ဖြတ်တောက်ပစ်ခြင်း
Vol. 9 Ch. 856
ဗုဒ္ဓပြောခဲ့သည့်စကားအရဆိုလျှင် "ပန်းတစ်ပွင့် ၊ သစ်ရွက်တစ်ရွက် ၊ လောကတစ်ခု" ဟူ၍ ဖြစ်လေသည်။ ထို့ကြောင့် သုခဘုံသည် အခြားသောလောကများနှင့်မတူသည့် နေရာတစ်ခု ဖြစ်သည်မှာ သေချာလေသည်။
သုခဘုံသည် လင်စန်းတောင်မတိုင်ခင် ဖြစ်တည်ခဲ့သည့် နေရာတစ်ခု ဖြစ်လေသည်။ သုခဘုံဖြစ်တည်လာပြီးမှ လင်စန်းတောင်ဖြစ်ပေါ်လာခြင်း ဖြစ်လေ၏။ ထို့ကြောင့်လင်စန်းတောင်နှင့် သုခဘုံမှာ အမြဲတမ်း ယှဉ်တွဲနေသည်ဟု ဆိုနိုင်သည်။
ဗုဒ္ဓနှင့် တာအိုဆရာသခင်ထိုက်ယီတို့အကြားတွင် ယှဉ်ပြိုင်မှုများရှိခဲ့သော်လည်း တာအိုဆရာသခင်ထိုက်ယီနှင့် အနီးစပ်ဆုံးပတ်သက်ခဲ့သည့် လီချင်းဆွေသည်ပင် ထိုအကြောင်းများကို တစ်ခုမကျန် မသိနိုင်ပေ။ ထို့အတူ မီလဲ့ကိုယ်တော်သည်လည်း ဗုဒ္ဓ၏အကြောင်းအရာအားလုံးကို သိမြင်နိုင်လိမ့်မည် မဟုတ်ပေ။
မီလဲ့ကိုယ်တော်သည် သုခဘုံရှိ လုန်ဟွာသစ်ပင်အောက်တွင် ထိုင်နေလေသည်။ သုခဘုံသည် အရာအားလုံး ပြီးပြည့်စုံနေသည့် နေရာတစ်ခုဖြစ်သည်မှာ မငြင်းနိုင်ပေ။
ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားများ ၊ တာ့လော်အဆင့်နတ်ဘုရားများက ကောင်းကင်ဘုံများကို အသီးသီးဖွင့်လှစ်နိုင်ကြသည်ဆိုသော်ငြား ထိုကောင်းကင်ဘုံများသည် သုခဘုံနှင့်တူညီခြင်းမရှိပေ။
သုခဘုံသည် အော်မီတော်ဖူဘုရား ချန်ထားရစ်ခဲ့သည့် မြင့်မြတ်သန့်စင်သည့် နယ်မြေတစ်ခုဖြစ်လေ၏။
ထိုအချိန်မှာပင်…
သုခဘုံရှိရာသို့ နီလာရောင်ခြင်္သေ့ကြီးတစ်ကောင်ကို စီးလာသည့် ဗောဓိသကျတစ်ပါးရောက်လာလေသည်။
သူမက လက်ချောင်းလေးများကို အနည်းငယ်ကွေးထားသည့် လက်ဟန်ကိုပြုလုပ်ထားပြီး ဉာဏ်ပညာပုတီးတစ်ကုံးကို ကိုင်ဆောင်ထားလေသည်။
သူမကိုတွေ့မြင်ရသူ မည်သူမဆို နှလုံးသားထဲတွင် အသိဉာဏ်ပညာ မွေးဖွားလာမည် ဖြစ်လေသည်။
သူမကိုတွေ့သည်နှင့် မီလဲ့ကိုယ်တော်က တစ်ချက်ပြုံးပြကာကြိုဆိုလိုက်သည်။ ဗောဓိသကျက စီးတော်ဖြစ်သည့် နီလာရောင်ခြင်္သေ့ကြီးထက်မှ အသာအယာပင် ဆင်းလိုက်လေသည်။
မီလဲ့ကိုယ်တော်က…
"ဝန်စူးမယ်တော် ၊ မင်းရောက်လာတာ အချိန်ကောင်းပဲ ၊ ကျုပ် မင်းကို အကြံဉာဏ်တောင်းစရာ ရှိလို့…"
