← Chapters

လင်စန်းတောင်ကိုသွားချင်တယ်ဆိုရင် ဘယ်တော့မှနောက်ပြန်မလှည့်နဲ့

Vol. 9 Ch. 860

လင်စန်းတောင်ကိုသွားချင်တယ်ဆိုရင် ဘယ်တော့မှနောက်ပြန်မလှည့်နဲ့

Vol. 9 Ch. 860

ဆန်းလျန်၏မျက်နှာထက်တွင် နာကျည်းရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကို လုကျိုးယွမ် တွေ့မြင်လိုက်ရသည်။

ဆန်းလျန်က…

"ခင်ဗျား ဒီအကြောင်းတွေပြောနေစရာ မလိုပါဘူး…"

လုကျိုးယွမ်က…

"မင်းက အခု ရွှမ်ထျန်းနတ်ဘုရားဂိုဏ်းကို ကာကွယ်ပေးဖို့ ရောက်လာတာလား…"

ဆန်းလျန်က တိုးလျသည့်လေသံဖြင့်…

"သူ့မှာ မရဏဓား (၄)လက်ရှိတယ် ၊ ကျုပ်ကတော့ ကျုပ်အကြောင်းနဲ့ကျုပ်မို့လို့ သူနဲ့ မတိုက်ခိုက်ချင်ဘူး ၊ ဒါပေမဲ့ ခင်ဗျားကို လျှို့ဝှက်ကျင့်စဉ်တစ်ခု သင်ပေးခဲ့မယ် ၊ ဒီကျင့်စဉ်က တာအိုဆရာသခင်ထိုက်ယီရဲ့ ကျင့်စဉ်ပဲ ၊ ကျုပ် ခင်ဗျားကို ကူညီနိုင်တာ ဒီတစ်ခုပဲရှိတယ်…"

ဆန်းလျန်က စကားဆုံးသွားသည်နှင့် တာအိုကျမ်းစာတစ်ပုဒ်ကို ရွတ်ဆိုလိုက်လေသည်။

ထိုကျမ်းစာမှာ အလွန်ခက်ခဲသည့်အတွက် ထိုက်ယင်းနတ်သမီးပင် သိပ်ပြီး နားမလည်နိုင်ပေ။ သို့သော်… လုကျိုးယွမ်ကတော့ နားလည်သည့်သဘောဖြင့် ခေါင်းတစ်ညိတ်ညိတ်လုပ်နေလေသည်။

နောက်ဆုံးတော့ ဆန်းလျန် ကျမ်းစာရွတ်ဖတ်ခြင်း ပြီးဆုံးသွားလေသည်။

ဆန်းလျန်က…

"ကျုပ် ခင်ဗျားကို တစ်ခုမေးမယ် ၊ လူတစ်ယောက်က သေဆုံးသွားပြီဆိုရင် ဆက်ပြီးတည်ရှိနေနိုင်ပါဦးမလား…"

လုကျိုးယွမ်က…

"အရင်တုန်းက အဲဒီလိုလူမျိုး တစ်ယောက်မှာ မရှိခဲ့ဘူး…"

ဆန်းလျန်က ခေါင်းညိတ်လိုက်သည်။ထို့နောက် ခေါင်းကို ခါယမ်းလိုက်ပြန်သည်။

ပြီးမှ…

"ကျုပ်တို့ နောက်မှ ထပ်ဆုံကြတာပေါ့…"

ထို့နောက် ဆန်းလျန်သည် တာအိုကျောင်းဆောင်လေးအတွင်းမှ လျှင်မြန်စွာ ထွက်ခွာသွားလေတော့သည်။ထိုက်ယင်းနတ်သမီးက ဆန်းလျန်နောက်သို့ အမြန်လိုက်သွားလေသည်။

ထိုအချိန်မှာပင်…

ရွှမ်ထျန်းနတ်ဘုရားဂိုဏ်းကို ကာကွယ်ထားသည့်အရံအတားနေရာမှာ အက်ကွဲသွားလေသည်။

သူမလှည့်ကြည့်လိုက်သည့်အခါ အရံအတားအက်ကွဲကြောင်းမှ ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

