ကြယ်စင်များထဲကလောက
Vol. 9 Ch. 862
ထိုနတ်ဘုရားအလောင်းကောင်ကြီးနှင့် ယှဉ်လိုက်လျှင် ဆန်းလျန်နှင့် ထိုက်ယင်းနတ်သမီးတို့မှာမြူမှုံလေးများအလား သေးငယ်သွားကြရလေသည်။
ထိုကြီးမားလွန်းသည့် နတ်ဘုရားအလောင်းကောင်ကြီးထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များကလည်း ကြောက်မက်ဖွယ်ရာ ထွက်ပေါ်လျှက်ရှိသည်။ ခန္ဓာကိုယ်ကြီးက ကြီးမားလွန်းသည့်အတွက် သတ်ဖြတ်လိုသည့်အငွေ့အသက်များကလည်း များပြားနေခြင်း ဖြစ်ဟန်တူလေသည်။
ထိုမျှ ကြီးမားလွန်းသည့် နတ်ဘုရားကြီးကိုပင် သတ်ဖြတ်ပစ်နိုင်သည်မှာ မည်သို့သော ဓားဝိညာဉ်မျိုးလဲဟု ထိုက်ယင်းနတ်သမီး တွေးနေမိသည်။
ထိုနတ်ဘုရားကြီးသည် ခေတ်အဆက်ဆက် အစစ်ဆေးခံရခြင်းများစွာကို ဖြတ်ကျော်ကာ အသက်ရှင်သန်နိုင်ခဲ့သည့် နတ်ဘုရားကြီးတစ်ပါး ဖြစ်ဟန်တူလေသည်။ သို့သော်… ယခုတော့ ထုန်ထျန်းမြစ်တွင် သေဆုံးခဲ့ရပြီ။
ထိုအချိန်… ကောင်းကင်ထက်မှ စူးရှသည့် ငှက်အော်သံတစ်ချက် ထွက်ပေါ်လာသည်။
ထိုက်ယင်းနတ်သမီးက…
"ရွှမ်နျောင်ငှက်…"
ဟုရေရွတ်လိုက်လေသည်။
ရွှမ်နျောင်ငှက်မှာ ထူးဆန်းသည့် နတ်သားရဲတစ်ကောင်ဖြစ်ပြီး နဂါးဇာမဏီများဖြင့် ကောင်းကောင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိလေသည်။ ထိုငှက်ကြီးများမှာ ရှေးခေတ်အချိန်ကတည်းက ဒဏ္ဍာရီများထဲတွင် ရှိခဲ့သည့်ငှက်ကြီးများဖြစ်လေသည်။
ယခု ကောင်းကင်ထက်တွင်ပျံသန်းနေသည့် ရွှမ်နျောင်ငှက်ကြီးမှာ တောင်တစ်တောင်အလား ကြီးမားလွန်းလှသည်။
ထိုငှက်ကြီးက ကောင်းကင်ထက်တွင် အတန်ကြာပျံဝဲနေပြီးသည့်နောက် အတောင်တစ်ချက်ခတ်လိုက်ကာ အောက်သို့ ထိုးဆင်းလာလေသည်။ ထိုငှက်ကြီးအတောင်ခတ်လိုက်သည်နှင့် လေထဲတွင် လှိုင်းလုံးကြီးများ မြင့်တက်လာပြီး မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။
ရွှမ်နျောင်ငှက်ကြီးအတောင်ပံခတ်လိုက်လျှင် လောကနတ်ဘုရားများပင်လျှင် တောင့်ခံနိုင်ခြင်းမရှိပေ။ အခန့်မသင့်လျှင် သေကြေပျက်စီးသွားနိုင်ဖွယ်ရှိသည်။
ရွှမ်နျောင်ငှက်ကြီး မြေပြင်ထက်ဆင်းသက်လာသောကြောင့် ထိုက်ယင်းနတ်သမီးမှာ အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားလေသည်။
ထိုအချိန်မှာပင်… ထင်မှတ်မထားသည့် အလွန်ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားခဲ့လေသည်။
