အပင်မြင့်လေ လေတိုက်လေ
Vol. 9 Ch. 865
ပတ်ဝန်းကျင်တစ်ခုလုံး အဖြူရောင်ကျောက်စိမ်းသားများအဖြစ် ပြောင်းလဲသွားသည်ကိုကြည့်ရင်း ထိုက်ယင်းနတ်သမီးက အံ့သြခြင်း မဖြစ်မိတော့ပေ။
ဆန်းလျန်သည် မယုံကြည်နိုင်စရာကောင်းသူတစ်ယောက်ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်နှင့်ပတ်သက်သည့်အရာတိုင်းသည် သူမအတွက် အံ့သြစရာမရှိတော့ပေ။ အံ့သြစရာများ မရေမတွက်နိုင်အောင် ဖြစ်ပျက်ခဲ့ပြီးသည့်အတွက် အသားကျသွားခြင်း ဖြစ်လေ၏။
ဆန်းလျန်က ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သည်။
ထိုအချိန်မှာပင်… သူ၏အရိုးများအတွင်းမှ နဂါးနှင့်ဇာမဏီတို့ ကျုံးဝါးလိုက်သံအလား ၊ ကျယ်လောင်သည့် မိုးခြိမ်းသံကြီးများ ထွက်ပေါ်လာလေသည်။
ထိုသို့ဖြစ်ရသည်မှာ သူ၏ခန္ဓာကိုယ်ထဲမှ သွေးလည်ပတ်စီးဆင်းမှုနှင့် တန်ခိုးစွမ်းအားများ အသားကျအောင် ညှိနှိုင်းနေသည့်အတွက် ထွက်ပေါ်လာသည့်အသံများဖြစ်သည်။
ယခုဆိုလျှင် ဆန်းလျန်၏ခန္ဓာကိုယ်သည် ပိုပြီးပြည့်စုံသည့် နတ်ဘုရားခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။စန့်ချင်တာအိုဆရာသခင်၏ ပုံရိပ်နှင့်တိုက်ခိုက်ခဲ့ခြင်းအတွက် ရရှိလာသည့်အကျိုးကျေးဇူးများဟု ဆိုနိုင်သည်။
ပြောရမည်ဆိုလျှင် ဆန်းလျန်၏ နတ်ဘုရားခန္ဓာသည် ထိပ်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး သူကိုယ်တိုင်ပင် ဟာကွက်ရှာ၍မရတော့သည်အထိ ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။
သို့သော်… စန့်ချင်တာအိုဆရာသခင်ကတော့ သူ့ထက်ပိုပြီး ဉာဏ်ကောင်းသူ ဖြစ်လေသည်။ သူကိုယ်တိုင်ပင် မတွေ့မြင်နိုင်သည့် သူ၏အားနည်းချက်များကို တွေ့မြင်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ပေးခဲ့လေသည်။
ဆန်းလျန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အခြား မည်သည့်နတ်ဘုရားမှ စိတ်ကူးနိုင်စွမ်းမရှိနိုင်လောက်အောင် ပြီးပြည့်စုံနေလေသည်။
ဒဏ္ဍာရီအရဆိုလျှင် ထန်စန်းဆရာတော်၏ အသားတစ်ဖဲ့ကို စားမိလျှင် နတ်ဘုရားတစ်ပါးဖြစ်သွားနိုင်သည်ဟု အဆိုရှိသည်။
ယခု ဆန်းလျန်၏ အသားတစ်ဖဲ့ကိုစားမိမည်ဆိုပါက နတ်ဘုရားတစ်ပါးသာမဟုတ် ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားတစ်ပါးအဖြစ် တန်းပြီးဖြစ်သွားနိုင်ပေသည်။