ထို့နောက် ဓားနတ်ဘုရားတစ်ပါးပေါ်လာလေသည်။ထိုဓားနတ်ဘုရား၏ ကျောတွင် မရဏဓား (၄)လက်ကို လွယ်ထားသည်။

ထိုဓားနတ်ဘုရားမှာ တစ်ချိန်က ဆန်းလျန်ကို ရှုံးနိမ့်ခဲ့ဖူးသည့် ကျုန်းစန်းတောင်သခင် "ချန်ပေသို" ပင် ဖြစ်လေသည်။

ချန်ပေသိုက မရဏဓား (၄)လက်မှ ဓားတစ်လက်ကို ဆွဲထုတ်လိုက်လေသည်။ ထိုဓားမှာ နတ်ဘုရားထောင်ချောက်ဓားပင် ဖြစ်လေသည်။

ချန်ပေသိုက နတ်ဘုရားထောင်ချောက်ဓားဖြင့် လုကျိုးယွမ်ကို စတင်တိုက်ခိုက်လိုက်လေသည်။

လုကျိုးယွမ်နှင့် ချန်ပေသို၏တိုက်ပွဲမှာ အလွန်ပြင်းထန်လေရာ ရွှမ်ထျန်းနတ်ဘုရားဂိုဏ်းတစ်ခုလုံး ပျက်စီးသွားပြီး တပည့်များလည်း များစွာ သေကြေပျက်စီးကုန်ကြလေသည်။

နောက်ဆုံးတော့ လုကျိုးယွမ်က ဆန်းလျန်သင်ပေးခဲ့သည့် တာအိုကျင့်စဉ်ဖြစ်သည့် ကြာပန်းနီကျင့်စဉ်ကို အသုံးပြုကာ နတ်ဘုရားထောင်ချောက်ဓားကို တားဆီးလိုက်ပြီး ဝမ်ရှီတောက်ကို လွတ်မြောက်အောင် ကယ်တင်ပေးလိုက်လေသည်။

ထိုက်ယင်းနတ်သမီးမှာ အဝေးတွင်ရှိနေသည့်တိုင် နတ်ဘုရားထောင်ချောက်ဓား၏ ကြောက်မက်ဖွယ်ရာ မရဏစွမ်းအားများကို ခံစားလိုက်ရလေသည်။

သူမစိတ်ထဲတွင် မသက်မသာခံစားလိုက်ရပြီး တုန်လှုပ်သွားမိလေသည်။ သို့သော်… သူမက နတ်ဘုရားထောင်ခြောက်ဓားအကြောင်းကို သိမြင်လိုပါက ထွက်သွား၍ မဖြစ်နိုင်ကြောင်းသိရှိသည့်အတွက် တိုက်ပွဲကို ဆက်ပြီး ကြည့်နေခဲ့လေသည်။

"အမှန်ပဲ… ၊ နတ်ဘုရားထောင်ချောက်ဓားကို မင်းလေ့လာချင်တယ်ဆိုရင် ထွက်သွားလို့တော့မဖြစ်ဘူး ၊ မင်းက တကယ့်ကို သတ္တိရှိတဲ့ မိန်းကလေးပဲ…"

သိမ်မွေ့သည့် ယောကျ်ားလေးသံတစ်သံကိုကြားလိုက်ရပြီး ထိုက်ယင်းနတ်သမီး၏နှလုံးသားထဲတွင် လှိုင်းများ ဂယက်ထသွားလေသည်။

သူမက နောက်သို့လှည့်ကြည့်လိုက်ရာ သူမကို ကြည့်နေသည့် ဆန်းလျန်ကို တွေ့လိုက်ရလေသည်။

သူမသည် အနာဂတ်မှ အတိတ်သို့ အချိန်ခရီးသွားသူတစ်ယောက်ဖြစ်ပြီး သူမကို မည်သူမှ တွေ့မြင်နိုင်ခြင်း ရှိမည် မဟုတ်ပေ။ သို့သော် ဆန်းလျန်ကတော့ သူမကို တွေ့မြင်နိုင်နေလေသည်။