သေဆုံးနေပြီဖြစ်သည့် ကြီးမားလှသည့် နတ်ဘုရားခန္ဓာအလောင်းကောင်ကြီးက ရုတ်တရက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ရွှမ်နျောင်ငှက်ကြီးကို ကြက်လေးတစ်ကောင်ကို ဖမ်းလိုက်သလို လည်ပင်းအားဆုပ်ကိုင်ကာ ဖမ်းဆီးလိုက်လေသည်။
ရွှမ်နျောင်ငှက်ကြီးမှာ လုံး၀ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
ငှက်ကြီးက စူးရှစွာ တစ်ချက်အော်လိုက်ပြီး သွေးမှုံသွေးစများအဖြစ် ပြောင်းလဲသွားလေတော့သည်။ ကောင်းကင်ထက်မှ သွေးမိုးများပင် ရွာသွန်းလာသည့်အလား ထင်မှတ်ရသည်။
ရွှမ်နျောင်ငှက်ကြီးသေဆုံးသွားပြီ ဖြစ်လေသည်။
ကြီးမားလွန်းသည့် နတ်ဘုရားအလောင်းကောင်ကြီးကလည်း ရေစီးနှင့်ဆက်မျောသွားပြီး မည်သည့်နေရာသို့ ရောက်သွားသည်လဲ မသိရတော့ပေ။
ထိုက်ယင်းနတ်သမီးက အံ့သြတုန်လှုပ်စွာဖြင့်…
"အဲဒီ နတ်ဘုရားကြီးက ဘယ်သူများလဲ…"
ဆန်းလျန်က…
"သူက ခွားဖူမျိုးနွယ်ပဲ…"
ဆန်းလျန် စကားကို ကြားရသည့်အခါ ထိုက်ယင်းနတ်သမီးမှာ ပိုပြီး တုန်လှုပ်သွားလေသည်။
ရှေးခေတ်အချိန် ကမ္ဘာဦးအစတွင် ထူးဆန်းသည့် မျိုးနွယ်များစွာ ရှိခဲ့လေသည်။ ထိုမျိုးနွယ်များထဲတွင် ခွားဖူမျိုးနွယ်များလည်း အပါအဝင်ဖြစ်သည်။ ခွားဖူမျိုးနွယ်များမှာ မွေးရာပါ တန်ခိုးစွမ်းအားမြင့်မားသူများ ဖြစ်ကြသည်။
ခွားဖူမျိုးနွယ်တိုင်းသည် တောင်များကို ရွှေ့ပစ်နိုင်ပြီး လမင်းကိုပင် နေရာရွေ့သွားအောင် တွန်းနိုင်စွမ်းရှိသည်ဟု ဆိုကြလေသည်။ ခန္ဓာကိုယ်ကလည်းအလွန်ကြီးမားပြီး တန်ခိုးစွမ်းအားကလည်း အကန့်အသတ်မရှိပေ။
သို့သော်… ထိုသို့သော ရှားပါးမျိုးနွယ်များမှာ မိုးကောင်းကင်က မနာလိုဖြစ်ခြင်းကို ခံရဟန်ရှိသည်။ လူဦးရေ အလွန်နည်းပါးလှလေသည်။
စွမ်းအားအကြီးမားဆုံး ခွမ်းဖူမျိုးနွယ်များသည်လည်း နေစကြာနတ်ငှက်များ၏လက်ချက်ဖြင့် မျိုးသုဉ်းပျောက်ကွယ်ခဲ့ကြရသည်။
ယခု …. ရေထဲတွင် မျောပါသွားသည့် ခွမ်းဖူမှာ လောကတွင် ကျန်ရှိသည့် နောက်ဆုံးမျိုးဆက် ခွမ်းဖူ ဖြစ်နိုင်လေ၏။
ထိုခွမ်းဖူသည် နတ်ဘုရားကျင့်စဉ်များကိုပင် ကျင့်ကြံခဲ့လေဟန်ရှိသော်လည်း နောက်ဆုံးတော့ သေခြင်းတရားမှ မလွတ်မြောက်နိုင်ခဲ့ပေ။
သေဆုံးသွားပြီးနောက် အသိမရှိတော့သည့်တိုင် အနက်ရောင် ရွှမ်နျောင်ငှက်ကြီးကို ရအောင်သတ်ဖြတ်သွားခဲ့သေးသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် မသေခင်ကဆိုလျှင် မည်မျှအစွမ်းထက်မည်ကို ခန့်မှန်းကြည့်နိုင်လေ၏။
သို့သော်… မည်မျှပင် တန်ခိုးစွမ်းအားမြင့်မားပါစေ တာအိုဆရာသခင်ကြီးချန်ထားခဲ့သည့် ဓားဝိညာဉ်အောက်တွင် အသက်ပျောက်ခဲ့ရသည်ပဲ ဖြစ်သည်။ တာအိုဆရာသခင်ကြီးများ၏ တန်ခိုးစွမ်းအားကတော့ စိတ်ကူးနှင့်ပင် ခန့်မှန်း၍မရနိုင်ပေ။
