← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အပိုင်း (၁၅၃) - အသေအကြေတိုက်ပွဲ အကြိုည

ကူမော့တို့ အုပ်စု၏ အံ့သြနေသော အကြည့်များကြားတွင် တင်းချန်ဆရာတော်သည် သူ၏လက်ဖဝါးကို ဖြည်းညင်းစွာ ဖြန့်လိုက်ရာ ဗုဒ္ဓအမွေအနှစ် တစ်ခု ပေါ်ထွက်လာ၏။ ထိုအမွေအနှစ်သည် နူးညံ့သန့်စင်သော အလင်းရောင်များ တောက်ပနေပြီး မျက်နှာပြင်မှာ ချောမွေ့ကာ ကျောက်စိမ်းထက်ပင် ပိုမို ကြည်လင်နေပြီး အတွင်း၌လည်း ကြယ်တာရာများ လှည့်ပတ်နေသကဲ့သို့ ရှိနေပေသည်။ ၎င်းသည် ကြီးမားသော ပုလဲလုံးကြီးတစ်ခုနှင့် တူသော်လည်း ထွက်ပေါ်နေသည့် ဗုဒ္ဓအလင်းရောင်များကြောင့် မမြင်ဖူးသူပင်လျှင် ၎င်းမှာ ဒဏ္ဍာရီလာ ဗုဒ္ဓအမွေအနှစ်ဖြစ်ကြောင်း သိနိုင်ပေ၏။

ဗုဒ္ဓအမွေအနှစ် ဆိုသည်မှာ ဗုဒ္ဓဘာသာ၏ ဒဏ္ဍာရီလာ ရတနာတစ်ခုဖြစ်ပြီး ကျင့်ကြံမှု မြင့်မားသော ရဟန်းတော်များ ပျံလွန်တော်မူ၍ မီးသင်္ဂြိုဟ်ပြီးနောက် ကျန်ရစ်ခဲ့သော ဓာတ်တော်ဟု ဆိုကြလေသည်။ ၎င်းကို ဆောင်ထားပါက ဉာဏ်ပညာကို ပွင့်လင်းစေခြင်း၊ ကျင့်ကြံမှု အရှိန်အဟုန်ကို မြှင့်တင်ပေးခြင်း၊ အတွင်းမိစ္ဆာများကို နှိမ်နင်းပေးခြင်း၊ စိတ်ကို တည်ငြိမ်စေခြင်းနှင့် ဒဏ်ရာများကို ကုသပေးခြင်း စသည့် အံ့ဖွယ် အာနိသင်များစွာ ရှိချေ၏။ ၎င်းမှာ သိုင်းလောကတွင် အလွန်ကျော်ကြားပြီး အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်ပေသည်။

တင်းချန်ဆရာတော်က ဒီကဲ့သို့ အဖိုးတန်သော ရတနာကို ပေးအပ်လိမ့်မည်ဟု ကူမော့တို့ အုပ်စုက လုံးဝ မထင်ထားခဲ့ကြချေ။ ကျိုးချင်းဖုန်းနှင့် ကူချူတုန်းတို့မှာ ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် စိတ်လှုပ်ရှားသွားကြသော်လည်း ကူမော့ကမူ လက်ဝှေ့ယမ်းပြလျက် ငြင်းပယ်လိုက်၏။

"ဆရာတော်... ကျွန်တော် ဘာကျေးဇူးမှ မပြုရသေးဘဲနဲ့ ဒီလို အဖိုးတန်တဲ့ ပစ္စည်းကို မယူဝံ့ပါဘူး... ဒီဗုဒ္ဓအမွေအနှစ်ကို ကျွန်တော် လက်မခံနိုင်ပါဘူး..."

တင်းချန်ဆရာတော်က ပြုံးလျက် ပြန်လည်မိန့်ကြားလေသည်။

"ကောချန်မိစ္ဆာဓားသာ သိုင်းလောကထဲ ရောက်သွားရင် လူတွေ အများကြီး ဒုက္ခရောက်ကုန်မှာပဲလေ... သူရဲကောင်းကူက အဲဒီမိစ္ဆာဓားကို နှိမ်နင်းထားတာက သိုင်းလောကအတွက် ကျေးဇူးအများကြီး ရှိပါတယ်၊ ဘာလို့ ကျေးဇူးမရှိဘူးလို့ ပြောရမှာလဲ... အဲဒီအပြင် ငါ ဒီရတနာကို ပေးရတဲ့ အကြောင်းရင်းကလည်း ရှိပါတယ်၊ မိစ္ဆာဓားရဲ့ ရက်စက်မှုကို ငါကိုယ်တိုင် မြင်တွေ့ခဲ့ရလို့ နောက်ထပ် မမျှော်လင့်တာတွေ မဖြစ်စေချင်လို့ပါ... ဒီရတနာကို ဆောင်ထားခြင်းအားဖြင့် မိစ္ဆာဓားရဲ့ ဘေးအန္တရာယ်ကို ပိုပြီး ကာကွယ်နိုင်တာပေါ့... ပြီးတော့ ငါ့မှာ တောင်းဆိုစရာ တစ်ခုလည်း ရှိပါသေးတယ်..."

ကူမော့က ဖြည်းညင်းစွာ မေးမြန်းလိုက်ပေ၏။

"ဆရာတော် ဘာများ တောင်းဆိုချင်လို့လဲ..."

တင်းချန်ဆရာတော်က ပြန်လည်ဖြေကြားလေသည်။

"အကယ်၍ တစ်နေ့မှာ ကျောက်စိမ်းဟင်းလင်းပြင် ဘိုးဘေး ရန်ရှန်းမေ့နဲ့ ရန်သူတွေ ဖြစ်လာခဲ့ရင် သူမရဲ့ အသက်ကိုတော့ ချမ်းသာပေးဖို့ ငါ အလေးအနက် တောင်းဆိုချင်တာပါ..."

ကူမော့က မျက်မှောင်ကြုတ်လျက် ဆိုချေ၏။

"ဆရာတော်ကလည်း နောက်နေတာပဲ... ကျွန်တော်က စီနီယာရန်နဲ့ ဘာရန်ငြိုးမှ မရှိတာ၊ ဘာလို့ အသေအကြေ တိုက်ခိုက်ရမှာလဲ... ပြီးတော့ သူမက သိုင်းလောကမှာ နာမည်ကျော်တဲ့ မဟာသိုင်းဆရာကြီး တစ်ယောက်ပဲလေ... ကျွန်တော့်မှာ သူမရဲ့ အသက်ကို ချမ်းသာပေးဖို့ ဘာအခွင့်အရေး ရှိလို့လဲ..."

တင်းချန်ဆရာတော်က ခေါင်းယမ်းလျက် ပြန်လည်မိန့်ကြားပေသည်။

"ရန်ရှန်းမေ့အကြောင်းကို ငါ့ထက် ပိုသိတဲ့လူ ဒီလောကမှာ မရှိပါဘူး... သူမရဲ့ သိုင်းပညာက ဆရာကြီးကူကို မယှဉ်နိုင်ဘူးဆိုတာ ငါ ကောင်းကောင်း သိပါတယ်... ရန်ငြိုးကိစ္စကတော့ ငါ သူမကို စည်းရုံးကြည့်ပါ့မယ်၊ ဒါပေမဲ့ အောင်မြင်မလားတော့ မသေချာဘူး... သူမက အသက် ခုနစ်ဆယ်ကျော်နေပြီ ဆိုပေမဲ့ ဂုဏ်သတင်းနဲ့ အကျိုးအမြတ်တွေရဲ့ အနှောင်အဖွဲ့ကနေ မရုန်းထွက်နိုင်သေးဘူးလေ၊ အရမ်းလည်း ခေါင်းမာတာ... သူမကတော့ ကောချန်ဓားကို သေချာပေါက် လိုချင်နေမှာပဲ..."

ကူမော့က သံသယဖြင့် မေးမြန်းလိုက်၏။

"ဆရာတော်က ဘာလို့ အဲဒီလောက်အထိ ယုံကြည်နေရတာလဲ..."

တင်းချန်ဆရာတော်က ရှင်းပြလေသည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းက ငါ သူမကို သွားတွေ့ခဲ့တယ်... သူမ ငါ့ကို လိမ်ခဲ့တယ်လေ... သူမက ဂုဏ်သတင်းတွေကြောင့် မျက်စိကွယ်နေပြီ... အခု ချင်းပြည်နယ်ရဲ့ မတည်မငြိမ် ဖြစ်မှုတွေကလည်း သူမကြောင့်ပဲ... သူမရဲ့ မျက်လုံးထဲမှာ ရည်မှန်းချက်တွေကို ငါ မြင်ခဲ့ရတယ်... သူမကတော့ ကောချန်ဓားကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်ဘူး၊ အဲဒီဓားက သူမကို ပိုပြီး မြင့်မားတဲ့ နေရာကို တက်လှမ်းနိုင်အောင် ကူညီပေးနိုင်လို့ပဲ..."

