ထာဝရဇာတ်ကောင်
Vol. 9 Ch. 863
ထို့နောက်တွင်တော့ ဆန်းလျန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝန်းရံထားသည့် မိုးကြိုးမုန်တိုင်းများ ပျောက်ကွယ်သွားလေသည်။
ဆန်းလျန်သည် ခေတ်အဆက်ဆက်တွင် မည်သည့်အခါမှ ရှုံးပွဲမရှိလေသည့် နတ်ဧကရာဇ်တစ်ပါးအလား ဝင့်ကြွားစွာဖြင့် မြေပြင်ထက်တွင် ရပ်နေလေသည်။
အဝတ်ဗလာ သူ့ခန္ဓာကိုယ်ထက်တွင် သွေးစများက စွန်းထင်းနေလေသည်။ သို့သော်… သူ့ပုံစံက အဆုံးမရှိ ကျယ်ပြန့်လှသည့် တာအိုမဟာလမ်းစဉ်ကို ဖော်ထုတ်နေသည့်အလား ထင်မှတ်ရသည်။
သို့သော်… မျက်စိတစ်မှိတ်အတွင်းမှာပင် ဆန်းလျန်၏ ခန္ဓာကိုယ်ထက်တွင် သူ၏ အစိမ်းနုရောင်တာအိုဝတ်စုံက ပြန်ပေါ်လာလေသည်။
ပတ်ဝန်းကျင်မှ လေပြေလေးတိုက်ခတ်လာသည့်အခါ သူ့ပုံစံက ကောင်းကင်ထက်မှ အစိမ်းရောင်တိမ်တိုက်လေးအလားဖြစ်ပြီး ယခင်ကအတိုင်း လွတ်လပ်ပေါ့ပါးသည့်ဟန်ပန်အပြည့်နှင့် ပြန်ဖြစ်သွားလေသည်။
ထိုအခါမှ ထိုက်ယင်းနတ်သမီးမှာလည်း စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက်ချလိုက်နိုင်တော့သည်။
ဆန်းလျန်က ရှေ့သို့ ခြေလှမ်း (၇)လှမ်း ဆက်လှမ်းလိုက်သည်။
ထိုအချိန်မှာပင်…
ကြယ်စင်ကောင်းကင်တစ်ခုလုံး တုန်ခါသွားပြီး ကောင်းကင်ထက်တွင် ဗုံတစ်လုံးပေါ်လာလေသည်။
ထို့နောက် မိုးမြေတစ်ခွင်လုံး ဗုံသံများထွက်ပေါ်လာပြီး ရွှေသားအလားမာကျောလွန်းလှသည်မြေပြင်သည်လည်း အက်ကွဲကြောင်းများ ထင်လာလေသည်။
ငလျှင်လှုပ်ခြင်း ၊ မီးလောင်ခြင်း ၊ လေပြင်းတိုက်ခတ်ခြင်း ၊ မိုးကြိုးပစ်ခြင်းများသည် အရာအားလုံးကို ဖျက်စီးပစ်နိုင်သည့် အဖျက်တရားများဖြစ်ကြသော်လည်း အသစ်သောလောကတစ်ခုမမွေးဖွားမီ အရာအားလုံးကို ပြန်လည်ဖြစ်တည်စေနိုင်သည့် အရာများလည်း ဖြစ်လေသည်။
မြေကြီးအက်ကွဲကြောင်းများမှ မြင်သူတိုင်းကြောက်ရွံ့ထိတ်လန့်စေမည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။
ထိုသို့ဖြစ်ပေါ်လာသည်မှာ ဗုံသံကြောင့် ဖြစ်သည်ကို ဆန်းလျန် သိရှိလိုက်သည်။
မရဏဓား (၄)လက် ၊ ဗုံတီးသံ ၊ ခရမ်းရောင်မိုးကြိုးမုန်တိုင်း ၊ နှလုံးခတ်သော့ နှင့် ချင်းဖိန်ဓားတို့မှာ စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်း၏ အကျော်ကြားဆုံး တာအိုတန်ခိုးစွမ်းအားများ ဖြစ်လေသည်။
သို့သော်… မရဏဓား (၄)လက်မှလွဲပြီး ကျန်သည့်အရာများမှာ နာမည်သိပ်ပြီးမကြီးလှပေ။ သို့ရာတွင် တာအိုဆရာသခင်ကြီးတစ်ပါး၏ တန်ခိုးစွမ်းအားများ ဖြစ်သည့်အတွက် တန်ခိုးစွမ်းအားနက်ရှိုင်းသည်ကတော့ အမှန်ပင် ဖြစ်သည်။
