← Chapters

ပြင်ပလောကကိုစိတ်မဝင်စားဘူး

Vol. 9 Ch. 857

ပြင်ပလောကကိုစိတ်မဝင်စားဘူး

Vol. 9 Ch. 857

ဆန်းလျန် ငြိမ်သက်နေသည့်အတွက် ကျောက်ရှောင်ယွီက ဆန်းလျန်ကို လှမ်းကြည့်လိုက်မိလေသည်။

ထိုအခါ… ဆန်းလျန်၏မျက်ဝန်းများထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများကို အထင်းသားတွေ့မြင်လိုက်ရသည်။ဆန်းလျန်၏သန့်စင်ကြည်လင်သည့်မျက်နှာထက်တွင် အကြောက်တရားက အထင်းသားပေါ်လွင်နေလေ၏။

သူမက ဆန်းလျန်၏ မျက်နှာကိုကြည့်ပြီး အလွန်အံ့အားသင့်သွားမိသည်။

ပြီးမှ သူမက တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး ဆန်းလျန်ကို စကားပြောလိုက်လေသည်။

"ဆန်းလျန် ၊ ကျွန်မရဲ့ကံတရားက ဒီဘေးအန္တရယ်ဆိုးကြီးကို ပြုလုပ်ရဖို့ ကံပါလာရင်… လွန်ဆန်လို့ မရနိုင်ပါဘူး ၊ ကျွန်မ ငရဲလမ်းဓားကို စပြီးကိုင်လိုက်ကတည်းက ကံတရားက ဒီအတိုင်းဖြစ်လာတော့မယ်ဆိုတာ သိထားပါတယ်…"

ဆန်းလျန် မည်သို့မှမတတ်နိုင်တော့ဘဲ မျက်ဝန်းတွင် မျက်ရည်များ ရစ်ဝဲလာက နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

ဆန်းလျန်၏ရင်ထဲတွင် မနာကျင်စဖူး နာကျင်မှုကို ခံစားနေရလေသည်။

သူ… ရင်နာနေခဲ့လေသည်။ ထိုရင်နာမှုကို သူမခံစားချင်သော်လည်း သူ့အတွက် ရွေးခြယ်စရာ မရှိပေ။

ထိုသို့ ဖြစ်လာမည်ကို သိနေပါလျှက် ကျောက်ရှောင်ယွီသည် သူ့အတွက် ငရဲလမ်းဓားကို ကိုင်ဆွဲကာ စုံတွဲကျင့်ကြံခြင်းကို အနစ်နာခံကာ ပြုလုပ်ပေးခဲ့ခြင်းလေလား…။

ဆန်းလျန် ယိလမ်းစဉ်နှင့် အနာဂတ်ကို ခန့်မှန်းခဲ့စဉ်က သူ၏အနာဂတ်ခရီးတွင် ကျောက်ရှောင်ယွီကို အတူတူပါရှိလာခြင်း မရှိသည်ကို ဆန်းလျန်နားလည်သွားခဲ့ရသည်။

ဆန်းလျန်က…

"ကျုပ် ယိလမ်းစဉ်နဲ့ ကြည့်လိုက်တုန်းက ကျုပ်ရဲ့ အနာဂတ်မှာ မင်းပါမလာတော့ဘူးဆိုတာကို သိလိုက်ရတယ် ၊ လက်စသတ်တော့ ဒါ့ကြောင့်ကိုး… ၊ ရှောင်ယွီ… ဒါဟာ ကံတရားဆိုရင်တောင် ကျုပ် ဒီလိုအဖြစ်မခံနိုင်ဘူး ၊ ဒီကံတရားကို ကျုပ် ပြန်ရေးမယ် ၊ ကျုပ် ပြန်ပြုပြင်မယ်…"

