အသက်ဝင်လာခြင်း
Vol. 9 Ch. 854
အချိန် (၃)စက္ကန့်မျှကြာပြီးသည့်နောက် ထိန်ထိန်သာနေသည့် လရောင်ခြည်သည် ရုတ်တရက် သိပ်သည်းသွားပြီး ဗောဓိသကျတစ်ပါး ထွက်ပေါ်လာလေသည်။
ထိုဗောဓိသကျ၏မျက်နှာက လရောင်ကဲ့သို့ ကြည်လင်နေပြီး မျက်လုံးများက ကြာပန်းအလား ငြိမ်းချမ်းနေလေ၏။ သူက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် ဝတ်ကျောင်းတော်အတွင်းသို့ လှမ်းဝင်လာလေသည်။
သူက မဟာကျားရဲ့ကိုယ်တော်ကြီး၏ ရုပ်တုကိုတစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်သည်။ ထို့နောက် ရုပ်တုအနားဆီသို့ ခြေတစ်လှမ်းချင်းလှမ်းကာ ချဉ်းကပ်လာလေသည်။
သို့သော်… သူက ရုတ်တရက် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး…
"ထိုက်ယင်းနတ်သမီးလည်း ရောက်နေတာကိုး…"
ဟု ပြောလိုက်သည်။
ထိုအချန်မှာပင် ဝတ်ကျောင်းတော်အပြင်ဘက်မှ ချောမောလှပသည့်မိန်းမပျိုတစ်ယောက် ဝတ်ကျောင်းတော်အတွင်းသို့ ဝင်လာလေသည်။ သူမက အလွန်ချောမောလှပသော်လည်း မျက်နှာက တည်ကြည်လေးနက်နေပြီး ရေခဲတမျှ အေးစက်လွန်းလှလေသည်။ သူမက လရောင်ခြည်အလား ဖြူစင်သည့် အဝတ်အစားများကို ဝတ်ဆင်ထားလေသည်။
သူမ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အိပ်မက်ကမ္ဘာတွင် လမ်းလျှောက်နေသူတစ်ယောက်အလား ထင်မှတ်ရသည်။
သူမကို တွေ့မြင်ရသူမည်သူမဆို သူမ၏အလှတရားအောက်တွင် တွေဝေမိန်းမောသွားမည်သာ ဖြစ်လေသည်။ သို့သော်… အေးစက်လွန်းသည့် သူမ၏အသွင်အပြင်ကြောင့် သူမအနားသို့ မည်သူမှ ချဉ်းကပ်ဝံ့ကြမည် မဟုတ်ပေ။
ထိုက်ယင်းနတ်သမီးက…
"ယွဲ့ကွမ်းဗောဓိသကျ ၊ ကျွန်မ ရောက်လာတယ်ဆိုတာ သိသိကြီးနဲ့တောင် ရှင်က ထွက်မသွားသေးဘူးလား…"
သူမ၏လေသံက စမ်းချောင်းလေးနံဘေးရှိ ကျောက်စိမ်းတုံးအလား အေးစက်လွန်းလှလေသည်။
ထိုက်ယင်းနတ်သမီး၏ စကားများက ယွဲ့ကွမ်းဗောဓိသကျ၏နားထဲသို့ ငှက်ဆိုးထိုးသံအလား ဝင်ရောက်သွားလေသည်။
ယွဲ့ကွမ်းဗောဓိသကျက အေးဆးသည့်လေသံဖြင့်…
"ထိုက်ယင်းနတ်သမီး ၊ မင်းနဲ့ကျုပ်နဲ့က ကျင့်ကြံခြင်းအဆင့် အတူတူလောက်ပဲ ရှိတာပါ ၊ ဘာလို့ ဒီလိုစကားမျိုးပြောရတာလဲ…"
ထိုက်ယင်းနတ်သမီးက…