သူသည် အဆင့် (၉)ဆင့်နှင့်ပြည့်စုံသည် ရွှေပြဒါးအမြုတေကိုပိုင်ဆိုင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အသက်ဝင်နေသည့် ဆေးဖက်ဝင်ပစ္စည်းတစ်ခုအလား ဖြစ်နေခဲ့ပြီ။ နတ်ဘုရားတစ်ပါး၏ အမြင့်မားဆုံးသော အသက်ဓာတ်စွမ်းအားများနှင့် ပြည့်ဝလျှက်ရှိလေသည်။
သူတည်ရှိရာ ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း တာအိုစွမ်းအားများနှင့် ပြည့်ဝလျှက်ရှိလေ၏။
ထိုက်ယင်းနတ်သမီးသည် ဆန်းလျန်ကို အချိန်ကြာမြင့်စွာ ငေးကြည့်နေခဲ့လေသည်။
ထို့နောက် သူမသည် ဆန်းလျန်ရှေ့တွင် ဒူးထောက်ချလိုက်ပြီး မျက်ဝန်းထက်မှ မျက်ရည်များစီးဆင်းကျလာကာ ငိုကြွေးလေတော့သည်။
ဆန်းလျန်သည် လောကသို့ ဆင်းကြွလာသည့် ကြီးမြတ်သည့်နတ်ဘုရားတစ်ပါးအလားဖြစ်ပြီး ပူဇော်ကိုးကွယ်ရန် ထိုက်တန်လွန်းသည်ဟု သူမ ယူဆလိုက်မိသည်။
ထို့ပြင် သူမ၏ ကျင့်စဉ်လမ်းတွင် တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းသည် ဆန်းလျန်နှင့် ပတ်သက်နေခဲ့လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မင်း ကျုပ်နောက် ဆက်လိုက်ချင်သေးလား…"
ထိုက်ယင်းနတ်သမီးက နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး…
"ရှင်က အခု ဘယ်သွားမလို့လဲ…"
ဆန်းလျန်က…
"နတ်ဆေးကိုယ်တော်လျိုလီရဲ့ ဖန်သားကောင်းကင်ဘုံက အော်မီတော်ဖူဘုရားရဲ့ သုခဘုံနီးနီး မြင့်မြတ်သန့်စင်တယ်လို့ ကြားဖူးတယ် ၊ ကျုပ် အဲဒီကို သွားလည်ပတ်မလို့…"
ဆန်းလျန်၏စကားကြောင့် ထိုက်ယင်းနတ်သမီး၏ရင်ထဲတွင် တုန်လှုပ်သွားရသည်။
နောက်ဆုံးတော့ ဆန်းလျန်သည် နတ်ဆေးကိုယ်တော်လျိုလီကို သွားရောက်စိန်ခေါ်တော့မည် ဖြစ်သည်။ သူမသည်လည်း ထိုအကြောင်းအရာများကို မျက်ဝါးထင်ထင်တွေ့မြင်ရပေတော့မည်။
နတ်ဆေးကိုယ်တော်ကို သုတ်သင်ပစ်ခဲ့သူမှာ ဆန်းလျန်ဖြစ်သည်ဟု လူတိုင်းသိကြသော်လည်း သူတို့ (၂)ယောက်၏ တိုက်ပွဲကို မည်သူမှ မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရခြင်း မရှိပေ။
ဆန်းလျန်သည် နတ်ဆေးကိုယ်တော်လျိုလီကို သူနေထိုင်ရာ ဖန်သားကောင်းကင်ဘုံတွင်ပင် သုတ်သင်ပစ်ခဲ့ခြင်း ဖြစ်လေသည်။