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…

"ဆန်းလျန်… ရှင် ကျွန်မအတွက် အဲဒီလိုလုပ်ပေးမယ်ဆိုတာ ကျွန်မ သိပါတယ်  ၊ ဒါပေမဲ့ မအောင်မြင်ခဲ့ရင်လည်း ရှင့် စိတ်ထဲ မထားပါနဲ့ ၊ တကယ်တော့ ငရဲလမ်းဓားကို ကျင့်ကြံဖို့ ကျွန်မ စိတ်မဝင်စားခဲ့ပါဘူး ၊ ဘာလို့လဲဆိုတော့ အကြင်နာတရားမရှိတဲ့ ရက်စက်တဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာ ကျွန်မ ကြောက်မိတယ် ၊ ဆန်းလျန်… ရှင် ကြာပန်းဖြူကို မှတ်မိသေးတယ် မဟုတ်လား ၊ ကြာပန်းဖြူဟာ ကျွန်မရဲ့ ကိုယ်ခွဲတစ်ခုပါ ၊ ဆန်းလျန်ဆိုတဲ့ရှင့်ကို ချစ်တဲ့အချစ်တွေအားလုံးနဲ့ ဖန်ဆင်းထားခဲ့တဲ့ ကျွန်မရဲ့ ကိုယ်ခွဲပါ ၊ ဘာလို့လဲဆိုတော့ တန်ခိုးစွမ်းအားကင်းလွတ်ရာ ကမ္ဘာမြေကို ကျွန်မရောက်သွားတော့ နတ်ဘုရားတွေဟာ သံယောဇဉ်မရှိသင့်ဘူးလို့ ထင်မြင်ခဲ့မိလို့ ရှင့်ကိုချစ်တဲ့အချစ်တွေအားလုံးကို ကျွန်မရဲ့ကိုယ်ပွားအဖြစ် ဖန်ဆင်းပြီး ဒီလောကထဲမှာ ထားပစ်ခဲ့တာ ၊ ကြာပန်းဖြူဟာလည်း ကျွန်မပါပဲလို့ ကျွန်မ ထင်ခဲ့မိတယ် ၊ ဒါပေမဲ့ ကြာပန်းဖြူဟာ တကယ်တမ်းမှာ ကျွန်မ မဟုတ်ခဲ့ဘူး ၊ သူက ကျွန်မနဲ့ မတူခဲ့ဘူး ၊ ပြီးတော့ ရှင့်အပေါ်ထားခဲ့တဲ့ အချစ်တွေကိုလည်း ကျွန်မ ဘယ်လိုမှ ရပ်တန့်လို့ မရခဲ့ဘူး ၊ ရှင့်ကို ချစ်တဲ့အချစ်တွေကို ဖြတ်တောက်ပစ်ဖို့ ကြိုးစားလိုက်တိုင်း အဲဒီအချစ်တွေက အသစ်ပြန်လည်မွေးဖွားလာတာပါပဲ ၊ ကျွန်မရင်ထဲမှာ ရှင့်အပေါ်ထားတဲ့အချစ်တွေကို ဘယ်တုန်းကမှ ရပ်တန့်ပစ်လို့ မရခဲ့ပါဘူးရှင်…"

ကျောက်ရှောင်ယွီက ခဏနားလိုက်ပြီး ဆက်ပြောသည်။

"တန်ခိုးစွမ်းအားများကင်းလွတ်ရာကမ္ဘာမြေမှာနေခဲ့တုန်းကထန်မင်းဆက်ခေတ် ကဗျာတစ်ပုဒ်ကို ဖတ်ခဲ့ဖူးတယ် ၊ 'နောက်နှစ်နွေဦးရောက်လို့ မြက်ခင်းတွေ ရွက်နုသစ်ထွက်လာတဲ့အခါ ၊ ဝမ်စွန်းနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရလေဦးမလား' တဲ့ ၊ ကဗျာလေးက ဘယ်လောက်လှလိုက်သလဲ ၊ ကျွန်မရင်ထဲမှာတော့ ဝမ်စွန်းဆိုတာ ရှင်ပါပဲ ၊ ကျွန်မ ရှင်နဲ့ ပြန်ဆုံရဖို့ အမြဲတမ်း စောင့်မျှော်နေခဲ့တယ် ၊ အဲဒါ အမှန်တရားပါပဲ ၊ ကျွန်မဘဝရဲ့အပျော်ရွှင်ဆုံးအချိန်တွေဆိုတာ ရှင်နဲ့ အတူရှိနေရတဲ့ အချိန်တွေပါပဲ… ဒါကြောင့် ကျွန်မက ရှင့်အတွက်ဆိုရင် ဘာမဆို လုပ်ပေးမှာပါ…"

ကျောက်ရှောင်ယွီသည် ပြောပြီးသည်နှင့် ကျားရဲ့ကျောင်းတော်အပြင်ဘက်သို့ ထွက်ခွာသွားလေသည်။