ဆန်းလျန်၏မျက်ဝန်းများကလည်း တစ်စုံတစ်ခု ထူးခြားနေပြီး တစ်စုံတစ်ခုကို ပြန်ပြောင်းအမှတ်ရနေသည့်အလား ဖြစ်လေသည်။

ထို့နောက် ဆန်းလျန်၏ မျက်ဝန်းများ တစ်ချက်တောက်ပသွားပြီး ထိုက်ယင်းနတ်သမီး၏ မမြင်တွေ့ရသည့်ဝိညဉ်သည် ဆန်းလျန်ရှေ့တွင် လူသားတစ်ယောက်အလား အကောင်အထည်ပေါ်လာလေသည်။

ဆန်းလျန်က ပေါ့ပါးသည့်လေသံဖြင့်…

"ကျုပ် အချိန်ကိုနောက်ပြန်လှည့်ပြီး လနတ်သမီးချန်ဝေါ်ဆီမှာ အချိန်အကြာကြီးနေခဲ့ဖူးတယ် ၊ အခု ချန်ဝေါ်ရဲ့ တပည့်ဖြစ်တဲ့မင်းက အချိန်ခရီးသွားပြီး အနာဂတ်ကနေ အတိတ်ကို ရောက်လာမယ်လို့ ထင်မထားမိဘူး…"

လောကတွင် အံ့သြစရာ အဖြစ်အပျက်များစွာ ရှိလေသည်။

အရာအားလုံးသည် ဗုဒ္ဓဟောကြားခဲ့သည့် "အကြောင်းနှင့်အကျိုး" များသာဖြစ်ပြီး ထို "အကြောင်းနှင့်အကျိုး" များသည်ပင် အမှန်တကယ် အံ့သြဖွယ်ရာ ဖြစ်လေ၏။

ဆန်းလျန်၏ စကားများကြောင့် ထိုက်ယင်းနတ်သမီး ထိတ်လန့်သွားပြီး…

"ဆန်းလျန်ထျန်းကျွင်း… ရှင်က ဘာဖြစ်ချင်တာလဲ…"

ဆန်းလျန်ကပြုံးလိုက်ရင်း…

"ဘာမှ မဖြစ်ချင်ပါဘူး ၊ ကျုပ် ဘာဖြစ်ချင်သလဲဆိုတာ ချန်ဝေါ်သိပြီးသားပါ ၊ မင်းသိချင်တယ်ဆိုရင်လည်း ကျုပ်နောက်ကို လိုက်ခဲ့ပြီး ကျုပ်လုပ်တဲ့အလုပ်တွေကို မှတ်ထားပါ ၊ ပြီးရင် ချန်ဝေါ်ကို ပြန်ပြောပြလိုက်ပါ…"

ထိုက်ယင်းနတ်သမီးက ဆန်းလျန်၏ စကားများကို ယုံရခက်နေလေသည်။

သို့သော်… သူမ၏ အဆင့်သည် ဆန်းလျန်နှင့် ယှဉ်လိုက်လျှင် ကလေးနှင့် လူကြီးပမာ ဖြစ်နေလေရာ ဆန်းလျန်ကို အလွန်ကြောက်ရွံ့လျှက်ရှိလေသည်။ အသတ်ခံရတော့မည့်ဝက်များ သားသတ်သမားရှေ့တွင် ကြောက်ရွံ့နေကြသည့်အလား ထိုက်ယင်းနတ်သမီး ကြောက်ရွံ့နေမိလေသည်။

ထို့နောက ်သူမသည် ဆန်းလျန်နောက်သို့ လိုက်လာခဲ့လေသည်။

တစ်ရက်နှင့်တစ်ညတိတိ ဆန်းလျန်နောက်သို့ လိုက်ခဲ့ပြီးသည့်နောက် သူမက ဆန်းလျန်ကို မေးခွန်းထုတ်လိုက်သည်။

"ကျွန်မတို့ ဘယ်ကို သွားနေကြတာလဲ…"