ဗုံပေါ်တွင် များပြားလှစွာသော အင်းသင်္ကေတများရေးထွင်းထားပြီး အချို့အင်းသင်္ကေတများဆိုလျှင် ဆန်းလျန်ပင်လျှင် နားလည်အအောင် မနည်းကြိုးစားလိုက်ရသည်။
ထွက်ပေါ်နေသည့် ဗုံသံမှာလည်း တကယ့်တာအိုဆရာသခင်ကြီးတစ်ပါး၏ ရိုက်ချက်အလား စွမ်းအား ပြင်းထန်လွန်းလှသည်။ မိုးမြေမှအရာအားလုံးကို လွင့်စင်ပျက်စီးသွားစေတော့မည့်အလား ထင်မှတ်ရလေသည်။
ထိုအချိန်မှာပင်… ဆန်းလျန်က လက်နှစ်ဖက်ကိုအသုံးပြုပြီး နှလုံးသားပုံသဏ္ဍန်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။
ထိုအခါ… ဆန်းလျန်ရှေ့တွင် အပြာနုရောင် တံတိုင်းတစ်ခု ပေါ်လာပြီး ဗုံသံများကို တားဆီးထားလိုက်လေသည်။
ဗုံသည် ကြယ်စင်ကောင်းကင်ထက်တွင် ပျံ့နှံ့လျှက်ရှိလေသည်။ ထိုဗုံသံသည် အတိတ် ၊ အနာဂတ် အချိန်ကာလတစ်လျှောက်လုံးတွင် ထာဝရတည်ရှိနေမည့် ဗုံသံဖြစ်လေသည်။
အစမရှိသလို အဆုံးလည်းမရှိသည့် ဗုံသံမှ တန်ခိုးစွမ်းအားများည် ဆန်းလျန်ကို အဆက်မပြတ်တိုက်ခိုက်နေလေသည်။
နောက်ဆုံး စိမ်းပြာရောင်အလင်းတန်းတစ်ချက် လင်းလက်သွားပြီး ဆန်းလျန်ပြုလုပ်ထားသည့် တံတိုင်းကို တိုက်ခိုက်ဖျက်စီးပစ်လိုက်လေသည်။ သို့သော်… တံတိုင်းက ပျက်စီးသွားခြင်း မရှိပေ။
ဆန်းလျန်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး ဆန်းလျန်က ထိုသွေးများကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။
ထို့နောက် သူက ကြယ်စင်ကောင်းကင်အလယ်မှ ဗုံကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"ဒီတစ်ခေါက်လည်း ကျုပ်ကို လဲကျအောင် တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား…"
အမှန်တော့ ခရမ်းရောင် မိုးကြိုးမုန်တိုင်းများ တိုက်ခိုက်ခံရစဉ်ကပင် ဆန်းလျန် ဒဏ်ရာအပြင်းအထန်ရနေခဲ့ပြီ ဖြစ်သည်။
သို့သော်… သူက ယခု ဗုံသံကို ရင်ဆိုင်နိုင်ရန်အတွက် သူ၏မူလဝိညာဉ်ခန္ဓာမှာ အမြင့်ဆုံးစွမ်းအားများကို အသုံးပြုထားခြင်း ဖြစ်သည်။
ဗုံသံက ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်ပြီး မြေပြင်ကလည်း တုန်လှုပ်နေဆဲ ဖြစ်သည်။
နောက်ဆုံးတွင်တော့ ဗုံသံ၏ဒဏ်ကိုမခံနိုင်ဘဲ ဆန်းလျန်ရှေ့မှ အရံအတားတံတိုင်း ပြိုကျသွားလေတော့သည်။
တစ်ချိန်တည်းမှာပင်… ဆန်းလျန်၏ ပတ်ဝန်းကျင်တစ်ခုလုံးမှ အရာအားလုံးပျောက်ကွယ်သွားပြီး မရှိမှုတရားက ကြီးဆိုးသွားလေသည်။ ဆန်းလျန်သည် မရှိမှုကျေးရွာတွင် ရောက်နေသည့်အလား ခံစားလိုက်ရသည်။
ထိုက်ယင်းနတ်သမီးကတော့ သူ့ရှေ့မှ ဆန်းလျန် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ဆန်းလျန်သာမက ဗုံသံလည်းပျောက်ကွယ်သွားပြီဖြစ်လေသည်။
