← Chapters

နတ်ဘုရားထောင်ချောက်ဓား

Vol. 9 Ch. 858

နတ်ဘုရားထောင်ချောက်ဓား

Vol. 9 Ch. 858

ထိုအချိန်မှာပင် ကောင်းကင်ထက်မှ ရေစင်ကဲ့သို့ အလင်းတန်းများ ဖြာကျလာလေသည်။

တိစစ်ထျန်း၏နန်းတော်ခန်းမဆောင်ထဲတွင် ဝိညာဉ်စွမ်းအားများ ချက်ချင်းပင် မြင့်တက်လာသည်။

အလင်းတန်းများက ဆန်းလျန်နှင့် ကျောက်ရှောင်ယွီကို ဖုံးလွှမ်းသွားပြီး ခန်းမတစ်ခုလုံးမှာ အရိပ်ပင် မမြင်ရလောက်အောင် လင်းထိန်တောက်ပသွားလေသည်။

တိစစ်ထျန်း၏မျက်နှာက တည်ကြည်လေးနက်နေလေ၏။

တိစစ်ထျန်းက သူ၏ နန်းတော်အတွင်းမှ ပြင်ပလောကသို့ တစ်ဖဝါးပင်ခြေမချသည်မှာ နှစ်ပေါင်းတစ်သောင်းကျော်ကြာခဲ့ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့် မည်မျှမြင့်မားသည်ကို မည်သူမှ မသိနိုင်ပေ။ သူ၏ ဝိညာဉ်စွမ်းအားသည်လည်း အထွတ်ထိပ်အဆင့် ရောက်ရှိနေပြီ ဖြစ်လေသည်။

သို့သော်… ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ (၂)ယောက်ပေါင်းပြီး တိုက်ခိုက်ပါက တိစစ်ထျန်းအနေဖြင့် သူတို့ (၂)ယောက်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ ထို့ပြင်… သူက ဗုဒ္ဓကိုပေးထားသည့် ကတိကိုလည်း မဖျက်လိုပေ။

ထို့ကြောင့် သူက ဗုဒ္ဓကိုပေးထားသည့် ကတိကိုလည်း မဖျက်ချင်သလို သူ့ရှေ့မှ နတ်ဘုရား (၂)ပါးကိုလည်း တိုက်ခိုက်လိုစိတ်မရှိပေ။

ဆန်းလျန်က တိစစ်ထျန်း၏ သဘောထားကို ချက်ချင်း ရိပ်မိသွားလေသည်။

ဆန်းလျန်က…

"အနှောက်အယှက်ပေးမိပြီ…"

ဟု ပြောလိုက်သည်။

ထို့နောက်… သူက ကျောက်ရှောင်ယွီ၏ လက်များကို အသာဆုပ်ကိုင်လိုက်ပြီး ခန်းမဆောင်အတွင်းမှ အေးဆေးစွာပင် ထွက်ခွာသွားလေတော့သည်။

ထိုအခါမှ… တိစစ်ထျန်းက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျမ်းစာတစ်ပုဒ်ကို ရွတ်ဖတ်လိုက်လေသည်။

တိစစ်ထျန်းရွတ်ဖတ်လိုက်သည့် ကျမ်းစာမှ စာလုံးတစ်လုံးချင်းစီသည် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ၏ နှလုံးသားထဲတွင် အမှတ်အသားတစ်ခုအလား စွဲထင်သွားလေသည်။

တိစစ်ထျန်းရွတ်ဖတ်လိုက်သည့်ကျမ်းစာမှာ အော်မီတော်ဖူဘုရား၏ အမိတ္တဘဟကျမ်းစာပင် ဖြစ်လေသည်။

ထိုကျမ်းစာသည်…

"တစ်ခါက ကြားသိခဲ့ရသည်မှာ…"

ဆိုသည့် စကားဖြင့် အစပြုပြီး …

"လောကတစ်ခုလုံးရှိနတ်လူသတ္တဝါအားလုံး ဗုဒ္ဓ၏တရားတော်ကြောင့် စိတ်နှလုံးအေးချမ်းကြပါစေ…"

ဆိုသည့်စကားဖြင့် အဆုံးသတ်လေသည်။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် တိစစ်ထျန်း၏ ကျမ်းစာဖတ်သံကိုနားထောင်ရင်း ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာလာခဲ့ကြလေသည်။

