← Chapters

နတ်ဘုရားတို့၏အလောင်းများ

Vol. 9 Ch. 861

နတ်ဘုရားတို့၏အလောင်းများ

Vol. 9 Ch. 861

ထိုက်ယင်းနတ်သမီး ဆန်းလျန်နောက်သို့ လိုက်ခဲ့သည်မှာ အချိန် (၃)ရက်ခန့် ကြာခဲ့ပြီ ဖြစ်သည်။

သို့သော်… ထိုက်စန့်တာအိုဆရာသခင်လင်ပေါင်ထျန်းကျွင်းနှင့် ပတ်သက်သည့်သဲလွန်စ တစ်ခုတစ်လေပင် မတွေ့ရသေးပေ။

သို့သော်… မြစ်ရေက တဖြည်းဖြည်း ပိုပြီး နီစွေးလာလေသည်။ အနီရောင်သစ်ရွက်များကြောင့် နီစွေးလာခြင်းတော့ မဟုတ်ပေ။

ထို့ပြင်… မြစ်ရေထဲတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များလည်း တဖြည်းဖြည်း မြင့်မားလာသည်။

ရှေ့အနည်းငယ်ဆက်သွားမိသည့်အခါ…

မြစ်ရေထဲတွင် ခြေပြတ်လက်ပြတ်များမျောပါလာသည်ကို ထိုက်ယင်းနတ်သမီး တွေ့မြင်ရလေသည်။ ထို လက်ပြတ်ခြေပြတ်များမှာ သာမန်လူများ၏ လက်ပြတ်ခြေပြတ်များမဟုတ်ပေ။ နတ်ဘုရားများ၏ လက်ပြတ်ခြေပြတ်များ ဖြစ်လေသည်။

မည်သို့သောကိစ္စများဖြစ်ခဲ့သည့်အတွက် ထုန်ထျန်းမြစ်ရေထဲတွင် နတ်ဘုရားများ၏ ခြေပြတ်လက်ပြတ်များ မျောနေရပါသနည်း။

ထိုက်ယင်းနတ်သမီးသည် ရင်ထဲတွင် တင်းတင်းကြပ်ကြပ်ခံစားလာရသည်။ မြစ်ရေထဲမှထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များက သူမ၏ဝိညာဉ်ကို နှိပ်စက်နေလေသည်။ ရှေ့သို့ ခြေတစ်လှမ်းလှမ်းဖို့ပင် သူမမှာ မနည်းအားယူနေရသည်။

တဖြည်းဖြည်းနှင့်…

သူမ၏ ခေါင်းများမူးဝေလာပြီး သူမရောက်ရှိနေသည့်နေရာသည် မည်သည့်နေရာမှန်း သူမ မသိတော့ပေ။

နောက်ဆုံး… သူမ လဲကျသွားလေတော့သည်။

သို့သော်… သူမ၏ တာအိုနှလုံးသားထဲတွင် ဤခရီးကို ဆန်းလျန်နှင့်အတူ လိုက်လာရခြင်းသည် သူမအတွက် အန္တရယ်လည်းများသလို အခွင့်အရေးများလည်းရှိနိုင်သည်ဆိုသည့်အချက်ကို အလိုလို နားလည်နေမိလေသည်။ သူမသာလက်ရှိအခြေအနေကို အောင်မြင်အောင် ကျော်လွှားနိုင်မည်ဆိုလျှင် ကျင့်စဉ်လမ်းတွင် များစွာအထောက်အကူရမည် ဖြစ်လေသည်။

ထိုက်ယင်းနတ်သမီးလဲကျသွားသည်နှင့် ဆန်းလျန်က ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။

ထိုက်ယင်းနတ်သမီးသည် မြေပြင်ထက်သို့ လဲကျသွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမ၏ တန်ခိုးစွမ်းအားများအားလုံး ပျောက်ဆုံးသွားပြီး သူမသည် သာမန်လူသားတစ်ယောက်ကဲ့သို့ အားနည်းလျှက်ရှိသည်။

