မဟာပညာဓားသိုင်း
Vol. 9 Ch. 855
ယွဲ့ကွမ်းဗောဓိသကျမှာ အလွန်တရာ အံ့သွားလေသည်။
မဟာကျားရဲ့ရုပ်တုကြီး၏ ရိုက်ချက်ကို ထိုမျှလွယ်လွယ်ကူကူ ထိန်းချုပ်လိုက်သူမှ မည်သူဖြစ်ပါသနည်း။
ယွဲ့ကွမ်းဗောဓိသကျက လူငယ်ကို သေသေချာချာ အကဲခတ်လိုက်လေသည်။ ထိုအခါ လူငယ်၏ တန်ခိုးစွမ်းအားများမှာ အလွန်မြင့်မားသည်ကို သိရှိလိုက်ရလေသည်။
ထို့နောက်… လူငယ်၏ဘေးတွင် နတ်သမီးတစ်ပါး ပေါ်လာလေသည်။
ထိုနတ်သမီးမှာ ထိုက်ယင်းနတ်သမီးထက် အဆပေါင်းများစွာ ချောမောလှပပြီး ခမ်းနားသူဖြစ်လေသည်။
ထိုအချိန်ခဏအတွင်းမှာပင် မဟာကျားရဲ့ရုပ်တုကြီးက တစ်ချက်တုန်လှုပ်သွားပြီး ငြိမ်သက်သွားလေတော့သည်။
ယွဲ့ကွမ်းဗောဓိသကျက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်…
"လက်စသတ်တော့ ဆန်းလျန်ထျန်းကျွင်းကိုး… ၊ ဆန်းလျန်ထျန်းကျွင်းကို နောက်ဆုံးတော့ တွေ့ခွင့်ရပြီပေါ့…"
ဆန်းလျန်က…
"ဒီက ဗောဓိသကျက ကျုပ်ကို သိလို့လား…"
ယွဲ့ကွမ်းဗောဓိသကျက ပြုံးလိုက်ရင်း…
"ထျန်းကျွင်းက ကျုပ်ကို မသိပေမယ့် ကျုပ်တို့က ရေစက်ရှိကြတဲ့သူတွေပါ…"
ဆန်းလျန်၏မျက်ဝန်းများက တစ်ချက်လက်ခနဲတောက်ပသွားပြီး ယိလမ်းစဉ်ကို အသုံးပြုကာ သူနှင့် ယွဲ့ကွမ်းဗောဓိသကျ၏ ပတ်သက်ဆက်နွယ်မှုကို ကြည့်လိုက်လေသည်။
ထိုအခါ ဆန်းလျန်၏စိတ်အာရုံထဲတွင် ဗုဒ္ဓဘာသာ ဝတ်ကျောင်းတော်ကြီးတစ်ခုကို တွေ့မြင်ရလေသည်။ ထိုဝတ်ကျောင်းတော်ကြီးအတွင်းတွင် စေတီတစ်ဆူလည်း ရှိနေလေသည်။ ထိုစေတီတော်ထဲတွင် ဓာတ်တော်တစ်ခု ရှိနေလေသည်။ ထိုဓာတ်တော်မှ အလင်းရောင်များလင်းလက်နေပြီး အလင်းရောင်များမှ ဗောဓိသကျတစ်ပါး၏ ပုံသဏ္ဍန် ထွက်ပေါ်လာလေသည်။
ထိုဗောဓိသကျမှာ သူ့ရှေ့မှ ယွဲ့ကွမ်းဗောဓိသကျပင် ဖြစ်လေသည်။
အချိန်ကာလများစွာကို ဖြတ်သန်းခဲ့ပြီး နောက်ထပ်ပုံရိပ်များလည်း ဆန်းလျန်၏ စိတ်အာရုံတွင် ထင်မြင်လာလေသည်။ သို့သော်… ပုံရိပ်များက ရှင်းလင်းခြင်းမရှိဘဲ ေ၀ဝါးနေလေ၏။
ဆန်းလျန်က…
"အင်း… ဆရာတော်ပြောတာ ဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ ဒီနေ့တော့ မဟာကျားရဲ့ကိုယ်တော်ကြီးထားခဲ့တဲ့ ဓမ္မအမွေအနှစ်ကို ဆရာတော်ယူသွားခွင့်မပြုနိုင်ဘူး…"
ယွဲ့ကွမ်းဗောဓိသကျက…
