ဖုံးကွယ်ထားသောအတိတ်
Vol. 9 Ch. 859
ကြာပန်းနီကျင့်စဉ်မှာ တာအိုဆရာသခင်ထိုက်ယီ၏ ကျင့်စဉ် အမှန်ပင် ဖြစ်လေသည်။
ကြာပန်းနီတန်ခိုးစွမ်းအားဖြင့် တာအိုဆရာသခင်ထိုက်ယီသည် ရန်သူပေါင်းတစ်သောင်းကို အောင်နိုင်ခဲ့လေ၏။
ထိုတန်ခိုးစွမ်းအားကို တာအိုဆရာသခင်ထိုက်ယီသည် (၂)ကြိမ်သာ အသုံးပြုခဲ့ဖူးလေသည်။ သို့သော်… လောကတစ်ခုလုံးကို သိမ့်သိမ့်တုန်အောင် အံ့သြစေခဲ့သည်။တာအိုဆရာသခင်ထိုက်ယီ ထိုတန်ခိုးစွမ်းအားကို အသုံးပြုသည့် အချိန်များကလည်း ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်များ ဖြစ်ပျက်နေသည့် အချိန်များ ဖြစ်လေသည်။
သို့သော်… ထိုလျှို့ဝှက်ချက်ကို သိရှိသူ အနည်းငယ်သာ ရှိလေသည်။ ထိုလူအနည်းငယ်များထဲတွင် ထိုက်ယင်းနတ်သမီးလည်း အပါအဝင် ဖြစ်လေ၏။
ဝမ်ရှီတောက်က ခေါင်းညိတ်လိုက်ပြီး…
"နတ်သမီးပြောတာ မှန်ပါတယ်…"
ထိုက်ယင်းနတ်သမီးက တည်ကြည်သည့်မျက်နှာထားဖြင့်…
"ရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ထိုက်ယင်းလမ်စဉ်အကြောင်းကို သိရရင်တောင်မှ အချိန်ရဲ့ဆန်းကြယ်မှုအတွေအကြောင်းကို ရှင် နားလည်နိုင်မှာ မဟုတ်ဘူး ၊ အခု တာအိုဆရာသခင်ထိုက်ယီရဲ့ ကြာပန်းနီကျင့်စဉ်ကို ကြားရတာလည်း ထူးဆန်းတယ် ၊ ကျွန်မ ဒီကိစ္စတွေကို ဆရာ့ကို ပြောပြပြီး အကြံဉာဏ်တောင်းကြည့်မယ်…"
ဝမ်ရှီတောက်က…
"ကောင်းပါပြီ နတ်သမီး…"
ထိုက်ယင်းနတ်သမီးက အပြုံးပါးပါးလေးတစ်ချက် ပြုံးလိုက်လေသည်။
သူမသည် အစဉ်အမြဲ အေးစက်စက်နေတတ်သူဖြစ်လေရာ သူမ၏မျက်နှာထက်တွင် အပြုံးလေးဆင်မြန်းလိုက်သည့်အခါ နွေဦးအချိန်ရောသည့်အခါ ရေခဲများ အရည်ပျော်ကျသွားသည့်အလား ထင်မှတ်ရလေသည်။ ထိုအပြုံးလေးကို မြင်ရသူတိုင်း နွေးထွေးမှုကို ခံစားရမည် ဖြစ်လေသည်။
ထို့နောက် သူမက ကောင်းကင်ထက်သို့ မော့ကြည့်ကာ လက်အုပ်ချီလိုက်ပြီး ဆရာဖြစ်သူ လနတ်သမီးချန်ဝေါ် (ဟန်အယ်) ၏ အမည်ကို စိတ်ထဲမှ ခေါ်ဆိုလိုက်သည်။
ထိုက်ယင်းနတ်သမီး စိတ်အာရုံပို့လွှတ်ဆက်သွယ်မှုသည် ကွမ်ဟန်နန်းတော်ရှိ လနတ်သမီးချန်ဝေါ်ရှိရာသို့ ရောက်ရှိသွားလေသည်။
ကွမ်ဟန်နန်းတော်ထဲတွင် လနတ်သမီးချန်ဝေါ် (ဟန်အယ်) ရှိနေလေသည်။