ဆန်းလျန်က သူမ၏ခန္ဓာကိုယ်ထဲသို့ တန်ခိုးစွမ်းအားများ ထည့်သွင်းပေးခြင်းမရှိပေ။

သူက ထိုက်ယင်းနတ်သမီး ပြန်လည်သက်သာလာသည်အထိ အချိန်ကြာမြင့်စွာ အနားတွင် စောင့်ဆိုင်းပေးနေခဲ့သည်။

အချိန်တဖြည်းဖြည်းကြာလာပြီးသည့်နောက်… ထိုက်ယင်းနတ်သမီး အနည်းငယ်သက်သာလာပြီး မတ်တတ်ထရပ်လိုက်သည်။

ဆန်းလျန်က…

"အန္တရယ်ရှိတဲ့နေရာနဲ့ နီးကပ်လာပြီ…"

ဆန်းလျန်မပြောလျှင်လည်း ထိုက်ယင်းနတ်သမီး စိတ်ထဲတွင် ထိုအချက်ကို ခံစားမိလေသည်။

ယခုတော့… သူတို့ရှေ့ရှိ မြစ်ရေထဲတွင် ခြေပြတ်လက်ပြတ်များသာမက အလောင်းများပါ မျောပါလာကြလေသည်။ ထိုအလောင်းများမှာ နတ်ဘုရားများ၏အလောင်းများဖြစ်ကြပြီး အားလုံးမှာ သေဆုံးနေကြပြီ ဖြစ်သည်။

နတ်ဘုရားအလောင်းများကိုကြည့်ပြီး ထိုက်ယင်းနတ်သမီးက တုန်လှုပ်သွားလေသည်။

"ကျွန်မတို့ ပြန်ကြရအောင်လေ ၊ ဒီနေရာက ကြောက်စရာအရမ်းကောင်းတယ်…"

သတ်ဖြတ်လိုသည့်အငွေ့အသက်များက သူမကို သွေးပျက်မတတ်ဖြစ်စေပြီး သူမ၏ တာအိုစိတ်ထားများပင် ပျက်ယွင်းလုနီးပါး ဖြစ်နေလေသည်။ သူမ အလွန်ကြောက်ရွံ့နေခဲ့သည်။

ဆန်းလျန်က…

"ကျုပ်က လာပြီးမှတော့ ပြန်စရာအကြောင်းမရှိဘူး ၊ မင်း ကြောက်တယ်ဆိုရင် ဒီနေရာမှာ စောင့်နေခဲ့…"

ဆန်းလျန်စကားကြောင့် ထိုက်ယင်းနတ်သမီး တွေဝေသွားရသည်။

ထိုအချိန်မှာပင်… ဗလာနယ်ကိုဖြတ်သန်းပြီး ထိုက်ယင်းစွမ်းအားတစ်ခု သူမ၏ ကိုယ်ထဲသို့ ဝင်ရောက်လာလေသည်။ ထိုအခါ သူမ၏မျက်ဝန်းများ ပြန်လည်ကြည်လင်လာပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း တန်ခိုးစွမ်းအားများဖြင့် ပြန်လည်ပြည့်နက်လာသည်။

"ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်…"

သူမကိုယ်ထဲသို့ ဝင်ရောက်လာသည့် ထိုက်ယင်းတန်ခိုးစွမ်းအားမှာ လနတ်သမီးချန်ဝေါ် (ဟန်အယ်)က ထိုက်ယင်းနတ်သမီးဆီသို့ တန်ခိုးစွမ်းအား ပို့လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ သူမအနေဖြင့် ထိုက်ယင်းနတ်သမီးကို တစ်ကြိမ်သာ ကူညီနိုင်လေသည်။

ဆန်းလျန်က…

"ဒါဖြင့် သွားကြစို့…"

ယခုတစ်ကြိမ်တွင်တော့ ဆန်းလျန်က မြစ်ကမ်းနံဘေးအတိုင်း လမ်းဆက်လျှောက်သွားခြင်းမျိုး မပြုလုပ်တော့ပေ။

