ပန်းနတ်မိမယ်
Vol. 9 Ch. 866
ဆန်းလျန်နှင့် ထိုက်ယင်းနတ်သမီး ဆက်လက်ခရီးထွက်လာခဲ့ကြသည်။
တစ်ခါတစ်လေ… သူတို့ တိမ်တိုက်များကိုဖြတ်သန်းခရီးဆက်ကြပြီး ၊ တစ်ခါတစ်လေ သူတို့ ကုန်းမြေထက်တွင် လမ်းလျှောက်ကာ ခရီးဆက်ကြလေသည်။ တစ်ခါတစ်လေတော့ သူတို့ မြစ်ကြောင်းအတိုင်း ခရီးနှင်ကြပြန်သည်။
အတိတ်အချိန်မှလောကသည် အနာဂတ်ကာလမှ လောကထက် ကြီးမားကျယ်ပြန့်လေသည်။
သူတို့ (၂)ယောက် ခရီးစဉ်တစ်လျှောက်တွင် မည်သည့်ပြဿနာမှ ဖြစ်ပျက်ခဲ့ခြင်း မရှိပေ။
သို့သော်… နတ်ဘုရားများ ၊ နတ်မိစ္ဆာများပြောနေကြသည့် သတင်းအချို့ကိုတော့ ကြားသိရသည်။
ထိုသတင်းမှာ ဖန်သားကောင်းကင်ဘုံ၏ဖန်ဆင်းရှင် နတ်ဆေးကိုယ်တော်လျိုလီသည် "သစ်ခွပန်းပွဲတော်" ကျင်းပရန် ပြင်ဆင်နေသည်ဆိုသည့် သတင်းစကားပင်ဖြစ်သည်။
သစ်ခွပန်းပွဲတော်ဆိုသည်မှာ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာ ပွဲတော်တစ်ခု ဖြစ်သည်။ ဗုဒ္ဓကိုယ်တော်တိုင်ပင် သံသရာကို ကျော်လွန်သွားခြင်းမရှိစဉ်က ထိုပွဲတော်ကို ကိုယ်တိုင်တက်ရောက်ခဲ့ဖူးလေသည်။
သစ်ခွပန်းပွဲတော်သို့ ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များ ၊ ဗောဓိသကျများ ၊ ရွှေခန္ဓာရရှိထားသည့်ကိုယ်တော်များ ၊ ဘုန်းတော်ကြီးများ ၊ မယ်သီလရှင်များနှင့် အခြားသောဗုဒ္ဓဘာသာကျင့်ကြံသူများ တက်ရောက်လေ့ ရှိကြသည်။
သစ်ခွပန်းပွဲတော်တွင် ဗုဒ္ဓဘာသာကျင့်ကြံသူများအချင်းချင်း တရားဆွေးနွေးဖလှယ်ခြင်းများလည်း ပြုလုပ်လေ့ ရှိကြသည်။
ဗုဒ္ဓသံသရာကို ကျော်လွန်ပြီးသွားသည့်နောက်ပိုင်း သစ်ခွပန်းပွဲတော်ကို ပြုလုပ်ခြင်း မရှိတော့ပေ။
ယခု နတ်ဆေးကိုယ်တော်လျိုလီဦးဆောင်ပြုလုပ်မည့် သစ်ခွပန်းပွဲတော်က ဗုဒ္ဓသံသရာကိုကျော်လွန်ပြီးသည့်နောက်ပိုင်း ပထမဆုံးကျင်းပမည့် သစ်ခွပန်းပွဲတော်ဖြစ်လေ၏။
လူအများပြောနေကြသည့် ကောလဟလများအရဆိုလျှင် သစ်ခွပန်းပွဲတော်သို့ ကျင့်ကြံသူများ အများအပြားသွားကြလိမ့်မည်ဟု ကြားသိရသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် နတ်ဆေးကိုယ်တော်၏လွှမ်းမိုးမှု မည်မျှရှိသည်ကို သိရှိနိုင်လေသည်။
ယခုအချိန်တွင် မီလဲ့ကိုယ်တော်သည်လည်း တန်ခိုးစွမ်းအားများ မြင့်မားလွန်းခြင်းမရှိသေးသလို မဟာကျားရဲ့ကိုယ်တော်ကြီးကလည်း နတ်ဆေးကိုယ်တော်ကို လွန်ဆန်နိုင်ခြင်း မရှိပေ။
တိုက်တိုင်းအောင်ဘုရား စွန်းဝူခုံးမှာလည်း နတ်ဆေးကိုယ်တော်နှင့်ယှဉ်လျှင် အငယ်တန်းတစ်ယောက်ဖြစ်သည့်အတွက် နတ်ဆေးကိုယ်တော်ကို ဆန့်ကျင်ဝံ့မည် မဟုတ်ပေ။