ဆန်းလျန်ကတော့ တာအိုဆရာသခင်ကြီးတစ်ပါးကိုပင် စိန်ခေါ်ရဲသူဖြစ်လေသည်။
ထိုက်ယင်းနတ်သမီးသည် ဆန်းလျန်၏သတ္တိကို အမှန်ပင်လေးစားမိပါ၏။ သို့သော်… ဆန်းလျန် ဘဝမည်သို့အဆုံးသတ်ခဲ့ရသည်ကိုသူမသိရှိနေလေရာ ထိုဘဝအဆုံးသတ်ကိုတော့ သူမ နှစ်သက်မိခြင်း မရှိပါပေ။
အမှန်တော့ သူမလာခဲ့သည့် အနာဂတ်ကာလတွင် ဆန်းလျန်ထျန်းကျွင်း ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်းတစ်သောင်းကျော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
သို့သော် … ဆန်းလျန်ထျန်းကျွင်း အဘယ့်ကြောင့် ပျောက်ကွယ်သွားရသည်ကို သူမလည်း သေသေချာချာ မသိခဲ့ပေ။
ယခုကဲ့သို့ စန့်ချင်တာအိုဆရာသခင်ကြီးကိုသွားပြီးစိန်ခေါ်သည့်အတွက် သေဆုံးသွားရသည်လည်း ဖြစ်နိုင်လေသည်။
သို့သော်.. သူမ အတွေးက မဖြစ်နိုင်ကြောင်း ချက်ချင်းသိလိုက်သည်။ အဘယ်ကြောင့်ဆိုသော်… ဆန်းလျန် ပျောက်ကွယ်သွားသည်မှာ လင်စန်းတောင်သို့သွားကာ နတ်ဆေးကိုယ်တော်ကို သတ်ဖြတ်ပြီးမှ ပျောက်ကွယ်သွားခြင်း ဖြစ်လေသည်။
ယခု ဆန်းလျန်က လင်စန်းတောင်သို့သွားကာ နတ်ဆေးကိုယ်တော်ကို သတ်ဖြတ်ရခြင်း မရှိသေးပေ။
ထိုသို့ဆိုလျှင်… ဆန်းလျန်သည် ထုန်ထျန်းမြစ်ရေပြင်မှ တာအိုဆရာသခင်ကြီး၏ ဓားဝိညာဉ်မှ အသက်ရှင်လျှက် လွတ်မြောက်နိုင်ခဲ့ဟန်ရှိလေသည်။ ထိုအတွေးကိုတွေးမိသည့်အခါ ထိုက်ယင်းနတ်သမီး တုန်လှုပ်ရပြန်သည်။
ဆန်းလျန်နှင့် ထိုက်ယင်းနတ်သမီးတို့ ထုန်ထျန်းမြစ်ကြောင်းတိုင်း ဆက်လက်ဆန်တက်လာခဲ့ကြလေသည်။ မြစ်အထက်ပိုင်းသို့ရောက်သည့်အခါ မျောပါလာသည့် နတ်ဘုရားအလေင်းခန္ဓာများ သိပ်ပြီး မတွေ့ရတော့ပေ။
သို့သော်… ထူးဆန်းသည့် အရာတစ်ခုကို ထပ်မံတွေ့ရှိရပြန်သည်။ ရေပြင်ထဲတွင် ထူးဆန်းသည့်အရည်များ မျောပါလာခြင်း ဖြစ်လေ၏။
ထိုအရည်များက ထူးဆန်းပြီး ပြဒါးကဲ့သို့သောအရောင်ဖြစ်သည်။
ထိုအရည်များမှ ဆေးရနံ့ကဲ့သို့ ထူးဆန်းသည့် ရနံ့တစ်မျိုးထွက်နေပြီး ရနံ့က သင်းပျံ့ပျံ့ ဖြစ်သည်။ ထိုက်ယင်းနတ်သမီးက ထိုရနံ့ကို ရှူရှိုက်လိုက်မိသည်နှင့် ခန္ဓကိုယ်တစ်ခုလုံး အသက်ဓာတ်စွမ်းအားများပြည့်ဝသွားသလို ခံစားလိုက်ရသည်။
ဆန်းလျန်က…
“အဲဒီအရည်တွေက နတ်ဘုရားတွေရဲ့ခန္ဓာကိုယ်က ကျန်ခဲ့တဲ့ ရွှေပြဒါးအမြုတေအရည်တွေပဲ ၊ မင်း သောက်ချင်ရင် သောက်လို့ရတယ်…”