စီးတော်ခြင်္သေ့ကြီးကိုစီးပြီး သုခဘုံသို့ရောက်လာသူမှာ ဗုဒ္ဓဘာသာတွင် အသိဉာဏ်ပညာနတ်ဘုရားဟု ထင်ရှားသည့် ဝန်စူးမယ်တော်ပင် ဖြစ်လေသည်။ သူမသည် ဗုဒ္ဓဘာသာတွင် အသိဉာဏ်ပညာအမြင့်မားဆုံး ဗောဓိသကျ တစ်ပါး ဖြစ်လေ၏။
ဝန်စူးမယ်တော် ခွန်လွန်တောင်တွင် ကျင့်ကြံနေစဉ်က မီလဲ့ကိုုယ်တော် ကျင့်စဉ်လမ်းသို့ လျှောက်လှမ်းကာစ အချိန်မျှသာ ရှိသေးသည်။ သို့သော်… ယခုတော့ မီလဲ့ကိုယ်တော်၏အဆင့်က သူမထက် များစွာမြင့်မားသွားပြီ ဖြစ်လေသည်။
သို့သော်.... သူမသည် မီလဲ့ကိုယ်တော်ကို မနာလိုစိတ် တစ်စက်ကလေးပင် မဖြစ်မိပေ။
ဝန်စူမယ်တော်က ပြုံးလိုက်ပြီး…
"မီလဲ့ကိုယ်တော်က ဘာအကြံဉာဏ်များတောင်းမလို့လဲ…"
မီလဲ့ကိုယ်တော်က မချိပြုံးတစ်ချက် ပြုံးလိုက်ရင်း…
"ယွဲ့ကွမ်းဗောဓိသကျ သေပြီ…"
ဝန်စူးမယ်တော်က မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး စိတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။
"အမှန်ပဲ ၊ ငရဲလမ်းဓားလက်ချက်နဲ့ သေသွားတာပဲ…"
မီလဲ့ကိုယ်တော်က…
"ငရဲလမ်းဓားက ယွဲ့ကွမ်းဗောဓိသကျကို သတ်လိုက်ရုံနဲ့တော့ ကျုပ်တို့က ကြောက်သွားစရာမလိုပါဘူး ၊ ဒါပေမဲ့ ဘာလို့ ဒီလိုဓားကိုအသုံးပြုပြီး သတ်လိုက်ရလဲဆိုတာ ကျုပ်နားမလည်ဘူး…"
ဝန်စူးမယ်တော်က ပြုံးလိုက်ရင်း…
"မီလဲ့ကိုယ်တော် တကယ်တမ်းသိချင်တာ ဒီအဖြေမဟုတ်ပါဘူး…"
မီလဲ့ကိုယ်တော်က…
"ဝန်စူးမယ်တော်… မင်းက တကယ်ပဲ အသိဉာဏ်ပညာနတ်ဘုရားပီသပါပေတယ် ၊ မင်းကို ဘယ်အရာမှ ဖုံးကွယ်ထားလို့ မရဘူးပဲ…"
ဝန်စူးမယ်တော်၏မျက်နှာက တည်ကြည်လေးနက်သွားပြီး…
"ကျောက်ရှောင်ယွီနတ်သမီးဟာ ထိုက်ချင်တာအိုကျမ်းကို ကျင့်ကြံထားတာပဲ ၊ တကယ်တမ်းဆို သူ့အနေနဲ့ ငရဲလမ်းဓားကို ဆက်ပြီး မကျင့်ကြံသင့်ဘူး ၊ ထိုက်ချင်တာအိုကျမ်းက နက်ရှိုင်းပြီး မရှိမှုတရားကို ဖော်ပြတယ် ၊ ငရဲလမ်းဓားရဲ့ မိစ္ဆာစွမ်းအားတွေက သူ့ရဲ့ တာအိုစိတ်ထားကို အနှောက်အယှက်ပေးလိမ့်မယ် ၊ အင်း…ဘေးအန္တရယ်ဆိုးကြီး တကယ်ပဲ ကျရောက်လာတော့မယ် ၊ ယွဲ့ကွမ်းဗောဓိသကျကတော့ ပထမဆုံးပေးဆပ်လိုက်ရတဲ့သူပဲပေါ့…"
ဝန်စူးမယ်တော်၏ မျက်ဝန်းများသည် အရာအားလုံးကို သိမြင်သည့်အလား တည်ကြည်နေလေသည်။
မီလဲ့ကိုယ်တော်က…
"ဆန်းလျန်ထျန်းကျွင်းလည်း ဒီအကြောင်းကို မသိဘဲနေမှာမဟုတ်ပါဘူး…"
ဝန်စူးမယ်တော်က မျက်မှောက်တစ်ချက်ကြုတ်လိုက်ရင်း…