ကူမော့ စကားမပြောနိုင်မီမှာပင် ကျိုးချင်းဖုန်းက ဝင်ရောက်မေးမြန်းပေ၏။

"ဆရာတော်... ခုနက ချင်းပြည်နယ်ရဲ့ မတည်မငြိမ် ဖြစ်မှုတွေက ရန်ရှန်းမေ့ကြောင့်လို့ ပြောတယ်နော်... အဲဒါက နဂါးမင်းနဲ့ ဓားဧကရာဇ်တို့ရဲ့ အသေအကြေ တိုက်ပွဲကို ပြောတာလား..."

တင်းချန်ဆရာတော်က ခေါင်းညိတ်လျက် ဆိုလေသည်။

"တံခါးခြောက်ချပ် အဖွဲ့ကလည်း နောက်ကွယ်ကနေ တွန်းအားပေးနေတာ ရှိပေမဲ့ သူမကတော့ အဓိက လက်သည်ပဲပေါ့..."

ကျိုးချင်းဖုန်းက ထပ်မံမေးမြန်းချေ၏။

"ဆရာတော်မှာ ဘာသက်သေရှိလို့လဲ..."

တင်းချန်ဆရာတော်က ပြန်လည်ဖြေကြားပေသည်။

"သက်သေတော့ မရှိပါဘူး... ဒါပေမဲ့ ငါ သူမကို သိတဲ့အတွက် သံသယဝင်တာပါ... ကောချန်မိစ္ဆာဓား ထွက်ပေါ်လာပြီးနောက် ဖြစ်ခဲ့သမျှ ကိစ္စတွေက သူမနဲ့ ပတ်သက်နေတာပဲ... ပိုင်ယင်းကလည်း သူမရဲ့ လူတစ်ယောက်ပဲလေ... ငါ့မှာ သက်သေမရှိပေမဲ့ သူမကို တွေ့လိုက်ရတဲ့ အချိန်မှာတော့ ငါ သေချာပေါက် သိလိုက်တာပဲ..."

ကူမော့က သံသယဖြင့် မေးမြန်းလိုက်၏။

"ပိုင်ယင်းက ရန်ရှန်းမေ့ရဲ့ လူလို့ ပြောတာလား... ဒါဆို ရွှေဓားဂိုဏ်း၊ ချန်မိသားစုနဲ့ မျက်ခုံးရှည်ဓားဂိုဏ်းတို့ မျိုးဖြုတ်ခံရတာကလည်း ရန်ရှန်းမေ့ရဲ့ လက်ချက်ပေါ့... သူမက ဘာလို့ အဲဒီလို လုပ်ရတာလဲ..."

တင်းချန်ဆရာတော်က ဖြေကြားလေသည်။

"လက်နက်တွေအတွက် ဖြစ်မှာပေါ့... ထျဲ့ကျူက အနှစ်သုံးဆယ်ကျော် ပျောက်ကွယ်သွားပြီး ကောချန်မိစ္ဆာဓားကို မွေးမြူနေခဲ့တာလေ... အဲဒီ အနှစ်သုံးဆယ်အတွင်းမှာ ငါ သူ့ကို တစ်ခါတွေ့ခဲ့ဖူးတယ်၊ သူက ကျန်းချီစံအိမ်မှာ သွမ့်ချန်မေ၊ ချန်ထုံနဲ့ ဝမ်တင်းထောင်တို့ သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး နောင်တရနေတယ်လို့ ပြောခဲ့တယ်... သူကိုယ်တိုင် မသတ်ခဲ့ပေမဲ့ သူဖန်တီးခဲ့တဲ့ မိစ္ဆာဓားကြောင့် သေခဲ့ရတာကိုး... ဒါကြောင့် သူက အမှားကို ပြင်တဲ့အနေနဲ့ လက်နက် သုံးမျိုးကို သွန်းလုပ်ခဲ့တယ်...

ရွှေဓားဂိုဏ်းအတွက် ဓားတစ်လက်၊ မျက်ခုံးရှည်ဓားဂိုဏ်းအတွက် ဓားတစ်လက်နဲ့ ချန်မိသားစုအတွက် လှံတစ်လက် ပေါ့... ဒီလက်နက် သုံးမျိုးက ကောချန်ဓားကလွဲရင် သူ့ဘဝမှာ အစွမ်းထက်ဆုံး လက်နက်တွေ ဖြစ်လိမ့်မယ်လို့ သူ ပြောခဲ့တယ်... သူက လက်နက်သွန်းလုပ်မှု ဆရာကြီး တစ်ယောက်ဖြစ်တော့ သူ သေသေချာချာ ဖန်တီးခဲ့တဲ့ နောက်ဆုံး လက်နက် သုံးမျိုးက သေချာပေါက် ထိပ်တန်း နတ်လက်နက်တွေ ဖြစ်မှာပဲလေ... ရန်ရှန်းမေ့ကတော့ ရည်မှန်းချက်ကြီးပြီး ကျိုကျန်းမဟာမိတ်အဖွဲ့နဲ့ ကောင်းကင်ဓားဂိုဏ်းကို နှိမ်နင်းချင်နေတာဆိုတော့... ရွှမ်နွီနန်းတော်ကို ပိုပြီး အင်အားကြီးလာစေမယ့် အဲဒီ နတ်လက်နက် သုံးမျိုးကို သူမကတော့ လက်လွှတ်မှာ မဟုတ်ဘူးလေ..."

ကျိုးချင်းဖုန်းက သံသယဖြင့် မေးမြန်းပေ၏။

"တင်းချန်ဆရာတော်က ကရုဏာကြီးမားပြီး သိုင်းလောကရဲ့ မီးရှူးတန်ဆောင်လို့ အားလုံးက သိထားကြတာပဲ... ရန်ရှန်းမေ့က ဒီလောက်အထိ ယုတ်မာတဲ့ အပြစ်တွေကို လုပ်ထားမှန်း သိလျက်နဲ့ ဘာလို့ တရားမျှတမှုကို မဖော်ဆောင်တာလဲ..."

တင်းချန်ဆရာတော်က ခေါင်းယမ်းလျက် ပြန်လည်မိန့်ကြားလေသည်။

"ဆင်းရဲသား ဘုန်းကြီးက ရဟန်းတစ်ပါးပဲ ရှိတာပါ၊ သူတော်စင် မဟုတ်ပါဘူး... ငါ့ရဲ့ ကရုဏာဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ် ကြော်ငြာနေတာထက် မပိုပါဘူး... ငါက တကယ်တော့ သာမန်လူတစ်ယောက်ပါပဲ... ငါက ကိုယ်ကျိုးမဖက်နိုင်သလို ကိုယ်ရေးကိုယ်တာ သံယောဇဉ်တွေကိုလည်း မစွန့်လွှတ်နိုင်ခဲ့ဘူးလေ... သူမ ဘယ်လောက်ပဲ အမှားကြီးတွေ လုပ်ပါစေ၊ ငါ့မျက်လုံးထဲမှာတော့ သူမက ငါ့နောက်ကို တကောက်ကောက် လိုက်နေခဲ့တဲ့ ညီမလေး

တစ်ခါက ငါ့ကို လက်ထပ်ဖို့ ပြောခဲ့ဖူးတဲ့ အမျိုးသမီးပဲ ရှိနေသေးတာပါ... ဝန်မခံချင်ပေမဲ့လည်း ရဟန်းတွေက မုသားမပြောရဘူးလေ... ငါ ဗုဒ္ဓဘာသာထဲ ဝင်ခဲ့ပေမဲ့ လောကီအာရုံတွေကနေ တကယ်ကြီး ကင်းစင်မသွားခဲ့ဘူး... ကွမ်မင်ကျောင်းတော်မှာ တိတ်တဆိတ် တရားထိုင်နေပေမဲ့ လူ့လောကကြီးကို ငါ မစွန့်လွှတ်နိုင်ခဲ့သလို ဗုဒ္ဓဘာသာထဲကိုလည်း တကယ်ကြီး မဝင်နိုင်ခဲ့ပါဘူး..."