ဆန်းလျန်စကားကြောင့် ထိုက်ယင်းနတ်သမီးက ထိုအရည်များကို အနည်းငယ်ယူကာ သောက်ကြည့်လိုက်လေသည်။ ထိုအခါ … သူမ၏ခန္ဓာကိုယ်တွင် တန်ခိုးစွမ်းအားများ တစ်ရှိန်ထိုးမြင့်မားလာသည်ကို ခံစားလိုက်ရပြီး ဝိညာဉ်စွမ်းအားများလည်း မြင့်တက်လာလေသည်။
နတ်ဘုရားများ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ခြင်းကြောင့် ဖြစ်တည်လာသည့် အမြုတေဆိုသည်က အလွန်ပင် တန်ခိုးစွမ်းအားမြင့်မားလေရာ မယ်တော်ဝမ်မူ၏နတ်မက်မွန်သီးနှင့် ကျန့်ယွမ်ကျီနတ်မင်းကြီး၏ လူသားပုံသဏ္ဍန်ဂျင်ဆင်းအသီးများထက် ပိုပြီး အာနိသင်ကောင်းလေသည်။
အမြုတေအရည်များကိုသောက်ပြီး တန်ခိုးစွမ်းအားများ မြင့်တက်လာသည့်အတွက် ထိုက်ယင်းနတ်သမီးမှာ ပျော်ရွှင်လာမိသည်။
သို့သော်… သူမအတွက် တန်ဖိုးကြီးမားလှသည့် အမြုတေအရည်များသည် ဆန်းလျန်အတွက်တော့ လမ်းဘေးမှ မြက်ကဲ့သို့ပင် တန်ဖိုးမရှိလှပေ။
သူတို့ မည်မျှကြာအောင် မြစ်ကြောင်းအတိုင်းဆန်တက်ခဲ့ကြသည် မသိပေ။
နောက်ဆုံး… မြူခိုးများဝေနေသည့် နေရာတစ်ခုသို့ သူတို့ ရောက်ရှိလာကြလေသည်။ ထိုနေရာသည် ထုန်ထျန်းမြစ် စတင်စီးဆင်းသည့် မြစ်ဖျားခံရာနေရာ ဖြစ်လေသည်။
ထိုက်ယင်းနတ်သမီးမှာ စိတ်ရှုတ်ထွေးနေသလို စိတ်လည်း လှုပ်ရှားနေမိသည်။
ယခုတော့ သူမသည် စန့်ချင်တာအိုဆရာသခင်ချန်ထားခဲ့သည့် ဓားဝိညာဉ်နှင့် တန်ခိုးစွမ်းအားများကို တွေ့မြင်ရတော့မည် ဖြစ်လေသည်။ ထိုသို့တွေ့မြင်ခွင့်ရပါက သူမ၏ကျင့်စဉ်လမ်းကိုလည်း များစွာ အထောက်အကူ ပြုပေလိမ့်မည်။
အရင်နေ့များထက်ဆာလျှင် ဆန်းလျန်၏ မျက်နှာက သိသိသာသာ တည်ကြည်လေးနက်နေလေသည်။
သူအချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် ကိစ္စတစ်ခု နောက်ဆုံးတွင် ဖြစ်လာခဲ့ပြီး သူ့ဆန္ဒများအားလုံး အဆုံးသတ်တော့မည့်အလား ဖြစ်သည်။ သို့သော်… ဆန်းလျန်ထံတွင် အကြောက်တရားဆိုသည့်အရာကို လုံး၀ မတွေ့ရပေ။
ဆန်းလျန်နှင့် ထိုက်ယင်းနတ်သမီးတို့က ကြာပန်းရွက်များထက်တွင် လမ်းလျှောက်ရင်း မြူခိုးများအတွင်းသို့ ဝင်ရောက်သွားကြလေသည်။
မြူခိုးများအတွင်းသို့ရောက်သည့်အခါတွင်တော့ ထိုမြူခိုးများအကြောင်းကို ထိုက်ယင်းနတ်သမီး ကောင်းကောင်းနားလည်သွားရသည်။
မြူခိုးများထဲမှ မြူမှုံတစ်စက်ချင်းစီတိုင်းသည် ဓားဝိညာဉ်များဖြစ်ကြလေသည်။ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ကြည့်မည်ဆိုပါက ထိုဓားဝိညာဉ်တိုင်းသည် မွေးဖွားလာတော့မည့် သက်ရှိလောကများဖြစ်လေသည်။