သူက မြစ်ရေပြင်ထက်သို့ တက်သွားပြီး ရေပေါ်တွင် လမ်းလျှောက်သွားလိုက်လေသည်။

ထိုက်ယင်းနတ်သမီးကလည်း ဆန်းလျန်နောက်မှလိုက်သွားလေသည်။ သို့သော်… မြစ်ရေအတွင်းမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များက သူမ၏ခြေထောက်များကို ဓားထက်ထက်ဖြင့် ထိုးခွဲလိုက်လေရာ ခြေထောက်များ စူးရှနာကျင်သွားပြီး ရေထဲသို့ နစ်မြုပ်လုမတတ်ပင် ဖြစ်သွားရသည်။

သတ်ဖြတ်လိုသည့်အငွေ့အသက်များက သူမ၏ တာအိုစိတ်ထားကိုပင် ဝင်ရောက်နှောက်ယှက်လာကြလေသည်။

သို့သော်… လနတ်သမီးချန်ဝေါ် သူမထံသို့ပို့လွှတ်လိုက်သည့် ထိုက်ယင်းစွမ်းအားက သူမ၏တာအိုစိတ်ထားကို ကာကွယ်ပေးထားသည့်အတွက် သူမအနေဖြင့် အရင်ကလောက် အခြေအနေဆိုးခြင်း မရှိခဲ့ပေ။

ထို့ပြင် … သူမ၏ ခြေထောက်အောက်တွင် ကြာရွက်များပေါ်လာလေသည်။

ထိုကြာရွက်များက သတ်ဖြတ်လိုသည့်အငွေ့အသက်များ သူမခန္ဓာကိုယ်ထဲသို့ ဖောက်ထွင်းဝင်ရောက်ခြင်း မရှိအောင် ကာကွယ်ပေးထားလေသည်။

ထိုကြာရွက်များကို ဖန်ဆင်းပေးလိုက်သူမှာ ဆန်းလျန်ပင် ဖြစ်လေသည်။

ထို့နောက် သူတို့ (၂)ယောက် မြစ်ကြောင်းအတိုင်း ဆန်တက်သွားကြလေတော့သည်။

သူတို့ဆက်သွားလေ ရေစီးနှင့်မျောပါလာသည့် နတ်ဘုရားအလောင်းများက များပြားလာလေ ဖြစ်လေသည်။ သို့သော်… ဆန်းလျန်အနားသို့ရောက်လာသည့် နတ်ဘုရားအလောင်းများကတော့ အမှုံ့ဖြစ်သွားပြီး မြစ်ရေပြင်အောက်သို့ နစ်မြုပ်သွားကြရလေသည်။

သို့သော်… ဆန်းလျန် မည်သည့်တန်ခိုးစွမ်းအား အသုံးပြုလိုက်သည်ကို ထိုက်ယင်းနတ်သမီး တွေ့မြင်ရခြင်း မရှိပေ။ ထို့ပြင် ဆန်းလျန်၏ ခန္ဓာကိုယ်မှလည်း မည်သည့်တန်ခိုးစွမ်းအားမှ ထွက်ပေါ်နေသည်ကို မတွေ့ရပေ။

ထိုက်ယင်းနတ်သမီးက…

"ရှင် အခု ဘယ်လိုတန်ခိုးစွမ်းအားမျိုး အသုံးပြုနေတာလဲ…"

ဆန်းလျန်ကပြုံးလိုက်ရင်း…

"ကျုပ် ဘယ်တန်ခိုးစွမ်းအား အသုံးပြုနေလဲဆိုတာ အသိသင့်ဆုံးလူတစ်ယောက်ရှိတယ်ဆိုရင် အဲဒီလူက မင်းပဲ ဖြစ်ရမှာ ၊ ဘာလို့လဲဆိုတော့ လောကမှာ အရာအားလုံးကို ပြာမှုံ့ဘဝရောက်အောင်ပို့ပေးနိုင်တာဆိုလို့ မင်းကျင့်ကြံနေတဲ့ ထိုက်ယင်းဓားသိုင်းပဲ ရှိတာ မဟုတ်ဘူးလား… "

