားရဲ့ကိုုယ်တော်ကြီး ပျောက်ကွယ်သွားသည်ကို တွေ့မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင်… စာပေသမားများ ၊ နတ်ဘုရားများ ၊ ငှက်မျိုးနွယ်သတ္တဝါများ ၊ သားရဲများ ထွက်ပေါ်လာလေသည်။

ထိုအချိန်ခဏလေးအတွင်းမှာပင် ဆန်းလျန်သည် မဟာကျားရဲ့ကိုယ်တော်ကြီး၏ နက်ရှိုင်းသည့် တန်ခိုးစွမ်းအားများကို သဘောပေါက်သွားရသည်။ ထိုတန်ခိုးစွမ်းအားများသည် တစ်ဘဝပြီး တစ်ဘ၀ လူပြန်ဝင်စားခြင်းတန်ခိုးစွမ်းအားများပင် ဖြစ်လေသည်။

မဟာကျားရဲ့ကိုယ်တော်ကြီးသည် တိစစ်ထျန်း၏ ဓားချက်ကို ခုခံနိုင်ရန်အတွက် ဘဝပေါင်းများစွာ လူပြန်ဝင်စားကျင့်ကြံခဲ့သည့် တန်ခိုးစွမ်းအားများကို ထုတ်ဖော်အသုံးပြုလိုက်ခြင်း ဖြစ်လေ၏။

ဘဝတစ်ခုပြီးတစ်ခု ၊ မျိုးနွယ်တစ်ခုပြီးတစ်ခု ပေါင်းစပ်ခြင်းမှ မြင့်မားသည့် တန်ခိုးစွမ်းအားထုကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ထိုစွမ်းအားများကြောင့် သေစေလောက်သည့်ဒဏ်ရာက ပြင်းထန်သည့်ဒဏ်ရာအဖြစ်ပြောင်းလဲသွားပြီး ပြင်းထန်သည့်ဒဏ်ရာကလည်း မပြောပလောက်သည့်ဒဏ်ရာတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

မဟာကျားရဲ့ကိုယ်တော်ကြီး၏ အံ့သြဖွယ်ရာတန်ခိုးစွမ်းအားများက ဆန်းလျန်ကိုပင် အံ့အားသင့်သွားစေလေသည်။ ထို့ပြင် မဟာကျားရဲ့ကိုယ်တော်ကြီး၏ ထက်မြက်မှုကိုလည်း ဆန်းလျန် လေးစားသွားမိသည်။ မဟာကျားရဲ့ကိုယ်တော်ကြီးသည် အလွန်မှ ထူးခြားသူတစ်ယောက်ဖြစ်သည်မှာ ငြင်းဆန်မရနိုင်ပေ။

များပြားလှစွာသည့် သာဝကများထဲတွင် ဗုဒ္ဓ၏တပည့်သာဝကကြီးအဖြစ် ဗုဒ္ဓ၏တရားဓမ္မများကို အမွေဆက်ခံထားနိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

အချိန်မည်မျှကြာသွားသည့် မသိပေ။

တိစစ်ထျန်း၏ ပြင်းထန်လွန်းသည့် ဓားချက်များ အဆုံးသတ်သွားလေသည်။

ထို့နောက်… တိစစ်ထျန်းက သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားဝိညာဉ်က ဖုံးလွှမ်းနေပြီး သူက မိုးကောင်းကင်ကို ပင့်တင်လိုက်သည့်အလား လက် (၂)ဖက်ကို အပေါ်သို့ အသာအယာပင့်တင်လိုက်လေသည်။

ထိုဓားကွက်မှာ မိုးကောင်းကင်ဓားဖြစ်ပြီး မိုးကောင်းကင်၏စိတ်ထားကို လူတစ်ယောက်၏နှလုံးသားအတွင်းသို့ဆောင်ယူကာ လူတစ်ယောက်၏ နှလုံသားကို မရှိခြင်းတရားသို့ပြောင်းလဲအောင် သတ်ဖြတ်ပစ်ခြင်း ဖြစ်လေသည်။

ထိုဓားကွက်သည် ဗုဒ္ဓ၏ကာကွယ်စောင့်ရှောက်သူ ဖြစ်ခဲ့ပြီးသည့်နောက်ပိုင်း တိစစ်ထျန်း တီထွင်ထားခဲ့သည့် ဓားသိုင်းဖြစ်လေ၏။ ထိုဓားသိုင်းတွင် တိစစ်ထျန်း၏ အခြေခံကျသည့် တန်ခိုးစွမ်းအားများကို တွေ့မြင်နိုင်သည်။