ဗုဒ္ဓက “ပန်းတစ်ပွင့် ၊ သစ်ရွက်တစ်ရွက် ၊ လောကတစ်ခု” ဟု ပြောခဲ့လေသည်။
ဤနေရာတွင်တော့ မြူမှုံတစ်စက လောကတစ်ခု ဖြစ်နေလေသည်။ တာအိုဆရာသခင်ကြီးတစ်ပါး၏ တန်ခိုးစွမ်းအား မည်မျှ မြင့်မားသည်ကို ပြသနေခြင်း ဖြစ်တော့သည်။
ဆန်းလျန်ကသာ မြင့်မားလှသည့် တန်ခိုးစွမ်းအားဖြင့် ကာကွယ်ပေးထားခြင်း မရှိလျှင် ထိုက်ယင်းနတ်သမီး၏ ကျင့်ကြံခြင်းအဆင့် မည်မျှမြင့်မားပါစေ မြူခိုးများကြားတွင် ရှေ့မဆက်နိုင်ဘဲ ပိတ်မိနေမည် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော်… မြူခိုးများပေါင်းစပ်လိုက်သည့်အခါ ဓားဝိညာဉ်လောကကြီးတစ်ခုဖြစ်လာပြီး ဓားဝိညာဉ်၏ တန်ခိုးစွမ်းအားများက သူမကို လှုပ်ရှားမရနိုင်သည်အထိ ဖိနှိပ်ထားနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။
ထိုက်ယင်းနတ်သမီး ကြောက်ရွံ့လျှက်ရှိပြီး ဆန်းလျန်နောက်နားသို့ အနည်းငယ်ပိုပြီး တိုးကပ်သွားမိသည်။
ထိုအချိန်မှာပင်… အရပ်လည်းသိပ်မမြင့်သလို ပိန်ပိန်ပါးပါးလည်းရှိသည့် ဆန်းလျန်၏ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသလိုဖြစ်သွားသည်ကို ထိုက်ယင်းနတ်သမီး သတိပြုလိုက်မိသည်။
ဓားဝိညာဉ်မြူခိုးများ၏ အဆုံးစွန်သောတန်ခိုးစွမ်းအားများကို တောင့်ခံနိုင်ရန်အတွက် တန်ခိုးစွမ်းအားသုံးစွဲလိုက်ဟန် တူလေသည်။
ထုန်ထျန်းမြစ် မည်သည့်နေရာမှ မြစ်ဖျားခံလာသည်ကို မည်သူမှ သိရှိကြခြင်း မရှိပေ။ မြစ်ရေသည် မြူခိုးများထဲမှ စီးထွက်လာခြင်း ဖြစ်လေသည်။ ထို့ပြင် ထိုနေရာတွင် လောက၏တစ်ခြားဘက်ခြမ်းမှ ကုန်းမြေတစ်ခုဖြစ်လေသည်။
ထိုကုန်းမြေသည် ကြယ်စင်ကောင်းကင်များအလယ်တွင် တည်ရှိလေသည်။
ဤမြစ်ကို ထုန်ထျန်းမြစ် (မမြင်ရသည့်မြစ်) ဟု ခေါ်ဆိုကြသည်မှာ အံ့သြစရာ မရှိတော့ပေ။ မမြင်တွေ့နိုင်သည့် နေရာတစ်ခုမှ မြစ်ဖျားခံလာသည့်အတွက် ထုန်ထျန်းမြစ်ဟုခေါ်ခြင်းဖြစ်သည်ကို ထိုင်ယင်းနတ်သမီး နောက်ဆုံးတော့ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ထုန်ထျန်းမြစ်သည် မူလ ထုန်ထျန်းနတ်မြစ်နှင့် ဆက်သွယ်နေသည့် မြစ်တစ်စင်း ဖြစ်လေသည်။ အလွန်အဆင့်မြင့်သည့် နတ်ဘုရားတစ်ပါးမဟုတ်လျှင် မည်သူမှ ဤနေရာသို့ ရောက်လာနိုင်မည် မဟုတ်ပေ။
စောစောက မြစ်ကြောင်းတစ်လျှောက် တွေ့မြင်ခဲ့ရသည့် နတ်ဘုရားများ၏အလောင်းများမှာ ဤမြူခိုးများအတွင်းသို့ ဝင်ရောက်ရန် အရည်အချင်းမပြည့်မီသည့်တွက် မြူခိုးဓားဝိညာဉ်အောက်တွင် အသက်ပျောက်ခဲ့ကြသူများ ဖြစ်နိုင်လေသည်။