သူမက အင်္ကျီလက်ကို အသာအယာတစ်ချက်ဝှေ့ယမ်းလိုက်လေသည်။ ထိုအခါ လရောင်က ပိုမိုကြည်လင်လာပြီး လောကတစ်ခုလုံးက တာအိုကာရံညီသွားလေသည်။

ထို့နောက် မြင်ကွင်းထဲတွင် စပါးပင်များထက် ပျံသန်းနေသည့် ကြိုးကြာငှက်များ၏ ရှုခင်းပုံပေါ်လာလေသည်။ ထိုရှုခင်းများသည် ကျောက်ရှောင်ယွီ၏ရင်ထဲတွင် ခံစားနေရသည့် ခံစားချက်များ ပုံရိပ်ထင်ဟပ်ခြင်းပင်ဖြစ်လေသည်။

ထို့နောက် မိုးများ ရွာသွန်းလာပြီး လျှပ်စီးများလက်လာကာ လှပသည့် ရှုမျှော်ခင်းများ ပျက်စီးသွားခဲ့လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေပြီး လရောင်ကလည်း ယခင်ကအတိုင်း ထွန်းလင်းတောက်ပနေဆဲ ဖြစ်လေသည်။

ဆန်းလျန်က ကျောက်ရှောင်ယွီအနားသို့ ရောက်လာပြီး…

"ကျုပ်တို့ မာဂဓတိုင်းကို သွားကြရအောင်…"

ထို့နောက် ကျောက်ရှောင်ယွီနှင့် ဆန်းလျန် ခြေလှမ်းတစ်လှမ်းလှမ်းလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားကြလေတော့သည်။

ညအချိန်ဖြစ်ပြီး ကောင်းကင်ထက်တွင် ကြယ်စင်များ လင်းလက်တောက်ပနေလေသည်။ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် ရှေးဟောင်းမြို့တော်ကြီးတစ်ခုသို့ ရောက်ရှိလာကြလေသည်။

ထို ရှေးဟောင်းမြို့တော်ကြီးမှာ မာဂဓတိုုင်းပင် ဖြစ်လေ၏။

ညအချိန်ပင်ဖြစ်လင့်ကစား မြို့တော်၏လမ်းများထက်တွင် လူအများ ဥဒဟိုသွားလာကာ စည်းကားသိုက်မြိုက်လျှက်ရှိလေသည်။

အမှန်တော့ ထိုသူများသည် သာမန်လူများမဟုတ်ပေ။ နတ်ဘုရားများ ၊ တစ္ဆေဝိညာဉ်များ ၊ နတ်မိစ္ဆာများနှင့် များပြားလှစွာသော ထူးဆန်းသည့်မျိုးနွယ်များ ဖြစ်ကြလေသည်။

မာဂဓတိုင်းတွင်နေထိုင်ကြသူများမှာ တိစစ်ထျန်းကို ယုံကြည်ကိုးကွယ်သူများသာ ဖြစ်ကြလေသည်။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီက မာဂဓတိုင်းတွင် တောက်ပလင်းလက်နေသည့် ကြယ်စင်တစ်စင်တစ်စင်းကို တွေ့မြင်လိုက်ကြရလေသည်။

ထိုကြယ်စင်ကို သာမန်လူများ တွေ့မြင်နိုင်မည် မဟုတ်ပေ။

မြို့တော်အတွင်းမှ တောက်ပသည့်အလင်းမှုံလေးများ ထွက်ပေါ်နေပြီး အားလုံးက ထိုကြယ်စင်ရှိရာသို့ စုဝေးသွားကြလေသည်။

ထိုကြယ်စင်မှာ မာဂဓတိုင်းတွင်နေထိုင်ပြီး နှစ်ပေါင်းများစွာ တိစစ်ထျန်းကို ယုံကြည်ကိုးကွယ်ကြသူများ၏ စိတ်စွမ်းအားများပင် ဖြစ်လေသည်။ ယုံကြည်ကိုးကွယ်ခြင်းတန်ခိုးစွမ်းအားများသည် မိုးနှင့်မြေကို များစွာ သက်ရောက်မှု ရှိလေသည်။

ယုံကြည်ကိုးကွယ်သူများ၏ စွမ်းအားမြင့်မားလျှင် မြင့်မားသလောက် စိတ်ကူးအိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။ ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားတစ်ပါးမဟုတ်လျှင်တောင်မှ ထိုသို့သော ဆန်ခိုးစွမ်းအားများကို အသုံးပြုကာ ဖန်ဆင်းမှုကို ပြုလုပ်နိုင်မည် ဖြစ်လေသည်။