ထို့ပြင် မီးအိမ်ကိုယ်တော်နှင့် နေစကြာတထာဂတဿတို့ကလည်း နတ်ဆေးကိုတော်၏ ကိစ္စများတွင် သိပ်ပြီး ပါဝင်ပတ်သက်လိုကြဟန်မရှိပေ။
ထို့ကြောင့် နတ်ဆေးကိုယ်တော်သည် လက်ရှိ ဗုဒ္ဓဘာသာကျင့်ကြံသူများကြားတွင် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အဖြစ် နေရာယူထားလေသည်။
နတ်ဆေးကိုယ်တော်ကဲ့သို့ ကြီးမားသည့် ဂုဏ်သရေကြီးမားသူ လောကတွင် သိပ်မရှိလှပေ။
သို့သော်… လူပေါင်းများစွာက နတ်ဆေးကိုယ်တော်လျိုလီ၏ ဖန်သားကောင်းကင်ဘုံ မည်မျှ ခမ်းနားလှပသည်ကို ပြောဆိုနေကြလေသည်။ ဖန်သားကောင်းကင်ဘုံသည် မရှိမှုကျေးရွာတွင် ဖွင့်လှစ်ထားသည့် ကောင်းကင်ဘုံ တစ်ခု ဖြစ်လေသည်။
မရှိမှုကျေးရွာကို အရှေ့ပိုင်း ၊ အနောက်ပိုင်း ၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ (၄)ပိုင်းခွဲခြားထားလေ၏။
သို့သော်… မရှိမှုကျေးရွာဆိုသည်က ပိုင်းခြား၍ မရနိုင်သော နေရာတစ်ခုဖြစ်လေသည်။ ထိုနေရာတစ်ခုလုံးသည် မည်သည့်အရာမှ မရှိသည့် ဗလာနယ်ကြီးတစ်ခု ဖြစ်နေသောကြောင့်ပင်။
တန်ခိုးစွမ်းအားမြင့်မားသည့် နတ်ဘုရားများက မရှိမှုကျေးရွာတွင် ကောင်းကင်ဘုံများ ၊ ကျောက်ဂူများဖန်ဆင်းကာ နေထိုင်ကြလေသည်။
အမှန်တော့ ဖန်သားကောင်းကင်ဘုံသည် နတ်ဆေးကိုယ်တော်ဖန်ဆင်းထားသည့် ကောင်းကင်ဘုံတစ်ခုတော့ မဟုတ်ခဲ့ပေ။ ထိုနေရာသည် ပထမမိုးနတ်မင်း၏ ပျက်စီးသွားသည့်ကောင်းကင်ဘုံနန်းတော်မှ အပိုင်းအစတစ်ခု ဖြစ်လေသည်။
မူလကပင် ထူးခြားသည့် နေရာတစ်ခုဖြစ်သည့်အတွက် ဖန်သားကောင်းကင်ဘုံသည် အော်မီတော်ဖူဘုရား၏ သုခဘုံနှင့် ကောင်းကောင်း ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်လေသည်။
နတ်ဆေးကိုယ်တော် ဖန်သားကောင်းကင်ဘုံအဖြစ်တည်ဆောက်ထားသည့် ကောင်းကင်ဘုံနန်းတော်အစိတ်အပိုင်းသည် အစဦးအချိန်များတုန်းက ချင်းတိဧကရာဇ်၏ အုပ်ချုပ်မှုအောက်တွင် ရှိလေသည်။
ရှေးခေတ်အချိန်ကာလများတုန်းက လောကတွင် တန်ခိုးစွမ်းအားမြင့်မားသည့် ဧကရာဇ် (၅)ပါး ရှိလေသည်။ ထို ဧကရာဇ် (၅)ပါးသည် တာအိုဆရာသခင်ကြီးများပြီးလျှင် တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်ကြသည်။ ထိုဧကရာဇ် (၅)ပါးတွင် ပထမမိုးနတ်မင်းနှင့် ချင်းတိဧကရာဇ်တို့လည်း အပါအဝင် ဖြစ်သည်။
ပထမမိုးနတ်မင်းကတော့ ချင်းတိဧကရာဇ်ထက် အနည်းငယ်သာသည်ဟုဆိုနိုင်သော်လည်း သူတို့ (၂)ယောက်သည် တန်ခိုးစွမ်းအားအရာတွင် ကြီးကြီးမားမား ခြားနားချက်မရှိပေ။
ပထမမိုးနတ်မင်း၏ ကောင်းကင်ဘုံနန်းတော် ပျက်စီးသွားပြီးသည့်နောက် ထိုပျက်စီးသည့်အပိုင်းအစကို ချင်းတိဧကရာဇ်က သိမ်းပိုက်ခဲ့လေသည်။