မာဂဓတိုင်း၏ ကောင်းကင်သည် လေပြင်းများတိုက်ခတ်နေပြီး ထိုလေပြင်းများသည် မှော်ဝင်ဓားများအလား စူးရှထက်မြက်လျှက်ရှိလေသည်။

ထိုလေပြင်းများကို ခံစားရပါက မည်သည့်နတ်ဘုရားမဆို စိတ်အနှောက်အယှက်ဖြစ်ကြရမည်ဖြစ်ပြီး သာမန်လူသားများဆိုလျှင်တော့ ထောင်ပေါင်းများစွာသော ဓားသွားများဖြင့် ထိုးနှက်ခံရသည့်အလား ခံစားကြရမည်ဖြစ်လေသည်။

ကျောက်ရှောင်ယွီက နူးညံ့သိမ်မွေ့သည့်လေသံဖြင့်…

"ဆန်းလျန်… ရှင်က ထူးခြားတဲ့လူတစ်ယောက်ပါ ၊ သုခဘုံကို ရှင်သွားနိုင်မှာပါ…"

ဆန်းလျန်က…

"ကျုပ်လည်း အရင်ကတော့ သုခဘုံကို သွားနိုင်မယ်လို့ ထင်ခဲ့တယ် ၊ ဒါပေမဲ အရှင်အိန္ဒြက ကျုပ်ထင်ထားသလိုမဟုတ်ဘူး ၊ အရင်က ဘယ်လောက်ဆိုးတဲ့အလုပ်တွေလုပ်ခဲ့ပါစေ အခု သူက သန့်စင်တဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်နေခဲ့ပြီ ၊ ပြင်ပလောကနဲ့ လုံဝအဆက်အသွယ်မလုပ်တော့ဘူး ၊ ဒီတော့ ကျုပ်တို့ သူ့ကို လေးစားသင့်တယ် ၊ အမှန်ဆို ကျုပ်တို့ သူ့ကို လာတောင်မတွေ့သင့်ပါဘူး…"

ကျောက်ရှောင်ယွီက…

"ဒါပေမဲ့ သူ့ကိုလာတွေ့လိုက်တော့လည်း အမိတ္တဘဟကျမ်းစာကို သိခွင့်ရလိုက်တာပေါ့…"

ဆန်းလျန်၏ နှလုံးသားထဲတွင် အမိတ္တဘဟကျမ်းစာက ရေစင်အလား စီးဆင်းနေလေသည်။

ထို့အတူ သူက အရှင်အိန္ဒြအကြောင်းကို စဉ်းစားနေမိသည်။

အရှင်အိန္ဒြသည် ပြင်ပလောကကို ဖယ်ခွာပြီး နှစ်ပေါင်းတစ်သောင်းကြာအောင် ကျင့်ကြံမှု ပြုလုပ်ခဲ့သည့်တိုင် တကယ်တမ်း ဘေးအန္တရယ်ကပ်ဆိုးကြီး ကျရောက်လာသည့်အချိန်တွင် သူ့အနေဖြင့် လွတ်လမ်းမရှိနိုင်ပေ။ ထိုအချက်ကို သူကိုယ်တိုင်လည်း သိရှိထားဟန် တူလေ၏။ သို့သော်… အရှင်အိန္ဒြသည် သူရွေးခြယ်သည့်လမ်းကို လက်ခံထားဟန် ရှိလေသည်။

ထို့ပြင်… သူလုပ်ခဲ့သည့်အမှားများအတွက် ထိုသို့နေထိုင်ခြင်းကသာ သူ့ဘဝ၏ နောက်ဆုံးအချိန်တွင် စိတ်သက်သာရာရနိုင်မည် ဖြစ်လေသည်။

ထိုအချက်ကို သိလိုက်သည့်အတွက် ဆန်းလျန်က အရှင်အိန္ဒြကို အနှောက်အယှက်မပေးတော့ဘဲ ထွက်လာခဲ့ခြင်း ဖြစ်လေသည်။ ထို့ပြင်… အရှင်အိန္ဒြအတွက်လည်း သူအနည်းငယ် စိတ်မကောင်း ဖြစ်နေမိသည်။

သို့သော်… ကျောက်ရှောင်ယွီ ပြောသည်မှာ မှန်လေသည်။

အရှင်အိန္ဒြနှင့် လာရောက်တွေ့ဆုံခြင်းကြောင်း ဆန်းလျန်ရရှိခဲ့သည့် အကြီးမားဆုံး အကျိုးကျေးဇူးမှာ အော်မီတော်ဖူဘုရား၏ အမိတ္တဘဟကျမ်းစာကို သိရှိခဲ့ရခြင်း ဖြစ်လေသည်။