ထို့နောက် ထိုက်ယင်းနတ်သမီး၏ခြေထောက်အောက်မှ ကြာရွက်ပျောက်ကွယ်သွားပြီး သူမက ကုန်းမြေထက်သို့ လှမ်းတက်လိုက်သည်။ ကုန်းမြေမှာ ရွှေစင်သတ္တုအလား မာကျောလွန်းလှသည်။
ထို့ပြင် ပတ်ဝန်းကျင်တစ်ခုလုံးတွင် အသက်ဓာတ်စွမ်းအားများလည်း လုံးဝမရှိပေ။
ဆန်းလျန်ကတော့ ပေါ့ပေါ့ပါးပါးအမူအရာဖြင့်ပင် ကုန်းမြေထက်သို့တက်သွားကာ ရှေ့သို့ဆက်လျှောက်သွားသည်။ သူ၏အမူအရာက “ဘယ်တော့မှနောက်မဆုတ်” ဆိုသည့် အမူအရာဟန်ပန်မျိုးဖြစ်သည်။
ထိုက်ယင်းနတ်သမီးက ဆန်းလျန်နောက်မှ ထပ်ကြပ်မကွာကပ်ပြီး လိုက်ပါသွားလေသည်။
သူတို့ရှေ့ဆီမှ ကြယ်စင်ကောင်းကင်သည် သူတို့နှင့် လက်တစ်ကမ်းအလိုတွင်ရှိသည်ဟု ထင်မှတ်ရသည့်တိုင် ထိုနေရာသို့ တော်တော်နှင့် မရောက်နိုင်ပေ။
လနတ်သမီးချန်ဝေါ် (ဟန်အယ်)က ထိုက်ယင်းတန်ခိုးစွမ်းအားများနှင့်ပတ်သက်လျှင် ဆရာတစ်ဆူဖြစ်လေသည်။ သူမသည် နဂါးငွေ့တမ်းကိုပင် လက်ဖြင့်ဖမ်းယူပြီး လိုသလိုအသုံးပြုနိုင်သည့် တန်ခိုးစွမ်းအားမျိုးကို ပိုင်ဆိုင်လေသည်။
သို့သော်… ထိုက်ယင်းနတ်သမီးကတော့ ဆရာဖြစ်သူ၏ခြေဖျားပင်မှီအောင် စွမ်းဆောင်နိုင်စွမ်း မရှိသေးပေ။
ရုတ်တရက် ဆန်းလျန်က ထိုက်ယင်းနတ်သမီးလှည့်ကြည့်လိုက်ပြီး…
“မင်း ဒီနေရာမှာနေခဲ့တော့….”
ထူးဆန်းသည့်နေရာဒေသတစ်ခုသို့ ရောက်နေသည့်အချိန်တွင် ထိုက်ယင်းနတ်သမီးသည် ဆန်းလျန်စကားကို နားမထောင်ဘဲ မနေဝံ့ပေ။
သူမက ချက်ချင်းပင် ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။
ဆန်းလျန်၏ လက်ချောင်းများထက်တွင် ကြယ်စင်ကဲ့သို့ ကြည်လင်ပြာလဲ့သည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုက်ယင်းနတ်သမီးရပ်နေသည့်နေရာကို စက်ဝိုင်းပုံသဏ္ဍန် စည်းချလိုက်သည်။
ရွှေစင်သတ္တုကဲ့သို့ မာကျောလှသည့် မြေကြီးထက်တွင် ဆန်းလျန်ရေးဆွဲလိုက်သည့် စက်ဝိုင်းပုံသဏ္ဍန်စည်းကွင်းက အထင်းသား ကျန်ရစ်ခဲ့သည်။
ထိုက်ယင်းနတ်သမီးအတွက် စိတ်ချရပြီဆိုတော့မှ ဆန်းလျန်က ရှေ့သို့ ဆက်လက်ထွက်ခွာသွားလေသည်။
ရုတ်တရက်… မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ဆန်းလျန်ကို ပစ်ခတ်တိုက်ခိုက်လေတော့သည်။
မိုးကြိုးများက ခရမ်းရောင်လျှပ်စီးလျှပ်နွယ်များလင်းလက်နေပြီး ဓားသွားအလားကြမ်းရှသည့်လေထုက စိမ်းပြာရောင် တောက်ပနေလေသည်။ ထိုမိုးကြိုးမုန်တိုင်းသည် ဆန်းလျန်ကို အမှုန့်ချေပစ်တော့မည့်အလား ထင်မှတ်ရသည်။