ချင်းတိဧကရာဇ်သည် ထူးခြားနက်နဲသည့် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်သည်။ လောကတွင် သူ့ကို မသိကြသည့်သူ ခပ်ရှားရှားပင်ဖြစ်သည်။ သို့သော်… သူ၏ ဇာစ်မြစ်ကိုတော့ မည်သူမှ မသိရှိကြပေ။
ဒဏ္ဍာရီအရဆိုလျှင်တော့ ချင်းတိဧကရာဇ်သည် တာအိုဆရာသခင်ထိုက်ယီနှင့် အလွန်ရင်းနှီးသည့်ဆက်ဆံရေးရှိသည်ဟု ဆိုကြသည်။
ချန်ဧကရာဇ်၏ သမီးဖြစ်သူမှာ "ပီရှာဧကရီ" ဖြစ်လေသည်။ အားလော်ဟယ်ပြီးလျှင် သူမသည် တန်ခိုးစွမ်းအား အမြင့်မားဆုံးဖြစ်သည်။
တာအိုဆရာသခင်ထိုက်ယီ သံသရာကိုကျော်လွန်သွားပြီးသည့်နောက် အားလော်ဟယ်နှင့် ပီရှာဧကရီသည် ထိပ်တန်းအဆင့်နတ်ဘုရားများ ဖြစ်လာကြသည်။
သို့သော်… ပီရှာဧကရီသည် သဲလွန်စပင်မကျန် ပျောက်ဆုံးသွားခဲ့လေသည်။
မည်သို့ပင်ဖြစ်စေ နတ်ဆေးကိုယ်တော်က ရှေးယခင် ချင်းတိဧကရာဇ် အုပ်ဆိုးခဲ့သည့် မိုးကောင်းကင်ခုံရုံးအပိုင်းအစကို ရယူကာ ဖန်သားကောင်းကင်ဘုံကို တည်ဆောက်ခဲ့ခြင်း ဖြစ်လေသည်။
ယခုလည်း သစ်ခွပန်းပွဲတော်ကို ဦးစီးဦးဆောင်ပြုကာ ကျင်းပဦးမည်ဆိုသောအခါ နတ်ဆေးကိုယ်တော်သည် မိုးကောင်းကင်ခုံရုံးကို အသစ်ပြန်လည်တည်ဆောက်လိုသည့်အတွက် ယခုကဲ့သို့ ပြုလုပ်နေခြင်းများလားဟု အားလုံးက ထင်မှတ်ခဲ့ကြလေသည်။
ဗုဒ္ဓလည်း သံသရာကို မကျော်လွန်ခင် ၊ ဒုတိယမိုးနတ်မင်းက သစ်ခွပန်းပွဲတော်ကို တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ဖူးသည်။
ယခုတော့ နတ်ဆေးကိုယ်တော်က သူ့တွင် အစွမ်းအစရှိသည်ဟု ယူဆကာ သစ်ခွပန်းပွဲတော်ကျင်းပရန် ပြင်နေပြီ ဖြစ်သည်။
သို့သော်… သစ်ခွပန်းပွဲတော်ပြုလုပ်ရန်အတွက် အချိန် (၁၀)နှစ် လိုသေးသည်။
သို့ရာတွင်… သတင်းက ကျင့်ကြံသူလောကတွင် ပျံ့နှံ့နေပြီဖြစ်ပြီး လူအများမှာလည်း စိတ်လှုပ်ရှားလျှက် ရှိကြလေသည်။
နတ်ဆေးကိုယ်တော်က လူအများစိတ်ဝင်စားအောင် တမင်တကာ ဖန်တီးခဲ့ဟန်ရှိလေသည်။ သူက သစ်ခွပန်းပွဲတော်ကျင်းပရန်အတွက် မြင့်မြတ်သည့် နတ်ဘုရားတောင်တစ်တောင်ကိုပင် ဖန်ဆင်းထားခဲ့သည်။
နောက် (၁၀)နှစ်တွင် တောင်တံခါးကို ဖွယ့်လှစ်ပြီး နတ်ဘုရားတောင်ပေါ်သို့ ရောက်အောင် တက်လှမ်းလာနိုင်သူ မည်သူမဆို သစ်ခွပန်းပွဲတော်ကို ပါဝင်ဆင်နွှဲခွင့်ရမည် ဖြစ်လေသည်။
လမ်းတစ်လျှောက်တွင် နတ်ဆေးကိုယ်တော်ကို လူအများက မည်မျှလေးစားကြောင်း ပြောဆိုနေကြသံများကို ထိုက်ယင်းနတ်သမီး ကြားခဲ့ရလေသည်။ အားလုံးက သစ်ခွပန်းပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရန်လည်း မျှော်လင့်နေကြသည်။