ဆန်းလျန်ကပြုံးလိုက်ရင်း…

"ဒီလောကကြီးက အခုမှ စတင်ပြောင်းလဲလာတာ ၊ ကျုပ်တို့တွေလျှောက်ကြည့်ကြတာပေါ့…"

ထိုက်ယင်းနတ်သမီးက တစ်စုံတစ်ခုကို သတိရသွားပြီး…

"အခု ကျွန်မ ဘယ်အချိန်ကာလကို ရောက်နေတာလဲ…"

ဆန်းလျန်က…

"မင်းတောင် မမွေးသေးဘူး…"

ထိုက်ယင်းနတ်သမီးက….

"ရှင်က အရာအားလုံးကို သိနေတာပဲ ၊ ဆရာ့ထက်တောင် တော်နေသေးတယ်…"

ဆန်းလျန်က သူမကို မည်သည့်စကားမှ ပြန်မပြောတော့ပေ။

သူတို့ (၂)ယောက် မြစ်ကမ်းပါးတစ်ခုဘေးတွင် လမ်းလျှောက်လာကြလေသည်။ မြစ်က ကျယ်ပြန့်လွန်းသည့်အတွက် တစ်ဖက်ကမ်းကိုပင် တွေ့မြင်ရခြင်း မရှိပေ။ ထို့ပြင် ဆန်းလျန်ကလည်း မည်သည့်တန်ခိုးစွမ်းအားကိုမှ အသုံးပြုခြင်းမရှိဘဲ သာမန်လူများကဲ့သို့ လမ်းသာလျှောက်နေခဲ့လေသည်။

မြစ်ရေသည် အချိန်စီးကြောင်းကဲ့သို့ စီးဆင်းနေလေသည်။ နောက်ပြန်လှည့်သည်ဟူ၍ မရှိပေ။

လမ်းလျှောက်လာရင်း မြစ်ထဲတွင် မျောနေသည့် အနီရောင်သစ်ရွက်များကိုတွေ့မြင်လိုက်ရလေသည်။ မြစ်ကမ်းနံဘေး အနီးပတ်ဝန်းကျင်တွင် မေပယ်ပင်များ များစွာပေါက်ရောက်နေသည်ကိုလည်း တွေ့လိုက်ရသည်။

ဆောင်းဦးကာလ မေပယ်ပင်များမှ အနီရောင်သစ်ရွက်များ ကြွေလွင့်နေသည်ကို မြင်ရသည့်မြင်ကွင်းမှာ မြင်ရခဲသည့် မြင်ကွင်းမျိုး ဖြစ်ပြီး အလွန်မှ လှပလေသည်။

ထိုက်ယင်းနတ်သမီးက…

"ဒီမြစ်က ဘာမြစ်လဲ ၊ ကျွန်မ ဒီနေရာကို တစ်ခါမှ မရောက်ဖူးဘူး…"

ဆန်းလျန်က…

"ဒီမြစ်ကို ထုန်ထျန်းမြစ်လို့ခေါ်တယ် ၊ ဒီမြစ်တည်ရှိနေတာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီ ၊ တစ်ခါမှ ပြောင်းလဲသွားတယ်ဆိုတာ မရှိခဲ့ဘူး…"

ထိုက်ယင်းနတ်သမီးက မြစ်ရေများကို ငေးစိုက်ကြည့်နေရင်း…

"ဒီမြစ်က ထူးဆန်းလိုက်တာ…"

ဆန်းလျန်က…

"မင်း ထူးဆန်းတာ တစ်ခုခုများ တွေ့လိုက်လို့လား…"

ဆန်းလျန်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ထိုက်ယင်းနတ်သမီးကို ကြည့်လိုက်သည်။

ထိုက်ယင်းနတ်သမီးက…

"ရှင့်ကို ဘာလို့ ပြောပြရမှာလဲ…"

ဆန်းလျန်က မည်သည့်စကားမှ မပြောဘဲ ရယ်မောနေလိုက်လေသည်။

ဆန်းလျန်နှင့်အတူတူ ခရီးထွက်လာခဲ့ပြီးသည့်နောက် ထိုက်ယင်းနတ်သမီးက ဆန်းလျန်ကို သိပ်ပြီး ကြောက်ရွံ့ခြင်း မရှိတော့ပေ။