လနတ်သမီးချန်ဝေါ်မှာ အလွန်ကျော့ရှင်းလှပပြီး ရှည်လျားသည့်ဆံနွယ်များက စီးဆင်းနေသည့်ရေတံခွန်အလား ဖြောင့်စင်းလှပလွန်းလှလေသည်။ သူမ၏အလှတရားသည် ကွမ်ယင်မယ်တော်နှင့် ဝန်စူးမယ်တော်တို့ထက်ပင် သာလွန်လေသည်။
ရုတ်တရက် သူမက ခေါင်းကိုမော့လိုက်ပြီး သူမရှေ့မှ ကြေးမုံမှန်ကို ကြည့်လိုက်သည်။
ထိုအခါ ကြေးမုံထက်တွင် ထိုက်ယင်းနတ်သမီးပေါ်လာလေသည်။ ထို့နောက် ထိုက်ယင်းနတ်သမီးပျောက်ကွယ်သွားပြီး လုဖေး၏ပုံပေါ်လာသည်။
လနတ်သမီးချန်ဝေါ်သည် လုဖေးကို အတန်ကြာ စိုက်ကြည့်နေလေသည်။
ထို့နောက် သူမ၏ မျက်ဝန်းများ လက်ခနဲ တစ်ချက်တောက်ပသွားပြီး သူမ၏ မျက်ဝန်းထဲတွင် ဓားတစ်လက် ပေါ်လာလေသည်။
ထိုဓားမှာ ရိုးရှင်းသည့်ဓားတစ်လက်ဖြစ်လေသည်။ မည်သည့်တန်ခိုးစွမ်းအားမှ မရှိသကဲ့သို့ ထင်မှတ်ရသည်။ သို့သော်… ထိုဓားကိုတွေ့မြင်လိုက်ရသည့်အခါ လနတ်သမီးချန်ဝေါ်၏ မျက်ဝန်းများပင် တစ်ချက်တုန်ခါသွားလေသည်။
အဖြူရောင်ဝတ်ဆင်ထားသည့် နတ်သမီးက ခေါင်းကိုတစ်ချက်ငုံ့လိုက်ပြီး…
"နတ်ဘုရားထောင်ချောက်ဓား ၊ ကြာပန်းနီတန်ခိုးစွမ်းအား ၊ ဒီကျင့်စဉ်နှစ်ခုလုံးက တာအိုဆရာသခင်ကြီးတွေရဲ့ ကျင့်စဉ်တွေပဲ ၊ ဆန်းလျန်… မင်းရဲ့တန်ခိုးစွမ်းအား ဘယ်လောက်ပဲ မြင့်မားပါစေ ၊ မင်းဟာ တာအိုဆရာသခင်ကြီးတွေကိုတော့ ဘယ်ယှဉ်နိုင်မှာလဲ ၊ ဒီတန်ခိုးစွမ်းအားတွေကနေတစ်ဆင့် ခြေရာခံပြီး မင်းဖုံးကွယ်ထားတဲ့အတိတ်ကို သိရအောင် ငါ ကြိုးစားမယ်…"
လနတ်သမီးချန်ဝေါ်၏ ညာဘက်ရှိ စားပွဲထက်တွင် အနက်ရောင် သေတ္တာတစ်ခု ရှိနေလေသည်။
ထိုသေတ္တာကို လောင်မြိုက်နေသည့်မီးတောက်တစ်ခုဖြင့် ချိတ်ပိတ်ထားလေ၏။ လနတ်သမီးချန်ဝေါ်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး မီးတောက်ကို အသာအယာဖယ်ရှားလိုက်သည်။
ထိုသို့ ပြုလုပ်လိုက်သည့်အချိန်တွင် သူမ၏ မျက်ဝန်းများတွင် ဝမ်းနည်းပူဆွေးမှုများ အထင်းသား ပေါ်လွင်နေသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။ သူမ၏ ချစ်ရလေသောခင်ပွန်းဖြစ်သူ လေးသည်တော်တာ့ယိကို သူမ သတိရလိုက်မိသောကြောင့် ဖြစ်လေသည်။
ထို့နောက် သူမက သေတ္တာလေးကို ဖွင့်လိုက်သည်။
သေတ္တာထဲတွင် ရေကဲ့သို့ ကြည်လင်တောက်ပသည့် ဓားတစ်လက် ရှိနေလေသည်။