သို့သော်… ထိုက်ယင်းနတ်သမီးကတော့ ပြုံးလိုက်မိလေသည်။
အဘယ်ကြောင့်ဆိုသော်… မကြာမီအချိန်တွင် နတ်ဆေးကိုယ်တော်သည် သေဆုံးရတော့မည် ဖြစ်သည်ကို သူမက သိရှိနေသောကြောင့်ပင် ဖြစ်သည်။
ထို့ပြင်… နတ်ဆေးကိုယ်တော်ကို သတ်မည့်သူကလည်း သူမဘေးမှ လူငယ် "ဆန်းလျန်" ဖြစ်လေသည်။
ထိုခေတ်အချိန်သည် အသူရာချောက်နှင့် လူ့လောက စတင်ပေါင်းစပ်ပြီးကာစ အချိန်ဖြစ်သည့်အတွက် လောကကြီးက ကျယ်ပြန့်လွန်းလှပြီး လူ့လောကသို့ နတ်ဘုရားများစွာလည်း ဆင်းသက်လာကြသည့် အချိန်ဖြစ်လေသည်။
ထိုခေတ်သည် ဆန်းလျန် အသူရာချောက်မှ "ယင်းစန်းပြည်" ကို တိုက်ခိုက်ပြီးသည့်နောက် အသူရာချောက်နှင့် လူ့လောကတို့ ပေါင်းစပ်ပြီး ယန်စွမ်းအားဘုံနှင့်ယင်စွမ်းအားဘုံအဖြစ် ဘုံ (၂)ခု ဖြစ်တည်လာကာစ အချိန်ဖြစ်လေသည်။
ထိုခေတ်သည် အလွန်ခမ်းနားကြီးကျယ်သည့်ခေတ်တစ်ခေတ်ဖြစ်ပြီး ပထမမိုးနတ်မင်းနှင့် ဒုတိယမိုးနတ်မင်းတို့ အုပ်ချုပ်သည့်ခေတ်လောက် ကောင်းမွန်ခြင်းမရှိသည့်တိုင် ထိုခေတ် (၂)ခေတ်ကို မီလုနီးပါး ကောင်းမွန်သည့် ခေတ်တစ်ခေတ် ဖြစ်လေသည်။
ထို့ပြင်… ဆန်းလျန်သည်လည်း ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး မိုးနတ်မင်းတစ်ပါးအလား တန်ခိုးစွမ်းအားမြင့်မားလွန်းနေသည့် အနေအထားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော်… ထိုအချိန်က ဆန်းလျန်သည် နာမည်ကျော်ကြားခြင်း သိပ်မရှိသေးပေ။
ဆန်းလျန် အောင်မြင်မည်ဆိုလျှင်လည်း အောင်မြင်လောက်ပါပေသည်ဟု ထိုက်ယင်းနတ်သမီးက တွေးရင်း ဆန်းလျန်၏ မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။
တစ်နေ့က အဖြစ်အပျက်တစ်ခုကို သူမ သတိရသွားမိလေသည်။
တစ်နေ့က… တိမ်တိုက်တစ်ခုက သူတို့ (၂)ယောက်ရှိရာကို ဝင်တိုက်သွားလေသည်။ သူတို့ (၂)ယောက်လုံးမှာ ရုတ်တရက် လဲပြိုကျလုမတတ် ဖြစ်သွားကြရသည်။
ထိုတိမ်တိုက်ကို စီးနင်းလာသည့် ကျင့်ကြံသူသည် သူတို့ထက် များစွာ အဆင့်နိမ့်လေသည်။ ထို့ကြောင့် ထိုသူ၏ တန်ခိုးစွမ်းအားက သူတို့ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ သို့သော်… ထိုက်ယင်းနတ်သမီးက ထိုသူကိ ကောင်းကောင်းပညာပေးလိုက်ချင်မိသည်။
သို့ရာတွင်… ဆန်းလျန်က သူမကို တားဆီးခဲ့လေသည်။
ပထမတော့ ဆန်းလျန်က သူ့အကြောင်း လူသိမခံချင်သည့်အတွက် သူမကို တားဆီးသည်ဟု ထင်လိုက်မိသည်။
သို့သော်… ဆန်းလျန်က ရှင်းပြသည်မှာ…
"ထိုတိမ်တိုက်ကို စီးနင်းလာသူမှာ သူ၏ဆရာဖြစ်သူ သေဆုံးခါနီးပြီ ဖြစ်သည့်အတွက် နောက်ဆုံးထွက်သက်ကိုမှီရန် အလျှင်အမြန်ခရီးနှင်နေခြင်းဖြစ်သည့်အတွက် သူတို့ (၂)ယောက်ကို ဝင်တိုက်မိလုမတတ်ဖြစ်သွားရခြင်းဖြစ်သည်"