ဆန်းလျန်က ထူးဆန်းသည့်ခြေလှမ်းရွေ့လျားဟန်တစ်မျိုးဖြင့် မိုးကြိုးမုန်တိုင်းများကို ရှောင်တိမ်းလိုက်လေသည်။
ဆန်းလျန်၏ ခြေလှမ်းရွေ့လျားဟန်ကို တွေ့မြင်လိုက်သည်နှင့် ထိုက်ယင်းနတ်သမီးမှာ တုန်လှုပ်သွားရပြန်သည်။ ထိုခြေလှမ်းများသည် ဒဏ္ဍာရီထဲမှ “ယွီ” ခြေလှမ်းများ ဖြစ်နေသောကြောင့်ပင်။
“ယွီ” ခြေလှမ်းဆိုသည်မှာ သမိုင်းထဲတွင် အလွန်တန်ခိုးစွမ်းအားမြင့်မားသည့် ဧကရာဇ် “ယွီ” တီထွင်ထားသည့် ပညာတစ်ခု ဖြစ်သည်။
ဧကရာဇ် “ယွီ” ဆိုသည်ကမိုးနတ်မင်းနှင့်ပင် ကောင်းကောင်းယှဉ်ပြိုင်နိုင်သူတစ်ယောက် ဖြစ်သည်။ သို့သော် သူက မိုးနတ်မင်းလောက်တော့ နာမည်မကြီးခဲ့ပေ။
ဧကရာဇ် “ယွီ” သည် မရေမတွက်နိုင်သည့် ဒဏ္ဍာရီများကို သမိုင်းတွင် ချန်ထားခဲ့သူဖြစ်သည်။ ထို့ပြင် သူ၏ ကိုယ်ခွဲများသည်လည်း ကမ္ဘာပေါင်းများစွာတွင် မရေမတွက်နိုင်အောင် တည်ရှိလေသည်။ သို့သော်… မူလ ဧကရာဇ် “ယွီ” သည် မည်သူဖြစ်သည်ကို သိရှိသူတစ်ယောက်မှ မရှိကြပေ။
ထို့ပြင်… လက်ရှိအချိန်တွင် ဧကရာဇ် “ယွီ” မည်သည့်နေရာတွင် ရောက်ရှိနေသည်ကိုလည်း မည်သူမှ မသိကြပေ။
သို့သော်… ထိုက်ယင်းနတ်သမီးသည် ကွမ်ဟန်နန်းတော်မှ အရည်အချင်းအရှိဆုံး တပည့်တစ်ယောက်လေရာ ဧကရာဇ် “ယွီ” မည်သည့်နေရာတွင်ရှိသည်ကို သိရှိထားလေသည်။ ဧကရာဇ် “ယွီ” သည် စကြာဝဠာတစ်နေရာရှိ လျှို့ဝှက်သည့်ကြယ်စင်တစ်ခုထက်တွင် အနားယူနေလေသည်။
ထိုကြယ်စင်တည်ရှိရာနေရာက အလွန်အန္တရယ်များသည့် နေရာဖြစ်ပြီး လနတ်သမီးချန်ဝေါ် (ဟန်အယ်)သည်ပင်လျှင် လွယ်လွယ်ကူကူနှင့် သွားရောက်နိုင်ခြင်း မရှိပေ။
သို့သော် ယခု ဆန်းလျန်က “ယွီ” ခြေလှမ်းပညာကို အသုံးပြုနေသည်ကိုကြည့်ခြင်းအားဖြင့် ဧကရာဇ် “ယွီ” ၏ ပညာကို ဆက်ခံခဲ့သည်မှာ သေချာလေသည်။ ဆန်းလျန်သည် ဧကရာဇ် “ယွီ” နှင့် တွေ့ဆုံခဲ့ဖူးဟန် ရှိလေ၏။
ထို့ကြောင့် ထိုက်ယင်းနတ်သမီးသည် ဆန်းလျန်အကြောင်းပိုပြီး စိတ်ဝင်စားလာမိလေတော့သည်။
ထိုအချိန်မှာပင်… ခရမ်းရောင်မိုးကြိုးမုန်တိုင်းများထိမှန်ပြီး ဆန်းလျန်၏အဝတ်အစားများအားလုံး စုတ်ပြဲကုန်ကာ ကျောက်စိမ်းသားအလား ကြည်လင်သည့်အသားအရေများကိုပင် မြင်တွေ့နေရလေသည်။ ဆန်းလျန်၏ ဆံပင်ရှည်များလည်း ပြေကျကုန်ပြီး ဆံနွယ်ရှည်များသည် ဗလာနယ်ထဲသို့ ဆွဲငင်ခံရသည့်အလား လေထဲတွင် လွင့်ပျံလျှက်ရှိလေသည်။
ထိုက်ယင်းနတ်သမီးက စိုးရိမ်ပူပန်စွာဖြင့် ဆန်းလျန်ကို ကြည့်နေမိသည်။
အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်၏သွေးကြောဆုံချက်နေရာများမှ ပေါက်ကွဲထွက်လုမတတ် ဖောင်းကြွလာသောကြောင့်ပင်။