ထိုက်ယင်းနတ်သမီးက…

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ ရှင့်ဆီက ထိုက်ယင်းတန်ခိုးစွမ်းအားတွေ ထွက်ပေါ်နေတာ ကျွန်မ မတွေ့ပါဘူး…"

ဆန်းလျန်က…

"မင်း ထိုက်ယင်းဓားသိုင်းကို ကျင့်ကြံလို့ အထွတ်ထိပ်အဆင့်ကို ရောက်သွားပြီးဆိုရင် မမြင်ရတဲ့ ထိုက်ယင်းဓားဝိညာဉ်ကို ပိုင်ဆိုင်ရလိမ့်မယ် ၊ တကယ်တော့ ကျုပ်က ထိုက်ယင်းဓားသိုင်းကို အထွတ်ထိပ်အဆင့်ထိ မအောင်မြင်သေးပါဘူး ၊ ဒါပေမဲ့ ကျုပ်က ကျင့်စဉ်လမ်းအဆင့်တစ်ခုကိုရောက်သွားတဲ့အတွက် ထိုက်ယင်းဓားသိုင်းကလည်း အလိုလို အထွတ်ထိပ်အဆင့်ကို ရောက်သွားခဲ့တယ် ၊ ဒါကြောင့် မမြင်ရတဲ့ ထိုက်ယင်းဓားဝိညာဉ်ကို အသုံးပြုနိုင်တာပေါ့…"

ထိုက်ယင်းနတ်သမီးက စိတ်ရှုတ်ထွေးစွာဖြင့်…

"ရှင်က အခု ဘယ်အဆင့်ကို ရောက်နေလို့လဲ…"

ဆန်းလျန်က…

“ဟွင့်ယွမ်ဝူကျီ…”

ထိုက်ယင်းနတ်သမီးက…

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

ဆန်းလျန်က ပြုံးရုံပဲ ပြုံးနေလိုက်ပြီး  စကားဆက်မပြောတော့ပေ။

သူက ထိုက်ယင်းနတ်သမီးကို အမှန်အတိုင်းပြောပြခဲ့ခြင်း ဖြစ်ပြီး ယုံခြင်း မယုံခြင်းကတော့ သူမ၏တာဝန်သာဖြစ်သည်။

သူသာ ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်လှမ်းခဲ့ခြင်း မရှိပါက သူ့အနေဖြင့် စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်း၏ ဓားဝိညာဉ်သဲလွန်စကို ရှာဖွေချင်မည် မဟုတ်ပေ။

ထို့ကြောင့် တာအိုဆရာလီချင်းဆွေက "မည်သည့်ရတနာပစ္စည်းအကူအညီမှမယူဘဲ ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်ရောက်သွားနိုင်သူ တစ်ယောက်ရှိသည်" ဟု ပြောခဲ့ခြင်း ဖြစ်လေသည်။

ထိုသူသည် "ဆန်းလျန်"ကိုယ်တိုင် ဖြစ်လေသည်။

ထိုက်ယင်းနတ်သမီးက ဆန်းလျန်ပြောသည့်စကားကို မယုံခဲ့ပေ။ လောကတွင် ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်လှမ်းနိုင်ခြင်းဆိုသည်မှာ အလွန်ရှားပါးလွန်းလှလေသည်။

ထိုက်ယင်းနတ်သမီးက…

"ဘာလို့ မြစ်ထဲမှာ နတ်ဘုရားအလောင်းတွေမျောနေရတာလဲ ၊ ဒီနတ်ဘုရားတွေကို စန့်ချင်တာအိုဆရာသခင်ရဲ့ ပုံရိပ်က သတ်ပစ်နေတာလား…"