သူမက …

"ရှင်က ဘာလို့ရယ်နေတာလဲ…"

ဆန်းလျန်က သိမ်မွေ့သည့်လေသံဖြင့်…

"တကယ်တော့ ဒီမြစ်က စန့်ချင်တာအိုဆရာသခင်လင်ပေါင်ထျန်းကျွင်းရဲ့ ဓားဝိညာဉ်တွေကနေ အသွင်ပြောင်းပြီး စီးဆင်းနေတဲ့ မြစ်တစ်စင်းပဲ…"

အမှန်တော့ မြစ်ရေထဲတွင် ထိုက်ချင်တာအိုဆရာသခင်၏ အဆုံးမရှိသည့် ဓားဝိညာဉ်များ စီးဆင်းနေခြင်း ဖြစ်လေသည်။

ဆန်းလျန်၏စကားကြောင့် ထိုက်ယင်းနတ်သမီး အလွန်အမင်းအံ့သြသွားပြီး…

"ဒီမြစ်ကြီးတစ်ခုလုံးက စန့်ချင်တာအိုဆရာသခင်နဲ့ ဆက်စပ်နေတာလား…"

ဆန်းလျန်က ပေါ့ပါးသည့်လေသံဖြင့်…

"အမှန်ပဲ… ကျုပ် စန့်ချင်တာအိုဆရာသခင် ချန်ထားခဲ့တဲ့ ပုံရိပ်ကို ဒီမြစ်ကြောင်းတစ်လျှောက်မှာ တွေ့အောင်ရှာရမယ်…"

"ရှင်က ဘာလို့ စန့်ချင်တာအိုဆရာသခင်ရဲ့ ပုံရိပ်ကို ရှာချင်တာလဲ…"

"တစ်ချက်လောက် ပညာပြိုင်ကြည့်ချင်လို့…"

"ရှင် ရူးနေလား ၊ ရှင်က တာအိုဆရာသခင်ကြီးတစ်ပါး မဟုတ်သေးဘူးလေ ၊ ရှင်က ဘယ်လိုလုပ် တာအိုဆရာသခင်ကြီးတစ်ပါးနဲ့ ယှဉ်နိုင်မှာလဲ ၊ အဲဒါက စန့်ချင်တာအိုဆရာသခင်ရဲ့ ပုံရိပ်တစ်ခုဆိုပေမယ့် ရှင် ပညာစမ်းကြည့်သင့်တဲ့အရာမဟုတ်ဘူး…"

ဆန်းလျန်ကတော့ အမြဲတမ်း ပေါ့ပေါ့ပါးပါးဟန်နှင့်ရှိနေပြီး အရာရာကို အလိုက်အထိုက်စီးမျောသွားဟန် ရှိလေသည်။ ထို့ကြောင့် သူမသည် ဆန်းလျန်ကို ခင်မင်လာမိပြီး တားဆီးလိုက်မိခြင်းလည်း ဖြစ်လေ၏။

ထို့ပြင် သူမကိုယ်တိုင်ကလည်း ဆန်းလျန်နှင့်အတူ မိုက်မဲသည့်လုပ်ရပ်များကို လိုက်ပြီး မလုပ်လိုသောကြောင့် ဖြစ်သည်။

ဆန်းလျန်က…

"အနည်းဆုံးတော့ ကျုပ်က ချန်ပေသိုရဲ့ မရဏဓား (၄)လက်ကိုသွားပြီး စမ်းကြည့်တဲ့အထိ မမိုက်မဲခဲ့ပါဘူးလေ ၊ ပြီးတော့ အရင်တုန်းက တာအိုဆရာချီဟန်ကလည်း စန့်ချင်တာအိုဆရာသခင်ရဲ့ ပုံရိပ်နဲ့ ယှဉ်ပြိုင်ခဲ့ဖူးတာပဲ မဟုတ်လား ၊ ကျုပ်က တာအိုဆရာချီဟန်ထက်သာတာပဲကို ၊ ဘာလို့ မယှဉ်နိုင်ရမှာလဲ…"