"ကျုပ်ဘုန်းကြီးက ဆန်းလျန်ထျန်းကျွင်းကို အံမတုဝံ့ပါဘူး ၊ ဒါပေမဲ့ မီလဲ့ကိုယ်တော်က အမှာရှိလိုက်ပါတယ် ၊ သုခဘုံရဲ့ ရတနာရှစ်ပါးရေကန်ဘေးမှာ ထျန်းကျွင်းကို စောင့်နေပါမယ်တဲ့…"
ဆန်းလျန်က ရုတ်တရက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လေထုအလွှာများကို ဖြတ်သန်းကာ ကောင်းကင်ထက်မှ ဗုဒ္ဓရောင်ခြည်အလင်းတန်းကို ဖမ်းယူဆုပ်ကိုင်လိုက်လေသည်။
ထို့နောက်ဆန်းလျန်က ပြုံးလိုက်ရင်း…
"မီလဲ့ကိုယ်တော်က ကျုပ်ကိုတွေ့ချင်တာ သူကိုယ်တိုင်မပြောဘဲ ဆရာတော်ကို ဘာလို့ပြောခိုင်းရတာလဲ ၊ ကျုပ်က ဆရာတော်ကို သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ…"
ဆန်းလျန်၏ လက်တွင်းမှ ဗုဒ္ဓရောက်ခြည်သည် ယွဲ့ကွမ်းဗောဓိသကျ၏ ကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။
မီလဲ့ကိုယ်တော်က ဆန်းလျန်ကို ထိုသို့ အမှာစကားပါးလိုက်သည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်၏ ရည်ရွယ်ချက်ကို မီလဲ့ကိုယ်တော်က သိရှိထားဟန် ရှိလေသည်။
ဆန်းလျန်သာ သူ၏ကျင့်စဉ်လမ်းအတွက် ဆက်လက်ကျင့်ကြံရန် လိုအပ်ချက်မရှိလျှင် သူ့အနေဖြင့် ဗောဓိပင်ကို ရှာဖွေစရာအကြောင်း မရှိပေ။
ဆန်းလျန်က လက်ဖဝါးများကို အသာဖြန့်လိုက်သည့်အခါ ဗုဒ္ဓရောင်ခြည်အလင်းတန်းများသည် ကောင်းကင်ထက်သို့ ပြန်လည်ပျံသန်းထွက်ခွာသွားလေသည်။ ဤသည်မှာ မီလဲ့ကိုယ်တော်သိရှိစေရန် ဆန်းလျန်က သတိပေးလိုက်ခြင်း ဖြစ်လေသည်။
ယွဲ့ကွမ်းဗောဓိသကျက မျက်မှောင်တစ်ချက်ကြုတ်လိုက်လေသည်။ သူက ဆန်းလျန်သည် အနောက်ဘက်ကောင်းကင်ဘုံမှ သုခဘုံသို့သွားမည်ကို အနည်းငယ် စိတ်ပူပန်နေခဲ့လေသည်။
ယွဲ့ကွမ်းဗောဓိသကျက…
"ကျုပ်အသက်က ထျန်းကျွင်းရဲ့လက်ထဲမှာပါ ၊ မီလဲ့ကိုယ်တော်လည်းကျုပ်အသက်ကိုမပိုင်သလို ကျုပ်ကိုယ်တိုင်လည်း ကျုပ်အသက်ကို မပိုင်ပါဘူး ၊ အားလုံးက ထျန်းကျွင်းအပေါ်ဘဲ မူတည်ပါတယ်…"
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
"ဆန်းလျန်ရေ… ရှင်ကတော့ အတော်လေးကြောက်စရာကောင်းနေပါလား ၊ ဗောဓိသကျတစ်ပါးကတောင် သူ့အသက်က ရှင့်လက်ထဲမှာဆိုပြီး ရှင့်ရှေ့မှာ လည်စင်းခံနေပါလား…"
ကျောက်ရှောင်ယွီ၏စကာကြောင့် ယွဲ့ကွမ်းဗောဓိသကျက ပြုံးလိုက်ရင်း…