"ဒီဓားက ရေစင်ဓားပဲ ၊ တာ့ယိရဲ့နတ်ဘုရားစွမ်းအားတွေကို ဒီဓားထဲမှာ သိမ်းဆည်းထားတယ် ၊ ဒီဓားက အချိန်ရဲ့ အတားအဆီးကို ချိုးဖျက်နိုင်ကောင်းပါရဲ့ ၊ ဒါဆိုရင် အတိတ်က အမှန်တရားတွေကို တွေ့မြင်နိုင်လိမ့်မယ်…"
လနတ်သမီးချန်ဝေါ်ကထိုက်ယင်းနတ်သမီးကို စိတ်စွမ်းအားပို့လွှတ်ကာ စကားပြောလိုက်လေသည်။
ထို့နောက်… သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ အနက်ရောင်သေတ္တာထဲမှ ရေကဲ့သို့ ကြည်လင်နေသည့် ဓားမှာ ပျောက်ကွယ်သွားပြီး လုဖေး၏ရှေ့တွင် ပေါ်လာလေသည်။
ရေစင်ဓားသည် အချိန်ကို ထိုးခွဲကာ ထိုက်ယင်းနတ်သမီးကို လုကျိုးယွမ် တစ်ဖြစ်လဲ လုဖေးပါဝင်ပတ်သက်ခဲ့သည့် အတိတ်တစ်ချိန်ဆီသို့ ပို့ဆောင်ပေးလိုက်လေသည်။
ထိုက်ယင်းနတ်သမီးသည် ကျင့်ကြံခြင့်အဆင့် အလွန်မြင့်မားသူတစ်ယောက်ဖြစ်သည့်တိုင် အနည်းငယ် ကြောက်ရွံ့သွားမိလေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ခန္ဓာကိုယ်သည် များပြားလှစွာသော အလင်းမှုံလေးများအဖြစ် ပြောင်းလဲသွားပြီး မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း မသိသောကြောင့် ဖြစ်လေသည်။
အချိန်အတန်ကြာသည့်အခါတွင်တော့ သူမ၏ မျက်ဝန်းမှ အလင်းရောင်တစ်ချက် လင်းလက်လာလေသည်။
သူမ သတိပြန်ဝင်လာသည့်အခါ သူမသည် တောင်တစ်တောင်ထက်သို့ ရောက်ရှိနေလေသည်။
အချိန်က အရုဏ်တက်လုနီးပါး အချိန်ဖြစ်ပြီး ကောင်းကင်တစ်ခွင် မြူခိုးများဆိုင်းလျှက် ရှိလေသည်။
သူမသည် ခြုံများ ၊ မြက်ပင်များ ထူထပ်စွာပေါက်ရောက်နေသည့် တောင်တက်လမ်းလေးပေါ်တွင် ရောက်ရှိနေခြင်း ဖြစ်လေသည်။
မြေကြီးက စိုစွတ်နေသည်ကိုကြည့်ခြင်းအားဖြင့် ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့ဟန်တူသည်။ယခုတော့ မိုးဆဲသွားပြီ ဖြစ်လေသည်။
ထိုက်ယင်းနတ်သမီး၏ အနောက်ဖက်တွင် တာအိုကျောင်းဆောင်တစ်ခု ရှိနေလေသည်။ ထိုတာအိုကျောင်းဆောင် တစ်ခုလုံးက သဘာဝတာအိုတရားများဖြင့်ပြည့်ဝနေပြီး စွဲဆောင်မှုအပြည့်ရှိလေသည်။ အလယ်အလတ်လမ်းစဉ်ကိုထင်ဟပ်စေပြီး လွတ်လပ်မှုကိုလည်း ဖော်ကျူးပြသလျှက် ရှိသည်။
ထိုအချိန်မှာပင်…
လူတစ်ယောက် တောင်ပေါ်သို့ ဖြည်းဖြည်းချင်းတက်လာသည်ကို တွေ့မြင်လိုက်ရလေသည်။