ဆန်းလျန်က သူမကို နောက်ကျောပေးထားသည့်အတွက် ဆန်းလျန်၏ မျက်နှာကို သူမ မမြင်ရသည်မှာ တော်သေးသည်ဟု ဆိုရမည်။ မဟုတ်ပါက သူမ အံ့သြထိတ်လန့်သွားမည်မှာ အမှန်ပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်၏မျက်နှာမှာ နာကျင်မှုကို ပြင်းပြင်းထန်ထန်ခံစားနေရသည့်အလား ရှုံ့မဲ့နေပြီး ပါးစပ်တွင်းမှ သွေးများ အန်ကျနေသည်သာမက နှာခေါင်း ၊ မျက်လုံးနှင့် နားရွက်များအတွင်းမှလည်း သွေးများ စီးထွက်နေသေးသည်။
သွေးများက ကြက်သွေးရောင်တောက်နေပြီး ဆန်းလျန်၏ အသက်ဓာတ်အနှစ်သာရများ ဖြစ်လေသည်။
ကျင့်ကြံသူတစ်ယောက် နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်သွားပြီဆိုလျှင် သွေးက အနီရောင်မဟုတ်တော့ပေ။ ပြဒါးရောင်အဖြစ် ပြေင်းလဲသွားလေ့ရှိသည်။
ယခု ဆန်းလျန်၏သွေးများက အနီရောင်တောက်ပနေရခြင်းမှာ နတ်ဘုရားခန္ဓာအတွင်းပိုင်းရှိ အသက်ဓာတ်အနှစ်သာရများမှထွက်သည့် သွေးများဖြစ်သောကြောင့် ဖြစ်လေသည်။
သို့သော်… ထိုသွေးစက်တိုင်းသည် တောင်များကိုပင် တိုက်စားနိုင်စွမ်းရှိပြီး ဆံချည်မျှင်တိုင်းသည် မြစ်ရေများကိုပင် ဖြတ်တောက်ပစ်နိုင်စွမ်း ရှိလေသည်။
သို့ရာတွင် ထိုသို့သောသွေးစက်များကို ဆုံးရှုံးလိုက်ရသည့်အတွက် ဆန်းလျန်သည်လည်း အတော်လေး ဒဏ်ရာအပြင်းအထန်ရနေခဲ့ပြီ ဖြစ်သည်။
သို့သော်… ဆန်းလျန်သည် စန့်ချင်တာအိုဆရာသခင်၏ပုံရိပ်ကို ယခုအချိန်ထိ တွေ့မြင်ရခြင်း မရှိသေးပေ။
ဆန်းလျန်သည် ဟွင့်ယွမ်ဝူကျီအဆင့်သို့ရောက်ရှိနေပြီဖြစ်သည့်တိုင် စန့်ချင်တာအိုဆရာသခင်နှင့် နှိုင်းယှဉ်ပါက များစွာကွာခြားနေသေးသည်။
အဘယ်ကြောင့်ဆိုသော် တာအိုဆရာသခင်ကြီးများဆိုသည်က အရာရာတိုင်းကိုကျော်လွန်သိမြင်သည့် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားကြသူများဖြစ်ပြီး သူတို့၏ လုပ်ရပ် ၊ အတွေးအခေါ်များမှာ မည်သည့်အရာနှင့်မှ နှိုင်းယှဉ်မရနိုင်ပေ။
မည်သို့ပင်ဖြစ်စေ… ဆန်းလျန်အနေဖြင့် စန့်ချင်တာအိုဆရာသခင်လင်ပေါင်ထျန်းကျွင်းနှင့် ရင်ဆိုင်ရသည်မှာပထမဆုံး အကြိမ်မဟုတ်ပေ။
အသူရာချောက်တွင်ရှိခဲ့စဉ်က အပြာရောင်ခရီးရှည်နန်းတော်တွင် စန့်ချင်တာအိုဆရာသခင်၏ပုံရိပ်နှင့် တစ်ခါရင်ဆိုင်ခဲ့ရသေးသည် မဟုတ်ပါလား။
ထိုအချိန်ကနှင့်ဆာလျှင် ယခုအချိန်တွင် ဆန်းလျန်၏ ကျင့်ကြံခြင်းအဆင့်သည် များစွာ အဆင့်မြင့်လာခဲ့ပြီ ဖြစ်လေသည်။
***