ချင်းဖုန်းနတ်ဘုရား
Vol. 9 Ch. 867
နတ်မိမယ်လေးများက ရိုးရှင်းပြီး သန့်စင်ကြသလို အလွန်တရာလည်း ကျက်သရေရှိလွန်းလှသည်။
မိုးနတ်မင်း (၂)ပါး၏ မိုးကောင်းကင်ခုံရုံးများပျက်စီးသွားပြီးသည့်နောက် ထိုကဲ့သို့ လှပခမ်းနား ၊ သန့်စင်ရိုးရှင်းသည့် နတ်မိမယ်လေးများကို တွေ့ရှိရန်မှာ ရှားပါးသွားခဲ့ပြီ ဖြစ်သည်။
ပိုင်ယွိကျင်းမြို့တော်မှာ နတ်ဘုရားများစွာ ဝင်ထွက်သွားလာနေကြပြီး ရှုတ်ထွေးသည့် မြို့တော်တစ်ခုဖြစ်လေသည်။
အသိဉာဏ်ရှိသူများလည်းရှိသလို ငတုံးငအများလည်း တစ်ပုံကြီး ရှိလေ၏။ သို့သော်… အသိဉာဏ်ရှိသူပဲဖြစ်ဖြစ် ၊ ငတုံးငအပဲဖြစ်ဖြစ် ကျောက်စိမ်းဝေါယဉ်ထဲတွင် လိုက်ပါလာသူ မည်သူဖြစ်သည်ကို တစ်ယောက်မှ သိရှိကြခြင်း မရှိကြပေ။
နတ်မိမယ်များက အရှေ့မှ လမ်းရှင်းသွားပြီး ကျောက်စိမ်းဝေါယဉ်က နတ်မိမယ်များအနောက်မှ လွင့်မျောလိုက်ပါလာလေသည်။
ထို့နောက်တွင်တော့ ကျောက်စိမ်းဝေါယဉ်သည် ပိုင်ယွိကျင်းမြို့တော်အရှေ့ဘက်ရှိ ချင်းဖုန်းနတ်ဘုရားနေထိုင်ရာနေရာသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။
ထိုက်ယင်းနတ်သမီးက…
"ဒီပုဂ္ဂိုလ်က နေပုံထိုင်ပုံ တော်တော်ခမ်းနားတာပဲ ၊ ဘယ်သူလဲ မသိဘူး…"
သူမက စိတ်စွမ်းအားဖြင့် စကားပြောလိုက်ခြင်းမဟုတ်ဘဲ ပါးစပ်မှ ထုတ်ဖော်ပြောလိုက်သည့်အတွက် သူမ၏အသံကို ဆိုင်အတွင်းမှလူအတော်များများ ကြားလိုက်ကြရသည်။
ကျင့်ကြံသူမိန်းကလေးများဆိုသည်က အရုပ်ဆိုးသည်မှာ ခပ်ရှားရှားပင် ဖြစ်သည်။
သို့သော် … အခြားသောကျင့်ကြံသူမိန်းကလေးများထက် ချောမောလှပသည့်အထဲတွင်ပါလေသည်။ ထို့ပြင်… သူမသည် ကွမ်ဟန်နန်းတော်မှ နတ်သမီးတစ်ပါးဖြစ်သည့်တွက် သူမ၏အလှတရားက အမျိုးသားများကို စွဲဆောင်နိုင်သည့် အလှတရားမျိုး ဖြစ်လေသည်။
ထို့ကြောင့် သူမက မေးခွန်းထုတ်လိုက်သည့်အခါ ယောကျ်ားလေးအတော်များများက သူမသိချင်သည့်အဖြေကို ပြောချင်လွန်းသည့်အတွက် ပါးစပ်တပြင်ပြင်ဖြစ်သွားကြလေသည်။
သို့သော်… အဖြေကိုပြောနိုင်သူမှာတော့ တစ်ယောက်သာ ရှိသည်။
"အဲဒီပုဂ္ဂိုလ်က ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းပဲ ၊ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ကျီဝေးကြယ်အစုအဝေးကြီးနားမှာ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ် ၊ အဲဒီတိုက်ပွဲမှာ ကျီဝေးတိကျွင်းက ဓားသူတော်စင်ကျီဝေးလို့ခေါ်တဲ့ ဓားသူတော်စင်ကျီဝေးကို အနိုင်ယူခဲ့ပြီး ဓားသူတော်စင်ကျီဝေးရဲ့ မူလဝိညာဉ်သင်္ကေတကို သူယူထားလိုက်တယ် ၊ အခုဆိုရင် သူ့ရဲ့တန်ခိုးစွမ်းအားကလည်း ရှေးခေတ် ဧကရာဇ် (၅)ပါးလောက်နီးနီးမြင့်မားတယ် ၊ သူ့အဆင့်ကလည်း ဝူကျွမ်းကျောင်းတော်က ဆရာသခင်နီးပါး အဆင့်မြင့်တယ်…”