ထိုက်ယင်းနတ်သမီးသည် ထိုသူကို တစ်ခါမှ မြင်တွေ့ဖူးခြင်း မရှိပေ။ သို့သော်… ထိုသူ မည်သူဖြစ်သည်ကို သူမ ချက်ချင်းသိလိုက်သည်။ ထိုသူမှာ ဆန်းလျန်ဖြစ်လေ၏။
ဆန်းလျန်၏ ခြေလှမ်းများက လျှင်မြန်ခြင်းမရှိပေ။ သူက တစ်လှမ်းချင်း ခပ်ဖြည်းဖြည်းပင် လမ်းလျှောက်လာခြင်း ဖြစ်လေသည်။ သို့သော်… သူ၏ ခြေလှမ်းတိုင်းက နက်ရှိုင်းသည့် တာအိုလမ်းစဉ်ကို ဖော်ပြနေလေသည်။ ဆန်းလျန်သည် မယုံကြည်နိုင်စရာကောင်းလောက်အောင် ထူးခြားသူတစ်ယောက်ဖြစ်သည်မှာ မငြင်းနိုင်ပေ။
ပေ (၁၀၀)ခန့် အမြင့်သို့ ရောက်သည်နှင့် ဆန်းလျန်သည် လမ်းလျှောက်ခြင်း မရှိတော့ဘဲ လေထဲသို့ လွင့်မျောပျောက်ကွယ်သွားလေသည်။
မျက်စိရှေ့မှ ရုတ်တရက် ဆန်းလျန်ပျောက်ကွယ်သွးသည့်အတွက် ထိုက်ယင်းနတ်သမီး အလွန်အမင်းအံ့အားသင့်သွားမိလေသည်။
သူမ၏အနောက်ဘက်မှ တာအိုကျောင်းဆောင်တံခါးဖွင့်သံ ကြားလိုက်ရတော့မှ ဆန်းလျန်မှာ တာအိုကျောင်ေးဆာင်တံခါးဝသို့ ရောက်ရှိနေခြင်းဖြစ်သည်ကို သူမ သိလိုက်ရသည်။
သူမလှည့်ကြည့်လိုက်သည့်အချိန်တွင် ဆန်းလျန်သည် တာအိုကျောင်းဆောင်အတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်လေသည်။
ထိုက်ယင်းနတ်သမီးသည် တာအိုကျောင်းဆောင်တံခါးကို စိုက်ကြည့်နေလေသည်။ဆန်းလျန်ကတော့ တာအိုကျောင်းဆောင်အတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်လေသည်။
တာအိုကျောင်းဆောင်ထဲတွင် အဘိုးအိုတစ်ယောက် ရှိနေလေသည်။ ထိုအဘိုးအိုက ရေနွေးအိုးတည်နေလေ၏။ ရေနွေးအိုးမှ အခိုးအငွေ့များထွက်ပေါ်နေပြီး အခိုးအငွေ့များသည် ကျောင်းဆောင်အပြင်ဘက်အထိ ထွက်ပေါ်နေလေသည်။ အခိုးအငွေ့များသည် ညအချိန်တွင်လင်းလက်နေသည့် နဂါးငွေ့တန်းအလား ထင်မှတ်ရလေသည်။
ထို့ပြင် အဘိုးအို၏ပုံစံကလည်း အခိုးအငွေ့များကြားတွင် နတ်ဘုရားတစ်ပါးအလား အိပ်မက်ဆန်လွန်းလှလေသည်။
ထိုက်ယင်းနတ်သမီးက တာအိုကျောင်းဆောင်တံခါးနားတွင် အသာရပ်ပြီး အခြေအနေကို အကဲခတ်နေလိုက်သည်။
သူမက အနာဂတ်အချိန်မှ ရောက်ရှိလာပြီး အတိတ်မြင်ကွင်းများကို တွေ့မြင်နေရသူဖြစ်သည့်အတွက် အဘိုးအိုရော ဆန်းလျန်မှာ သူမ၏တည်ရှိမှုကို တွေ့မြင်ရမည် မဟုတ်ပေ။