ဟူ၍ ဖြစ်လေ၏။
ထိုအခါမှ ထိုက်ယင်းနတ်သမီးသည်လည်း အကြောင်းစုံ နားလည်သွားရသည်။
နောက်ထပ်ကိစ္စတစ်ခုမှာ သွေးနီရောင်တိမ်တိုက်တစ်ခုကို စီးနင်းလာသည့် နတ်မိစ္ဆာတစ်ပါးကတော့ ဆန်းလျန်နှင့် ထိုက်ယင်းနတ်သမီးတို့ကို ပြောင်ပြောင်တင်းတင်းပင် လာရောက်ရန်စခဲ့လေသည်။
ထိုနတ်မိစ္ဆာကိုတော့ ဆန်းလျန်က ချက်ချင်းပင် အမှုံ့ဖြစ်အောင် နှိမ်နင်းပစ်လိုက်လေရာ ထိုနတ်မိစ္ဆာမှာ လူပြန်ဝင်စားနိုင်ခြင်းပင် မရှိတော့အောင် ဝိညာဉ်ပါ ပျက်စီးသွားခဲ့လေသည်။
ထိုဖြစ်ရပ် (၂)ခုကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်သည် သူ့ဘက် ၊ ကိုယ့်ဘက် စဉ်းစားပေးတတ်သူတစ်ယောက်ဖြစ်သည်ကို ထိုက်ယင်းနတ်သမီး သိရှိခဲ့ရသည်။
ထိုက်ယင်းနတ်သမီးနေထိုင်သည့် ကွမ်ဟန်နန်းတော်မှ နတ်ဘုရားများသည် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားမြင့်မားကြသလို မာနလည်း ကြီးကြလေသည်။
သို့သော်… သူတို့သည် ဆန်းလျန်ကဲ့သို့ အမှားအမှန်ကို မခွဲခြားတတ်ကြပေ။
ဆန်းလျန်သည်လည်း အလွန်ကောင်းမွန်သည့် လူတစ်ယောက်တော့ မဟုတ်ပေ။ သို့သော်… သူက လူယုတ်မာတစ်ယောက်တော့ မဟုတ်သည်မှာ သေချာသည်။
သူနှင့်အတူရှိနေသူများကို အစဉ်အမြဲသက်သောင့်သက်သာ ဖြစ်စေနိုင်စွမ်း ရှိလေ၏။
ထို့ကြောင့် အပြင်လူများနှင့် သိပ်ပြီး အတွေ့အကြုံမရှိသည့် ထိုက်ယင်းနတ်သမီးအတွက် ဆန်းလျန်၏အပြုအမူများက များစွာ အတွေ့အကြုံရစေလေသည်။
ဆန်းလျန်က ဖန်သားကောင်းကင်ဘုံသို့ အလျှင်အမြန်သွားခြင်း မရှိပေ။
သူက အေးအေးဆေးဆေးခရီးဆက်ရင်းဖြင့် ထိုက်ယင်းနတ်သမီးကို "ထျန်းတိဟုန်လွီ" ကျင့်စဉ်အကြောင်း ပြောပြခဲ့သည်။
"ထျန်းတိဟုန်လွီ…
လုပ်သမျှတွင် ကံကောင်းခြင်းနှင့်ပြည့်စုံသည် … ၊
ယင်နှင့်ယန်က စိန်သားပမာ ၊ အရာအားလုံးက ကြေးသားပမာ…"
ဆိုသည့် စာပိုဒ်တွင်ပါဝင်သည့် ထျန်းတိဟုန်လွီဖြစ်ပြီး ထိုကျင့်စဉ်သည် စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းနိုင်သည့် ကျင့်စဉ် ဖြစ်လေသည်။
ဆန်းလျန်သည် တာအိုဆရာသခင်ကြီးများကဲ့သို့ သူ့ကိုယ်ပိုင်လမ်းစဉ်ကို ဖွင့်လှစ်သူတစ်ယောက် ဖြစ်သည်။
ထို့နောက်တွင်တော့… သူတို့ (၂)ယောက် ခရီးဆက်လာကြရင်း နတ်ဘုရားမြို့တော်တစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုနတ်ဘုရားမြို့တော်အမည်မှာ "ပိုင်ယွိကျင်းမြို့တော်" ဖြစ်လေသည်။
"ကောင်းကင်ဘုံမှာ ပိုင်ယွိကျင်း ၊ ကောင်းကင် ဆယ့်နှစ်ထပ် မြို့တော် ငါးမြို့… ၊