"ရှင်နဲ့ ကျွန်မက ကျင့်ကြံခြင်းအဆင့် သိပ်တော့ မကွာလှပါဘူး ၊ ဒါပေမဲ့ နတ်ဆေးကိုယ်တော် ပျံလွန်တော်မူသွားပြီးတဲ့နောက် ရှင့်မှာ အားကိုးမရှိတော့ဘူးမဟုတ်လား…"
ယွဲ့ကွမ်းဗောဓိသကျက အေးဆေးသည့်လေသံဖြင့်…
"ကျုပ်က ကိုယ့်ဟာကိုယ်ရပ်တည်တဲ့သူပါ ၊ ဘယ်သူ့ကိုမှ အားမကိုးပါဘူး…"
ထိုက်ယင်းနတ်သမီးက ပြုံးလိုက်ရင်း…
"အဲဒီစကားတွေ ခုံရွှမ်းနဲ့ စန်းရှောင်ကိုပဲ သွားပြော ၊ ကျွန်မကတော့ မယုံဘူး…"
ခုံရွှမ်းနှင့် စန်းရှောင်ဆိုသည်မှာ နှယ်နှယ်ရရပုဂ္ဂိုလ်များ မဟုတ်ကြပေ။ ကျင်းရှန်းနတ်ဘုရား (၁၂)ပါးကိုပင် သွားရောက်ရန်စရဲကြသူများဖြစ်ကြလေသည်။ နောက်ဆုံး မနိုင်လွန်းသောကြောင့် ယွမ်စီထျန်းကျွင်းကိုယ်တိုင် ပညာပေးခဲ့ရလေသည်။
ထိုက်ယင်းနတ်သမီး၏စကားကြောင့် ယွဲ့ကွမ်းဗောဓိသကျက ဒေါသထွက်သွားခြင်း မရှိပေ။
သို့သော်… သူက ဂါထာတစ်ပုဒ်ရွတ်ဖတ်လိုက်လေသည်။ ထိုအခါ သူ၏ခန္ဓာကိုယ်မှ အသက်ဓာတ်စွမ်းအားများ မြင့်တက်လာပြီး သူ၏နောက်တွင် သူ့ကိုကိုးကွယ်ကြသည့် မရေမတွက်နိုင်သည့် နတ်ဘုရားများ ၊ လူသားများ ထွက်ပေါ်လာကြလေသည်။
ထိုက်ယင်းနတ်သမီး၏ မျက်နှာထားက တည်ကြည်လေးနက်နေလေသည်။
ယွဲ့ကွမ်းဗောဓိသကျ ရွတ်ဖတ်နေသည့် ဂါထာမှာ ကွမ်ယင်မယ်တော်တီထွင်ထားသည့် ဂါထာတစ်ပုဒ်ဖြစ်လေသည်။ လူအများက ထိုဂါထာကို သိကြသော်လည်း ဂါထာ၏အနှစ်သာရကို မသိလျှင် အစွမ်းမထက်နိုင်ပေ။
ယွဲ့ကွမ်းဗောဓိသကျ၏ တန်ခိုးစွမ်းအားများ မြင့်တက်လာပြီး သူ၏ခန္ဓာကိုယ်မှ စိမ်းပြာရောင် အလင်းတန်းများ ထွက်ပေါ်လာလေ၏။ ထိုတန်ခိုးစွမ်းအားမှာ သန့်စင်သည့် ဇင်ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအား ဖြစ်လေသည်။
ထိုက်ယင်းနတ်သမီးက လှုပ်ရှားခြင်း မရှိပေ။
သူမက ယွဲ့ကွမ်းဗောဓိသကျကို စိုက်ကြည့်နေလေသည်။
အတန်ကြာမှ… သူမက ညာဘက်လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။ ထိုအလင်းတန်းမှာ ကြည်လင်သည့် ရေခဲမှုံလေးများ ထွက်ပေါ်လာပြီး ယွဲ့ကွမ်းဗောဓိသကျ၏ စိမ်းပြာရောင်အလင်းတန်းများရှိရာသို့ ဝင်ရောက်သွားလေသည်။
စိမ်းပြာရောင်အလင်းတန်းများနှင့် ရေခဲမှုံလေးများ ထိခိုက်မိသွားသည့်အခါ (၂)ခုစလုံး ပျောက်ကွယ်သွားပြီး အခြေအနေက မူလအတိုင်း ပြန်ဖြစ်သွားလေသည်။