ဆန်းလျန်၏ စိတ်ထဲတွင် သားသတ်သမား၏ဓားသွားပမာ အမြစ်တွယ်နေသည့် မိစ္ဆာစွမ်းအားများသည် အမိတ္တဘဟကျမ်းစာကို ကြားလိုက်ရသည့်အချိန်တွင် အားလုံး လွင့်ပြယ်ပျောက်ပျက်သွားခဲ့လေသည်။

ဆန်းလျန်၏ စိတ်အစဉ်သည် တဖြည်းဖြည်း ကြည်လင်လာလေသည်။

ထိုအခါ မာဂဓတိုင်း၏ မိုးကောင်းကင်ထက်တွင် တိုက်ခတ်နေသည့် ဓားသွားပမာ လေပြင်းများသည် တဖြည်းဖြည်း ငြိမ်သက်သွားကာ လေပြေးလေးပမာ ပြောင်းလဲသွားတော့သည်။

ဆန်းလျန်၏ အင်္ကျီစများသည် လေထဲတွင် လွင့်ပျံလျှက် ရှိလေသည်။

လက်ရှိအချိန်တွင် စကြာဝဠာထက် ကျယ်ပြန့်သည့်အရာတစ်ခုရှိသည်ဆိုလျှင် ထိုအရာသည် ဆန်းလျန်၏ စိတ်နှလုံးပင် ဖြစ်လေတော့သည်။

ဆန်းလျန်၏ နှလုံးသားထဲတွင် ဖန်မီးအိမ်တစ်ခု ထွန်းလင်းတောက်ပလာပြီး သူ၏ ဝိညာဉ်ကလည်း လင်းလက်လာလေသည်။ ထိုဖန်မီးအိမ်မှာ ပညာမီးအိမ်ပင် ဖြစ်လေသည်။

ပညာသည် လောကတစ်ခုလုံးရှိ မသိမှု ၊ အဝိဇ္ဇာအမိုက်အမှောင်များအာလးုံးကို ဖယ်ရှားနိုင်စွမ်းရှိလေသည်။ ထို့အတူ ဆန်းလျန်၏ နှလုံးသားထဲမှ မသန့်စင်မှုများကိုလည်း ဖယ်ရှားပစ်နိုင်စွမ်း ရှိလေသည်။

ကျောက်ရှောင်ယွီသည် ဆန်းလျန်ကို တအံ့တသြဖြင့် ငေးကြည့်နေမိလေသည်။

အဘယ်ကြောင့်ဆိုသော် သူ့ရှေ့မှ ဆန်းလျန်သည် တဖြည်းဖြည်းနှင့် ငယ်ရွယ်သွားပြီး အသက် (၁၆)နှစ်ပမာ ထင်မှတ်ရလေသည်။ သူ၏မျက်ဝန်းများက နူးညံံ့နေပြီး မျက်နှာက ကြည်လင်သန့်စင်နေလေသည်။

ကျောက်ရှောင်ယွီမှာ ဆန်းလျန်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခွင့်ရခဲ့သည့်အချိန်များကို ပြန်လည် အမှတ်ရလာမိသည်။

ဆန်းတုမြို့တော် ၊ မြောက်ပိုင်းကန်သာယာမှ ချွေးယွင်ထိုင်တွင် သူမနှင့် ဆန်းလျန် ပထမဆုံး တွေ့ဆုံခဲ့ကြခြင်း ဖြစ်လေသည်။

ထိုနေ့ညက…

လရောင်သည် မြောက်ပိုင်းရေကန်ထက်သို့ ဖြာကျနေပြီး ကြယ်စင်များကလည်း လင်းလက်တောက်ပလျှက်ရှိလေသည်။

ထိုနေ့ညက…

ဆန်းလျန်နှင့် သူမ ပထမဆုံး တွေ့ဆုံခဲ့ကြပြီး ထိုအချိန်မ စတင်က သူမ တစ်ဘဝလုံး ဆန်းလျန်ကို ချစ်ခင်မြတ်နိုးခဲ့ရခြင်း ဖြစ်လေသည်။