နတ်ဘုရားများ ငါ့ကိုထိတွေ့… ၊ ဆံပင်ကိုချည်နှောင်လို့ အသက်ရှည်ခြင်းကိုပေးတယ်…"
ဆိုသည့် ကဗျာစာသားအတိုင်းပင်ဖြစ်သည်။
ပိုင်ယွိကျင်းမြို့သည် မူလက ခွန်လွန်တောင်တွင် ရှိသည့် နတ်ဘုရားမြို့တော်တစ်ခု ဖြစ်သည်။
သို့သော်… လူ့လောကနှင့် အသူရာချောက်ပေါင်းစပ်ကာ အပြောင်းအလဲများဖြစ်ပေါ်လာပြီးသည့်နောက်ပိုင်း ထိုမြို့တော်သည်လည်း လူ့လောကအလယ်သို့ ပြောင်းလဲ ရောက်ရှိလာခဲ့လေသည်။
ပိုင်ယွိကျင်းမြို့တော်သည် အမှန်တကယ် ထူးဆန်းသည့် နတ်ဘုရားမြို့တော်တစ်ခုဖြစ်ပြီး ထိုမြို့တော်သို့ ရောက်ရှိလာကြသူများအားလုံး ကျင့်စဉ်လမ်းတွင် ရင်ဆိုင်ရသည့်အခက်အခဲများကို ကျော်ဖြတ်နိုင်သွားကြကာ အချို့ဆိုလျှင် ကျင့်စဉ်လမ်းပင် အဆင့်တက်သွားကြလေသည်။
ပိုင်ယွိကျင်းမြို့တော်သည် ထိုသို့ အကျိုးကျေးဇူးများရှိသည့်အတွက် နတ်ဘုရားများ ၊ ကျင့်ကြံသူများကို စွဲဆောင်သည့် နေရာတစ်ခု ဖြစ်လာလေသည်။ တန်ခိုးစွမ်းအားမြင့်မားသည့် နတ်မိစ္ဆာများပင် ပိုင်ယွိကျင်းမြို့တော်သို့ ရောက်ရှိလာလေ့ ရှိကြသည်။
ဆန်းလျန်တို့ မြို့ထဲသို့ မဝင်မီ ကောင်းကင်ထက်တွင် မှော်ဝင်ရတနတာပစ္စည်းတစ်ခုမှ ထွက်ပေါ်နေသည့် အလင်းတန်းများကို တွေ့မြင်လိုက်ကြရသည်။ အလင်းတန်းများကိုတွေ့မြင်သည်နှင့်ပင် ထိုရတနာပစ္စည်းသည် အလွန်တန်ဖိုးရှိသည့် ရတနာပစ္စည်းဖြစ်ကြောင်း သိရှိနိုင်လေသည်။
ထိုရတနာပစ္စည်းကိုရရှိရန်အတွက် ရေနက်မြွေမိစ္ဆာနှင့် ကွေနျိုနွားမိစ္ဆာတို့ ပိုင်ယွိကျင်းမြို့တော်ထဲတွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြလေသည်။
ရေနက်မြွေမိစ္ဆာသည် ရှေးခေတ်အချိန်များကတည်းကပင် ကျော်ကြားသည့် သားရဲတစ်ကောင်ဖြစ်လေသည်။ သူသည် ရွှေရောင်အတောင်ပံရှိသည့် ဂဠုန်ငှက်ကြီးများ ၊ ခွန်ဖိန်မျိုးနွယ်ငှက်ကြီးများနှင့် သဘာဝရန်သူ ဖြစ်လေ၏။
သို့သော်… ကွေနျိုနွားမိစ္ဆာဆိုသည်ကလည်း ခေသူမဟုတ်ပေ။ မွေးရာပါ မိုးကြိုးတန်ခိုးစွမ်းအားကို ပိုင်ဆိုင်သူဖြစ်လေသည်။ မိုးကြိုးတန်ခိုးစွမ်းအားကို လိုသလို အသုံးပြုနိုင်ပြီး လက်တစ်ချက်မြှောက်လိုက်ရုံမျှဖြင့် တောင်နှင့်မြစ်ရေများကို လွယ်လွယ်ကူကူ ချေမွပစ်နိုင်စွမ်း ရှိလေ၏။
ပိုင်ယွိကျင်းမြို့တော်ထဲတွင် သူတို့ (၂)ယောက်၏ တိုက်ပွဲမှာ ပြင်းထန်လှပြီး များစွာသော ကျင့်ကြံသူများနှင့် နတ်ဘုရားငယ်များ အသက်ဆုံးရှုံးခဲ့ကြရလေသည်။
သို့သော်… သူတို့ (၂)ယောက်ကို ကျန့်ယွမ်ကျီနတ်မင်းကြီးဘေးတွင် ခစားသည့် တာအိုလူငယ်လေးတစ်ယောက်က မြို့တော်ထဲမှ မောင်းထုတ်ပစ်လိုက်လေသည်။ ထိုလူငယ်၏အမည်မှာ ချင်းဖုန်းဖြစ်လေ၏။