ဥပမာပေးရသော်… နန်းတော်ထဲတွင် အစောင့်အရှောက်ပေါင်း သောင်းနှင့်ချီချထားသည့် ဧကရာဇ်တစ်ပါး၏ နန်းတော်အတွင်းသို့ သိုင်းသမားတစ်ယောက်က ဓားတစ်လက်ဖြင့် ကျူးကျော်ဝင်ရောက်လာပြီး ဓားတစ်ချက်တည်းဖြင့် ခုတ်သတ်လိုက်သည့် ဖြစ်ရပ်မျိုး ဖြစ်လေ၏။
ထိုက်ယင်းနတ်သမီးသည် စိတ်လှုပ်ရှားနေသလို သံသယများနှင့်လည်း ပြည့်နေလေသည်။
အဘယ်ကြောင့်ဆိုသော်… နတ်ဆေးကိုယ်တော်လျိုလီရှိရာသို့ ဆန်းလျန်သွားလိုသည့်အကြောင်းရင်းကိုသူမ မသိနိုင်သောကြောင့် ဖြစ်လေသည်။
ထိုက်ယင်းနတ်သမီး ဉာဏ်မီသမျှ တွေးတောနေသည့်တိုင် ထိုအကြောင်းရင်းကို အဖြေရှာမတွေ့နိုင်ခဲ့ပေ။ ဆရာဖြစ်သူ လနတ်သမီးချန်ဝေါ်သာ အနားတွင်ရှိလျှင် ဆန်းလျန်၏ရည်ရွယ်ချက်ကို သေချာပေါက်သိရှိနိုင်မည်ဟု သူမ တွေးနေမိသည်။
သို့သော်… အနာဂတ်ကာလ နှစ်ပေါင်းတစ်သောင်းကျော်တွင် ရှိနေသည့် လနတ်သမီးချန်ဝေါ်ကို သူမအနေဖြင့် မည်သည့်နည်းနှင့်မှ ဆက်သွယ်မေးမြန်းရန် မဖြစ်နိုင်ပေ။
ရုတ်တရက် သူမ တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ လက်ရှိခေတ်အချိန်ကာလမှ လနတ်သမီးချန်ဝေါ်ကို သူမရှာဖွေနိုင်ပါမည်လား။
သို့သော်… ဆန်းလျန်က သူမအတွေးများကို သိမြင်နေသည့်အလား စကားတစ်ခွန်းပြောလိုက်သည်။
"မင်း အနာဂတ်ကို မပြန်သေးဘူးဆိုရင် ကျုပ်အနားက တခြားကိုထွက်မသွားတာ အကောင်းဆုံးပဲ…"
ထိုက်ယင်းနတ်သမီးက…
"ဘာဖြစ်လို့လဲ…"
ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"အချိန်ခရီးသွားတယ်ဆိုတာ လွယ်တယ်လို့များမင်းက ထင်နေတာလား ၊ မင်း အချိန်ခရီးသွားမိတဲ့အတွက် အတိတ်က ဖြစ်ရပ်တွေ ပြောင်းလဲသွားမယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို မင်းခံနိုင်ရည်ရှိမှာ မဟုတ်ဘူး ၊ မင်းလုပ်တဲ့ အလုပ်အတွက် သဘာဝတရားက အပြစ်ပေးတဲ့အခါ တစ်ခါတည်း အမှုန့်ဖြစ်သွားလိမ့်မယ်…"
သို့သော်… ထိုက်ယင်းနတ်သမီးက ဆန်းလျန်၏ စကားများကို နားမထောင်ဘဲ မျက်နှာချင်းဆိုင်ရှိ တောင်ထပ်တစ်ခုဆီသို့ ပျံသန်းထွက်ခွာသွားလေသည်။
သူမက ဆန်းလျန်ကို လည်ပြန်လှည့်ကြည့်လိုက်သည့်အခါ ဆန်းလျန်က သူမကို တားဆီးခြင်းမရှိသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှ… သူမ စိတ်သက်သာရာရသွားပြီး ဆယ်မိုင်ခန့် ဆက်လက်ပျံသန်းထွက်ခွာသွားလေသည်။