ထိုအချိန်က… ဆန်းလျန်သည် လွတ်လပ်သည့် လူငယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူမအပေါ်တွင်လည်း စိတ်ဝင်စားမှု လုံးလုံး မရှိခဲ့ပေ။

သူမကလည်း ထိုလူငယ်လေး ဆန်းလျန်ကို ချစ်မိသွားလိမ့်မည်ဟု တစ်ခါမှ တွေးမထားခဲ့ဖူးပေ။

"ဘာလဲ…ကျုပ်က အဲဒီအချိန်ကနဲ့ မတူတော့ဘူးလား ၊ ဘာတွေများပြောင်းလဲသွားလို့လဲ…"

ဆန်းလျန်က ကျောက်ရှောင်ယွီကို မျက်ခုံးပင့်ကာ တစ်ချက်ကြည့်လိုက်ရင်း စကားဆိုလိုက်သည်။ သူ၏နှုတ်ခမ်းများကတော့ တောက်ပသည့်အပြုံးများကို ဆင်မြန်းထားလေသည်။

ကျောက်ရှောင်ယွီက ဆန်းလျန်၏နဖူးပြင်ထက်ဆီ ခပ်ဖွဖွတစ်ချက် တောက်လိုက်ရင်း…

"အရင်ကအတိုင်း ခပ်တုံးတုံးပဲ…"

ကျောက်ရှောင်ယွီ၏ စကားကြောင့် ဆန်းလျန်က ရယ်မောလိုက်လေသည်။

ထို့နောက်… သူတို့ (၂)ယောက် ကောင်းကင်ထက်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြပြီး အဝေးဆီမှ နဂါးငွေ့တန်းကို ငေးမောကြည့်ရှုနေခဲ့ကြလေသည်။

ချစ်ရသူနှင့်သာဆိုလျှင်…. နဂါးငွေ့တန်းဆီမှ ကြယ်စင်များသည်လည်း ပို၍ပင် အသက်ဝင်တောက်ပနေမည်မှာ အမှန်ပင်။

………….

လရောင်အောက်တွင် ….

အလင်းတန်း (၂)ခု ရှေ့ဆင့်နောက်ဆင့် ပြေးလွှားနေလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအလင်းတန်း (၂)ခုသည် တောတောင်ရေမြေများစွာကို ဖြတ်သန်းလာခဲ့ကြလေသည်။

အချိန်မည်မျှ ကြာသွားသည်မသိပေ။

အလင်းတန်းတစ်ခုက တောင်ကုန်းတစ်ခုထက်သို့ ဆင်းသက်လိုက်လေသည်။ ထိုအခါ တောင်ကုန်းထက်တွင် လှပသည့် နတ်သမီးတစ်ပါး ပေါ်လာလေ၏။

ထိုနတ်သမီးမှာ ထိုက်ယင်းနတ်သမီးပင် ဖြစ်လေသည်။

နောက်ထပ်အလင်းတန်းတစ်ခုကလည်း သူမနှင့် မနီးမဝေးတစ်နေရာတွင် ဆင်းသက်ရပ်တန့်လိုက်သည်။ ထိုသူမှာ ဝမ်ရှီတောက် ဖြစ်လေ၏။

ထိုက်ယင်းနတ်သမီးက…

"ရှင် ကျွန်မနောက် ဘာလို့ လိုက်လာရတာလဲ…"

ဝမ်ရှီတောက်က…

"ဒီက နတ်သမီးက ကွမ်ဟန်နန်းတော်က လူ့လောကကို ဆင်းလာတာလား…"

ကွမ်ဟန်နန်းတော်ဆိုသည်မှာ မရှိမှုကျေးရွာတွင် လနတ်သမီးချန်ဝေါ် (ဟန်အယ်) ဖွင့်လှစ်ခဲ့သည့် နတ်ဘုရားနယ်မြေတစ်ခု ဖြစ်လေသည်။ ထိုနေရာသည် တကယ့်နတ်ဗိမာန်အလား သာယာလှပလွန်းသည်ဟု အဆိုရှိကြသည်။

လနတ်သမီချန်ဝေါ်သည် အလွန်အဆင့်မြင့်သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူမ၏ တန်ခိုးစွမ်းအားများသည် ကျန့်ယွမ်ကျီနတ်မင်းကြီးထက် မသာလျှင်တောင် မလျော့ပေ။