ဆန်းလျန်က အဘိုးအိုအနားသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
လက်ဖက်ရည်ကြမ်းအိုးမှ အခိုးအငွေ့များသည် ဝိညာဉ်စွမ်းအားများဖြင့် ပြည့်ဝလွန်းလှလေသည်။ ဆန်းလျန်ရောက်လာသည်ကိုတွေ့သည့်အခါ အဘိုးအိုက တစ်ချက်ရယ်မောလိုက်သည်။
ထို့နောက် ဆူပွက်နေသည့် ရေနွေးအိုးထဲမှ လက်ဖက်ရည်ကြမ်းများကို ရေနွေးကြမ်းခွက် (၃)ခွက်အတွင်းသို့ ခွဲထည့်လိုက်လေသည်။
သို့သော်… ဆန်းလျန်က လက်ဖက်ရည်ကြမ်းကို ယူသောက်ခြင်းမရှိသလို အဘိုးအိုကလည်း ဆန်းလျန်ကို လက်ဖက်ရည်ကြမ်းသောက်ပါရန် ဧည့်ဝတ်ပြုပြောဆိုခြင်း မရှိပေ။
ထိုလက်ဖက်ရည်ကြမ်း (၃)ခွက်ကို အဘိုးအိုက သောက်လိုက်လေသည်။
လက်ဖက်ရည်ကြမ်းသောက်ပြီးသွားသည်နှင့် အဘိုးအိုက…
"ပထမခွက်က မိုးကိုပူဇော်တာ ၊ ဒုတိယခွက်က မြေကိုပူဇော်တာ ၊ တတိယခွက်ကတော့ ကျုပ်ကိုယ်တိုင်အတွက်ပဲ…"
ထိုအဘိုးအိုမှာ လုကျိုးယွမ် ဖြစ်လေသည်။ လက်ဖက်ရည်ကြမ်း (၃)ခွက်မှာ မိုးမြေကို ပူဇော်သည့် ရိုးရာဓလေ့ဖြစ်ပြီး နက်နဲသည့် တန်ခိုးစွမ်းအားများရရှိစေရန် ပြုလုပ်သည့် ရှေးထုံးဖြစ်လေ၏။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျုပ်ရောက်လာမယ်ဆိုတာ ခင်ဗျား သိနေတယ်မဟုတ်လား…"
လုကျိုးယွမ်က…
"ကျုပ်သေရတော့မယ်ဆိုတာ သိနေခဲ့ပါတယ် ၊ ပထမတော့ မင်းလက်ချက်နဲ့ သေရမယ်လို့ ထင်ခဲ့မိတာ ၊ ဒါပေမဲ့ မင်း မဟုတ်ဘူး…"
ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"အင်း… ကျုပ် မဟုတ်နိုင်ပါဘူး ၊ အခု အဓိကနတ်ဘုရားကျောင်းတော်ကြီး (၄)ခုမှာ ရွှမ်ထျန်းနတ်ဘုရားဂိုဏ်း တစ်ဂိုဏ်းပဲ ကျန်တော့တယ် ၊ ဒါကြောင့် ကျင့်ကြံသူလောကရဲ့ ကံကြမ္မာက ရွှမ်ထျန်းနတ်ဘုရားဂိုဏ်းအပေါ်မှာ မူတည်နေတယ် ၊ ပြီးတော့ အဲဒါက ခင်ဗျားသေရမယ့် အဓိကအကြောင်းရင်းပဲ ၊ ဘာလို့လဲဆိုတော့ အဲဒီလူက ရွှမ်ထျန်းနတ်ဘုရားဂိုဏ်းကို ဖျက်စီးပစ်ချင်နေပြီလေ…"
လုကျိုးယွမ်က…
"လောကမှာ အနိမ့်အမြင့်အတက်အကျတွေဆိုတာ တွေ့ကြုံရစမြဲပါပဲ ၊ မိုးကောင်းကင်ရဲ့ ဆန္ဒအတိုင်းပဲပေါ့ ၊ ကျုပ်လည်း ဘာတတ်နိုင်မှာလဲ ၊ မင်းရဲ့ ချင်းရွှမ်နတ်တံခါးတောင်မှ ပျက်စီးသွားခဲ့ရတာပဲ မဟုတ်ဘူးလား…"
***