"ကျုပ်ဘုန်းကြီးသာ ထျန်းကျွင်းကို တိုက်ခိုက်မယ်ဆိုရင် ဘယ် အသက်ရှင်နိုင်ပါ့မလဲ ၊ အသက်ဉာဏ်စောင့်ဆိုသလို နေထိုင်ရတာပေါ့…"
ဆန်းလျန်ကပေါ့ပေါ့ပါးပါးလေသံဖြင့်…
"ကျုပ်ကြားဖူးတာတော့ နတ်ဆေးကိုယ်တော်လျိုလီမှာ တပည့် (၂)ယောက်ရှိတယ်လို့ ကြားဖူးတယ် ၊ တစ်ယောက်က ယွဲ့ကွမ်းဗောဓိသကျ ၊ နောက်တစ်ယောက်က ရစ်ကွမ်းဗောဓိသကျတဲ့ ၊ ခုန မီးတောက်ခေါင်ရမ်းပင်ကြီးက ဆရာတော် ရစ်ကွမ်းဗောဓိသကျဆီက ငှားလာတာလား…"
(ယွဲ့ကွမ်း = လရောင် ၊ ရစ်ကွမ်း = နေရောင် - ဘာသာပြန်သူ)
ဆန်းလျန်၏စကားကို ယွဲ့ကွမ်းဗောဓိသကျက ခေါင်းညိတ်အဖြေပေးလိုက်လေသည်။
ဆန်းလျန်က…
"ရစ်ကွမ်းဗောဓိသကျနဲ့ နေစကြာတထာဂတသက ဘယ်လိုပတ်သက်မှုမျိုး ရှိသလဲ ဆရာတော် သိလား…"
ဆန်းလျန်၏ အမေးစကားကြောင့် ယွဲ့ကွမ်းဗောဓိသကျ၏ စိတ်ထဲတွင် တစ်ချက် တုန်လှုပ်သွားလေသည်။
"အဲဒါတော့ ကျုပ်ဘုန်းကြီးလည်း မသိပါဘူး…"
ဆန်းလျန်က …
"ကျုပ်က ဆရာတော်ကို သတ်မယ်လို့ ထင်လား…"
ယွဲ့ကွမ်းဗောဓိသကျက မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…
"ထျန်းကျွင်းရဲ့ စိတ်သဘောထားကို ထျန်းကျွင်းပဲ သိပါလိမ့်မယ် ၊ ကျုပ်က ဟုတ်တယ်လို့ ပြောလည်း ထျန်းကျွင်းက မသတ်ချင်ရင်လွှတ်ပေးမှာပါပဲ ၊ ကျုပ်က မဟုတ်ဘူးလို့ပြောလည်း ထျန်းကျွင်းက သတ်ချင်ရင်သတ်မှာပါပဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"အဖြေက စိတ်ဝင်စားစရာကောင်းတယ် ၊ ဒါပေမဲ့ ကျုပ် ဆရာတော်ကို မသတ်ပါဘူး…"
ဆန်းလျန်၏ အဖြေကိုကြားရတော့မှ ယွဲ့ကွမ်းဗောဓိသကျက စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။
သို့သော်… သူ၏ သက်ပြင်းချသံ အဆုံးမသတ်သေးခင်မှာပင် မရဏဓားတစ်လက်က သူ၏နောက်ကျောမှ ထုတ်ချင်းပေါက်အောင် ထိုးစိုက်ချလိုက်လေတော့သည်။
ယွဲ့ကွမ်းဗောဓိသကျ၏ခန္ဓာကိုယ်မှ သွေးများ ဖြာကျလာလေသည်။ ထို့နောက် မည်သို့ဖြစ်မှန်း မသိလိုက်ခင်မှာပင် လဲကျငြိမ်သက်သွားလေတော့သည်။
ကျောက်ရှောင်ယွီက…
"ဘယ်သူ့ကိုမှ ညှာလို့ မရဘူးလေ…"
ငရဲလမ်းဓားသည် ယွဲ့ကွမ်းဗောဓိသကျ၏အလောင်းကို (၃)ကြိမ်တိတိလှည့်ပတ်လိုက်ပြီး ကျောက်ရှောင်ယွီလက်ထဲသို့ ပြန်ရောက်သွားလေသည်။
ငရဲလမ်းဓားသည် တန်ခိုးစွမ်းအားမြင့်မားသည့် ဗောဓိသကျတစ်ပါးကို သတ်လိုက်ရသည့်တိုင် အရေးမပါသည့်အလား တည်တည်ငြိမ်ငြိမ်ပင် ရှိလေသည်။