အကယ်၍လနတ်သမီးချန်ဝေါ်၏ ခင်ပွန်းဖြစ်သည့် လေးသည်တော်တာ့ယိသာရှိနေဦးမည်ဆိုလျှင် တာ့ယိနှင့် ချန်ဝေါ် (ဟန်အယ်)တို့နှစ်ယောက်၏ တန်ခိုးစွမ်းအားပေါင်းစပ်မှုကို မိုးနတ်မင်းသည်ပင်လျှင် ရင်ဆိုင်ဝံ့မည် မဟုတ်ပေ။

ဝမ်ရှီတောက်ကြားဖူးထားသည့် ဒဏ္ဍာရီတစ်ခု ရှိလေသည်။

ဒုတိယမိုးနတ်မင်း တန်ခိုးစွမ်းအား မြင့်မားစဉ်ခေတ်ကာလတုန်းက ဒုတိယမိုးနတ်မင်းက လက်ထပ်ခွင့် တောင်းခဲ့ဖူးလေသည်။ သို့သော်… ချန်ဝေါ်က လက်မခံဘဲ ငြင်းပယ်ခဲ့လေသည်။

သို့သော်… ဒုတိယမိုးနတ်မင်းက လနတ်သမီးချန်ဝေါ် (ဟန်အယ်)ကို  တန်ခိုးအာဏာအသုံးပြုကာ အတင်းအဓမ္မသိမ်းပိုက်ရန် ကြံစည်ခဲ့ဖူးသည်။

ထို့ကြောင့် ချန်ဝေါ်သည် မိုးနတ်မင်း၏လက်မှ လွတ်မြောက်ရန်အတွက် ကွမ်ဟန်နန်းတော်တံခါးကို ထာဝရအလုံပိတ်ထားခဲ့လေသည်။

ထိုအကြောင်းများကြောင့်ပင် နောက်ပိုင်း ဒုတိယမိုးနတ်မင်း ကျဆုံးရန် လုပ်ကြံတိုက်ခိုက်မှုများတွင် ချန်ဝေါ်သည်လည်း ပါဝင်ပတ်သက်နေခဲ့သည်ဟု ဆိုကြလေသည်။

ထိုက်ယင်းနတ်သမီးက…

"ရှင်က ဘာဖြစ်ချင်တာလဲ…"

ဝမ်ရှီတောက်က…

"ကျုပ်ဝမ်ရှီတောက်က ထိုက်ယင်းနတ်သမီးဆီကနေ လနတ်သမီးချန်ဝေါ်ရဲ့ ထိုက်ယင်းလမ်းစဉ်ကို သိချင်လို့ပါ…"

ထိုက်ယင်းနတ်သမီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…

"ရှင်က ဘာကိစ္စ ကျွန်မကို လာမေးနေရတာလဲ…"

ဝမ်ရှီတောက်က တိုးတိတ်သည့်လေသံဖြင့်…

"နောက်ပိုင်းမျိုးဆက်သစ်ကျင့်ကြံသူတွေ မသိနိုင်ကြတဲ့ လျှို့ဝှက်ကျင့်စဉ်တွေ လောကမှာ အများကြီး ရှိပါတယ် ၊ အဲဒါ နတ်သမီးကများ သဘောထားကြီးကြီးနဲ့ ကျုပ်ကို သင်ပြပေးနိုင်မလားလို့ပါ…"

ထိုက်ယင်းနတ်သမီးက မျက်လုံးများကို တစ်ချက်ကျဉ်းမြောင်းလိုက်ပြီး…

"ရှင်က ဘာတွေတွေးနေတာလဲ ၊ ရှင်က ဘယ်သူလဲ…"

ဝမ်ရှီတောက်က…

"ကျုပ်က ဆရာလုကျိုးယွမ်ရဲ့တပည့် ဝမ်ရှီတောက်ပါ…"

ထိုက်ယင်းနတ်သမီး၏ မျက်ဝန်းများ လက်ခနဲ တစ်ချက်တောက်ပသွားပြီး…

"နတ်ဘုရားထောင်ချောက်ဓားချက်နဲ့ သေခဲ့ရတဲ့ လုကျိုးယွမ်လား…"

ဝမ်ရှီတောက်၏မျက်ဝန်းများထဲတွင် နာကျည်းရိပ်များထင်ဟပ်လာလေသည်။

"ဟုတ်ပါတယ်…"