တာအိုဆရာချီဟန်ဆိုသည်မှာ ကွမ်ယင်မယ်တော်ကို ပြောခြင်းဖြစ်ကြောင်း ထိုက်ယင်းနတ်သမီး သိလိုက်သည်။

ဆန်းလျန်မဟုတ်ဘဲ အခြားသူတစ်ယောက်ကသာ ထိုသို့သောစကားမျိုးကိုပြောပါက အပြောကြီးသည်ဟု သူမက တွေးမိမည်မှာအမှန်ပင်။

သို့သော်… ဆန်းလျန်ကတော့ တာအိုဆရာချီဟန်ထက် တော်သည်မှာ အမှန်ပင် ဖြစ်လေသည်။

ထို့ပြင် ကွမ်ယင်မယ်တော်က သူမ၏ဆရာဖြစ်သူ လနတ်သမီးချန်ဝေါ်ထက် တော်သည်ဟုလည်း သူမ မထင်ခဲ့ပေ။ လနတ်သမီးချန်ဝေါ်သည် တန်ခိုးအကြီးဆုံး ရှေးဟောင်းနတ်ဘုရားများထဲတွင် တစ်ပါးအပါအဝင်ဖြစ်လေသည်။ ချန်ဝေါ်၏အထက်တွင် တာအိုဆရာသခင်ကြီးများနှင့် မိုးနတ်မင်းသာ ရှိလေသည်။

ထိုက်ယင်းနတ်သမီးက…

"ဒါပေမဲ့ ကျွန်မတို့ ဒီလောက်အကြာကြီး လမ်းလျှောက်လာတာ ၊ ခုထိ ဘာသဲလွန်စမှလည်း မတွေ့သေးဘူး ၊ ဆက်မသွားတော့ဘဲ နေကြရအောင်လေ…"

ထိုက်ယင်းနတ်သမီးက လမ်းလျှောက်ရသည်ကို မကြောက်ပေ။ သူမက ဦးတည်ရာမရှိ လျှောက်သွားနေရခြင်းကိုသာ မကြိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်က မြစ်ရေပြင်ထက်တွင်မျောနေသည့် အနီရောင်သစ်ရွက်များကို ကြည့်လိုက်ရင်း…

"ရှေ့ဆက်ရမယ့်လမ်း မရှိတော့ဘူးဆိုရင်တောင်မှ လင်စန်းတောင်ကို တကယ်တမ်းသွားချင်တယ်ဆိုရင် နောက်ပြန်မလှည့်နဲ့ဆိုတဲ့ ဆိုရိုးစကားရှိတယ် ၊ ဒီတော့ ကျုပ်ကတော့ ဆက်သွားရမှာပဲ ၊ မင်း ကျုပ်နဲ့အတူ ဆက်မလိုက်ချင်ဘူးဆိုရင် မင်းကို အနာဂတ်ကို ပြန်ပို့ပေးလိုက်မယ်…"

"ပြန်ပို့ပေးလိုက်မယ်" ဆိုသည့်စကားကို ကြားလိုက်ရသည့်အခါ အစပိုင်းတွင် ထိုက်ယင်းနတ်သမီး အလွန်ပျော်ရွှင်သွားလေသည်။

သို့သော်… သူမက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

"ဟင့်အင်း… မပြန်ဘူး ၊ ကျွန်မ ဆရာပေးလိုက်တဲ့တာဝန်ကို ကျေပွန်အောင်လုပ်ရမယ်…"

…………

Foot Note:

စန့်ချင်တာအိုဆရာသခင်၏ မရဏဓား (၄)မျိုး - နတ်ဘုရားဒဏ်ခတ်ဓား ၊ နတ်ဘုရားထောင်ချောက်ဓား ၊ နတ်ဘုရားတန်ခိုးဖျက်ဓား ၊ နတ်ဘုရားသုတ်သင်ဓား (ဘာသာပြန်သူ)

***

All Chapters