ယွဲ့ကွမ်းဗောဓိသကျက နောက်ထပ်ဂါထာတစ်ပုဒ်ကို ဌာန်ကရိုင်းကျကျဖြင့် ရွတ်ဖတ်လိုက်ပြန်သည်။ ထိုအခါ လေထဲတွင် ဖန်သားအလားကြည်လင်သည့် ရေခဲတံတိုင်းတစ်ခု ပေါ်လာလေ၏။
ထိုက်ယင်းနတ်သမီးက အံ့သြသွားခြင်းမျိုး မရှိဘဲ လက်ဖဝါးနှစ်ဖက်ကို ဖြန့်ကာ ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ထိုအခါ ဖန်သားတံတိုင်းသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေသည်။
ထို့နောက် ထိုက်ယင်းနတ်သမီးက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး မဟာကျားရဲ့ကိုယ်တော်ကြီး၏ ရုပ်တုနားသို့ တိုးကပ်သွားလေသည်။
သို့သော်… ရုတ်တရက် လရောင်များ လင်းလက်လာပြီး ယွဲ့ကွမ်းဗောဓိသကျက သူ့ကို တားဆီးထားလိုက်လေသည်။
ယွဲ့ကွမ်းဗောဓိသကျက ပြုံးလိုက်ရင်း…
"ထိုက်ယင်းနတ်သမီး ၊ မင်း မဟာကျားရဲ့ရုပ်တုတော်ကို ယူသွားမယ်ဆိုရင်တော့ ကျုပ်ဘုန်းကြီးက ခွင့်မပြုနိုင်ဘူးနော်…"
ယွဲ့ကွမ်းဗောဓိသကျ၏စကားကြောင့် ထိုက်ယင်းနတ်သမီးက အနည်းငယ်စိတ်တိုသွားပုံရလေသည်။
သူမ၏အနောက်ဘက်မှ မိစ္ဆာသစ်ပင်တစ်ပင်ထွက်ပေါ်လာလေသည်။ သစ်ပင်အရိပ်များက ယိမ်းထိုးနေပြီး သစ်ပင်မှ ပန်းပွင့်များ၏ မွှေးရနံ့က နေရာအနှံ့သို့ ဖုံးလွှမ်းသွားလေသည်။
မိစ္ဆာသစ်ပင်၏မွှေးရနံ့များက ယွဲ့ကွမ်းဗောဓိသကျ၏ လရောင်ခြည်များအားလုံးကို စုပ်ယူပစ်လိုက်လေသည်။
မိစ္ဆာသစ်ပင်အောက်တွင် ထိုက်ယင်းနတ်သမီး၏ခန္ဓာကိုယ်မှာ တောက်ပလင်းလက်နေလေရာ ယွဲ့ကွမ်းဗောဓိသကျ၏ လရောင်ခြည်ပင်လျှင် မှေးမှိန်သွားရလေသည်။
ထိုမိစ္ဆာသစ်ပင်မှာ လနတ်သမီးဟန်အယ် (လနတ်သမီးချန်ဝေါ်) ၏ သစ်ပင်ဖြစ်လေသည်။ ကျန့်ယွမ်ကျီနတ်မင်းကြီး၏ ဂျင်ဆင်းဆေးပင်ကဲ့သို့ပင် တန်ခိုးစွမ်းအား အလွန်မြင့်မားလေသည်။
ယွဲ့ကွမ်းဗောဓိသကျသည် ကျင့်ကြံသူလောကတွင် အတော်ဆုံးတစ်ယောက်မဟုတ်ပေ။
ထို့ကြောင့် ထိုက်ယင်းနတ်သမီးက လနတ်သမီးချန်ဝေါ်၏ မိစ္ဆာသစ်ပင်ကို ထိုက်ယင်းနတ်သမီးက ဆင့်ခေါ်လိုက်သည့်အခါ ယွဲ့ကွမ်းဗောဓိသကျအတွက် အခက်တွေ့သွားရလေသည်။
ယွဲ့ကွမ်းဗောဓိသကျ အခက်တွေ့သွားသည်ကို တွေ့လိုက်ရသည်နှင့် ထိုက်ယင်းနတ်သမီးက အပြုံးပါးပါးလေးတစ်ချက် ပြုံးလိုက်လေသည်။ ယနေ့တိုက်ပွဲတွင် သူမအနိုင်ရပေတော့မည်။