ကျိုးချင်းဖုန်းမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ဆွံ့အသွားရချေ၏။ ဒီအဘိုးကြီး ရဟန်းက ဖုံးကွယ်မထားဘဲ သူသည် ဂုဏ်သတင်းနှင့် အကျိုးအမြတ်ကို မက်မောကြောင်း၊ ကိုယ့်လူကိုသာ ကူညီပြီး သူတစ်ပါးကို ဂရုမစိုက်ကြောင်း တိုက်ရိုက် ဝန်ခံလိုက်ခြင်း ဖြစ်ပေသည်။ ရန်ရှန်းမေ့ အမှားလုပ်ထားမှန်း သိလျှင်ပင် သူမကို အပြစ်မပေးဘဲ သူမအတွက် ကိစ္စတွေကို ရှင်းလင်းပေးနေခြင်း ဖြစ်၏။

ကူမော့က လက်ပူးဆုပ်လျက် ပြောကြားလေသည်။

"ဆရာတော်... ဆရာတော်ရဲ့ လုပ်ရပ်နဲ့ အတွေးတွေကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ဆရာတော်ရဲ့ တောင်းဆိုချက်ကိုတော့ ကျွန်တော် သဘောမတူနိုင်ပါဘူး... ဆရာတော် ပြောသလိုပဲ ရန်ရှန်းမေ့က ဘာပဲလုပ်လုပ် ဆရာတော်ရဲ့ မျက်စိထဲမှာတော့ သူမက ဆရာတော်ရဲ့ ညီမလေးပဲ ဖြစ်နေမှာပေါ့... ကျွန်တော့်မှာလည်း ညီမလေးနဲ့ သူငယ်ချင်းတွေ ရှိပါတယ်... ရန်ရှန်းမေ့က ကောချန်မိစ္ဆာဓားအတွက် ဘယ်လို နည်းလမ်းတွေ သုံးမလဲဆိုတာ ကျွန်တော် မသေချာဘူး... တကယ်လို့ သူမက တရားမျှတတဲ့ နည်းလမ်းတွေ သုံးမယ်ဆိုရင်တော့ ဆရာတော်ရဲ့ မျက်နှာကို ထောက်ပြီး သူမရဲ့ အသက်ကို ကျွန်တော် ချမ်းသာပေးနိုင်ပါတယ်... ဒါပေမဲ့ သူမသာ ယုတ်မာတဲ့ နည်းလမ်းတွေ သုံးပြီး ကျွန်တော့်ညီမလေးကို တိုက်ခိုက်ရဲမယ်ဆိုရင်တော့ သူမကို သတ်ရုံတင်မကဘဲ ရွှမ်နွီနန်းတော် တစ်ခုလုံးကိုပါ တစ်ယောက်မှ မကျန်အောင် မျိုးဖြုတ်ပစ်မှာပါ...

ဆရာတော်က သူမကို ကာကွယ်ပေးချင်တယ်ဆိုရင်တော့ သူမကို အမှားတွေ မလုပ်မိအောင် သွားပြီး စည်းရုံးပေးပါ... တကယ်လို့ သူမက ကောချန်ဓားကို တကယ်ကြီး မစွန့်လွှတ်နိုင်ဘူးဆိုရင်တော့ တရားမျှတတဲ့ စိန်ခေါ်မှုကို ကျွန်တော် လက်ခံနိုင်ပါတယ်... သူမကသာ ကျွန်တော့်ကို အနိုင်ယူနိုင်တဲ့ စွမ်းရည်ရှိမယ်ဆိုရင် ကောချန်မိစ္ဆာဓားကို သူမရဲ့ လက်ထဲကို ကျွန်တော် ကိုယ်တိုင် အပ်နှံပေးပါ့မယ်..."

တင်းချန်ဆရာတော်က ခေါင်းညိတ်ပြလျက် ဆိုပေ၏။ "ကျေးဇူးတင်ပါတယ် သူရဲကောင်းကူ... ငါ သူမကို သေချာပေါက် စည်းရုံးပါ့မယ်၊ ပြီးတော့ သူမကို ယုတ်မာတဲ့ နည်းလမ်းတွေ မသုံးစေရပါဘူး..."

ကူမော့က နှုတ်ဆက်လိုက်လေသည်။

"ဒါဆို ကျွန်တော် သွားပါရစေတော့..."

ကူချူတုန်းကို ခေါ်ပြီး ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ကူချူတုန်းက ရုတ်တရက် လှည့်ကြည့်လျက် မေးမြန်းလိုက်ချေ၏။

"ဆရာတော်... ကျွန်မမှာ မေးခွန်းတစ်ခု ရှိပါသေးတယ်..."

တင်းချန်ဆရာတော်က ဆိုလေသည်။

"မေးပါ မိန်းကလေးကူ..."

ကူချူတုန်းက မေးမြန်းလိုက်၏။

"ခုနက ဆရာတော် ပြောပြတဲ့ ချင်းကျိုး သူရဲကောင်းကိုးဖော်နဲ့ ကောချန်မိစ္ဆာဓား ဇာတ်လမ်းထဲမှာ ဆရာတော်တို့က ချီလင် ရတနာ နှစ်ခု ရခဲ့တယ်လို့ ပြောတယ်နော်၊ အဲဒါက ချီလင်သံချပ်ကာ နဲ့ ချီလင်မြင့်မြတ်သွေး လေ... ချီလင်သံချပ်ကာ ကိုတော့ ကောချန်မိစ္ဆာဓားအဖြစ် ဖန်တီးလိုက်ပြီ ဆိုတော့ ချီလင်မြင့်မြတ်သွေး ကကော... အဲဒါ ဘယ်ရောက်သွားလဲဟင်..."

ကျိုးချင်းဖုန်းကလည်း သတိရသွားဟန်ဖြင့် ဝင်မေးလေသည်။ "ဟုတ်သားပဲ... ဆရာတော် ချီလင်မြင့်မြတ်သွေး အကြောင်းကို တစ်ခွန်းမှ မဟသေးဘူးနော်..."

တင်းချန်ဆရာတော်က ဖြည်းညင်းစွာ ဖြေကြားပေ၏။ "ချီလင်မြင့်မြတ်သွေး ဘယ်ရောက်သွားလဲဆိုတာ ငါတို့လည်း မသိတော့ပါဘူး... အဲဒါကို ဘယ်လို သုံးရမလဲဆိုတာလည်း ငါတို့ တစ်ခါမှ မသိခဲ့ရဘူးလေ... အဲဒါကို ငါတို့ရဲ့ အစ်ကိုကြီး လုချန်ယန်ကပဲ အမြဲ သိမ်းထားခဲ့တာ... နောက်ပိုင်း သူ လက်နက်သွန်းဖိုထဲ ခုန်ချပြီး အဆုံးစီရင်သွားတော့ သဲလွန်စတွေ အကုန် ပျောက်ကုန်တာပေါ့... ငါတို့ ကျန်းချီစံအိမ် တစ်ခုလုံးကို နှံ့အောင် ရှာခဲ့ပေမဲ့လည်း ချီလင်မြင့်မြတ်သွေးကို ရှာမတွေ့ခဲ့ပါဘူး... လုမိသားစု တစ်ခုလုံးကိုလည်း အစ်ကိုကြီး ကိုယ်တိုင် သတ်ပစ်ခဲ့တာဆိုတော့ ဘာသဲလွန်စမှ မကျန်ခဲ့တော့ဘူးလေ... ဒါကြောင့် အဲဒီကိစ္စက အခုထိ မပြေလည်သေးတဲ့ ပဟေဠိ တစ်ခုပါပဲ..."

ကူချူတုန်းက လက်ပူးဆုပ်လျက် ဆိုလေ၏။

"အော်... ဒီလိုကိုး... ကျေးဇူးတင်ပါတယ် ဆရာတော်..."

တင်းချန်ဆရာတော်က ပြုံးလျက် ဦးညွှတ်နှုတ်ဆက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

ကူမော့နှင့် ကူချူတုန်းတို့ ထွက်ခွာသွားကြပြီးနောက် ကျိုးချင်းဖုန်းကလည်း တင်းချန်ဆရာတော်ကို လက်ပူးဆုပ် နှုတ်ဆက်ကာ နောက်မှ လိုက်သွားလေသည်။

ကျိုးချင်းဖုန်းက နှမြောတသစွာဖြင့် ဆိုပေ၏။

"ညီလေးကူ... အဲဒါက မဟာအလင်းရောင်ကျောင်းတော်က ရှေးဟောင်းဗုဒ္ဓအမွေအနှစ်လေ၊ ခင်ဗျားက တကယ်ကြီး ငြင်းလိုက်တာလား..."

ကူမော့က ခပ်ဖွဖွ ရယ်မောလျက် ပြန်လည်ပြောကြားလေသည်။ "လက်ဆောင်ပေးတဲ့သူကို အားနာရတယ်လေ... ငါသာ ဒီနေ့ ဒီဗုဒ္ဓအမွေအနှစ်ကို ယူလိုက်မယ်ဆိုရင် နောက်ကျလို့ ရန်ရှန်းမေ့က ငါ့ကိုဖြစ်ဖြစ်၊ ညီမလေးကိုဖြစ်ဖြစ် တိုက်ခိုက်လာရင် ငါ သူမကို သတ်ဖို့ ခက်သွားလိမ့်မယ်..."

ကျိုးချင်းဖုန်းက ဆိုချေ၏။

"ဒါက တင်းချန်ဆရာတော်ရဲ့ ခန့်မှန်းချက်သက်သက်ပဲလေ၊ အဲဒီလိုတွေ တကယ် ဖြစ်လာမယ်လို့ မဆိုလိုပါဘူး... အဲဒါအပြင် ကျောက်စိမ်းဟင်းလင်းပြင် ဘိုးဘေးက သိုင်းလောကမှာ နာမည်ကျော်တဲ့ ဆရာကြီး တစ်ယောက်ပဲလေ၊ တင်းချန်ဆရာတော် ပြောသလိုမျိုး လူစားမျိုးတော့ ဟုတ်ပုံမရပါဘူး..."