ဆန်းလျန်က…

"မြစ်အထက်ပိုင်းမှာ စန့်ချင်တာအိုဆရာသခင်ရဲ့ မူလဝိညာဉ်သင်္ကေတရှိတယ်ဆိုပြီး လူတစ်ယောက်က သတင်းလွှင့်လိုက်တယ်လေ ၊ အဲဒီနေရာကို သွားတဲ့နတ်ဘုရားတွေအကုန်လုံး ခုလို သေကုန်ကြရတာပဲ…"

စန့်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတဆိုသည့်စကားကိုကြားလိုက်သည်နှင့် ထိုက်ယင်းနတ်သမီး အနည်းငယ် တုန်လှုပ်သွားလေသည်။ သူမ၏ကျောရိုးတစ်လျှောက်တွင်ပင် အေးစိမ့်လာသည့်အလား ခံစားလိုက်ရသည်။

ထိုက်ယင်းနတ်သမီးက…

"အဲဒီသတင်းက အမှန်ပဲလား…"

ဆန်းလျန်က…

"အစကတော့ အမှန်မဟုတ်ဘူး ၊ အခုတော့ အမှန်ဖြစ်သွားပြီ ၊ ဘာလို့လဲဆိုတော့ သတင်းလွှင့်တဲ့သူ ပြောလိုက်တုန်းက ထုန်ထျန်းမြစ်မှာ စန့်ချင်တာအိုဆရာရဲ့ မူလဝိညာဉ်သင်္ကေတ မရှိသေးဘူး ၊ အခု ထုန်ထျန်းမြစ်မှာ စန့်ချင်တာအိုဆရာသခင်ရဲ့ မူလဝိညာဉ်သင်္ကေတ ရောက်နေပြီလေ…"

ထိုက်ယင်းနတ်သမီးက အနည်းငယ်စဉ်းစားလိုက်ပြီး…

"ဘာလဲ… စန့်ချင်တာအိုဆရာသခင်ရဲ့ မူလဝိညာဉ်သင်္ကေတက ရှင့်ကိုယ်ပေါ်မှာ ရိုက်နှိပ်ထားတာလား…"

ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်…

"မင်းက သိပ်တော့ မတုံးဘူးပဲ…"

စန့်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတထည့်သွင်းထားသည့် "စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်းကျင့်စဉ်" ကို ကျင့်ကြံခဲ့သူ ဆန်းလျန်သည် စန့်ချင်တာအိုဆရာသခင်၏မူလဝိညာဉ်သင်္ကေတဖြင့် ရိုက်နှိပ်ခံထားရသူဖြစ်လေသည်။

ထိုက်ယင်းနတ်သမီးက…

"နတ်ဘုရားတွေက ဘာလို့ သတင်းမှားကို ယုံကြည်နေရတာလဲ မသိဘူး…"

ဆန်းလျန်က…

"ဘာလို့လဲဆိုတော့ ဒီသတင်းကိုလွှင့်တဲ့သူက လူအများယုံကြည်ရတဲ့ ဂုဏ်သရေရှိ လူတစ်ယောက် ဖြစ်နေလို့ပေါ့ ၊ ဘယ်သူမှ သူ့ကို သံသယမဝင်ကြဘူးလေ…"

ထိုက်ယင်းနတ်သမီးက…

"သတင်းလွှင့်တဲ့သူက နတ်ဘုရားတစ်ပါးပဲလား…"

ဆန်းလျန်က…

"သေချာတာပေါ့ ၊ သတင်းလွှင့်တဲ့သူက နတ်ဆေးကိုယ်တော်လျိုလီပဲ…"

"နတ်ဆေးကိုယ်တော်လျိုလီ" ဆိုသည့် နာမည်ကိုကြားလိုက်ရသည့်အခါ ထိုက်ယင်းနတ်သမီးမှာ အံ့သြမှင်တက်သွားရလေသည်။