သို့သော်… သူမထင်သလို ဖြစ်မလာခဲ့ပေ။
သူက ဂါထာတစ်ပုဒ်ကို ထပ်မံရွတ်ဖတ်လိုက်လေသည်။ ထိုအခါ မီးများတောက်လောင်နေသည့် ရှေးဟောင်း ခေါင်ရမ်းပန်းပင်ကြီးတစ်ပင်ပေါ်လာပြီး မိစ္ဆာသစ်ပင်မှ မွှေးရနံ့များကို ချက်ချင်းပင် ထိန်းချုပ်ထားလိုက်လေသည်။
ဝတ်ကျောင်းတော်ကြီးတစ်ခုလုံး ရုတ်တရက် အပူရှိန်များ မြင့်တက်လာလေသည်။
ရှေးဟောင်းသစ်ပင် (၂)ပင် တစ်ပင်နှင့်တစ်ပင် ရိုက်ခတ်မိသွားကြသည့်အခါ ဝတ်ကျောင်းတော်အတွင်း ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လာလေသည်။
ထို့နောက် ဝတ်ကျောင်းတော်အတွင်းမှ ပြိုကျပျက်စီးသံများထွက်ပေါ်လာပြီး မဟာကျားရဲ့ရုပ်တုကြီးမှ အလင်းရောင် တစ်ချက်လင်းလက်သွားလေသည်။ ထို့နောက် တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီးကို တွင်းနက်ကြီးအလား စုပ်ယူလိုက်လေတော့သည်။
ရုပ်တုကြီးမှာ အသက်ဝင်လာသည့်အလား ထင်မှတ်ရလေသည်။
ရှေးဟောင်းခေါင်ရမ်းပင်ကြီးကို တွေ့မြင်လိုက်သည်နှင့် ယွဲ့ကွမ်းဗောဓိသကျသည် ယနေ့ညတိုက်ပွဲအတွက် သေသချောချာ ပြင်ဆင်လာသည်ကို ထိုက်ယင်းနတ်သမီး သဘောပေါက်လိုက်သည်။
သူမ၏ ဆရာဖြစ်သူ ခိုင်းလိုက်သည့်အလုပ်ကို ယွဲ့ကွမ်းဗောဓိသကျက တားဆီးနေခဲ့လေပြီ။
သို့သော်… တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီးကြောင့် သူတို့ (၂)ယောက်စလုံး ဒဏ်ရာအပြင်းအထန် ရသွားကြလေရာ သူတို့ (၂)ယောက်လုံး စကားမပြောတော့ဘဲ ဝိညာဉ်စွမ်းအားများကို စုစည်းကာ ဒဏ်ရာအမြန်ပျောက်ကင်းအောင် ကုသနေလိုက်ကြလေသည်။
ထိုအချိန်တွင်… လေပြင်းတစ်ချက် တိုက်ခတ်လာလေသည်။
သို့သော်… ယွဲ့ကွမ်းဗောဓိသကျနှင့် ထိုက်ယင်းနတ်သမီး၏ အဆင့်ဖြင့်ပင် ထိုလေပြင်းမှာ မည်သူဖြစ်သည်ကို မသိရှိနိုင်ခဲ့ကြပေ။
သူတို့ (၂)ယောက်လုံးမှာ ဒဏ်ရာရထားသည့်တိုင် လေပြင်းတိုက်ခတ်ရာနေရာသို့ တစ်ပြိုင်နက်တည်း တန်ခိုးစွမ်းအားအလင်းတန်းများထုတ်ဖော်ကာ တိုက်ခိုက်လိုက်ကြလေသည်။
ထိုအခါ… လေပြင်းတိုက်ခတ်လာသည့်နေရာတွင် ထိုက်ချိသင်္ကေတတစ်ခုပေါ်လာပြီး အလင်းတန်း (၂)ခုလုံးကို ရိုက်ချပစ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် လေပြင်းသည် မဟာကျားရဲ့ကိုယ်တော်ကြီး၏ ရုပ်တုရှိရာသို့ ဝင်ရောက်သွားပြီး ရယ်မောသံတစ်ချက် ထွက်ပေါ်လာလေသည်။