ဤသည်မှာ ဝတ်ပြုကိုးကွယ်မှု ၊ ယုံကြည်မှုမှ ဖြစ်ပေါ်လာသည့် ထူးခြားသည့် တန်ခိုးစွမ်းအားများပင် ဖြစ်လေသည်။

မာဂဓတိုင်းတွင် တိစစ်ထျန်းတစ်ယောက်တည်းသာရှိသည်မဟုတ်ပေ။ တိစစ်ထျန်း၏ လက်အောက်တွင် အမှုထမ်းနေကြသည့် များစွာသော နတ်ဘုရားများလည်း ရှိလေသည်။

နတ်ဘုရားများကို တိစစ်ထျန်းက အဆင့်များသတ်မှတ်ထားလေသည်။

မိုးကောင်းကင်နတ်ဘုရားများလက်အောက်တွင် လောကနတ်ဘုရားများရှိကြသည်။ ထိုနတ်ဘုရားများလက်အောက်တွင် ဝိညာဉ်နတ်ဘုရားများရှိကြသည်။ သူတို့အားလုံးလက်အောက်တွင်တော့ ဓားသိုင်းကျင့်ကြံသူများနှင့် နတ်မိစ္ဆာများ ရှိကြလေသည်။

တိစစ်ထျန်း၏ လက်အောက်တွင် ထိုသို့ အဆင့်များ သတ်မှတ်ထားလေရာ မည်သူမှ မာဂဓတိုင်းကို ပြဿနာမရှာရဲကြပေ။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီက မည်သူ့ကိုမှ ပြဿနာမရှာဘဲ မာဂဓတိုင်းကို ကာရံထားသည့် အရံအတားများကို ကျော်ဖြတ်ကာ မြို့တော်အတွင်းသို့ ဝင်ရောက်လာခဲ့ကြလေသည်။

မကြာမီမှာပင် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ နန်းတော်တစ်ခုရှေ့သို့ ရောက်လာကြသည်။

နန်းတော်တစ်ခုလုံးက ဝိညာဉ်စွမ်းအားများဖြင့် ပြည့်ဝနေပြီး ထိုသို့သောနန်းတော်မျိုးတွင်နေထိုင်မည်ဆိုလျှင် သာမန်လူတစ်ယောက်ပင်လျှင် ကျင့်ကြံစရာမလိုဘဲ အသက် (၃၀၀)ကျော်မျှ နေထိုင်နိုင်မည် ဖြစ်လေသည်။

လရောင်နှင့်တူသည့် ရောင်ခြည်တန်းတစ်ခုက နန်းတော်မြေပြင်ထက်တွင် လင်းလက်နေပြီး မြင်တွေ့ရသည့်မြင်ကွင်းက အိပ်မက်ဆန်လှလေသည်။

နန်းတော်တွင် အစောင့်များ ချထားခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် နန်းတော်ထဲတွင် တိစစ်ထျန်းကိုယ်တိုင်နေထိုင်သည့်အတွက် အစောင့်ချထားရန် မလိုသောကြောင့် ဖြစ်သည်။

ဤနန်းတော်ကြီး တည်ဆောက်ပြီးကတည်းက လူပေါင်များစွာ ဝင်ရောက်လာခဲ့ကြဖူးလေသည်။

သို့သော်… အကြံဆိုးဖြင့်ဝင်ရောက်လာသူမည်သူမဆို အသက်ရှင်လျှက် ပြန်ထွက်သွားခဲ့ကြရသည်ဟူ၍ မရှိပေ။

နန်းတော်ခန်းမဆောင်မှာ အဖြူရောင်ဖြစ်ပြီး ကျယ်ဝန်းလေသည်။

ခန်းမအလယ်တွင်ထိုင်နေသူကတော့ တိစစ်ထျန်း ဖြစ်လေ၏။

တိစစ်ထျန်းက ခန်းမအလယ်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။ သူ၏ပုံစံက သာမန်လူသားတစ်ယောက်အလားဖြစ်လေသည်။ ရုပ်ရည်က အလွန်တရာချောမောလှပပြီး ဆံနွယ်များက ခါးထိအောင် ရှည်လျားလေ၏။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့က တိစစ်ထျန်းမသိအောင် ခိုးဝင်လာခြင်း မဟုတ်ပေ။ သူတို့က ခန်းမအတွင်းသို့ ပြောင်ပြောင်တင်းတင်းပင် ဝင်လာကြခြင်း ဖြစ်လေသည်။