ထိုစကားကိုပြောလိုက်သူမှာ အသက် (၂၀) ကျော်အရွယ်မျှသာရှိသေးသည့် လူငယ်တစ်ယောက်ဖြစ်လေသည်။
အပြာနုရောင်အဝတ်အစားကိုသပ်ရပ်စွာဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားသည်။
သူ၏ဓားမှာ နှစ်ဖက်သွားဓားမဟုတ်ဘဲ လခြမ်းပုံသဏ္ဍန် တစ်ဖက်သွားဓားတစ်လက် ဖြစ်ပြီး ဓားအိမ်မရှိပေ။ ဓားသွားက အလွန်မှပါးလွှာပြီး ရေစင်အလားကြည်လင်တောက်ပနေလေသည်။
ထိုလူငယ်၏စကားကိုကြားသည်နှင့် စားသောက်ဆိုင်အတွင်းမှ လူအများက ဝိုင်းဝန်းအော်ဟစ်လိုက်ကြလေသည်။
“ဟွေ့အန်းခရီးသည်က တော်တော်သိတာပဲ… တော်တော်သိတာပဲ…”
“ဟွေ့အန်းခရီးသည်က တော်လိုက်တာ…”
“ခရီးသည်” ဟုခေါ်ဆိုခံရသူများသည် များသောအားဖြင့် ဗုဒ္ဓဘာသာ ကျင့်ကြံသူများဖြစ်လေသည်။
ဘုန်းကြီးဝတ်ခြင်းမရှိဘဲ လူဝတ်ဖြင့်နေထိုင်ကြသည့် ဗုဒ္ဓဘာသာကျင့်ကြံသူများသည် အိတ်တစ်လုံးကိုသယ် ၊ ဓားတစ်လက်ကိုလွယ်ကာ လှည့်လည်သွားလာနေကြသူများဖြစ်သည့်အတွက် သူတို့ကို “ခရီးသည်” ဟု ခေါ်ကြခြင်းဖြစ်သည်။
ထိုက်ယင်းနတ်သမီး၏အမေးကိုဖြေကြားလိုက်သည့် ဟွေ့အန်းခရီးသည်ဆိုသူ၏တန်ခိုးစွမ်းအားက ထိုက်ယင်းနတ်သမီးထက်ပင် အဆင့်မြင့်ဟန် ရှိလေသည်။
ဟွေ့အန်းခရီးသည်ဆိုသူကတော့ အခြားသူများ၏ ချီးကျူးစကားများကို လျစ်လျူရှုကာ ထိုက်ယင်းနတ်သမီးကိုသာ စိုက်ကြည့်နေလေသည်။
အားလုံးက ဟွေ့အန်းခရီးသည်က ထိုက်ယင်းနတ်သမီးကို စိတ်ဝင်စားနေသည်ဟု ထင်မှတ်မိကြသည်။
သို့သော်… ဟွေ့အန်းခရီးသည် တကယ်တမ်း သေသေချာချာလေ့လာနေသူမှာ ထိုက်ယင်းနတ်သမီးကို မဟုတ်ပေ။ ဆန်းလျန်ကို စိုက်ကြည့်နေခြင်း ဖြစ်လေ၏။
ထိုအချိန်မှာပင် ဆန်းလျန်က ပေါ့ပါးသည့်လေသံဖြင့် ထိုက်ယင်းနတ်သမီးကို ပြောလိုက်လေသည်။
“ကျုပ်တို့ သွားကြရအောင်…”
ပြောပြီးသည်နှင့် သူတို့ (၂)ယောက်သည် အလင်းတန်းများအဖြစ်ဖန်ဆင်းကာ စားသောက်ဆိုင်အတွင်းမှ ထွက်ခွာသွားကြလေတော့သည်။
ဟွေ့အန်းခရီးသည်က သူတို့ (၂)ယောက်နောက်သို့ အလျှင်အမြန်လိုက်သွားသော်လည်း အမီလိုက်နိုင်ခြင်း မရှိပေ။ သူ မည်မျှကြိုးစားပါစေ ဆန်းလျန်နှင့် ထိုက်ယင်းနတ်သမီးကို လုံး၀ အမီမလိုက်နိုင်ခဲ့ပေ။