"တာအိုရောင်းရင်းဝမ်ရှီတောက် ၊ ကျုပ်တို့ ရောက်လာတာ အချိန်ကိုက်ပဲ ၊ မဟာကျားရဲ့ကိုယ်တော်ကြီးရဲ့ ရုပ်တုက အရံအတားက ပျက်စီးနေပြီ…"
ကိုယ်ရောင်ဖျောက်ထားသည့် ဆန်းလျန်က ထူးဆန်းတာတွေတော့ဖြစ်လာပြီဆိုသည့် အကြည့်မျိုးဖြင့် ကျောက်ရှောင်ယွီကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။
သို့သော်… မြင်တွေ့ရခြင်းမရှိသည့် တိုက်ခတ်လာသည့် လေပြင်းသည် ဆက်လက်ရယ်မောနိုင်ခြင်း မရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် မဟာကျားရဲ့ရုပ်တုကြီး လှုပ်ရှားလာပြီး ကြာပလ္လင်ထက်မှ ဆင်းလာသောကြောင့် ဖြစ်လေသည်။ ရုပ်တုကြီးအသက်ဝင်လာသည်မှာ ထင်ရှားနေလေသည်။
ထို့နောက် ရုပ်တုကြီးက သူ၏လက်တစ်ဖက်ကို ဓားတစ်လက်အလား ဝှေ့ရမ်းလိုက်ပြီး လေပြင်းတိုက်ခတ်လာရာနေရာသို့ ရိုက်ချလိုက်လေသည်။ မမြင်ရသည့်လေပြင်းသည် လုံးဝလွတ်လမ်းရှိတော့မည် မဟုတ်ပေ။
လေအသွင်ဖြင့် တိုက်ခတ်လာသူမှာ ပေဖုန်းဖြစ်လေသည်။
မဟာကျားရဲ့ရုပ်တုကြီး၏ လက်ဖြင့် ရိုက်ချခံလိုက်ရသည်နှင့် ပေဖုန်းထံမှ "အား" ခနဲ နာကျင်စွာ အော်ဟစ်သံတစ်ချက်ထွက်ပေါ်လာလေသည်။
စက္ကန့်ဝက်မျှကြာသည့်အခါ မမြင်ရသည့်လေထုအတွင်းမှ သွေးများ စီးဆင်းကျလာသည်ကို အားလုံး တွေ့မြင်လိုက်ကြရလေသည်။
ဝတ်ကျောင်းတော်အပြင်ဘက်တွင်ရှိနေသည့် ဝမ်ရှီတောက်၏မျက်နှာမှာ မြင်ကွင်းကိုကြည့်ပြီး ဖြူဖပ်ဖြူလျော် ဖြစ်သွားလေသည်။
ထို့နောက် မဟာကျားရဲ့ရုပ်တုကြီးက ဝမ်ရှီတောက်နှင့် ထိုက်ယင်းနတ်သမီးကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်လေသည်။ သို့သော်… ယွဲ့ကွမ်း ဗောဓိသကျကိုတော့ တိုက်ခိုက်ခြင်း မရှိပေ။
ဝမ်ရှီတောက်နှင့် ထိုက်ယင်းနတ်သမီးမှာ သူတို့၏ နှလုံးသားကို ကြီးမားသည့်တန်ခိုးစွမ်းအားတစ်ခုက ဖိနှိပ်ထားသလို ခံစားလိုက်ကြရလေသည်။
ဘဝတစ်လျှောက်လုံးကျင့်ကြံခဲသည့် တန်ခိုးစွမ်းအားများ အားလုံး ၊ မရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ကြသည့် ကျင့်စဉ်များ ၊ လျှို့ဝှက်အင်းသင်္ကေတများ … ၊ အရာအားလုံးသည် ချက်ချင်း လျော့နည်းသွားသလို ခံစားလိုက်ကြရလေသည်။