ထိုက်ယင်းနတ်သမီးက…

"ရှင်က လနတ်သမီးချန်ဝေါ်ရဲ့ ထိုက်ယင်းလမ်းစဉ်ကို နားလည်သွားတာနဲ့ အချိန်ရေစီးကြောင်းရဲ့ သဘောတရားကို နားလည်မယ်လို့များ ထင်နေသလား ၊ ရှင့်ကိုယ်ရှင် ဆန်းလျန်ထျန်းကျွင်းလောက် တော်တယ်များ ထင်နေသလား…"

"ဆန်းလျန်ထျန်းကျွင်း" ဆိုသည့် အမည်ကိုကြားသည်နှင့် ဝမ်ရှီတောက်မှာ စိတ်ရှုတ်ထွေးသွားရလေသည်။

ဝမ်ရှီတောက်က…

"အဲဒီလူကိုတော့ ကျုပ်ဘယ်လိုမှ မယှဉ်နိုင်ပါဘူး ၊ ဒါပေမယ့် ဒီလူက လရောင်ခြည်ကျင့်စဉ်ကိုကျင့်ကြံပြီး အချိန်ကို အချိန်ကို နောက်ပြန်လှည့်ပြီး အတိတ်ကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့တယ် ၊ နောက်ပိုင်းမျိုးဆက်သစ်ကျင့်ကြံသူတွေမှာ သူ့လောက်တော်တဲ့သူ မရှိနိုင်ပါဘူး ၊ ဒါပေမဲ့ နှစ်ပေါင်းတစ်သောင်းကျော် ကြာခဲ့ပြီးတဲ့နောက် ကျုပ်က အချိန်စီးကြောင်းအကြောင်းကို နည်းနည်းပါးပါး နားလည်ချင်မိတာပါ…"

ထိုက်ယင်းနတ်သမီးက….

"ရှင်ပြောတာမှန်ပါတယ် ၊ ဒီလိုလုပ်… ၊ ရှင် ကျွန်မကို လုကျိုးယွမ်ရဲ့ ဝိညာဉ်အကြွင်းအကျန်တွေရှိတဲ့နေရာကို ခေါ်သွားပေးပါ ၊ ဒါဆိုရင် ရှင့်ကို ထိုက်ယင်းလမ်းစဉ်အကြောင်း နည်းနည်း ပြောပြမယ်…"

ဝမ်ရှီတောက်က…

"နတ်သမီးက ဘာလို့ ဆရာ့ရဲ့ ဝိညာဉ်အကြွင်းအကျန်တွေကို တွေ့ချင်ရတာလဲ…"

ထိုက်ယင်းနတ်သမီးက…

"နတ်ဘုရားထောင်ချောက်ဓားက အရမ်းနာမည်ကြီးတယ် ၊ ဒါကြောင့် ဘယ်လောက်အစွမ်းထက်လဲဆိုတာ ကျွန်မ သိချင်တယ် ၊ လုကျိုးယွမ်ရဲ့ ဝိညာဉ်အကြွင်းအကျန်တွေကိုသာ တွေ့ခွင့်ရရင် အဲဒီဝိညာဉ်ပေါ်က နတ်ဘုရားထောင်ချောက်ဓားရဲ့ အမှတ်အသားကိုတွေ့နိုင်မယ်လေ ၊ ဒါဆို အဲဒီဓားဘယ်လောက်အစွမ်းထက်လဲဆိုတာ ကျွန်မ ခန့်မှန်းနိုင်လိမ့်မယ်…"

ဝမ်ရှီတောက်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ကောင်းပါပြီ ၊ နတ်သမီးကို ဆရာ့ဆီ ခေါ်သွားပေးပါ့မယ်…"

ထိုက်ယင်းနတ်သမီးက တည်ငြိမ်သည့်လေသံဖြင့်…

“ဒါဖြင့်လည်း သွားကြရအောင်…”

ထိုက်ယင်းနတ်သမီးက လုကျိုးယွမ်၏ ဝိညာဉ်အကြွင်းအကျန်များကို တွေ့မြင်လိုသည်မှာ အကြောင်းရှိလေသည်။ သူမသာ နတ်ဘုရားထောင်ချောက်ဓား၏အမှတ်အသားကို တွေ့မြင်လိုက်ရပါက နတ်ဘုရားထောင်ချောက်ဓား၏ မရဏလမ်းစဉ်ကိုလည်း သိရှိနိုင်မည် ဖြစ်လေသည်။ ထိုအခါ သူမ ကျင့်ကြံနေသည့် ထိုက်ယင်းဓားသိုင်းသည်လည်း ထိပ်ဆုံးအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