ကျောက်ရှောင်ယွီက ငရဲလမ်းဓား၏ သွေးအေးရက်စက်ပုံကို သဘောကျသွားလေသည်။
သူမက ဓားကိုကြည့်ပြီး ပြောလိုက်သည်။
"နောက်တစ်ခါကျ ငါတို့တွေ မီလဲ့ကိုယ်တော်ကို သတ်ကြတာပေါ့…"
ကျောက်ရှောင်ယွီ၏ စကားသံကိုကြားသည်နှင့် ငရဲလမ်းဓားက ဓားခြိမ်းသံတစ်ချက် ပြုလုပ်လိုက်လေသည်။
ထိုအချိန်မှာပင်…
အနောက်ဘက်ကောင်းကင် ၊ သုခဘုံရှိ လုန်ဟွာသစ်ပင်အောက်တွင်ထိုင်နေသည့် မီလဲ့ကိုယ်တော်မှာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည့် ခံစားချက်ကို ခံစားလိုက်ရလေသည်။
သူက စိတ်အာရုံဖြင့် ကြည့်လိုက်ရာ ယွဲ့ကွမ်းဗောဓိသကျ သေဆုံးသွားပြီကို သိရှိလိုက်လေသည်။ သူ၏မျက်နှာထက်တွင် ကြောက်မက်ဖွယ်ရာအပြုံးတစ်ခုပေါ်လာပြီး သူ၏ အမျက်ဒေါသသည် ရူပနတ်ဘုရားမင်းကြီးတစ်ပါးအလား ကြောက်စရာ ကောင်းလွန်းလှလေသည်။
ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"မီလဲ့ကိုယ်တော်ကို သတ်ဖို့ဆိုတာ လွယ်တယ်များထင်နေသလား ၊ ငရဲလမ်းဓားတစ်လက်တည်းနဲ့တော့ မီလဲ့ကိုယ်တော်ကို ဘယ်လိုလုပ် သတ်နိုင်မှာတဲ့လဲ…"
ကျောက်ရှောင်ယွီက…
"ဘယ်ပြောလို့ရနိုင်မှာလဲ…"
ဆန်းလျန်၏ စိတ်ထဲတွင် တိကျန်ဗောဓိသကျကို သတိရသွားမိလေသည်။
လက်ရှိအချိန်တွင် တိကျန်ဗောဓိသကျသည် မီလဲ့ကိုယ်တော်ထက်ပင် တန်ခိုးစွမ်းအား မြင့်မားသူ ဖြစ်လေသည်။
ဆန်းလျန်က…
"အပြောလည်းမကြီးနဲ့ဦး ၊ မင်းလည်း မဟာကျားရဲ့ကိုယ်တော်ကြီးရဲ့ဓားသိုင်းကို အခုပဲ တွေ့ထားတာနော်…"
ကျောက်ရှောင်ယွီက…
"မဟာကျားရဲ့ကိုယ်တော်ကြီးရဲ့ ဓားသိုင်းက ဒီလောက်လည် အစွမ်းမထက်လှပါဘူး…"
ဆန်းလျန်က…
"ဒီ ရုပ်တုကြီးက မဟာကျားရဲ့ကိုယ်တော်ကြီးရဲ့ တန်ခိုးစွမ်းအား နည်းနည်းလောက်ပဲ ကျန်ခဲ့တဲ့ ရုပ်ပွားတစ်ခုပဲ ၊ ဒါတောင် သူလက်တစ်ဖက်မြှောက်လိုက်တာနဲ့ ဘယ်သူမှ မခံနိုင်ကြဘူး ၊ ထိုက်ယီထျန်းရှန်းအောက်အဆင့်နိမ့်တဲ့ ဘယ်နတ်ဘုရားမဆို ဒီ ဓားသိုင်းကို ရှောင်နိုင်မှာ မဟုတ်ဘူး ၊ ဒီဓားသိုင်းကို မဟာကျားရဲ့ကိုယ်တော်ကြီးကတော့ ဘယ်လိုနာမည်ပေးခဲ့လည်း မသိပေမယ့် ကျုပ်ကတော့ မဟာပညာဓားလို့ အမည်ပေးချင်မိတယ်…"
ဗုဒ္ဓဘာသာ၏အနှစ်သာရမှ ပညာပင် ဖြစ်လေသည်။ ပညာ၏အနှစ်သာရမှာ မသေနိုင်သည့် နိဗ္ဗာန်သို့ ဦးတည်လေ၏။