အတွေ့အကြုံများသည့် နတ်ဘုရားတစ်ပါးသာဆိုလျှင် ဆန်းလျန်တို့နောက်သို့ လိုက်ရန်အတွက် ဟွေ့အန်းခရီးသည်အသုံးပြုသည့် တန်ခိုးစွမ်းအားကို ကောင်းကောင်းရိပ်မိမည်ဖြစ်သည်။
ထိုတန်ခိုးစွမ်းအားမှာ ဗုဒ္ဓဘာသာမှ တန်ခိုးစွမ်းအားတစ်ခုဖြစ်သည့် ကောင်းကင်ခြေလှမ်းတန်ခိုးစွမ်းအားဖြစ်လေသည်။
ကောင်းကင်ခြေလှမ်းကျင့်စဉ်သည် အမှန်တော့ လူသားနှင့် မိုးကောင်းကင် ချိတ်ဆက်ထားသည့် ကျင့်စဉ်တစ်ခုဖြစ်သည်။ လောကတွင် ခြေလှမ်းနှင့်ပတ်သက်သည့် ကျင့်စဉ်များစွာ ရှိသည့်အနက် ကောင်းကင်ခြေလှမ်းကျင့်စဉ်သည် အခြေခံအကျဆုံးကျင့်စဉ်တစ်ခု ဖြစ်လေ၏။
မိုးကောင်းကင်ခြေလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုလိုက်သည်နှင့် လောကတွင် အမီမလိုက်နိုင်သည့်အရာဆို၍ တစ်ခုမှရှိမည် မဟုတ်ပေ။
ကောင်းကင်ခြေလှမ်းဖြင့်ဆိုလျှင် အမီမလိုက်နိုင်သည့်သူ တစ်ယောက်မှ ရှိမည်မဟုတ်ပေ။
ကောင်းကင်ခြေလှမ်းတန်ခိုးစွမ်းအားသည် အလွန်လျှင်မြန်လွန်းလှပသည်ဆိုသည့် ခွန်ဖိန်မျိုးနွယ်ငှက်ကြီးများနှင့် ဒေါင်းစိမ်းငှက်များကိုပင် အမီလိုက်နိုင်စွမ်း ရှိလေသည်။
သို့သော်… ယခုတော့ ဆန်းလျန်ကို လုံးဝအမီမလိုက်နိုင် ဖြစ်နေရသည်။
ဟွေ့အန်းခရီးသည် မည်မျှကြာအောင် ဆန်းလျန်တို့နောက်သို့ လိုက်နေမိသည် မသိပေ။
ရုတ်တရက်… ဆန်းလျန်နှင့် ထိုက်ယင်းနတ်သမီးက ခြေလှမ်းများကို ရပ်တန့်လိုက်ကြလေသည်။
ဟွေ့အန်းခရီးသည်က ဆန်းလျန်အနားသို့ တိုးကပ်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးက ကြယ်စင်ကောင်းကင်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ဟွေ့အန်းခရီးသည်က ဆန်းလျန်ကို တစ်ချက်ကြည့်လိုက်ပြီး…
“ဒီကသခင်လေးက ဆန်းမျိုးနွယ်လား…”
ဆန်းလျန်က ပြုံးလိုက်ရင်း…
“ကျုပ်နာမည် ဆန်းလျန်ပါ ၊ မင်းကိုယ်မင်းဘယ်သူလဲဆိုတာ မိတ်ဆက်ဖို့ မလိုပါဘူး ၊ မင်းက စေတီရှင်လီထျန်းဝမ်ရဲ့ ဒုတိယသားတော် ၊ ပင်လယ်သုံးခုသခင်နီကျားရဲ့ ဒုတိယအစ်ကို ၊ ဖူရှန်မယ်တော်ရဲ့တစ်ဦးတည်းသောဆက်ခံသူတပည့် ၊ ကွမ်ယင်မယ်တော်ရဲ့ လက်အောက်က မုခြားဆိုတာ ကျုပ်သိပါတယ်"
ဆန်းလျန်ပြောလိုက်သည့် အမည်နာမများသည် လောကတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည့် အမည်များဖြစ်လေသည်။