"ဆန်းလျန်ထျန်းကျွင်း သိမှာမဟုတ်ဘူး ၊ ဒါပေမဲ့ ယွဲ့ကွမ်းဗောဓိသကျ သေသွားပြီးတဲ့နောက် သူ အဲဒီအကြောင်းကို သိသွားလိမ့်မယ် ၊ သူ့ရဲ့အသိဉာဏ်ပညာက ကျွန်မလောက် မြင့်မားတာပဲလေ…"
ဝန်စူးမယ်တော်က ခဏနားပြီးမှ ဆက်ပြောလိုက်သည်။
"ဆန်းလျန်ထျန်းကျွင်းလည်း ဒီအကြောင်းကိုသိသွားရင် ကြောက်သွားမှာပဲ ၊ လှေကိုရေထဲတွန်းပို့လိုက်သလိုမျိုး ကျောက်ရှောင်ယွီနတ်သမီးကို ဘေးအန္တရယ်ဆိုးကြီးဖန်တီးတဲ့လူတစ်ယောက်ဖြစ်လာအောင် သူတွန်းပို့ပေးလိုက်တာပဲ ၊ ဒါပေမဲ့ တစ်ခုရှိတာက ကျောက်ရှောင်ယွီနတ်သမီးဟာ ရှင့်ရဲ့ ကျင့်စဉ်ပညာကို ကျင့်ကြံခဲ့လို့ ရှင့်ရဲ့တပည့်လို့ အားလုံးက ထင်ကြလိမ့်မယ်…"
မီလဲ့ကိုယ်တော်က…
"အရာအားလုံးမှာ အကြောင်းအကျိုးဆိုတာ ရှိစမြဲပါ ၊ ဗုဒ္ဓက ဘယ်အရာကိုမှ မကြောက်ရွံ့ခဲ့ဘူး ၊ ဆန်းလျန်ထျန်းကျွင်းက အခွင့်အရေးကို အသုံးချပြီး ကျောက်ရှောင်ယွီနတ်သမီးကို ဘေးအန္တရယ်ဆိုးကြီး ကျရောက်စေတဲ့သူ ဖြစ်စေခဲ့တယ် ၊ ဒါပေမဲ့ သူလုပ်ခဲ့တဲ့ အကြောင်းအကျိုးကို သူပဲခံပါစေ၊ ကျုပ် မီလဲ့ကိုယ်တော်ကတော့ မခံယူနိုင်ဘူး ၊ အကျိုးဆက်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ ၊ ဆန်းလျန်ထျန်းကျွင်းရဲ့ ရက်စက်မှုတွေဟာ အဆုံးရောသတ်ပါဦးမလား…"
ဝန်စူးမယ်တော်က စိုးရိမ်ပူပန်သည့်လေသံဖြင့်…
"ဒီကိစ္စတွေကို ဒီအခြေအနေထိရောက်အောင် တွန်းပို့နေတဲ့သူက ဆန်းလျန်ထျန်းကျွင်း မဟုတ်ဘူး ၊ ဘယ်သူလဲဆိုတာ ခန့်မှန်းရခက်တယ် ၊ အခု ကျွန်မစိတ်ပူတာက မဟာကျားရဲ့ကိုယ်တော်ကြီးရဲ့ ဓမ္မအမွေအနှစ်တွေ သူတို့လက်ထဲကို ရောက်သွားပြီ ၊ ကျောက်ရှောင်ယွီနတ်သမီးသာ ပညာရဲ့အနှစ်သာရကို နားလည်သွားမယ်ဆိုရင် ဘယ်လိုမှ ကောင်းတဲ့ကိစ္စ ဖြစ်မလာနိုင်တော့ဘူး …"
မီလဲ့ကိုယ်တော်က…
"အနည်းဆုံးတော့ သူက ဝူရှန်သိုင်းကွက်ကို ကျင့်ကြံခဲ့တာပဲ ၊ ပညာရဲ့အနှစ်သာရကို သူသိသွားရင် အဆိုးရှိသလို ကောင်းတဲ့အချက်တွေလည်း ရှိလာနိုင်ပါတယ်…"
မီလဲ့ကိုယ်တော်ပြောသည့်စကားမှာ မှန်နေသည့်အတွက် ဝန်စူးမယ်တော် ခေါင်းညိတ်ပြလိုက်လေသည်။
မီလဲ့ကိုယ်တော်က…
"ဝန်စူးမယ်တော်… တိကျန်ဗောဓိသကျလည်း ပြန်လာတော့မယ် ၊ အဲဒီအချိန်ကျရင် မင်းက ကျုပ်ဘက်က ရပ်တည်မှာလား ၊ သူ့ဘက်က ရပ်တည်မှာလား…"