ဝမ်ရှီတောက်က ထိုက်ယင်းနတ်သမီးကို သူနေထိုင်ရာ ကျီးကျီကျိုက်ရှေးဟောင်းပစ္စည်းအရောင်းဆိုင်သို့ ခေါ်ဆောင်လာခဲ့လေသည်။

"ကျီးကျီကျိုက်" ဆိုသည့်စာလုံးများကို ထိုက်ယင်းနတ်သမီးက သေသေချာချာ ကြည့်လိုက်မိသည်။

ထို "ကျီးကျီကျိုက်" ဆိုသည့် စာလုံးများတွင် အသိဉာဏ်ပညာနှင့် ဝိညာဉ်စွမ်းအားများ စီးဆင်းနေလေသည်။ မိုးမြေနိယာမတရားများနှင့်လည်း ပြည့်ဝလျှက် ရှိလေသည်။

အားထီမော့က လုဖေးကို စောင့်ရှောက်ရင်း ကျီးကျီကျိုက်ဆိုင်ထဲတွင် ရှိနေလေသည်။

အားထီမော့သည် ပညာရှိ စာပေသမားတစ်ယောက် ဖြစ်လေသည်။ သို့သော် လုဖေးနှင့် ယှဉ်လိုက်လျှင် သူသိထားသည့် ပညာမှာ ကလေးသာသာမျှသာ ရှိသေးကြောင်း သဘောပေါက်လိုက်ရသည်။

လုဖေး အမှတ်တမဲ့ ပြောလိုက်သည့်စကားတစ်ခွန်းကပင် နက်ရှိုင်းသည့် အဓိပ္ပါယ်များနှင့် ပြည့်ဝလျှက် ရှိလေသည်။ ထို့ပြင် သူမေးသမျှ စာပေနှင့်ပတ်သက်သည့် မေးခွန်းများကိုလည်း လုဖေးက ဖြေနိုင်လေသည်။

လုဖေးသည် မွေးရာပါ ပါရမီရှင်တစ်ယောက် ဖြစ်လေ၏။

အရင်တုန်းက မွေးရာပါ ပါရမီပါသည်ဆိုသူများကို အားထီမော့ အယုံအကြည်မရှိခဲ့ပေ။ သို့သော်… လုဖေးကို တွေ့ပြီးသည့်နောက် သူ ယုံကြည်သွားခဲ့ပြီ ဖြစ်လေသည်။

"ညီလေးလု ဒီလောက်တော်တာ ၊ ဘာလို့ ကျင့်စဉ်လမ်းကို မလိုက်ရတာလဲ…"

ထိုမေးခွန်းကို အားထီမော့ မမေးဘဲ မနေနိုင်ခဲ့ပေ။

သို့သော်… လုဖေးပြန်ဖြေသည့်အဖြေက ရိုးရှင်းလေ၏။

"ကျွန်တော့်မှာ ကျင့်ကြံနိုင်တဲ့ စွမ်းအားမရှိလို့ပါ…"

အားထီမော့မှာ လုဖေးအတွက် စိတ်မကောင်း ဖြစ်သွားမိလေသည်။

လုဖေးက ပါရမီရှင်တစ်ယောက်ဖြစ်လေရာ ကျင့်စဉ်လမ်းကို လိုက်မည်ဆိုလျှင်လည်း အဆင့်တစ်ခုအထိတော့ ကျိန်းသေအောင်မြင်မှုရမည်ပင်ဖြစ်သည်။

သို့သော်… နှမျောစရာကောင်းသည့်အချက်မှာ လုဖေးသည်မိုးမြေစွမ်းအားများကို စုပ်ယူပြီး ကျင့်ကြံနိုင်စွမ်း မရှိပေ။

တန်ခိုးစွမ်းအားမြင့်မားသည့် ဝမ်ရှီတောက်သည်ပင် လုဖေး၏ ခန္ဓာကိုယ်တွင် ဖြစ်နေသည့် အားနည်းချက်ကို ပြုပြင်ပြောင်းလဲပေး၍ မရနိုင်ခဲ့ပေ။

ညအမှောင်ထဲတွင် အားထီမော့နှင့် လုဖေးတို့ စကားပြောနေကြသည်မှာ နံနက်အရုဏ်တက်ချိန်ပင် ရောက်လုပြီ ဖြစ်လေသည်။