ရုတ်တက်ရက်… သူမ၏ရင်ထဲတွင် ကြောက်မက်ဖွယ်ရာလှိုင်းလုံးများ မြင့်တက်လာပြီး ကောင်းကင်ထက်မှ မိုးကြိုးတစ်စင်း သူမထံသို့ ပစ်ချလိုက်သည်ကို ခံစားလိုက်ရသည်။
ကောင်းကင်ထက်တွင် မိုးကြိုးတိမ်တောင်များဖြစ်ပေါ်နေပြီး တစ်လောကလုံးကိုပင် ဖျက်စီးပစ်နိုင်စွမ်းရှိသည့်အလားပြင်းထန်လွန်းသည်။
ထိုက်ယင်းနတ်သမီးမှာ မိုးကြိုးစွမ်းအားများကို ရှောင်ချိန်ပင်မရတော့ဘဲ မိုးကြိုးထိမှန်ခံရကာ မြေပြင်ထက်သို့ ပြုတ်ကျသွားပြီး ဓာတ်လိုက်သည့်အလား ဆန့်ငင်ဆန့်ငင် ဖြစ်နေတော့သည်။
သူမတော့ သေရပြီဟု တွေးနေမိချိန်မှာပင် ဆန်းလျန် သူမအနားသို့ ရောက်ရှလာလေသည်။
ဆန်းလျန်ရောက်ရှိလာသည်နှင့် ကောင်းကင်ထက်မှ မိုးကြိုးတိမ်တောင်များမှာ ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားလေ၏။
ဆန်းလျန်က…
"အဲဒါပဲ ကလေးမရေ… မင်းက လူကြီးစကားနားမထောင်တော့ ဒုက္ခရောက်ရပြီ…"
ထို့နောက် ဆန်းလျန်က ထိုက်ယင်းနတ်သမီးကို မြေပြင်ထက်မှ ထနိုင်ရန်အတွက် လက်ကမ်းပေးလိုက်လေသည်။
ထိုက်ယင်းနတ်သမီးမှာ ဆန်းလျန် လက်ကမ်းပေးသည့်အတွက် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး မျက်နှာမှာ ပန်းရောင်သွေးသန်းသွားရသည်။
သူမက ဆန်းလျန်ကမ်းပေးသည့်လက်ကို အသာဆုပ်ကိုင်လိုက်ရင်း ဖြည်းဖြည်းချင်းထလိုက်လေသည်။
သူမ၏စိတ်ထဲတွင်တော့…
"ဟွန်း ဒီလူက ဒီလောက်တန်ခိုးစွမ်းအားကြီးမားတာ ဒီအတိုင်း မတ်တတ်ရပ်နိုင်အောင် ကူညီပေးရင်ရရဲ့သားနဲ့ လက်ကိုင်ပြီး အခွင့်အရေးယူသေးတယ်…"
သို့သော်… သူမ ဆန်းလျန်အပေါ် အထင်မှားသွားပြီဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်၏ လက်မှတစ်ဆင့် နူးညံ့သည့် တန်ခိုးစွမ်းအားတစ်ခု သူမ၏ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းဝင်ရောက်လာပြီး မိုးကြိုးထိမှန်ခံထားရသည့်အတွက် နာကျင်နေမှုများ ချက်ချင်းသက်သာ ပျောက်ကင်းသွားသောကြောင့် ဖြစ်လေသည်။
ထို့ပြင် ထိုတန်ခိုးစွမ်းအားက သူမ၏ သွေးလည်ပတ်မှုထဲတွင် လှည့်ပတ်နေပြီး သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပြောင်းလဲသွားကာ သူမ၏နတ်ဘုရားခန္ဓာသည် ပြီးပြည့်စုံသည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားလေသည်။
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…