ချက်ချင်းပင် လောကကြီးတစ်ခုလုံး ဓားတစ်လက်အဖြစ် ပြောင်းလဲသွားလေသည်။

တောတောင်ရေမြေ ၊ တိမ်တိုက် ၊ ရေခိုးရေငွေ့ ၊ ငှက်များ ၊ အင်းဆက်ပိုးမွှားများ အားလုံး တစ်ခုမကျန် ဓားများ ဖြစ်ကုန်ကြလေသည်။

အရာအားလုံးသည် သဘာဝတရားမှ မွေးဖွားလာလေသည်။ မိုးကောင်းကင်က ဓားသွားဖြစ်သွားလျှင် လောကတစ်ခွင်လုံးဓားသွားဖြစ်သွားပေလိမ့်မည်။

သို့သော် … ဓားသွားအဖြစ် မပြောင်းလဲသောအရာမှာ မဟာကျားရဲ့ကိုယ်တော်ကြီးပင် ဖြစ်လေသည်။

အရာအားလုံးက လင်းလက်တောက်ပနေလေသည်။ စပါးခင်းများသည်ပင် ရွှေရောင်တောက်ပနေလေသည်။

ဓားသွားက သတ်ဖြတ်လိုသည့်အငွေ့အသက်များပြည့်နေပြီး မိုးနှင့်မြေတွင် စက်ဝိုင်းပုံသဏ္ဍန်လှည့်ပတ်နေလေသည်။

ထိုဓားဖြင့် ပြိုင်ဘက်ရန်သူ၏ နှလုံးသားတစ်ခုလုံးကို ရိတ်သိမ်းဖျက်စီးပစ်လိုက်ခြင်းဆိုသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

မဟာကျားရဲ့ကိုယ်တော်ကြီး ဒဏ်ရာရသွားပြီဖြစ်သည်ကို ဆန်းလျန် သဘောပေါက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် တိစစ်ထျန်း၏ မိုးကောင်းကင်ဓားကို မခုခံနိုင်တော့သောကြောင့် ဖြစ်လေသည်။

ထိုအချိန်မှာပင်… ဆန်းလျန်ရှေ့မှ လောကကြီးတစ်ခုလုံး ပြိုလဲကျသွားလေသည်။ လောကကြီးပြိုလဲကျသွားပြီး တိစစ်ထျန်း၏ နောက်ဆုံး ဓားချက်သည်လည်း ပျောက်ကွယ်သွားလေသည်။

ထိုဓားကွက်က ဓားသိုင်း၏အနှစ်သာရဖြစ်ပြီး မဟာကျားရဲ့ကိုယ်တော်ကြီးကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်သည် လက်ရှိပစ္စုပ္ပန်အချိန်သို့ ပြန်ရောက်လာပြီး ကျားရဲ့ဝတ်ကျောင်းတော်အတွင်းတွင် ပြန်ပေါ်လာလေသည်။ သူဝတ်ဆင်ထားသည့် ရိုးရှင်းသည့်အပြာနုရောင်တာအိုဝတ်စုံသည် ကြယ်စင်များအလား တောက်ပနေလေ၏။ သူ၏ ဝိညာဉ်မှ အလင်းရောင်များ ထွက်ပေါ်နေခြင်းကြောင့် ဖြစ်လေ၏။

ကျောက်ရှောင်ယွီက ဆန်းလျန်ကိုကြည့်ကာ ပြုံးလိုက်ရင်…

"ရှင် ထူးခြားတာတစ်ခုခု သိခဲ့ရပြီ ထင်တယ်…"

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် လောကမှာ ကိစ္စအတော်များများကို မြင်လိုက်တာနဲ့ ထိထိရောက်ရောက်သိနိုင်တာပဲလေ…"

ထိုသို့သိမြင်ခြင်း၏အဓိပ္ပါယ်မှာ အယူဝါဒတစ်ခုကို တရားသေဆုပ်ကိုင်ထားခြင်းမျိုးမဟုတ်ဘဲ ပြောင်းလဲခြင်းတရားကို လက်ခံခြင်းပင် ဖြစ်လေသည်။