ထိုသို့ အေးဆေးတည်ငြိမ်သည့် ဟန်ပန်ဖြင့် သူနေထိုင်ရာနန်းတော်သို့ ဝင်လာရဲကြသည့်သူမျိုးကို တိစစ်ထျန်း၏ဘဝတွင် တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

တိစစ်ထျန်းက သူတို့နှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး…

"တာအိုရောင်းရင်းနှစ်ယောက်က ဘာကိစ္စရှိလို့ ရောက်လာကြတာလဲ…"

ဆန်းလျန်က…

"အရှင်အိန္ဒြဆီက သုခဘုံအကြောင်း စုံစမ်းချင်လို့ပါ…"

တိစစ်ထျန်းက…

"သုခဘုံအကြောင်းကို ကျုပ်ကောင်းကောင်းသိတာပေါ့ ၊ ဒါပေမဲ့ သုခဘုံအကြောင်း ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ဗုဒ္ဓကို ကျုပ် ကတိပေးထားခဲ့တယ် ၊ ဗုဒ္ဓဟာ ကျုပ်ရဲ့ဆရာသခင်ပါပဲ ၊ ကျုပ် သူ့အပေါ်မှာ သစ္စာမပျက်နိုင်ဘူး…"

ကျောက်ရှောင်ယွီက ရေကဲ့သို့တည်ငြိမ်သည့်မျက်ဝန်းမျာဖြင့် တိစစ်ထျန်းကို စိုက်ကြည့်လိုက်လေသည်။သူမ၏အကြည့်က တိစစ်ထျန်း၏ ဝိညာဉ်ကိုပင် ဖောက်ထွင်းမြင်ရသည့်အလား ထင်မှတ်ရသည်။

သူမက…

"ရှင်နဲ့ ဗုဒ္ဓက တကယ့်ဆရာတပည့်အရင်းတွေလား…"

တိစစ်ထျန်းက အေးဆေးသည့်လေသံဖြင့်…

"ကျုပ်က ဗုဒ္ဓဆီက တရားဓမ္မကိုပဲ သင်ယူခဲ့တာပါ ၊ ဗုဒ္ဓရဲ့လမ်းစဉ်ကို လိုက်ခဲ့တဲ့သူ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ဗုဒ္ဓနဲ့ ကျုပ်ဟာ ဆရာတပည့် အရင်းတွေပါပဲ ၊ ဒါပေမဲ့ ကျုပ်က ဗုဒ္ဓရဲ့တပည့်လို့ မခံယူဝံ့ပါဘူး ၊ ဒါနဲ့ တာအိုရောင်းရင်းနှစ်ယောက်က တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ ၊ တစ်ယောက်ရဲ့ တန်ခိုးစွမ်းအားတွေက အရမ်းနက်ရှိုင်းပြီး နောက်တစ်ယောက်ရဲ့ တန်ခိုးစွမ်းအားတွေကတော့ သိပ်ကို သန့်စင်လွန်းတယ်"

ကျောက်ရှောင်ယွီက…

"ကြည့်ရတာ ရှင်က ကျွန်မတို့ကို မသိပုံထောက်ရင် ပြင်ပလောကနဲ့ အဆက်အသွယ် သိပ်မရှိဘူးထင်တယ်…"

တိစစ်ထျန်းက…

"ကျုပ် ဒီနန်းတော်ထဲကမထွက်တာ နှစ်ပေါင်းတစ်သောင်းကျော်ကြာခဲ့ပြီ ၊ ပြင်ပလောကအကြောင်းတွေကိုလည်း စိတ်မဝင်စားဘူး…"

တိစစ်ထျန်း၏ အဖြေစကားကြောင့် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

တိစစ်ထျန်းက…

"လောကမှာ ဖြစ်ပျက်နေသမျှ ဘာမှ မထူးဆန်းဘူး ၊ ဒါကြောင့် ပြင်ပလောကအကြောင်း သိဖို့လည်း မလိုဘူး ၊ ပြင်ပလောကဆိုတာ ကျုပ်အတွက် အလကားပဲ…"

***

All Chapters