"ကျုပ်မင်းကို အခုလိုကူညီတာကို ကျေးဇူးတင်ဖို့ မလိုဘူး ၊ ကျုပ်အပေါ်မှာ ချန်ဝေါ်နဲ့တာ့ယိရဲ့ ကျေးဇူးကြွေးတွေရှိခဲ့ဖူးတယ် ၊ ဒါကြောင့် နည်းနည်းပါးပါးပြန်ပေးဆပ်တယ်လို့ပဲ သဘောထားပါ…"
ထိုက်ယင်းနတ်သမီးက…
"ရှင်က ရည်ရွယ်ချက်ရှိရှိနဲ့ ကူညီတာကိုး ၊ ကျွန်မ ဒုက္ခရောက်မှာကို မတားဆီးဘဲ ဒီအတိုင်းကြည့်နေပြီးမှ အခုတော့ ကျွန်မဆရာရဲ့ ကျေးဇူးကြွေးကို ပြန်ဆပ်တယ်လေး ဘာလေးနဲ့…"
ဆန်းလျန်က…
"မင်းဟာလေ မဟုတ်တဲ့နေရာမှာ တကယ်ဉာဏ်ကောင်းတယ် ၊ ဒါပေမဲ့ ကျုပ်က မင်းကို ဆုချမယ် မထင်နဲ့…"
ပြောပြီးသည်နှင့်ဆ န်းလျန်က ရယ်မောလိုက်လေသည်။
ထိုက်ယင်းနတ်သမီး၏ ပြစ်တင်စကားကို ဆန်းလျန်က စိတ်မဆိုးသည့်အပြင် ရယ်စရာဟာသအဖြစ် သဘောထားလိုက်ခြင်းဖြစ်သည်။
ထိုက်ယင်းနတ်သမီးက…
"ရှင်က တကယ်စိတ်ထားကောင်းတဲ့သူပဲ ၊ ဒါနဲ့များ ဘာလို့ ရန်သူတွေအများကြီး ရှိရတာလဲ…"
ပြေပြီးမှ သူမ စကားမှားသွားပြီဖြစ်သည်ကို ထိုက်ယင်းနတ်သမီး နားလည်လိုက်သည်။
အဘယ်ကြောင့်ဆိုသော်… ယခု အတိတ်ကာလတွင် ဆန်းလျန်သည် လင်စန်းတောင်ကိုလည်း စိန်ခေါ်ခြင်းမရှိသေးသလို အခြားသောနတ်ဘုရားများနှင့်လည်း တိုက်ခိုက်ခြင်း မရှိသေးပေ။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျုပ်က လူဆိုးတစ်ယောက်တော့ မဟုတ်ပါဘူး ၊ ကျုပ်လမ်းမှားကို လိုက်မိပြီး ရက်စက်တဲ့လူတစ်ယောက်ဖြစ်လာမယ်လို့ မင်းထင်နေတာလား ၊ ဒါပေမဲ့ ဘာတွေပဲဖြစ်လာဖြစ်လာ နောက်ပိုင်းဖြစ်လာမယ့် ကံတရားတွေကိုတော့ ကျုပ်လည်း ရှောင်လို့ရနိုင်မယ် မထင်ပါဘူး ၊ မင်းသိလား… ကောင်းကင်ဘုံပလ္လင်ထက်မှာ အုပ်ဆိုးခဲ့တဲ့ မိုးနတ်မင်းတောင်မှ လူတွေရဲ့ဝေဖန်မှုက မလွတ်နိုင်ခဲ့ဘူး ၊ လောကမှာ ဘာပဲလုပ်လုပ် လူတွေကတော့ ဝေဖန်ကြမှာပဲ ၊ အပင်မြင့်လေ လေတိုက်လေပါပဲကွာ ၊ ဝေဖန်ခံရတယ်ဆိုတာ နောက်ဆုံးတော့ ဘာမှမဟုတ်တဲ့ အရိပ်တွေလိုပါပဲ…"
ပြောပြီးသည်နှင့် ဆန်းလျန်က ဘာကိုမှ အရေးမထားသည့်ဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။
ဆန်းလျန်၏စကားများကို နားထောင်ပြီးသည်နှင့် ဆန်းလျန်ကဲ့သို့သော ထူးခြားသည့်သူမျိုးသည် မည်သို့သော အရာများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ကို ထိုက်ယင်းနတ်သမီး မစဉ်းစားဘဲ မနေနိုင်တော့ပါချေ။
***