သို့သော်… တကယ်တမ်း ဗုဒ္ဓလမ်းပြခဲ့သည့် ပညာဆိုသည့်အရာကို တကယ်တမ်း နားလည်သိရှိသူဆို၍ လောကတွင် မရှိသလောက်ရှားလေသည်။
သို့သော်… ဗုဒ္ဓ၏ပညာဆိုသည့်အရာကို မဟာကျားရဲ့ကိုယ်တော်ကြီးကတော့ အနီးစပ်ဆုံး သိမြင်နိုင်ခဲ့သူဖြစ်လေသည်။
ကျောက်ရှောင်ယွီက…
"အဲဒီဓားသိုင်းက ရှင့်အတွက် တော်တော်လေး အသုံးဝင်သလား…"
ဆန်းလျန်က…
"ကျုပ်အတွက်မဟုတ်ဘူး ၊ မင်းအတွက် အသုံးဝင်တာ ၊ မင်းက လျန်ယိမြူခိုးသံလိုက်တန်ခိုးစွမ်းအားနဲ့ ငရဲလမ်းဓားကို ပေါင်းစပ်ပြီး ကျင့်ကြံထားတာ ၊ မင်းသာ ဒီ မဟာပညာဓားရဲ့ အနှစ်သာရကို သိအောင်ကြိုးစားနိုင်ရင် မင်းဟာ ဗုဒ္ဓဟောပြောခဲ့တဲ့ ပညာဆိုတဲ့အရာကို သိမြင်လာလိမ့်မယ် ၊ အဲဒါ မင်းအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အရာပဲ…"
ကျောက်ရှောင်ယွီက…
"ဒါဆို ကျွန်မကို သေချာရှင်းပြလေ…"
ဆန်းလျန်က…
"ဘာလို့ မင်းကို မဟာပညာဓားသိုင်းကို လေ့လာစေချင်ရသလဲဆိုတော့ မင်းက ဝူရှန်သိုင်းကွက်ကို ကျင့်ကြံထားတဲ့ လူတစ်ယောက်ဖြစ်လို့ပဲ ၊ ဝူရှန်သိုင်းကွက်ဟာ တကယ်တော့ မီလဲ့ကိုယ်တော်တီထွင်ခဲ့တဲ့ သိုင်းပညာတစ်ခုပဲ ၊ လော်ဝါဒတည်ထောင်သူဆရာသခင်ကလည်း ဗုဒ္ဓဘာသာရဲ့ အနတ္တတရားကို အခြေခံတယ် ၊ ဒါကြောင့် မင်းကျင့်စဉ်လမ်းအဆင့်တက်လာနဲ့အမျှ အနတ္တတရားကို နားလည်လည်လိမ့်မယ် ၊ အနတ္တတရားကို နားလည်ပြီဆိုတာနဲ့ မင်း အရာအားလုံးကို သိမြင်လာလိမ့်မယ်၊ ဒါပေမဲ့ အရာအားလုံးကို သိမြင်တာက ဘာကိုမှ မသိမြင်တာဖြစ်သလို ဘာကိုမှ မသိမြင်တာကလည်း အရာအားလုံးကို သိမြင်တယ်လို့ ခေါ်တယ် ၊ အဲဒါဟာ သစ္စာတရားပဲ ၊ ဒါပေမဲ့ ကြည်လင်တဲ့ ကန်ရေပြင်မှာထင်နေတဲ့ လရိပ်လိုပဲ သိသာသိပြီး လက်တွေ့မှာ ဘာမှလုပ်လို့မရဘူး ၊ ဒါပေမဲ့ မဟာပညာဓားကို လေ့လာလိုက်ရင်တော့ မင်းအတွက် ပညာလမ်းပွင့်သွားပြီး အနတ္တတရားကို လက်တွေ့အသုံးချသိမြင်နိုင်လိမ့်မယ်…"
ဆန်းလျန်ရှင်းပြသည်ကို ကျောက်ရှောင်ယွီ သဘောပေါက်သွားလေသည်။
"ရှင် ဒီလိုတွေနားလည်နေတာ အံ့သြစရာပါပဲ ၊ တကယ်ဆို ကျွန်မလည်း အရမ်းတော်တဲ့ ကျင့်ကြံသူတစ်ယောက်ပါ ၊ ဒါပေမဲ့ ရှင်နဲ့ယှဉ်လိုက်ရင် အမြဲတမ်း ရှင့်လောက်မသိဘူးဖြစ်နေတယ်… ရှင်သိသလောက်ရဲ့ တစ်ဝက်လောက်သိရင်ပဲ ကျေနပ်ပါပြီ…"
***