ဟွေ့အန်းခရီးသည်က သာမန်လူတစ်ယောက်ပမာ ဟန်ဆောင်ထားသော်လည်း သူ၏နောက်ကွယ်မှ နတ်ဘုရားများက အင်အားကြီးမားသူများ ဖြစ်ကြသည်။ ထို့ပြင် … ဟွေ့အန်းခရီးသည်ကိုယ်တိုင်ကလည်း သာမန်ထက် ထူးခြားသူတစ်ယောက် ဖြစ်သည်။
ဟွေ့အန်းခရီးသည်က…
“လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကျီဝေးကြယ်အစုအဝေးနားမှာ ဖြစ်တဲ့တိုက်ပွဲမှာ တာအိုဆရာသခင်ယွမ်ချင်းနဲ့ ဗိဿနိုး သေဆုံးသွားခဲ့တယ် ၊ မင်းက ဆရာဘိုးဘိုးယွမ်ချင်းရဲ့ မျိုးဆက်တပည့်တစ်ယောက်ဆိုတော့ အဲဒါ ဘာကိစ္စဖြစ်သွားတာလဲ သိလား…"
ဆန်းလျန်က…
“မင်းကိုယ်တိုင်သိချင်လို့မေးတာလား ၊ ကွမ်ယင်မယ်တော်က မေးခိုင်းလို့ မေးတာလား…”
ဟွေ့အန်းခရီးသည်က…
“ကွမ်ယင်မယ်တော်နဲ့ မတွေ့တာတောင်တော်တော်ကြာနေပါပြီ ၊ အခုမေးတာက ကျုပ်သိချင်လို့ပါ…”
ဆန်းလျန်က ရယ်မောလိုက်ပြီး ထိုက်ယင်းနတ်သမီး၏ဆံပင်တစ်ချောင်းကို ဆွဲနှုတ်လိုက်လေသည်။
ထိုက်ယင်းနတ်သမီး၏ လှပသည့် အနက်ရောင်ဆံချည်မျှင်သည် ဆန်းလျန်၏လက်ထဲတွင် နဂါးတစ်ကောင်အလား လူးလွန့်လျှက်ရှိလေသည်။ ထိုဆံချည်မျှင်က မုခြားထံသို့ ရုတ်တရက် ဝင်ရောက်သွားသည်။
ဆန်းလျန်၏ တိုက်ခိုက်မှုကြောင့် မုခြား ထိတ်လန့်တုန်လှုပ်သွားပြီး နောက်သို့ ခုန်ဆုတ်လိုက်လေသည်။ ထို့နောက် သူက ခါးတွင်ချိတ်ထားသည့် လခြမ်းကွေးဓားကို ဆွဲထုတ်လိုက်ကာ ဆန်းလျန်ကို ထိုးစိုက်ချလိုက်လေသည်။
မုခြား၏ ထင်မှတ်မထားသည့်တိုက်ကွက်ကြောင့် ဆန်းလျန်ပင် အနည်းငယ် ထိတ်ထိတ်ပြာပြာ ဖြစ်သွားရသည်။ မုခြား၏ လခြမ်းကွေးဓားချက်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ဆန်းလျန်က သူ့လက်ထဲမှ ဆံချည်မျှင်ကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး လခြမ်းကွေးဓားကို ရစ်ပတ်လိက်လေသည်။
ထိုအခါ… မုခြား၏ စိတ်အစဉ်မှာ ရေတံခွန်မှရေများ စီးဆင်းသည့်အလား လျှင်မြန်သည့်အရှိန်အဟုန်ဖြင့် ရွေ့လျားသွားလေသည်။
မုခြား၏စိတ်ထဲတွင့် မသန့်စင်မှုများဖြင့် ပြည့်နက်နေသည့်အတွက် ဆန်းလျန်က ဆံချည်တစ်မျှင်ကို အသုံးပြုကာ မုခြား၏ စိတ်ကို သန့်စင်ပေးလိုက်ခြင်း ဖြစ်လေသည်။
လခြမ်းကွေးဓားသည် အပိုင်းပိုင်းကွဲကြေသွားပြီး ကြယ်စင်ကောင်းကင်ထက်တွင် ပျံ့နှံ့သွားလေသည်။
မုခြား၏မျက်နှာပုံစံပျက်ယွင်းသွားပြီး နတ်ဘုရားခန္ဓာမှာလည်း ပြိုကျပျက်စီးလုနီးပါးဖြစ်သွားလေသည်။
သူက မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…
“မင်းက ထျန်းကျွင်းတစ်ပါးပဲ…"
ဟု ပြောလိုက်လေသည်။
…………..