မည်သည့်နေရာကို ကြည့်လိုက်ကြည့်လိုက် ဆန်းလျန်သည် သူ့ကိုယ်သူ ပြန်မြင်နေရသည်။
သို့သော်… သူ့ပတ်ဝန်းကျင်မှ ဆန်းလျန်များအားလုံးသည် လက်ရှိအချိန်တွင်ရှိနေသည့် ဆန်းလျန်များ မဟုတ်ပေ။
ဆန်းလျန်၏ မရေမတွက်နိုင်သည့် ဘဝများဖြစ်ပြီး မရေမတွက်နိုင်သည့် ကံကြမ္မာများရှိလေသည်။ တစ်ယောက်နှင့်တစ်ယောက် ဆပ်စပ်မှုလည်းရှိသလို ကွဲပြားမှုလည်းရှိသည်။
မတူညီသည့်ကံတရားများနှင့် မတူသညီသည့် ဘဝလမ်းကြောင်းများအတိုင်း သူတို့သည် ထွက်ခွာသွားကြဦးမည်။ နောက်ဆုံး မရှိမှုတရားအဖြစ် ပျောက်ကွယ်သွားကြပေလိမ့်မည်။
ဆန်းလျန်သည် သူ့ကိုယ်သူ ကိုယ်စားပြုသည့်ပုံရိပ်များကို တွေ့မြင်လိုက်ရသည့်အခါ သူ့ဘ၀ အကြောင်းချင်းရာများကို တွေ့မြင်လိုက်ရသည့်အလား ခံစားလိုက်ရပြီး ရင်ထဲတွင် ဖော်မပြနိုင်သည့် ခံစားချက်တစ်ခု ဖြစ်တည်လာလေသည်။
သူ၏ကိုယ်ခွဲများကို လိုသလိုပြောင်းလဲ ရွှေ့ပြောင်းခြင်းဖြင့် ယခုလက်ရှိအချိန် "ဆန်းလျန်" အဖြစ် ဖန်တီးနိုင်ပေမည်။
ထိုဆန်းလျန်သည် တစ်ယောက်တည်း၏ ကံကြမ္မာမဟုတ်သည့်အတွက် လက်ရှိအချိန်တွင် ရပ်တည်နေသည့် သူ့ထက်ပင် ပိုပြီးကောင်းနိုင်လေသည်။
သို့သော်… ထိုဆန်းလျန်သည် သူ့လောက် ကောင်းမွန်ခြင်း ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော်… သူသည် လောကအလယ်တွင် ရှိနေသေးသောကြောင့် ဖြစ်လေသည်။
ယခု သူသည် အလွန်ထူးခြားသည့် နေရာတစ်ခုသို့ ရောက်ရှိနေပြီး သူ့၏စိတ်အာရုံတစ်ချက် ညွှတ်လိုက်သည်နှင့် အခြားသောဘဝများနှင့် ဆက်သွယ်နိုင်သည့် အတွေ့အကြုံကို ရလေသည်။
ထိုအချက်က ကောင်းသည်လည်း ဖြစ်နိုင်သလို ဆိုးသည်လည်းဖြစ်နိုင်သည်။ သူသည် အစပိုင်းသို့လည်းသွားနိုင်သလို အဆုံးပိုင်းသို့လည်းသွားနိုင်မည် ဖြစ်သည်။
ထို့နောက်… သူ့စိတ်ထဲတွင် ခံစားချက်များစွာ ခံစားလိုက်ရပြီး တွေဝေမိန်းမောသွားမိလေသည်။
သို့သော်… သူ့နှလုံးသားထဲမှ အသိဉာဏ်ပညာဓားဝိညာဉ်တစ်ခုထွက်ပေါ်လာပြီး တွေဝေမိန်းမောမှုများကို ဖြတ်တောက်ပစ်လိုက်သည်။
ထိုအခါ… သူ့ပတ်ဝန်းကျင်မှ သူ၏ ကိုယ်ခွဲများအားလုံး ပျောက်ကွယ်သွားပြီး သူ့ရှေ့တွင် ထူးဆန်းသည့် နတ်ဘုရားတစ်ပါး ပေါ်လာလေသည်။
ထိုနတ်ဘုရားသည် အထီးကျန်နေဟန်ရှိပြီး လောက၏ အရာအားလုံးနှင့်လည်း ကင်းလွတ်နေဟန်ရှိသည်။
ထာဝရတည်ရှိနေသည့် နတ်ဘုရားတစ်ပါးဖြစ်ပြီး သူ၏ပုံစံက သာမန်နတ်ဘုရားတစ်ပါးနှင့်မတူဘဲ စွဲဆောင်မှုတစ်ခု ရှိနေလေသည်။ ထိုစွဲဆောင်မှုကို ဖော်ပြရန် ခက်ခဲလွန်းလှသည်။