ချင်းဖုန်းသည် ကျန့်ယွမ်ကျီနတ်မင်းကြီး၏ဘေးတွင် ခစားသည့် တာအိုလူငယ်လေးဖြစ်သော်လည်း ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်သည့်အတွက် တန်ခိုးစွမ်းအားက အံ့သြစရာကောင်းလောက်အောင် မြင့်မားလေသည်။
လက်ရှိအချိန် ပိုင်ယွိကျင်းမြို့တော်တွင် သူက စွမ်းအားအကြီးမားဆုံး နတ်ဘုရားဖြစ်လေသည်။ သူသာမရှိလျှင် ပိုင်ယွိကျင်းမြို့တော်သည် ထိုမျှ အေးဆေးငြိမ်သက်မည် မဟုတ်ပေ။
ရေနက်မြွေမိစ္ဆာနှင့် ကွေနျိုနွားမိစ္ဆာတို့ သူသေကိုယ်သေတိုက်ခိုက်ကြသည့် မှော်ဝင်ရတနာပစ္စည်းသည် နောက်ဆုံးတော့ ချင်းဖုန်းက ရရှိသွားခဲ့လေသည်။ သို့သော်… ထိုပစ္စည်းမှာ မည်သို့သော ပစ္စည်းမျိုးဖြစ်သည်ကို မည်သူမှ သွားပြီး မေးမြန်းစပ်စုရဲကြခြင်း မရှိပေ။
ယခုတော့ ဆန်းလျန်နှင့် ထိုက်ယင်းနတ်သမီးတို့ ပိုင်ယွိကျင်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်အတွင်းသို့ ရောက်ရှိနေကြလေသည်။
စားသောက်ဆိုင်ထဲတွင် ကျင့်ကြံသူများမှာ သာမန်လူသားများအလား သောင်းပြောင်းထွေလာများ ၊ အတင်းအဖျင်းများကို ပြောဆိုနေကြသည်။
ထိုက်ယင်းနတ်သမီးက သူတို့ပြောဆိုနေကြသည်များကို နားထောင်ရင်း အံ့သြလျှက်ရှိလေသည်။
ဆန်းလျန်က…
"ဘယ်လိုလဲ… စားသောက်ဆိုင်ထဲမှာ နေရတဲ့အရသာ ဘယ်လိုခံစားရလဲ…"
ထိုက်ယင်းနတ်သမီးက…
"ဒါလည်း အတွေ့အကြုံအသစ်အဆန်းပေါ့ ၊ ပြီးတော့ ကျွန်မသိချင်တာက သူတို့က ကျင့်ကြံသူတွေဖြစ်ရဲ့သားနဲ့ ဘာလို့ သူတို့စိတ်ထဲမှာ မကောင်းတဲ့အတွေးတွေ ရှိနေကြတာလဲ ၊ အဲဒါတွေကို မဖြတ်တောက်နိုင်ကြဘူးနော်…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"တစ်ချို့သူတွေက အသက်ရှည်ချင်ကြတယ် ၊ တစ်ချို့သူတွေက ကျော်ကြားမှုကိုလိုချင်ကြတယ် ၊ တစ်ချို့သူတွေကတော့ မိသားစုတွေကို ချစ်မြတ်နိုးချင်ကြတယ် ၊ အရင်းစစ်လိုက်တော့ သူတို့တွေက တစ်ခုမဟုတ်တစ်ခုကို လိုချင်နေကြတာပဲ ၊ အဲဒါကြောင့် ကိုယ့်စရိုက်နဲ့ကိုယ် အတွေးတွေလည်း ကိုယ်စီရှိနေကြတာပေါ့…"
ထိုက်ယင်းနတ်သမီးက…
"လူရယ်လို့ဖြစ်လာရင် ဆန္ဒတွေရှိတယ်ဆိုတာ ကျွန်မသိပါတယ် ၊ နေ့စဉ် အလုပ်တွေလုပ်နေကြတာကလည်း လိုချင်တဲ့ ဆန္ဒတွေကြောင့်ပဲလေ ၊ ဒါပေမဲ့ ကျွန်မရဲ့ဆရာပြောဖူးတာတော့ အဲဒီဆန္ဒတွေကို နည်းနည်းချင်း လျှော့ချဖို့ လိုတယ်တဲ့ ၊ စိုးရိမ်တာတွေလျှော့ရမယ် ၊ ဒေါသတွေ လျှော့ရမယ် ၊ အတွေးတွေလျှော့ရမယ် ၊ စကားပြောတာတွေလျှော့ရမယ် ၊ ရယ်တာတွေလျှော့ရမယ် ၊ ကျွန်မဆို ဆရာပြောတဲ့စကားတွေအတိုင်း