ကူမော့က မေးမြန်းလိုက်လေသည်။

"ဆရာတော်က ရန်ရှန်းမေ့ကို အပုပ်ချနေတာလို့ မင်း ထင်လို့လား..."

ကျိုးချင်းဖုန်းက ခေါင်းယမ်းလျက် ပြန်ပြောပေ၏။ "အဲဒီလောက်အထိတော့ မဟုတ်ပါဘူး... တင်းချန်ဆရာတော် ပြောတာကလည်း ယုတ္တိတော့ ရှိသားပဲ... မည်သို့ပင်ဆိုစေ ချင်းပြည်နယ် တံခါးခြောက်ချပ် အဖွဲ့က ရွှမ်နွီနန်းတော်ကို အပယ်ခံစာရင်းထဲ ထည့်ထားပြီးပြီလေ၊ နောက်ထပ် သိုင်းလောက ခေါင်းဆောင်ကို ကျိုကျန်းမဟာမိတ်အဖွဲ့နဲ့ ကောင်းကင်ဓားဂိုဏ်းတို့ထဲကနေပဲ ရွေးမှာလေ... ရန်ရှန်းမေ့ အနေနဲ့ အခြေအနေကို ပြောင်းလဲနိုင်ဖို့ တစ်ခုတည်းသော အခွင့်အရေးက အဲဒီနှစ်ဖွဲ့ကို ရန်တိုက်ပေးဖို့ပဲ၊ အဲဒီကျမှသာ သူမက ဘေးကနေ ကြည့်ပြီး အကျိုးအမြတ်တွေ ရမှာပေါ့..."

ကူချူတုန်းက သံသယဖြင့် မေးမြန်းလိုက်လေ၏။

"ဒါဆို ရဲ့ကျင်းလန်က ကျိုးဖန်းဟွာနဲ့ ချီမြောင်ရွှမ်တို့ကို သတ်တယ်ဆိုတာက ရဲ့ကျင်းလန်နဲ့ ချူထျန်းချင်းတို့ကို အသေအကြေ တိုက်ခိုက်အောင် ရွှမ်နွီနန်းတော်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာ ဖြစ်နိုင်တာပေါ့... ကောင်းကင်ဓားဂိုဏ်းနဲ့ ကျိုကျန်းမဟာမိတ်အဖွဲ့တို့ အသေအကြေ တိုက်ပြီးတော့မှ ရွှမ်နွီနန်းတော်က အကျိုးအမြတ်တွေ ယူပြီး ချင်းပြည်နယ်ရဲ့ သိုင်းလောက ခေါင်းဆောင် ပြန်ဖြစ်လာဖို့ပေါ့..."

ကျိုးချင်းဖုန်းက ရယ်မောလျက် ဆိုပေသည်။

"ဒါတင် မကသေးဘူးလေ... တင်းချန်ဆရာတော် ပြောတာကို မကြားလိုက်ဘူးလား၊ သူမက ကောချန်မိစ္ဆာဓားကိုလည်း လိုချင်နေတာလေ... ရန်ရှန်းမေ့ရဲ့ သိုင်းပညာက မဆိုးဘူး၊ ချင်းပြည်နယ် ကောင်းကင်စာရင်းမှာ အဆင့် ၄ ရှိတာလေ... သူမက ထိပ်ဆုံး သုံးယောက်ထက် ညံ့တယ်လို့တော့ ပြောလို့မရဘူး... ကောချန်မိစ္ဆာဓားသာ သူမရဲ့ လက်ထဲ ရောက်သွားရင် သူမက ပိုပြီး အစွမ်းထက်လာမှာဖြစ်သလို ကောင်းကင်စာရင်းရဲ့ နံပါတ် ၁ နေရာကိုတောင် စိန်ခေါ်နိုင်လိမ့်မယ်..."

ကူချူတုန်းက ဆိုလေ၏။

"တင်းချန်ဆရာတော်က ဒါတွေအားလုံးကို ကျွန်မတို့ဆီကတစ်ဆင့် ချူထျန်းချင်းနဲ့ ရဲ့ကျင်းလန်တို့ဆီ ရောက်သွားပြီး ရန်ရှန်းမေ့ရဲ့ အစီအစဉ်တွေ ပျက်သွားမှာကို မကြောက်ဘူးလား..."

ကျိုးချင်းဖုန်းက ရယ်မောလျက် ပြန်လည်ပြောကြားချေသည်။ "ရဲ့ကျင်းလန်နဲ့ ချူထျန်းချင်းတို့ရဲ့ တိုက်ပွဲကတော့ ရှောင်လွှဲလို့ မရတော့ပါဘူး... သိုင်းလောကရော အစိုးရပါ အဲဒီတိုက်ပွဲ ဖြစ်လာဖို့ တွန်းအားပေးနေကြတာလေ၊ ကျိုကျန်းမဟာမိတ်အဖွဲ့နဲ့ ကောင်းကင်ဓားဂိုဏ်းတို့လည်း ပါတာပေါ့... သူတို့က အဆုံးအဖြတ် တိုက်ပွဲတစ်ခု လုပ်ဖို့ အထွတ်အထိပ်ကို ရောက်နေကြပြီလေ... ဘယ်သူကများ ဒီစစ်ပွဲ မဖြစ်လာအောင် လုပ်ချင်မှာလဲ... အဲဒါအပြင် ကျိုးဖန်းဟွာ သေဆုံးတာနဲ့ နန်ကုန်းယွဲ့ရှီး အခိုးခံရတာတွေက ရဲ့ကျင်းလန်နဲ့ ချူထျန်းချင်းတို့ရဲ့ စိတ်ခံစားမှုတွေကို အထွတ်အထိပ် ရောက်သွားစေခဲ့တာလေ... ဒီလူနှစ်ယောက်ကလည်း သူတို့ တိုက်ရမယ်ဆိုတာကို သိနေကြတာပဲ...

ဒါကြောင့် ဒီအချိန်မှာ အဖြစ်မှန်က အရေးကြီးသေးလို့လား၊ ဘယ်သူကများ ဂရုစိုက်နေဦးမှာလဲ... သဘက်ခါ တွမ့်ဟွမ် ချောက်ကမ်းပါးက တိုက်ပွဲကိုတော့ ဘယ်သူမှ တားလို့ မရတော့ပါဘူး... အဲဒါအပြင် ရဲ့ကျင်းလန်နဲ့ ချူထျန်းချင်းတို့ တိုက်တာက နင်တို့ မောင်နှမနဲ့ ဘာဆိုင်လို့လဲ၊ ငါနဲ့ကော ဘာဆိုင်လို့လဲ... သူတို့နှစ်ယောက်လုံး သေသွားရင်တောင် ငါတို့နဲ့ မဆိုင်ပါဘူး... ငါတို့က ဘာလို့ အကျိုးမရှိတဲ့ ကိစ္စတွေကို သွားလုပ်နေရမှာလဲ..."

ကူချူတုန်းက မကျေမနပ်ဖြင့် ရေရွတ်လိုက်လေ၏။

"အဲဒါကတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ကျွန်မ စိတ်မကောင်းဖြစ်ရတာက ချီမြောင်ရွှမ် အသတ်ခံလိုက်ရလို့ အစ်ကို့မျက်စိ ကုသဖို့က ထပ်ပြီး ကြန့်ကြာသွားပြန်ပြီလေ... တကယ်ကို စိတ်ညစ်စရာကြီး..."

ကျိုးချင်းဖုန်းက မေးမြန်းလိုက်ပေသည်။

"ဒါဆို သဘက်ခါ တွမ့်ဟွမ် ချောက်ကမ်းပါးက နောက်ဆုံးတိုက်ပွဲကို သွားကြည့်ကြမှာလား..."

ကူချူတုန်းက ပြန်လည်ဖြေကြားလေ၏။

"သွားမှာပေါ့..."