ဝန်စူးမယ်တော်က…
"မီလဲ့ကိုယ်တော်ကို ဗုဒ္ဓကိုယ်တိုင်က အသိအမှတ်ပြုခဲ့တာပဲ ၊ ကျွန်မမှာ ရွေးခြယ်စရာ တခြားလမ်း မရှိပါဘူး…"
မီလဲ့ကိုယ်တော်က…
"ကောင်းပြီ… ဒါဆိုရင် တိကျန်ဗောဓိသကျဟာ ကျုပ်တို့နဲ့မဆိုင်တဲ့ ဗုဒ္ဓဘာသာပြင်ပက လူတစ်ယောက်လို့ သတ်မှတ်လိုက်မယ်…"
မီလဲ့ကိုုယ်တော် စကားဆုံးသွားသည်နှင့် လင်ကျိုးနယ်ရှိ တိကျန်ဗောဒိသကျ၏ ရုပ်တုများ နှင့် ကျမ်းစာများအားလုံး အကြောင်းပြချက်မရှိဘဲ ဖျက်စီးခံလိုက်ရကာ ပျောက်ကွယ်သွားကြလေတော့သည်။
တိကျန်ဗောဓိသကျသည် ဗုဒ္ဓဘာသာမှ ဖျောက်ဖျက်ခံလိုက်ရပြီ ဖြစ်လေသည်။
ဗုဒ္ဓဘာသာမှ ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များနှင့် ဗောဓိသကျများအားလုံးက ထိုသို့ဖြစ်ရသည်မှာ မီလဲ့ကိုုယ်တော်၏လုပ်ရပ်ဖြစ်သည်ကို သိလိုက်ကြသည်။ မီလဲ့ကိုယ်တော်သည် တိကျန်ဗောဓိသကျကို ဗုဒ္ဓဘာသာမှ ထုတ်ပယ်ပစ်လိုက်ပြီ ဖြစ်ပြီး တိကျန်ဗောဓိသကျနှင့်ပတ်သက်သည့်အရာမှန်သမျှကို လူ့လောကမှ ဖျောက်ဖျက်ပစ်လိုက်ပြီ ဖြစ်လေသည်။
……….
ချင်းဆွေထျန်းကောင်းကင်ဘုံ…
တာအိုဆရာလီချင်းဆွေ၏ မျက်နှာက အေးစက်ခက်ထန်နေလေသည်။
မရှိမှုကျေးရွာရှိ ကျောက်ဂူတစ်ခုထဲတွင် လူပြန်ဝင်စားရာမှ ပြန်ရောက်လာသည်မှာ မကြာသေးသည့် တုန်းဟွာတောက်ကျွင်းကလည်း မျက်ခုံးများကို တွန့်ချိုးထားလေသည်။
မီလဲ့ကိုယ်တော်သည် အကြောင်းအကျိုးဆက်စပ်သည့် ကျင့်စဉ်ကို ကျင့်ကြံထားသူတစ်ယောက် ဖြစ်လေသည်။ တုန်းဟွာတောက်ကျွင်းကဲ့သို့ ဘဝပေါင်းများစွာ ကိုယ်ခွဲများကိုဖန်ဆင်းသည့်ကျင့်စဉ်ကို ကျင့်ကြံထားပြီး ယခုလည်း ဝိညာဉ်မြစ်ကိုဖြတ်ကျော်ကာ လူပြန်ဝင်စားလာသည့် နတ်ဘုရားတစ်ပါးအတွက် မီလဲ့ကိုယ်တော်သည် သဘာဝရန်သူပင် ဖြစ်လေသည်။
ထို့ကြောင့်… သူ့အနေဖြင့် မီလဲ့ကိုယ်တော်နှင့် ဘယ်တော့မှ ထိပ်တိုက်မတွေ့တော့ရန် ဆုံးဖြတ်လိုက်မိလေသည်။
မရှိမှုကျေးရွာသို့ ယခုမှ ရောက်ရှိလာသူ မာရ်နတ်မှာတော့ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ သူသည် သုခဘုံရှိရာအရပ်ဆီသို့ နက်ရှိုင်းသည့်အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။ စိုက်ကြည့်နေသည့် သူ၏မျက်ဝန်းများမှ အရောင်များ တောက်ပနေပြီး ခန့်မှန်းရခက်လှလေသည်။