သို့သော်… ထိုအချိန်ထိ ဝမ်ရှီတောက် ပြန်လာခြင်း မရှိသေးပေ။ အားထီမော့မှာ စိတ်ပူစ ပြုလာပြီ ဖြစ်လေသည်။ သူက ဝမ်ရှီတောက်မှာကြားခဲ့သည့်အတိုင်း ဝမ်ရှီတောက်ပြန်မလာမချင်း လုဖေးကို စောင့်ရှောက်ပေးရမည် ဖြစ်လေသည်။

ထိုအချိန်မှာပင်…

ဝမ်ရှီတောက်ပြန်လာသည်ကို တွေ့မြင်လိုက်ရလေသည်။ ဝမ်ရှီတောက်နှင့်အတူ အလွန်ချောမောလှပသည့် မိန်းမပျိုတစ်ယောက်လည်း ပါလာလေသည်။

သို့သော်… မိန်းမပျို၏မျက်ဝန်းများက ရေခဲတမျှ အေးစက်နေသည့်အတွက် အားထီမော့သည့် မိန်းမပျိုကို တစ်ချက်ပင် မကြည့်ရဲခဲ့ပေ။

မိန်းမပျိုက အားထီမော့ကို တစ်ချက်စိုက်ကြည့်လိုက်လေရာ အားထီမော့မှာ စိတ်ဝိညာဉ်ရော ရုပ်ခန္ဓာပါ အေးခဲသွားရလေသည်။ ထူးဆန်းသည့် ရေခဲအလွှာပါးလေးက သူ၏ခန္ဓာကိုယ်ကို ဖုံးကာထားလိုက်လေတော့သည်။

ဝမ်ရှီတောက်မှာ အံ့သြသွားသော်လည်း အားထီမော့ကို မကူညီခဲ့ပေ။ ထိုက်ယင်းနတ်သမီး ထို့ထက်ဆိုးသည့် အပြုအမူမျိုး မပြုလုပ်သည်ကိုပင် ကျေးဇူးတင်ရမည် ဖြစ်လေသည်။

ထိုက်ယင်းနတ်သမီးက အားထီမော့ကို စိတ်ပျက်သလို တစ်ချက်ကြည့်လိုက်ရင်း လုဖေးအနားသို့ လမ်းလျှောက်သွားလိုက်လေသည်။

"ဒီကလေးက ရှင့်ရဲ့ဆရာ လုကျိုးယွမ်လား…"

လုဖေးက ထိုက်ယင်းနတ်သမီးကို တစ်ချက်ကြည့်လိုက်ရင်း…

"ဒီက အစ်မက လပေါ်က ဆင်းလာတဲ့ နတ်သမီးလား…"

ထိုက်ယင်းနတ်သမီးက…

"ဝိညာဉ်စွမ်းအားတော်တော်ကောင်းတာပဲ…"

ထို့နောက် ထိုက်ယင်းနတ်သမီးက ဝမ်ရှီတောက်ကို လှည့်ကြည့်လိုက်ပြီး…

"နတ်ဘုရားထောင်ချောက်ဓားချက်အထိခံရတာတောင် လုကျိုးယွမ် ဘယ်လိုများ အသက်ရှင်သန်နိုင်ခဲ့တာလဲ…"

ဝမ်ရှီတောက်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ချန်ပေသိုက နတ်ဘုရားထောင်ချောက်ဓားကို ကိုင်ပြီး ကျုပ်တို့ ရွှမ်ထျန်းနတ်ဘုရားဂိုဏ်းကို ဖျက်စီးဖို့ ရောက်လာခဲ့တာ ၊ ဘယ်သူမှ သူ့ကို မတားဆီးနိုင်ခဲ့ဘူး ၊ ပြီးတော့ အဲဒီအချိန်မှာ လောကကြီးကတစ်ခုလုံးကလည် စတင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်လေ ၊ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဆရာက ကြာပန်းနီကျင့်စဉ်ကို ကျင့်ကြံထားတဲ့အတွက် အသက်ရှင်သန်နိုင်ခဲ့တာပါ…"

ထိုက်ယင်းနတ်သမီးက…

"ကြာပန်းနီကျင့်စဉ်ဆိုတာ တာအိုဆရာသခင်ထိုက်ယီရဲ့ ကျင့်စဉ် မဟုတ်လား…"

***

All Chapters