အမြဲတမ်း လိုက်နာတယ် ၊ ဒါပေမဲ့ တစ်ခါတစ်လေတော့ ဒေါသထွက်တာရှိတယ် ၊ ဒေါသထွက်လာရင် သတ်ဖြတ်ချင်တဲ့အငွေ့အသက်တွေပါထွက်လာပြီး ကျွန်မကိုယ်ကျွန်မ ထိန်းဖို့ခက်တယ် ၊ ဒါပေမဲ့ အခု ရှင်နဲ့အတူ ခရီးသွားရင်း ကျင့်စဉ်ကျင့်ကြံတော့ အဲဒီဒေါသတွေကို ထိန်းချုပ်နိုင်လာတယ် ၊ ဘာလို့ အဲဒီလိုဖြစ်ရတာလဲ ၊ အရင်တုန်းက ဆရာသင်ပေးခဲ့တာတွေက မှားနေလို့လား…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မင်းရဲ့ ဆရာသင်ပေးတာတွေက မမှားပါဘူး ၊ ဒါမေပမဲ့ မင်းစိတ်ကိုထိန်းချုပ်ပြီး ကျင့်ကြံမယ်ဆိုရင်တောင် လွတ်လပ်ခြင်းအစစ်အမှန်ကို မတွေ့ရှိနိုင်ဘူး ၊ တကယ်လွတ်လပ်တယ်လို့လည်း မခေါ်ဘူး ၊ တစ်ခါတစ်လေ အမှားကြီးမှားသွားတာမျိုးတောင် ဖြစ်နိုင်တယ်…"
စကားဆုံးသွားသည့်အခါတွင်တော့ ဆန်းလျန်၏ မျက်နှာထက်မှ အပြုံးသည် ပျောက်ကွယ်သွားလေသည်။
အဘယ်ကြောင့်ဆိုသော်… သူ ယန်ရွှီးကို သတိရလိုက်မိသောကြောင့် ဖြစ်လေသည်။
ဆန်းလျန်၏ဘဝတွင် ပြိုင်ဘက်ပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ရဖူးသော်လည်း ယန်ရွှီးကတော့ ထူးခြားသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်လေသည်။
သူတို့ (၂)ယောက်သည် တစ်ယောက်ကိုတစ်ယောက် သေလောက်အောင် မုန်းတီးနေခြင်းမျိုး မရှိကြသည့်တိုင် တစ်ယောက်ကိုတစ်ယောက် သိပ်ပြီး သည်းမခံနိုင်ကြသူများ ဖြစ်ကြလေသည်။
ထို့ပြင် သူတို့ (၂)ယောက်၏ စိတ်နေစိတ်ထား ၊ သဘောသဘာဝများက တူညီလေသည်။ ရွေးခြယ်သည့်လမ်း မတူညီခဲ့သည့်အတွက်သာ ကွဲပြားခဲ့ကြရခြင်း ဖြစ်သည်။
ထိုက်ယင်းနတ်သမီးက…
"ရှင်စကားတွေနားထောင်ရတာတော့ ရှင့်မှာလည်း ခံစားချက်နည်းနည်းပါးပါး ရှိတဲ့ပုံပဲ ၊ ရှင့်အကြောင်းတွေ ကျွန်မကို ပြောပြပါလား…"
ဆန်းလျန်က…
"မင်းကို ကျုပ်အကြောင်းတွေ ပြောမပြနိုင်စရာ မရှိပါဘူး ၊ ဒါပေမဲ့ အခုက အဲဒီအကြောင်းတွေပြောနေဖို့ အချိန်ကောင်းတော့ မဟုတ်ဘူးထင်တယ်…"
ထိုအချိန်မှာပင်… ထိုက်ယင်းနတ်သမီးသည် မိန်းမောမူးဝေစေသည့် ပန်းရနံ့တစ်မျိုးကို ရလိုက်လေသည်။
ထို့နောက် ကောင်းကင်ထက်တွင် လွင့်မျောလာသည့် ပန်းပွင့်များကို တွေ့မြင်လိုက်ရသည်။ ထိုပန်းပွင့်များထက်တွင် အလွန်တရာချောမောလှပသည့် နတ်မိမယ် (၁၆)ယောက်ကို တွေ့လိုက်ရလေသည်။
ထိုနတ်မိမယ်များသည် ထူးဆန်းသည့် ဝိညာဉ်ကိုပိုင်ဆိုင်သည့် ပန်းနတ်မိမယ်များဖြစ်ကြလေသည်။
နတ်မိမယ် (၁၆)ယောက်၏ နောက်တွင်တော့ ကျောက်စိမ်းရောင်တောက်ပနေသည့် ဝေါယဉ်တစ်စီးလွင့်မျောလိုက်ပါလာသည်ကို တွေ့မြင်လိုက်ကြရလေသည်။
***