ခွန်လွန်တောင်ရှိ ကျောက်စိမ်းဝိညာဉ်နန်းတော်တွင်တော့ တာအိုဆရာယွိတင်သည် တရားထိုင်နေရာမှ မျက်လုံးများကို အသာအယာ ဖွင့်ကြည့်လိုက်လေသည်။
ထိုအချိန်တွင် ခွန်လွန်တောင် ချီလင်ကမ်းပါးအောက်မှ ယွင်ရှောင်းနတ်သမီးကတော့ ဦးခေါင်းကိုမော့ကာ ရယ်မောလိုက်လေသည်။
သူမနှင့် မနီးမဝေးတစ်နေရာတွင် အချုပ်အနှောင်ခံထားရသည့် ဒေါင်းစိမ်းမင်းကြီးခုံရွှမ်းကလည်း တစ်ချက်ပြုံးလိုက်ရင်း…
"နတ်သမီး… လောကကြီးက တဖြည်းဖြည်း စိတ်ဝင်စားဖို့ ကောင်းလာပြီ ၊ ကျုပ်တို့လည်း လွတ်လမ်းရှာပြီး ပြေးကြရအောင်…"
သို့သော်… ယွင်ရှောင်းနတ်သမီးက ရယ်မောနေပြီး မည်သည့်စကားမှ ပြန်ပြောခြင်း မရှိပေ။
ထိုအချိန်တွင် ရွှမ်တုတောက်ကျွင်းနေထိုင်ရာ ထိုက်ချင်ထျန်းကောင်းကင်ဘုံတွင်တော့ ရွှမ်တုတောက်ကျွင်း၏ မျက်နှာက တည်ကြည်လေးနက်နေလေသည်။
"ရွှေသူငယ်နဲ့ ငွေသူငယ် ၊ နွားရိုင်းကြီးကို ထုတ်လိုက်ကြစမ်း ၊ အခုပဲ ခွန်လွန်တောင်ကိုသွားမယ်…"
ဟု ရွှမ်တုတောက်ကျွင်းက အမိန့်ပေးလိုက်လေသည်။
ကျားရဲ့ဝတ်ကျောင်းတော်မှာပင်ရှိနေသေးသည့် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့မှာလည်း ထူးဆန်းမှုကို ခံစားလိုက်ကြရလေသည်။
ဆန်းလျန်က အေးဆေးသည့်လေသံဖြင့်…
"စိတ်ဝင်စားစရာပဲ ၊ ကျုပ်တောင် သုခဘုံကိုမသွားရသေးဘူး ၊ မီလဲ့ကိုယ်တော်က တိကျန်ဗောဓိသကျကို ဇာတ်လမ်းဖြတ်ပစ်လိုက်ပြီ…"
ကျောက်ရှောင်ယွီက…
“ရှင် အစောကြီးကတည်းက ဒီလိုဖြစ်လာမယ်ဆိုတာ မျှော်လင့်ထားပြီးသား မဟုတ်လား…”
ဆန်းလျန် ခေါင်းအသာညိတ်ပြလိုက်သည်။
သို့သော်… သူ့ရင်ထဲတွင်တော့ ကျောက်ရှောင်ယွီ မသိနိုင်သည့် အခြားအကြောင်းအရာများကို တွေးနေခဲ့မိလေသည်။
…………
Foot Notes :
ယွဲ့ကွမ်းဗောဓိသကျဆိုသည်မှာ ဆန်းလျန်စာစဉ်အစပိုင်းတွင် ပါဝင်သည့် ကျင်းကွမ်းဝတ်ကျောင်းတော်မှ ပေါင်ကွမ်းဆရာတော်ကြီး၏ ဘိုးဘေးဖြစ်ပါသည်။
လနတ်သမီးချန်ဝေါ်ဆိုသည်မှာ လေးသည်တော်တာ့ယိနှင့် လက်ဆက်ခဲ့သည့် ဟန်အယ်ပင် ဖြစ်ပါသည်။ နောက်ပိုင်းစာစဉ်များမှာ ဟန်အယ်ကို လနတ်သမီးချန်ဝေါ်ဟုပင် ရေးသွားပါမည်။ ထိုက်ယင်းနတ်သမီးဆိုသည်မှာလည်း လနတ်သမီးတစ်ပါးပင်ဖြစ်ပြီး လနတ်သမီးချန်ဝေါ်ထက်အဆင့်နိမ့်ပါသည်။
(ဘာသာပြန်သူ)
***