ဆန်းလျန်သည် ကြယ်စင်ကောင်းကင်ထက်သို့ လှမ်းတက်လိုက်ပြီး တောက်ပနေသည့် အလင်းမှုံများကြားတွင် စီးမျောသွားလေသည်။
ထို့နောက်… သူသည် ထိုနတ်ဘုရားရှေ့သို့ ရောက်ရှိသွားလေသည်။
စောစောက ကောင်းကင်ထက်တွင် ကျယ်လောင်စွာထွက်ပေါ်နေသည့်ဗုံသံသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး ဗုံသည် ထိုနတ်ဘုရားရှေ့တွင် ငြိမ်သက်စွာ တည်ရှိနေလေသည်။ ဗုံမှ မှိန်ပျပျ အလင်းရောင်များထွက်ပေါ်နေပြီး မြင်သူတိုင်းကို ခြောက်ခြားသွားစေနိုင်သည့် ခံစားချက်ကို ပေးစွမ်းလေ၏။
ထိုနတ်ဘုရားသည် စန့်ချင်တာအိုဆရာသခင်ဆိုသည့် "လင်ပေါင်ထျန်းကျွင်း" ပင် ဖြစ်လေသည်။
လင်ပေါင်ထျန်းကျွင်း၏ မျက်နှာသည် အလွန်မှ ငယ်ရွယ်သည့် လူငယ်လေးတစ်ယောက်အလားဖြစ်သည်။ သို့သော်… ထိုမျက်နှာကို ဆန်းလျန်မှလွဲပြီး အခြားသူတွေ့မြင်နိုင်ခြင်း မရှိပေ။
ဆန်းလျန်သည် ထိုမျက်နှာကို တစ်ချက်ကလေးမှ မလွဲရအောင် အလွတ်ရမှတ်မိနေခဲ့လေသည်။
ဆန်းလျန်က လင်ပေါင်ထျန်းကျွင်းကို တည့်တည့်စိုက်ကြည့်လိုက်ပြီး…
"ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီနော်…"
စန့်ချင်တာအိုဆရာသခင်က…
"ကျုပ်တို့ ဘယ်နှစ်ကြိမ်များ ဆုံခဲ့ဖူးကြလို့လဲ…"
စန့်ချင်တာအိုဆရာသခင်၏ စကားသံက အေးစက်ခြင်းမရှိပေ။သို့သော်… ပတ်ဝန်းကျင်တစ်ခုလုံး တစ်ခဏတာ အေးစက်သွားလေသည်။
ဆန်းလျန်က မျက်ခုံးများကို အသာတွန့်ချိုးလိုက်ရင်း…
"အခု ကျုပ်တို့ ဒုတိယအကြိမ်ဆုံကြတာပဲ…"
ခေတ်အဆက်ဆက်တွင် တာအိုဆရာသခင်ကြီး (၈)ပါး ပေါ်ထွက်ခဲ့လေသည်။
စန့်ချင်တာအိုဆရာသခင် ထိုတာအိုဆရာသခင်ကြီးများထဲမှ တစ်ပါးဖြစ်လေ၏။ သို့သော်… ဆန်းလျန်ကတော့ တာအိုဆရာသခင်ကြီးတစ်ပါးရှေ့တွင် အေးဆေးပေါ့ပါးလျှက်ရှိလေသည်။ ဆန်းလျန်၏အမူအရာများကို တွေ့မြင်သူတိုင်း ဆန်းလျန်ကို နားလည်နိုင်ကြလိမ့်မည် မဟုတ်ပေ။
စန့်ချင်တာအိုဆရာသခင်က…
"မင်းက ထုန်ထျန်းမြစ်ရဲ့ မြစ်ဖျားခံရာကို ပထမဆုံး ရောက်လာနိုင်ခဲ့တဲ့သူပဲ ၊ ဒါပေမဲ့ မင်းဆက်ပြီး လျှောက်လှမ်းရဦးမယ် ၊ ကံကြမ္မာအဆုံးထိ ၊ အချိန်အဆုံးထိ ၊ မင်းကိုပေးအပ်ထားတဲ့အရာအားလုံးကို တွေ့မြင်ဖို့ ၊ ကျုပ်ရဲ့ မူလအစစ်အမှန်ကိုတွေ့မြင်ရဖို့ မင်း ဆက်လျှောက်လှမ်းရဦးမယ် ၊ နားလည်သလား…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
“တာအိုဆရာသခင်ကြီးတွေပဲ အဲဒီလမ်းကို ဆက်လျှောက်မှာပေါ့ ၊ ဆန်းလျန်က ဘာလို့ ဆက်လျှောက်ရမှာလဲ…"
စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်းက..