အပိုင်း (၁၅၄) - ဓားဧကရာဇ် နှင့် နဂါးမင်း

ဓားဧကရာဇ်နှင့် နဂါးမင်းတို့၏ တိုက်ပွဲသည် ချင်းပြည်နယ် သိုင်းလောကတွင် အထူးခြားဆုံး ကိစ္စရပ်တစ်ခု ဖြစ်နေသည်မှာ ငြင်းဆိုဖွယ် မရှိချေ။ ချင်းပြည်နယ် တစ်ခုတည်းသာမက ဘေးပတ်ဝန်းကျင်ရှိ ယွင်ပြည်နယ်နှင့် ဟုန်းပြည်နယ် တို့မှာလည်း အကြီးအကျယ် ရိုက်ခတ်မှုများ ရှိခဲ့ပြီး မရေမတွက်နိုင်သော သိုင်းသမားများမှာ ထိုမဟာသိုင်းဆရာကြီးများ၏ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန် ချင်းပြည်နယ်သို့ စုပြုံ ရောက်ရှိလာကြပေသည်။

ဤအဆုံးအဖြတ် တိုက်ပွဲသည် ကူမော့နှင့် မုန့်ချင်းခုန်း တို့၏ တိုက်ပွဲနှင့် မတူပေ၊ အဘယ်ကြောင့်ဆိုသော် ထိုတိုက်ပွဲမှာ မည်သည့် ကြိုတင်သတိပေးချက်မှ မရှိဘဲ ဖြစ်ပွားခဲ့ခြင်းကြောင့် သိုင်းလောကတွင် ဂယက်မရိုက်ခဲ့ခြင်း ဖြစ်၏။

အဲဒါအပြင် ကူမော့နှင့် မုန့်ချင်းခုန်းတို့၏ သိုင်းလောက ဂုဏ်သတင်းမှာလည်း ရဲ့ကျင်းလန်နှင့် ချူထျန်းချင်းတို့လောက် မကြီးမားလှချေ။ မည်သို့ပင်ဆိုစေ မုန့်ချင်းခုန်းမှာ သိုင်းလောကတွင် လူလုံးမပြခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သလို ကူမော့၏ ဂုဏ်သတင်းမှာလည်း လတ်တလောမှသာ ပြန့်နှံ့လာခဲ့ခြင်း ဖြစ်သောကြောင့်တည်း။

သို့သော်လည်း ရဲ့ကျင်းလန်နှင့် ချူထျန်းချင်းတို့မှာ အတော်လေး နာမည်ကြီးသော်လည်း သူတို့၏ ဂုဏ်သတင်းမှာ အကန့်အသတ် ရှိနေဆဲဖြစ်ကာ ချင်းပြည်နယ်နှင့် ဘေးပတ်ဝန်းကျင်ရှိ ယွင်ပြည်နယ်၊ ဟုန်းပြည်နယ် တို့အပေါ်မှာသာ အဓိက သက်ရောက်မှု ရှိနေခြင်း ဖြစ်ချေသည်။ သူတို့၏ အဆုံးအဖြတ် တိုက်ပွဲ၏ ဂယက်မှာလည်း ဒီပြည်နယ် သုံးခုအတွင်းမှာသာ ရှိနေ၏။

အကယ်၍သာ တင်းချန်ဆရာတော်နှင့် ချီထျန်းရှူးတို့ တိုက်ခိုက်ကြမည်ဆိုပါက မြင်ကွင်းမှာ ဤထက် များစွာ ပိုမို ခမ်းနားမည်ဖြစ်ပြီး ကန်တိုင်းပြည် တစ်ခုလုံးအတွက် တုန်လှုပ်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ယခု ဖြစ်ပေါ်နေသော လှုပ်ရှားမှုကြီးမှာလည်း အင်မတန် ကြီးမားလှပေသည်။

အသေအကြေတိုက်ပွဲ နီးကပ်လာသည်နှင့်အမျှ လူအများအပြားမှာ တွမ့်ဟွမ် ချောက်ကမ်းပါးဆီသို့ ဦးတည်သွားနေကြပြီ ဖြစ်၏။

တွမ့်ဟွမ် ချောက်ကမ်းပါးမှာ ချင်းပြည်နယ် မြို့တော်နှင့် မဝေးလှသော မြစ်တစ်ခုပေါ်တွင် တည်ရှိပြီး ထူးခြားသော တည်နေရာတစ်ခု ရှိလေသည်။

ထိုမြစ်မှာ မင်မြစ် ဟု ခေါပြီး ကန်တိုင်းပြည်ရှိ အကြီးဆုံး မြစ်များအနက် တစ်ခုဖြစ်ကာ ချင်းပြည်နယ်နှင့် ယွင်ပြည်နယ် တို့ကို ဖြတ်သန်း စီးဆင်းနေချေသည်။ ချင်းပြည်နယ် မြို့တော် အပြင်ဘက်တွင် မြစ်ဆုံတစ်ခု ရှိပြီး ထိုနေရာတွင် မြစ်မှာ မိုင်ပေါင်းများစွာ ကျယ်ပြန့်သွားကာ အလယ်ဗဟို၌ ကျန်းရှင်းကျွန်း ဟုခေါ်သော ကျွန်းကြီးတစ်ခု ရှိလေသည်။

မင်မြစ်ဆုံမှာ အလွန် ကျယ်ပြောလှသဖြင့် ကျန်းရှင်းကျွန်းမှာ အဝေးမှ ကြည့်လျှင် မြစ်အလယ်၌ ထီးတည်းကြီး ရှိနေသော ကျောက်ဆောင်ကြီး တစ်ခုနှင့် တူနေပေ၏။ ကျွန်း၏ တစ်ဖက်မှာ ရေအောက်သို့ နစ်မြုပ်နေပြီး အခြားတစ်ဖက်မှာမူ ပေပေါင်း ရာချီ မြင့်မားသော ချောက်ကမ်းပါးကြီးတစ်ခု ဖြစ်ကာ အောက်တွင်လည်း မြစ်ရေများမှာ အရှိန်အဟုန်ဖြင့် စီးဆင်းနေချေသည်။ မရေမတွက်နိုင်သော သိုင်းဆရာကြီးများမှာ ဤနေရာတွင် တိုက်ခိုက်ရင်း အသက်ပျောက်ခဲ့ကြသဖြင့် ထိုနေရာကို "တွမ့်ဟွမ် ချောက်ကမ်းပါး" ဟု အမည်ပေးခဲ့ခြင်း ဖြစ်၏။

ငါးလပိုင်း ဆယ့်ငါးရက်နေ့ နံနက်တွင် ကူမော့နှင့် ကူချူတုန်းတို့ တည်းခိုခန်း၌ နံနက်စာ စားနေစဉ် လင်းချီရှားနှင့် ရွှမ်နွီနန်းတော်မှ တပည့်တစ်စု ရောက်ရှိလာပြီး တွမ့်ဟွမ် ချောက်ကမ်းပါးသို့ တိုက်ပွဲကြည့်ရှုရန် အတူတကွ သွားဖို့ ဖိတ်ကြားလေသည်။

ကူမော့ကလည်း အလွယ်တကူပင် သဘောတူလိုက်၏။

ရွှမ်နွီနန်းတော်၏ ကျောက်စိမ်းဟင်းလင်းပြင် ဘိုးဘေး ရန်ရှန်းမေ့သည် သူ၏ ကောချန်ဓားကို အကြံအစည် ရှိနေနိုင်ကြောင်း တင်းချန်ဆရာတော်ထံမှ သိရှိထားသော်လည်း အမှန်တကယ် ဘာမှ မဖြစ်သေးသလို ၎င်းမှာ တင်းချန်ဆရာတော်၏ တစ်ကိုယ်ရည် ခန့်မှန်းချက်သာ ဖြစ်နေသေးပေသည်။ ကူမော့သည် ဒီကိစ္စအတွက် ရွှမ်နွီနန်းတော်နှင့် ရန်သူဖြစ်ရန် သဘာဝကျကျပင် စိတ်ကူးမရှိသလို အဆက်အသွယ် ဖြတ်တောက်ရန်လည်း မလိုအပ်ချေ။

မဖြစ်လာသေးသည့် အရာတစ်ခု၊ သို့မဟုတ် ဖြစ်မလာနိုင်သည့် အရာတစ်ခုအတွက် တစ်စုံတစ်ယောက်အပေါ် ဒေါသထွက်နေခြင်းမှာ မိုက်မဲရာ ကျပေလိမ့်မည်။

အဲဒီအပြင် လက်ရှိတွင်မူ ရွှမ်နွီနန်းတော်မှ လူတိုင်းက သူ့အပေါ် အလွန် ရိုသေလေးစားပြီး ယဉ်ကျေးစွာ ဆက်ဆံနေကြဆဲ ဖြစ်ချေ၏။

ရွှမ်နွီနန်းတော်က သင်္ဘောကြီးတစ်စင်း စီစဉ်ပေးခဲ့ပြီး ကျောက်စိမ်းဟင်းလင်းပြင် ဘိုးဘေး ရန်ရှန်းမေ့၊ နန်းတော်သခင်မ ဆုယွင်ကျောင်း နှင့် မုပိုင်ဖုန်း တို့ အပါအဝင် တပည့်ပေါင်း တစ်ရာကျော် လိုက်ပါလာကြလေသည်။ လမ်းတစ်လျှောက်တွင် ကူမော့သည် သူတို့နှင့်အတူ သိုင်းပညာ ဗဟုသုတများကို နှီးနှောဖလှယ်ခဲ့ပြီး ပျော်ရွှင်စွာ စကားပြောခဲ့ကြရာ ရွှမ်နွီနန်းတော်မှ တပည့်များစွာမှာလည်း အနားသို့ လာရောက် နားထောင်ခဲ့ကြပေ၏။

သင်္ဘောသည် မြစ်အတွင်း၌ တစ်နာရီနီးပါး ခရီးနှင်ပြီးနောက် မြစ်အလယ်ရှိ ကျွန်းဆီသို့ ရောက်ရှိလာကြချေသည်။