ထိုသို့လက်ခံလိုက်ခြင်းက နာကျင်ခြင်းမရှိ စိတ်သက်သာရာလည်း ရစေလေသည်။ ထိုအဆင့်သို့ရောက်ရန်အတွက် ကျင့်ကြံခြင်းအဆင့် ထိပ်ဆုံးထိရောက်အောင် ကျင့်ကြံရမည် ဖြစ်လေသည်။ ထိုအဆင့်သို့ ရောက်လျှင်တော့ ဘာမှမဟုတ်သည့် ပုံရိပ်ယောင်လောကကြီးကို အစစ်အမှန်ဟု ထင်မြင်နေခြင်းမှ ကင်းလွတ်သွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် လောကတွင် ဖြစ်ပျက်နေသည့်အရာအားလုံးသည် စိတ်၏လှည့်စားမှုများသာ ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ဗုဒ္ဓကဟောကြားခဲ့သည်မှာ…

"ခံစားချက်မရှိလျှင် စိတ်သည် စိတ်သက်သက်သာဖြစ်သည်" ဟု ပြောကြားခဲ့ခြင်း ဖြစ်လေသည်။

ထိုအချက်သည် လောကတွင် မည်သူမှ မငြင်းနိုင်သည့် အမှန်တရားဖြစ်လေ၏။ ထိုတရားသည် သစ္စာတရားပင် ဖြစ်သည်။

ကျောက်ရှောင်ယွီက…

"ရှင် မိုးနဲ့မြေကိုနားလည်သွားပြီဆိုရင် ကျွန်မကိုလည်း နားလည်သွားပြီပေါ့…"

ဆန်းလျန်က…

"မင်းလည်းကျုပ်ကို နားလည်တာပဲ မဟုတ်ဘူးလား…"

ဆန်းလျန်က ကျောက်ရှောင်ယွီကို ကြည့်ရင်း ပြုံးပြလိုက်လေသည်။

သူတို့ (၂)ယောက်သည် တစ်ယောက်ကိုတစ်ယောက်နားလည်ပြီး ခွဲခြားမရသည့် တာအိုစုံတွဲများဖြစ်လေသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူတို့ (၂)ယောက် ခွဲခွာကောင်း ခွဲခွာကြရဦးမည်ဖြစ်သော်လည်း အတူတကွ လျှောက်လှမ်းခဲ့ကြသည့် နေ့ရက်များကတော့ အမှတ်တရအဖြစ် တည်ရှိနေပေလိမ့်မည်။

ထို့နောက် ကျောက်ရှောင်ယွီက မဟာကျားရဲ့ကိုယ်တော်ကြီး၏ ရုပ်တုကို မော့ကြည့်လိုက်ပြီး …

"ဒီရွှေကွင်းတွေက ကျင်းကန်းရွှေကွင်းတွေလား…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"အစကတော့ ကျုပ်လည်း ကျင်းကန်းရွှေကွင်းလို့ ထင်ခဲ့တာ ၊ ဒါပေမဲ့ မဟုတ်ဘူး ၊ အဲဒါက ဉာဏ်ပညာရွှေကွင်းတွေပဲ ၊ မင်းသိလား… ဗုဒ္ဓတရားအလင်းရပြီး သံသရာကို ဖြတ်တောက်နိုင်ခဲ့တဲ့အချိန်မှာ မိုးနတ်မင်းဆက်သတဲ့ ရွှေရောင်ကြာပန်းတွေကိုကြည့်ပြီး ပြုံးတော်မူခဲ့တယ် ၊ ဗုဒ္ဓဘာလို့ ပြုံးလဲဆိုတာ ဗောဓိသကျတွေနဲ့ တခြားကိုယ်တော်တွေ ဘယ်သူမှ နားမလည်နိုင်ခဲ့ကြဘူး ၊ ဒါပေမဲ့ မဟာကျားရဲ့ကိုယ်တော်ကြီးကတော့ နားလည်ခဲ့တယ် ၊ အဲဒါကြောင့် ဗုဒ္ဓက ရွှေရောင်ကြာပန်းတွေကို မဟာကျားရဲ့ကိုယ်တော်ကြီးကို ပေးခဲ့တာပေါ့ ၊ အဲဒီ ကြာပန်းတွေဟာ ပြီးပြည့်စုံတဲ့ ဉာဏ်ပညာကို ကိုယ်စားပြုတယ် ၊ ဒါပေမဲ့ စိတ်မကောင်းစရာက မဟာကျားရဲ့ကိုယ်တော်ကြီးဟာ အဲဒီလောက်ထိ အမီမလိုက်နိုင်ခဲ့ဘူး ၊ ဒါကြောင့် သူက ရွှေရောင်ကြာပန်းတွေကို ရွှေကွင်းတွေအဖြစ်ပြောင်းလဲပြီး လက်မှာ ဝတ်ဆင်ထားခဲ့တယ်…"