ထို့ကြောင့် သူတို့သည် မဟာကျားရဲ့ရုပ်တုကြီးမှ ထုတ်လွှတ်နေသည့် တန်ခိုးစွမ်းအားများကို အသဲအသန် ခုခံကာကွယ်ထားလိုက်ကြလေသည်။
မခုခံပါက အသက်ပျောက်သွားနိုင်ဖွယ်ရှိလေ၏။
သူတို့၏ မျက်နှာများ ဖြူဖပ်ဖြူလျော်ဖြစ်နေကြပြီး သူတို့အနေဖြင့် ယခင်ကကျင့်ကြံထားသည့် တန်ခိုးစွမ်းအားများ ပြန်လည်ရရှိအောင် အချိန်မည်မျှကြာကြာ ကျင့်ကြံရမည်လဲ မသိနိုင်တော့ပေ။
နောက်ဆုံးတော့ သူတို့ (၂)ယောက်သည် အလင်းတန်း (၂)ခုအဖြစ်ဖန်ဆင်းကာ ထွက်ပြေးပျောက်ကွယ်သွားကြလေတော့သည်။
မဟာကျားရဲ့ရုပ်တုကြီးက သူတို့ (၂)ယောက်ကို ဖမ်းဆီးရန်အတွက် ဝတ်ကျောင်းတော်အဝင်ဝအထိ လိုက်သွားလေသည်။
သို့သော်… ဝတ်ကျောင်းတော်အဝင်ဝသို့ ရောက်သည့်အခါတွင်တော့ ရုပ်တုကြီးက ဆက်မလိုက်တော့ဘဲ ရပ်တန့်လိုက်လေသည်။
ယွဲ့ကွမ်းဗောဓိသကျက ပြုံးလိုက်ရင်း…
"နောက်ဆုံးတော့ မဟာကျားရဲ့ကိုယ်တော်ကြီးကို မြင်တွေ့ခွင့်ရပြီ…"
ဟု ပြောလိုက်သည်။
သို့သော်… ယွဲ့ကွမ်းဗောဓိသကျ မျက်နှာပျက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် မဟာကျားရဲ့ကိုယ်တော်ကြီး၏ ရုပ်တုက လက်တစ်ဖက်မြှောက်လိုက်ကာ သူ့ထံသို့ ထိုးစိုက်ချလိုက်သောကြောင့် ဖြစ်လေသည်။
မည်သို့မှ ရှောင်တိမ်းရန် မဖြစ်နိုင်တော့သည့်အတွက် အလွန်တုန်လှုပ်သွားလေသည်။
သို့သော်… ရုပ်တုကြီး၏လက်က သူ့ကို ထိုးစိုက်ချလိုက်ခြင်းမဟုတ်ဘဲ သူ့နောက်မှ တစ်စုံတစ်ခုကို ညွှန်ပြနေခြင်းဖြစ်သည်ကို ရိပ်မိလိုက်သည်။
ယွဲ့ကွမ်းဗောဓိသကျက အနောက်သို့ လှည့်ကြည့်လိုက်လေသည်။ သို့သော်… မည်သည့်အရာမှ မတွေ့ရပေ။
ထိုအခါ မဟာကျားရဲ့ရုပ်တုကြီး၏လက်က တစ်ချက်လှုပ်ရှားသွားပြီး လေထဲတွင် ထူးဆန်းသည့် သင်္ကေတအချို့ကို ရေးဆွဲလိုက်လေသည်။
ထိုအခါ တာအိုဆရာလူငယ်လေးတစ်ယောက် ပေါ်လာလေသည်။
တာအိုဆရာလူငယ်ပေါ်လာသည်နှင့် မဟာကျားရဲ့ရုပ်တုကြီး၏လက်က တာအိုဆရာလူငယ်ကို ရိုက်ချလိုက်လေသည်။
သို့သော်… ထိုတာအိုဆရာလူငယ်လေးက လက်နှစ်ချောင်းဖြင့် ထိုးညွှန်ကာ မဟာကျားရဲ့ရုပ်တုမှ လက်ကို ထိန်းချုပ်ထားလိုက်လေတော့သည်။
တာအိုဆရာလူငယ်၏မျက်နှာက အလွန်ပင် တည်ငြိမ်လွန်းလှလေသည်။ ထိုလူငယ်မှာ ဆန်းလျန်ပင် ဖြစ်လေတော့သည်။
***