အဝေးမှကြည့်လျှင် ကျွန်းမှာ အိမ်တစ်လုံးအရွယ်ခန့်သာ ရှိပုံရသော်လည်း အနားသို့ ရောက်သောအခါမှသာ ၎င်းမှာ အမှန်တကယ်ပင် ကြီးမားလှကြောင်း၊ ပတ်လည် သုံးလေးမိုင်ခန့် ရှိပြီး ပုံသဏ္ဌာန်မှာလည်း မမှန်ကြောင်း တွေ့လိုက်ရပေ၏။ အဲဒီအပြင် တွမ့်ဟွမ် ချောက်ကမ်းပါးမှာ ကျွန်းနှင့် ချိုင့်ဝှမ်းတစ်ခုဖြင့် ခြားထားလေသည်။ သို့သော်လည်း လူတိုင်းမှာ ကျွန်းပေါ်မှာသာ နေကြပြီး တွမ့်ဟွမ် ချောက်ကမ်းပါးပေါ်သို့ သွားရောက် တိုက်ပွဲကြည့်ရှုရန် မည်သူမျှ မဝံ့ရဲကြချေ။

သူတို့ ရောက်ရှိချိန်တွင် ကျွန်းပေါ်၌ လွတ်လပ်သော သိုင်းသမားများသာမက ဂိုဏ်းကြီးများမှ အဖွဲ့ဝင်များလည်း ပြည့်ကျပ်နေပြီး မရေမတွက်နိုင်လောက်အောင် လူအင်အား များပြားလှပေ၏။

သို့သော်လည်း တိုက်ပွဲကြည့်ရှုရန် အကောင်းဆုံး နေရာများကိုမူ ဂိုဏ်းကြီးများကသာ အပိုင်စီးထားကြပြီး ရွှမ်နွီနန်းတော်မှာမူ ထုံးစံအတိုင်း ဧရာမ ကျောက်ဆောင် စင်မြင့်ကြီးတစ်ခုပေါ်တွင် အကောင်းဆုံး နေရာ ရရှိထားလေသည်။

ကူချူတုန်းသည် စင်မြင့်ပေါ်တွင် ရပ်လျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ယွင်ပြည်နယ်မှ ချန်းလန်ဓားဂိုဏ်း နှင့် ဝူမိသားစု၊ ချင်းပြည်နယ်မှ ရှန်းနုံဂိုဏ်း နှင့် စစ်မိသားစု စသည့် ရင်းနှီးသော ဂိုဏ်းများကို တွေ့လိုက်ရ၏။

အဲဒါအပြင် နတ်လက်နက်စံအိမ်မှ လူများကိုလည်း တွေ့လိုက်ရပေသည်။

နန်ကုန်းချန်မှာ နောက်ဆုံးတော့ အပြင်သို့ ထွက်လာခဲ့ပြီ ဖြစ်၏။ သူသည် လက်နက်သွန်းလုပ်ခြင်းကို မည်မျှပင် စွဲလမ်းနေစေကာမူ သူ၏ တစ်ဦးတည်းသော သမီးလေး၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်း ကိစ္စအပေါ်တွင်တော့ လျစ်လျူမရှုနိုင်ခဲ့ချေ။

ထိုအတောအတွင်း ကျွန်းပေါ်၌ လူများ ဆူညံနေပြီး အားလုံးက နောက်ထပ် ဖြစ်လာမည့် ကိစ္စရပ်များကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြလေသည်။

လင်းချီရှားက ကူချူတုန်းအား တိုက်ပွဲကြည့်ရှုရန် ရောက်ရှိလာကြသည့် ဂိုဏ်းကြီးများနှင့် နာမည်ကျော် သိုင်းသမားများကို မိတ်ဆက်ပေးနေ၏။ တစ်ဖက်တွင်မူ ကူမော့သည် ရန်ရှန်းမေ့၏ ဘေးတွင် ထိုင်ကာ ပေါ့ပေါ့ပါးပါး စကားပြောနေပြီး ဘေးတွင် ဆုယွင်ကျောင်း ရှိနေချေသည်။

အမျိုးသမီးများသာ ရှိသည့် ရွှမ်နွီနန်းတော် အုပ်စုကြားတွင် ကူမော့ တစ်ယောက်တည်းသာ အမျိုးသားအဖြစ် ပါဝင်နေသဖြင့် သူ၏ တည်ရှိမှုမှာ အနည်းငယ် ထူးဆန်းနေသကဲ့သို့ ရှိနေပေ၏။ ထို့ကြောင့် စုရုံးရောက်ရှိနေသော သိုင်းသမားများမှာ သူ့ကို ခဏခဏ လှည့်ကြည့်နေကြပြီး သူသည် မည်သူဖြစ်ကြောင်းကိုလည်း အချင်းချင်း တီးတိုး ခန့်မှန်းနေကြချေသည်။

သို့သော် ကူမော့၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ မကြာမီမှာပင် ပေါ်လွင်သွားတော့၏။

ချန်းလန်ဓားဂိုဏ်းနှင့် ဝူမိသားစု အပါအဝင် ယွင်ပြည်နယ်မှ ဂိုဏ်းကြီးများမှ ကိုယ်စားလှယ်များမှာ ကူမော့ကို လာရောက် ဂါရဝပြုကြသဖြင့် သူ၏ သရုပ်မှန် ပေါ်ပေါက်သွားခြင်း ဖြစ်လေသည်။

သူသည် ယွင်ပြည်နယ် ကောင်းကင်စာရင်း အဆင့် ၂ ရှိသော မဟာသူရဲကောင်း ကူမော့ ဖြစ်ကြောင်း သိရှိသွားကြသောအခါ မည်သူမျှ အံ့သြခြင်း မရှိကြတော့ချေ။ သို့သော်လည်း လူအများအပြားမှာ ရဲ့ကျင်းလန်၏ နောက်တွင် ရွှမ်နွီနန်းတော်မှ အခြားတပည့်တစ်ဦးက မဟာသိုင်းဆရာကြီး တစ်ဦးနှင့် ထပ်မံ လက်ထပ်တော့မည်လားဟု ခန့်မှန်းနေကြလေ၏။

ရန်ရှန်းမေ့က ပြုံးလျက် ဆိုပေသည်။

"သူရဲကောင်းကူ... ယွင်ပြည်နယ်မှာ ရှင့်ရဲ့ ဂုဏ်သတင်းက တကယ်ကို လေးစားစရာ ကောင်းတာပဲ..."

ယွင်ပြည်နယ်မှ ရောက်ရှိလာကြသော ဂိုဏ်းကြီးများမှ ကိုယ်စားလှယ် အားလုံးက ချွင်းချက်မရှိ ကူမော့ကို လာရောက် ဂါရဝပြုကြသဖြင့် သူမ အနည်းငယ် အံ့အားသင့်သွားခြင်း ဖြစ်ချေ၏။

ကူမော့က အနည်းငယ် ပြုံးလျက် ပြန်လည်ပြောကြားလေသည်။

"ဒါက သိုင်းလောကက မိတ်ဆွေတွေက ကျွန်တော့်အပေါ် သဘောကောင်းကြလို့ပါ..."

ယွင်ပြည်နယ်မှ ဂိုဏ်းအသီးသီးက သူ့အပေါ် အဘယ်ကြောင့် ဒီမျှ ရိုသေလေးစားကြသည်ကို ကူမော့ နားလည်ထားပေသည်။ ၎င်းမှာ တကယ့် စိတ်ရင်းမှန်ဖြင့် လေးစားခြင်းမျိုး မဟုတ်သည်မှာ သေချာလှ၏။ သူသည် တုန်းဖိန်ခရိုင်တွင် မိစ္ဆာဂိုဏ်းကို နှိမ်နင်းရာ၌ ယွင်ပြည်နယ် သိုင်းလောကအတွက် ကျေးဇူးပြုခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း ဂိုဏ်းအားလုံးက သူ့အပေါ် စေတနာ ရှိကြသည် မဟုတ်ပေ၊ အချို့မှာ နာကြည်းမှုများပင် ရှိနေကြသေးချေသည်။

သို့သော်လည်း ချန်းလန်ဓားဂိုဏ်းနှင့် ချိုးဆန်းဓားကွင်းပြင် ကဲ့သို့သော ဂိုဏ်းကြီးများသာမက တံခါးခြောက်ချပ် အဖွဲ့၏ တိတ်တဆိတ် ထောက်ခံမှုများကြောင့် သူသည် ယွင်ပြည်နယ် သူရဲကောင်း ဟူသော ဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်ပေ၏။ ဤဘွဲ့၏ သင်္ကေတမှာ ကြီးမားလှပြီး အကြွင်းမဲ့ တရားမျှတမှုကို ကိုယ်စားပြုလေသည်။ ထို့ကြောင့် သူတို့၏ စိတ်ထဲတွင် မည်သို့ပင် ရှိနေပါစေ၊ ယွင်ပြည်နယ်ရှိ ဂိုဏ်းအဖွဲ့အစည်း အားလုံးသည် လူမြင်ကွင်းတွင်တော့ "ယွင်ပြည်နယ် သူရဲကောင်း" ဟူသော ဘွဲ့ကို အမြင့်ဆုံး ရိုသေလေးစားမှု ပြသရမည် ဖြစ်ပေသည်။ မဟုတ်ပါက သူတို့သည် ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရမည်ဖြစ်သလို ရန်လိုသော အင်အားစုများ၏ ပစ်မှတ်လည်း ဖြစ်လာနိုင်ပေ၏။

အဲဒါအပြင် နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ကူမော့ ကိုယ်တိုင် ပင် ဖြစ်ချေသည်။ သူသည် ယွင်ပြည်နယ်၏ သူရဲကောင်း ဖြစ်ရုံတင်မကဘဲ သူ၏ မဟာသိုင်းဆရာကြီး အဆင့်အတန်းမှာလည်း အဆက်မပြတ် မြင့်တက်နေပြီး လူအများက သူ့ကို နောင်တစ်ချိန်တွင် လောက၏ နံပါတ် ၁ ဖြစ်လာမည့်သူဟု ယုံကြည်နေကြသောကြောင့်တည်း။

ရန်ရှန်းမေ့က ကြင်နာသော အပြုံးဖြင့် မေးမြန်းလိုက်၏။ "သူရဲကောင်းကူ အနေနဲ့ အခြေတကျ နေထိုင်ပြီး မိသားစု တည်ထောင်ဖို့ ဘာများ အစီအစဉ် ရှိလဲ..."

ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ ရွှမ်နွီနန်းတော်မှ တပည့်များအားလုံး လှည့်ကြည့်လိုက်ကြပေသည်။

ကူမော့က ပြုံးလျက် ပြန်လည်ပြောကြားလေ၏။ "လောလောဆယ်တော့ အဲဒီလို အစီအစဉ် မရှိပါဘူး၊ အရာအားလုံးကို ကံစီမံရာအတိုင်းပဲ ထားလိုက်မှာပါ..."

ရန်ရှန်းမေ့က ခေါင်းညိတ်လျက် ဆိုချေသည်။

"နှလုံးသားရေးရာတွေကတော့ တကယ်ပဲ ကံတရားအပေါ်မှာ မူတည်တာပေါ့... အတင်းအဓမ္မ လုပ်လို့ မရပါဘူး... တစ်ခါတလေကျရင် အချစ်ကြောင့်နဲ့ တစ်သက်လုံး ပိတ်မိနေတတ်ကြတာလေ..."

ကူမော့က စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်ပေ၏။

"စီနီယာရန်လည်း အဲဒီလိုပဲလား..."

ရန်ရှန်းမေ့က ရယ်မောလျက် ပြန်လည်ပြောကြားလေသည်။ "ငါ့အရွယ်နဲ့တော့ အဲဒီကိစ္စတွေကို ဘယ်လိုလုပ် မှတ်မိနိုင်တော့မှာလဲ..."

ကူမော့က ပြုံးလိုက်သော်လည်း သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် မျက်မှောင်ကြုတ်သွားချေ၏။ အားကောင်းလှသော ဓားရည်ရွယ်ချက် တစ်ခုကို သူ အာရုံခံမိလိုက်သောကြောင့် ဖြစ်ပေသည်။

ထိုအခိုက်အတန့်မှာပင် လူအုပ်ကြီးအတွင်းမှ ဆူညံသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏၊ အဘယ်ကြောင့်ဆိုသော် ရဲ့ကျင်းလန် ပေါ်လာသောကြောင့်တည်း။

လူတိုင်းက ကျန်းရှင်းကျွန်းနှင့် တွမ့်ဟွမ် ချောက်ကမ်းပါး ကြားရှိ ချိုင့်ဝှမ်းဆီသို့ လှမ်းကြည့်လိုက်ကြရာ သင်္ဘောကြီးတစ်စင်း ပေါ်လာပြီး ၎င်းပေါ်တွင် ကောင်းကင်ဓားဂိုဏ်း ၏ အလံမှာ လေထဲတွင် တလွင့်လွင့် ရှိနေလေသည်။

သင်္ဘောဦးတွင် လှပသော အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်မှာ တစ်ဦးတည်း ရပ်နေပြီး သူ၏ ဝတ်စုံမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေသဖြင့် ပြင်းထန်သော လေနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ရှိနေ၏။

သူသည် အခြားသူမဟုတ်ဘဲ ချင်းပြည်နယ် ကောင်းကင်စာရင်း အဆင့် ၃ ရှိသော ဒဏ္ဍာရီလာ ဓားဧကရာဇ် ရဲ့ကျင်းလန် ပင် ဖြစ်ချေသည်။

ရဲ့ကျင်းလန်၏ လက်ထဲတွင် ဓားရှည်တစ်လက်ကို ဆုပ်ကိုင်ထားပြီး ဓားသွားမှာ မှင်အလား မည်းနက်နေသော်လည်း အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေပေ၏။ ဒီဓားမှာ "နတ်ဘုရားတုန်လှုပ်ခြင်း" ဟု အမည်ရပြီး ရှားပါးသော နတ်လက်နက် တစ်ခု ဖြစ်လေသည်။

သူ၏ ဓားကို အိမ်မှ ဆွဲထုတ်ထားပြီး ဖြစ်၏။

သူသည် သင်္ဘောပေါ်မှနေ၍ ဓားကို ဆွဲလျက် ပေါ့ပါးစွာ ခုန်ချလိုက်ပေသည်။ လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် သူသည် ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး အချိန်အတော်ကြာမှ တွမ့်ဟွမ် ချောက်ကမ်းပါးသို့ ရောက်ရှိသွားလေ၏။

တွမ့်ဟွမ် ချောက်ကမ်းပါးပေါ်တွင် လေများမှာ ဓားများအလား တိုက်ခတ်နေပြီး သဲများနှင့် ကျောက်တုံးများကို လွင့်စင်သွားစေသဖြင့် လောကရှိ အရာအားလုံးကို အပိုင်းပိုင်း ဆွဲဖြဲပစ်တော့မည့်အလား ရှိနေချေသည်။ အောက်ဘက်တွင်လည်း လှိုင်းလုံးများမှာ မြင်းပေါင်း တစ်ထောင် တဟုန်ထိုး ပြေးဝင်လာသကဲ့သို့ ဆူညံစွာ ရိုက်ခတ်နေကြ၏။

ရဲ့ကျင်းလန်သည် သူ၏ ဓားကို ကျောက်ဆောင်ထဲသို့ စိုက်လိုက်ပေသည်။ ထို့နောက် သူသည် ဓားဘေးတွင် ထိုင်ချလိုက်ပြီး သူ၏ မျက်ဝန်းများမှာ အောက်ဘက်တွင် တိုက်ပွဲကြည့်ရှုရန် ရောက်ရှိနေကြသော မရေမတွက်နိုင်သည့် သိုင်းသမားများကို လုံးဝ မြင်တွေ့ပုံ မရချေ။ ကျွန်းပေါ်တွင် လူများ ဆူညံနေဆဲ ဖြစ်သော်လည်း သူကတော့ မကြားသကဲ့သို့ ရှိနေလေ၏။

အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားချေသည်။

မွန်းတည့်ချိန်သို့ ရောက်သောအခါ နေမင်းမှာ ကောင်းကင်အလယ်တွင် တည့်တည့် ရှိနေ၏။ ပြင်းထန်သော နေရောင်ခြည်က မြစ်ပေါ်သို့ အတားအဆီးမရှိ ကျဆင်းနေသဖြင့် မြစ်ရေများမှာ မျက်စိကျိန်းမတတ် တောက်ပနေကြပေသည်။

ထိုစဉ် မြစ်ပြင်ထက်မှနေ၍ ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေ၏။

"ရဲ့ကျင်းလန်... ငါ လာပြီ..."

ထိုအသံမှာ ပေါင်ထောင်ချီလေးလံသော စွမ်းအားများကို သယ်ဆောင်ထားသကဲ့သို့ ရှိနေပြီး ဧရာမ နဂါးကြီးတစ်ကောင် မြစ်အောက်ခြေမှနေ၍ ဟိန်းဟောက်လိုက်သကဲ့သို့ပင် ဖြစ်ချေသည်။ လှိမ့်တက်လာသော အသံလှိုင်းများကြောင့် ကျွန်းပေါ်ရှိ သိုင်းသမားများ၏ နားစည်များပင် နာကျင်သွားရပြီး စိတ်များလည်း အကြီးအကျယ် တုန်လှုပ်သွားကြ၏။ အားလုံးက စိတ်အားထက်သန်စွာ စောင့်မျှော်နေကြစဉ်မှာပင် လှိုင်းလုံးများကို ဖြတ်သန်းကာ လျင်မြန်သော လှေတစ်စင်းမှာ မြားတစ်စင်းအလား ပြေးဝင်လာပြီး ချိုင့်ဝှမ်းအတွင်း၌ ရပ်တန့်သွားလေသည်။

လှေဦးတွင် ရပ်နေသော လူမှာ အခြားသူမဟုတ်ဘဲ ကျိုကျန်း နဂါးမင်း ချူထျန်းချင်း ပင် ဖြစ်ပေ၏။