ကျောက်ရှောင်ယွီက…

"အင်း… ကျင်းကန်းရွှေကွင်းမဟုတ်တာ တကယ့်ကို စိတ်မကောင်းစရာပဲ ၊ ကျွန်မက ထိုက်ချင်တာအိုကျမ်းထဲမှာ ကျင်းကန်းရွှေကွင်းအကြောင်း မှတ်တမ်းတင်ထားတာ ဖတ်ဖူးတယ် ၊ အဲဒီရွှေကွင်းက အသန့်စင်ဆုံး သံမဏိနဲ့ ပြုလုပ်ထားတာ ၊ အဲဒါသာရရင် ကျွန်မ ကျင့်ကြံခြင်းအဆင့်တက်သွားနိုင်တယ် ၊ ဘယ်အရာမှ ကျွန်မကို ဒုက္ခပေးနိုင်မှာ မဟုတ်တော့ဘူး ၊ အဲဒီပစ္စည်းသာရရင် သုခဘုံကိုရောက်လို့ အန္တရယ်နဲ့ ရင်ဆိုင်ရလည်း ကျွန်မတို့ ကောင်းကောင်း ရှောင်တိမ်းနိုင်တယ်…"

ဆန်းလျန်က…

"ကျင်းကန်းရွှေကွင်းက ထိုက်ချင်တာအိုဆရာသခင်ထိုက်စန့်လောင်ကျွင်းရဲ့ပစ္စည်းပဲ ၊ မင်းက ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံနေတဲ့သူဆိုတော့ အဲဒီရတနာပစ္စည်းနဲ့ ရေစက်ပါလောက်တယ် ၊ တစ်နေ့မဟုတ်တစ်နေ့ ရှာတွေ့မှာပါ…"

ကျောက်ရှောင်ယွီက…

"ဒါပေမဲ့ ကျွန်မထက်ဆာရင် ရွှမ်တုတောက်ကျွင်းက ပိုပြီး အခွင့်အရေးမများဘူးလား…"

ဆန်းလျန်က…

"သူက ထိုက်ချိယင်ယန်ပန်းချီကားကို ရခဲ့ပြီးပြီပဲ ၊ အဲဒီ ပစ္စည်းတစ်ခုနဲ့တင် သူတော်တော်လေး စိတ်ဆင်းရဲနေလောက်ပြီ…"

ဆန်းလျန်က စကားကို ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။

"အဲဒီပန်းချီကားက အခုဆိုရင် ရွှမ်တုတောက်ကျွင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီ ၊ ဘယ်လိုမျိုးဘေးအန္တရယ်ဆိုး ကြုံတွေ့ပါစေ သူ့ကို ကာကွယ်ပေးနေမှာပဲ ၊ ဒါပေမဲ့ သူက သူ့ရဲ့ကံတရားကို ချိုးဖျက်ပြီး လောကီရေးရာတွေမှာ လိုက်ပြီး ပါဝင်ပတ်သက်နေတယ် ၊ ဒါကြောင့် နောက်ဆုံးအချိန်မှာ ဘယ်တော့မှ သံသရာကို ကျော်လွန်နိုင်မှာမဟုတ်ဘူး ၊ ဟိုမရောက် ဒီမရောက်လုပ်နေလို့လေ…"

ကျောက်ရှောင်ယွီက…

"သူက ကြောင်သူတော်လိုလူမျိုးပဲ…"

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်သည်။

ထို့နောက် တစ်စုံတစ်ခုကို သတိပြုမိဟန်ဖြင့် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ဆန်းလျန်က…

"မမျှော်လင့်တဲ့ဧည့်သည်တစ်ယောက်တော့ ရောက်လာပြီထင်တယ်…"

ပြောပြီးသည်နှင့် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ နေရာတွင်ပင် ပျောက်ကွယ်သွားကြလေသည်။

သို့သော်… သူတို့က ထွက်ခွာသွားကြခြင်း မဟုတ်ပေ။ ကိုယ်ယောင်ဖျောက်လိုက်ကြခြင်းသာ ဖြစ်သည်။

ဝတ်ကျောင်းတော်အပြင်ဘက်တွင် လရောင်က ထိန်ထိန်သာနေလေသည်။ ညကောင်းကင်သည် အလွန်တရာ သန့်စင်ကြည်လင်လျှက် ရှိလေတော့သည်။

***

All Chapters