နတ်ဆေးကိုယ်တော်၏ နာမည်ရင်းမှာ "လျိုလီကွမ်းဖူ" ဖြစ်လေ၏။ ထို့ပြင် သူ့ကို နတ်ဆေးတထာဂတဿဟုလည်း ခေါ်ဆိုလေ့ရှိကြသည်။ သူသည် အရှေ့ပိုုင်းဒေသတစ်လျှောက်တွင် ဟုန်းဟုန်းတောက်ကျော်ကြားသည့် ဗုဒ္ဓဘာသာ ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။

ထို့ပြင် နတ်ဆေးကိုယ်တော်လျိုလီ၏ အမည်နာမကို တိုင်းပြည်အသီးသီးတွင် ငြိမ်ချမ်းရေးသင်္ကေတအဖြစ် မှတ်ယူကြလေသည်။

ဒဏ္ဍာရီများအရဆိုလျှင် မရှိမှုကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့် နတ်ဆေးကိုယ်တော်၏ ဖန်သားကောင်းကင်ဘုံသည် အော်မီတော်ဖူဘုရား၏ သုခဘုံနီးပါး သန့်စင်မြင့်မြတ်သည့် ကောင်းကင်ဘုံတစ်ခုဖြစ်သည်ဟု ဆိုကြသည်။

နတ်ဆေးကိုယ်တော်သည် သူတော်စင်တစ်ပါးဖြစ်လေသည်။ သူ့ဘဝသက်တမ်းတစ်လျှောက်တွင် မည်သည့် သတ္တဝါတစ်ဦးတစ်ယောက်ကိုမှ နာကျင်ဒဏ်ရာရအောင် ပြုလုပ်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့်… သူ ပြောသည့်သတင်းကို မည်သူမဆို ယုံကြည်ကြမည်ပဲ ဖြစ်လေသည်။

သို့သော်… ယခုတော့ ထိုသတင်းစကားကြောင့် ထုန်ထျန်းမြစ်တွင် နတ်ဘုရားများစွာ၏ အလောင်းများဖြင့် ပြည့်နက်လျှက်ရှိလေပြီ။ နတ်ဆေးကိုယ်တော်သာ ထိုသို့ဖြစ်ပျက်လာမည်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့လျှင် ထိုသတင်းကို လွှင့်ခဲ့မိမည် မဟုတ်ပေ။

သတင်းမှားကို ယုံကြည်ကာ ထုန်ထျန်းမြစ်သို့ ရောက်လာကြသူ နတ်ဘုရားများအားလုံးသည် သေခြင်းတရားဖြင့် ဘဝအဆုံးသတ်ခဲ့ကြရပြီ ဖြစ်သည်။

ထိုက်ယင်းနတ်သမီးသည် ဆန်းလျန်၏ စကားများကို နားထောင်ရင်း စဉ်းစားနေမိသည်။

သူမသည် အနာဂတ်မှ လာသူတစ်ယောက်ဖြစ်လေသည်။

အနာဂတ်အချိန်တွင် ရှိနေစဉ်က သူမကြားဖူးသည်မှာ နတ်ဆေးကိုယ်တော်မှာ ဆန်းလျန်၏ လက်ချက်ဖြင့် အသက်ဆုံးခဲ့ရသည်ဟူ၍ ဖြစ်လေသည်။

ယခုတော့ အနာဂတ်မှရောက်လာပြီး သူမကိုယ်တိုင် ထိုအဖြစ်အပျက်များကို မျက်ဝါးထင်ထင်မြင်တွေ့ရတော့မည်လားဟု တွေးနေမိသည်။

ထိုသို့တွေးမိသည့်အခါ သူမ စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ပေ။

ရုတ်တရက်…

သူတို့ရှေ့တွင် လှိုင်းလုံးကြီးတစ်ခု လိမ့်ဆင်းလာပြီး ထိုလှိုင်းလုံးကြီးနှင့်အတူ အလွန်ကြီးမားသည့် နတ်ဘုရားခန္ဓာအလောင်းကြီးတစ်လောင်း မျောပါလာသည်ကို တွေ့မြင်လိုက်ရလေတော့သည်။

***

All Chapters