“ဒါ သက်ရှိတွေအားလုံး လျှောက်လှမ်းရမယ့် လမ်းပဲ…"
ထိုစကားကို ပြောလိုက်သည့်အချိန်တွင် စန့်ချင်တာအိုဆရာသခင် တစ်ချက်ပြုံးလိုက်သည်ကို ဆန်းလျန်တွေ့မြင်လိုက်ရသည်။
ဆန်းလျန် ထိုအပြုံး၏အဓိပ္ပါယ်ကို နားမလည်နိုင်ခင်မှာပင် စန့်ချင်တာအိုဆရာသခင်က အသက်တစ်ချက် ရှူထုတ်လိုက်ပြီး အတိတ်နှင့် ပစ္စုပ္ပန်အရာအားလုံးကို တွန်းဖယ်ဖျက်စီးပစ်လိုက်လေသည်။
ထိုအရာသည် ကံတရားနှင့်အချိန်ကို ကစားစရာတစ်ခုသဖွယ်သဘောထားနိုင်သည့် စစ်မှန်သည့် သဘာဝလွန်တန်ခိုးစွမ်းအားတစ်ခု ဖြစ်လေသည်။
ထိုအချိန်မှာပင် ဆန်းလျန်၏ စိတ်ထဲတွင် တိုက်ခိုက်လိုသည့် ဆန္ဒများ ဖြစ်ပေါ်လာလေသည်။ ထိုသို့ ဖြစ်လာလိမ့်မည်ဟု သူမျှော်လင့်ထားပြီးသားဖြစ်သည်။
သူ့တွင် ကြောက်ရွံ့ခြင်းလည်းမရှိ ၊ တုန်လှုပ်ခြင်းလည်း မရှိ ၊ သူသည် ယခုကဲ့သို့ အတွေ့အကြုံမျိုးကို အကြိမ်ပေါင်းထောင်နှင့်ချီပြီး တွေ့ကြုံဖူးသူတစ်ယောက်အလား တည်ငြိမ်လျှက် ရှိသည်။
ထို့နောက် ဆန်းလျန်၏ ခန္ဓာကိုယ်မှ အလင်းတန်း (၃၆၅)ခု ထွက်ပေါ်လာလေ၏။ အလင်းတန်းများအားလုံးသည် ဆန်းလျန်၏ သွေးကြောဆုံချက်များမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကျိုးထျန်းကြယ်စင်ဖွဲ့စည်းပုံနှင့် ဆက်စပ်သွားလေသည်။
ထို့ပြင် ထိုအလင်းတန်းတိုင်းတွင် အချိန်ကိုပင် ဖြတ်တောက်ပစ်နိုင်သည့် ဓားဝိညာဉ်များ ပါရှိလေသည်။ အလင်းတန်းများသည် အစမရှိ ၊ အဆုံးမရှိ ၊ အကြင်နာတရားလည်းမရှိ။
အလင်းတန်းများ ပေါင်းစုံသွားသည့်အခါ ပြင်းထန်သည့်ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး သောင်းနှင့်ချီသည့်အလင်းတန်းများထွက်ပေါ်လာလေသည်။
ဆန်းလျန်အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားမှာ မိုးနတ်မင်း၏ "မပျက်စီးနိုင်သည့်ခန္ဓာ" တန်ခိုးစွမ်းအားဖြစ်လေသည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအားက မိုးနတ်မင်းထက်ပင်ပိုပြီး ပြည့်စုံနေသေးသည်။
"မပျက်စီးနိုင်သည့်တာအိုခန္ဓာ" တန်ခိုးစွမ်းအားသည် ပြိုင်ဘက်ကင်းသည့် တာအိုခန္ဓာကျင့်စဉ်တစ်ခု ဖြစ်လေသည်။ အသင်္ချေသော အစစ်ဆေးခံရခြင်းများစွာ ၊ ဘေးအန္တရယ်ပေါင်းများစွာကို ကျော်လွှားနိုင်စွမ်းရှိသည့် စကြာဝဠာစတင်သည့်အချိန်ကတည်းက တည်ရှိသည့် အပြည့်စုံဆုံး တာအိုခန္ဓာကို ရည်ညွှန်းလေ၏။
***