ချူထျန်းချင်းသည် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝတ်စုံအနားသတ်များမှာ မြစ်လေကြောင့် တဖျတ်ဖျတ် လွင့်နေချေသည်။ သူ၏ မျက်နှာမှာ ထင်ရှားသော အချိုးအစား ရှိပြီး မျက်ခုံးများမှာလည်း နားထင်သို့အထိ မြင့်တက်နေကာ အေးစက်သော ကြယ်ပွင့်များအလား တောက်ပနေသည့် နက်ရှိုင်းသော မျက်ဝန်းများက ခန့်ညားသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။ သူ၏ လက်ထဲတွင် လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး လှံတံမှာ မည်းနက်ပြောင်လက်နေကာ လှံဖျားမှ အနီရောင် မီးပွားမှာ မီးတောက်အလား လေထဲတွင် အရူးအမူး ကခုန်နေပေသည်။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဒေါသများ ထွက်ပေါ်နေပြီး ထိုဒေါသများက ဆူပွက်နေသော မြစ်ရေများကိုပင် နှိမ်နင်းနိုင်စွမ်း ရှိပုံရချေ၏။

မျက်စိတစ်မှိတ်အတွင်း ကျွန်းတစ်ခုလုံးမှာ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားတော့သည်။

နဂါးမင်းနှင့် ဓားဧကရာဇ်တို့ နောက်ဆုံးတော့ ရောက်ရှိလာကြပြီ ဖြစ်၏။ ချင်းပြည်နယ် ကောင်းကင်စာရင်း အဆင့် ၂ နှင့် အဆင့် ၃ ရှိသော မဟာသိုင်းဆရာကြီး နှစ်ဦးမှာ မကြာမီ တိုက်ခိုက်ကြတော့မည် မဟုတ်ပါလား။

လူတိုင်း၏ အကြည့်များမှာ နှစ်ဖက်စလုံးဆီသို့ အလျင်အမြန် ကူးပြောင်းနေကြလေ၏။

တွမ့်ဟွမ် ချောက်ကမ်းပါးပေါ်တွင် အကြာကြီး ထိုင်နေခဲ့သော ရဲ့ကျင်းလန်မှာ အခုမှ နိုးလာသကဲ့သို့ ရှိနေပေသည်။ သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး လှောင်ပြောင်သော အပြုံးဖြင့် ပြောကြားလိုက်ချေ၏။

"ညီလေး... အချိန်တွေ အများကြီး ကြာသွားပြီပဲ... မင်းရဲ့ ဖန်လုံလှံသိုင်း ထဲက ဆယ့်သုံးကွက်မြောက်ကို ဖန်တီးပြီးပြီလား..."

ချူထျန်းချင်းက လှေဦးတွင် ရပ်လျက် ရဲ့ကျင်းလန်ကို စိုက်ကြည့်ကာ အသံကျယ်ကြီးဖြင့် ပြောကြားလေသည်။

"အပိုတွေ ပြောမနေနဲ့... ငါ လိုချင်တဲ့ အရာ ဘယ်မှာလဲ... ဖန်ဆင်းရှင် သူတော်စင် ဆေးလုံး ပေါ့..."

ရဲ့ကျင်းလန်က အနည်းငယ် ပြုံးလျက် ပြန်လည်ဖြေကြားပေ၏။ "ငါ့ဆီမှာ မရှိဘူး..."

ချူထျန်းချင်းက ဒေါသတကြီးဖြင့် ဟောက်လိုက်ချေသည်။

"မင်းဆီမှာ ဘယ်လိုလုပ် မရှိဘဲ နေမှာလဲ... မင်း ချီမြောင်ရွှမ်ကို သတ်ခဲ့တာလေ... သူ့ပစ္စည်းတွေ မင်းဆီမှာ ရှိနေတာ မဟုတ်ဘူးလား... ရဲ့ကျင်းလန်... ငါ့ရဲ့ သည်းခံနိုင်စွမ်းကို လာမစမ်းနဲ့... ငါ နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်၊ ဖန်ဆင်းရှင် သူတော်စင် ဆေးလုံး ကို ငါ့ကို ပေး... မဟုတ်ရင်တော့ မင်းနဲ့ မတိုက်ခင်မှာ နန်ကုန်းယွဲ့ရှီးကို ငါ အရင် သတ်ပစ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး..."

ချူထျန်းချင်း စကားပြောပြီးသည်နှင့်... နန်ကုန်းယွဲ့ရှီးကို ကျိုကျန်းမဟာမိတ်အဖွဲ့မှ အမျိုးသမီး တပည့်နှစ်ဦးက လှေခန်းအတွင်းမှနေ၍ တွဲခေါ်လာကြလေ၏။

နန်ကုန်းယွဲ့ရှီးမှာ ရက်အနည်းငယ်ကြာအောင် အခိုးခံခဲ့ရသော်လည်း နှိပ်စက်ခံထားရသည့် အရိပ်အယောင် မရှိသည်မှာ သိသာလှပေသည်။ အနည်းငယ် နွမ်းနယ်နေပုံရသည်မှလွဲ၍ သူမမှာ များစွာ ပြောင်းလဲခြင်း မရှိချေ။

ချူထျန်းချင်းက လေးနက်သော လေသံဖြင့် ပြောကြားလေ၏။

"ရဲ့ကျင်းလန်... မင်းသာ ဖန်ဆင်းရှင် သူတော်စင် ဆေးလုံး ကို အပ်မယ်ဆိုရင် ငါ နန်ကုန်းယွဲ့ရှီးကို လွှတ်ပေးမယ်... သူမကို ငါ အန္တရာယ် မပေးဘူးလို့ အာမခံနိုင်တယ်... အဲဒါအပြင် ဒီရက်ပိုင်းအတွင်းမှာလည်း သူမကို စောင့်ရှောက်ဖို့ ငါ့ရဲ့ ကျိုကျန်းမဟာမိတ်အဖွဲ့က အမျိုးသမီး တပည့်တွေကိုပဲ စီစဉ်ပေးခဲ့တာ... သူမကို စော်ကားတာမျိုး လုံးဝ မရှိစေခဲ့ဘူး..."

ရဲ့ကျင်းလန်က ရုတ်တရက် ပြုံးလျက် ပြန်လည်ပြောကြားပေ၏။

"ညီလေး... ဒီနှစ်တွေ အကြာကြီး ကြာခဲ့တာတောင် မင်းက လူဆိုးတစ်ယောက်တောင် ပီပီပြင်ပြင် မလုပ်တတ်သေးဘူးလား... သိုင်းလောကမှာ မင်း ဒီလိုမျိုး ဆက်သွားနေရင်တော့ တကယ်ကြီး အရှုံးပေါ်လိမ့်မယ်နော်..."

ချူထျန်းချင်းက ဒေါသတကြီးဖြင့် ဟောက်လိုက်ချေသည်။

"စကားတွေ အပိုပြောမနေနဲ့... မြန်မြန်လုပ်..."

ထိုစဉ်... နန်ကုန်းယွဲ့ရှီးက ရုတ်တရက် မော့ကြည့်လိုက်ပြီး အော်ဟစ်လိုက်လေ၏။

"ကျင်းလန်... ကျွန်မအတွက် စိတ်မပူပါနဲ့... နောင်ဘဝကျရင် ရှင်နဲ့ ကျွန်မ ထပ်ပြီး လက်ထပ်ကြတာပေါ့..."

သူမ စကားမဆုံးမီမှာပင်... နန်ကုန်းယွဲ့ရှီး၏ ပါးစပ်ထောင့်မှ သွေးစအချို့ စီးကျလာပေသည်။ သူမ၏ မျက်နှာမှာ ချက်ချင်း ဖြူရော်သွားပြီး ခပ်နွမ်းနွမ်း အပြုံးလေးတစ်ခုနှင့်အတူ သူမ၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားကာ နောက်သို့ လဲကျသွားလေ၏။

ကျိုကျန်းမဟာမိတ်အဖွဲ့မှ အမျိုးသမီး တပည့်နှစ်ဦးက နန်ကုန်းယွဲ့ရှီးကို အလျင်အမြန် ဖမ်းဆွဲလိုက်ကြချေသည်။ တစ်ဦးက သူမ၏ နှလုံးသားအကြောကို လျင်မြန်စွာ စမ်းသပ်ကြည့်ပြီးနောက် ထိတ်လန့်တကြား အော်ဟစ်လိုက်လေ၏။

"မဟာမိတ်ခေါင်းဆောင်... သူမက သူ့ရဲ့ နှလုံးသားအကြောကို သူကိုယ်တိုင် ဖြတ်ပစ်လိုက်ပြီ... သူမ သေသွားပါပြီ..."

ခုနက ဒေါသများဖြင့် ပြည့်နေသော ချူထျန်းချင်းမှာ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာတွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်သွားကာ စကားထစ်ငေါ့စွာ ပြောနေလေပေသည်။

"ငါ... ငါက သူမကို တကယ်ကြီး သတ်ဖို့ စိတ်ကူးမရှိပါဘူး..."

All Chapters