ပန်းနတ်မိမယ်များခြံရံသည့် ကျောက်စိမ်းဝေါယဉ်သည် ပိုင်ယွိကျင်းမြို့တော်အပြင်ဘက်ရှိ တောင်တစ်တောင်ရှိရာသို့ ပျံသန်းရောက်ရှိလာလေသည်။
ယခင်က ပိုင်ယွိကျင်းမြို့တော်အပြင်ဘက်တွင် မည်သည့်တောင်မှ မရှိပေ။ သို့သော်… ချင်းဖုန်းနတ်ဘုရားက စကြာဝဠာထဲမှ နတ်ဘုရားတောင်တစ်တောင်ကို ပိုင်ယွိကျင်းမြို့တော်အပြင်ဘက်သို့ ရွှေ့ပြောင်းယူဆောင်လာခြင်း ဖြစ်လေသည်။
ယခု ထိုနတ်ဘုရားတောင်ရှေ့တွင် ပန်းနတ်မိမယ် (၁၆)ပါးက အတန်း (၂)တန်းခွဲကာ ရပ်နေပြီး ကိုယ်စီလက်ထဲတွင် ပန်းခြင်းတောင်းများ ကိုင်ဆောင်ထားကြလေသည်။ နတ်မိမယ်လေးများ၏ မျက်နှာထက်တွင် အပြုံးပွင့်များကို လှပစွာ ဆင်မြန်းထားပြီး သူတို့ကိုကြည့်ရသည်မှာ အလွန်မှ ကျက်သရေနှင့် ပြည့်စုံလွန်းလှလေသည်။
ထို့နောက်… ခန့်ငြားထည်ဝါလွန်းသည့် ဧကရာဇ်တစ်ပါး ကျောက်စိမ်းဝေါယဉ်အတွင်းမှ ထွက်လာလေသည်။
ထိုဧကရာဇ်မှာ ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းပင် ဖြစ်လေသည်။
သူက စစ်ဗိုလ်ချုပ်ထျန်းဖိန်ကို စေလွှတ်ကာ ကျိလင်နတ်သမီးကို ဖမ်းဆီးရန် အမိန့်ပေးခဲ့သူ ဖြစ်လေသည်။
သိပ်မကြာခင်က ကျီဝေးကြယ်အစုအဝေးတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ဓားသူတော်စင်ကျီဝေးဟု လူသိများသည့် ကျီဝေးဧကရာဇ် တစ်ဖြစ်လဲ ဆရာစူးနှင့် တိုက်ခိုက်ခဲ့လေသည်။ ဆရာစူးဆိုသည်က ဆန်းလျန် ချင်းရွှမ်နတ်တံခါးသို့ ဝင်ရောက်နိုင်ခြင်း မရှိသေးမီအချိန်ကပင် ဆန်းလျန်ကို "ရှိခြင်းမရှိခြင်းဓားဝိညာဉ်" သင်ကြားပေးခဲ့သူ ဖြစ်သည်။
ထိုတိုက်ပွဲတွင် ဆရာဘိုးဘိုးယွမ်ချင်းနဲ့ ဗိဿနိုးကျဆုံးခဲ့ရလေသည်။ ဓားသူတော်စင်ကျီဝေးသည်လည်း ကျီဝေးတိကျွင်းကို ရှုံးနိမ့်ခဲ့ရပြီး ဓားသူတော်စင်ကျီဝေး၏ မူလဝိညာဉ်သင်္ကေတကို ရယူထားခဲ့သူဖြစ်လေသည်။
ကျီဝေးတိကျွင်းက သူ့ရှေ့မှ နတ်ဘုရားတောင်ကို တစ်ချက်ကြည့်လိုက်ပြီး…
"ချင်းဖုန်းနတ်ဘုရား… ကျုပ်တို့ တွေ့ခွင့်ရနိုင်မလား…"
ဟု ပြောလိုက်လေသည်။
ကျီဝေးတိကျွင်း၏ စကားသံဆုံးသွားသည်နှင့် နတ်သမီး (၁၆)ပါးက ဧကရာဇ်၏ဘေးတွင် နန်းဆောင်တစ်ခုကိုဖန်ဆင်းလိုက်ကြလေသည်။ နန်းဆောင်ထဲတွင် ကျောက်သားစားပွဲနှင့် ကျောက်သားထိုင်ခုံများ ခင်းကျင်းထားပြီးသားဖြစ်လေ၏။
ထို့နောက် နတ်မိမယ်တစ်ပါးက ရေနွေးအိုးတည်လိုက်လေသည်။
နောက်ထပ်နတ်မိမယ်တစ်ပါးက ရေနွေးအိုးထဲသို့ လက်ဖက်ခြောက်များ ခပ်လိုက်သည်။
ရေနွေးထက်တွင် မျောလွင့်နေသည့် လက်ဖက်ခြောက်ဖတ်လေးများသည် ပျံသန်းနေသည့် နတ်သမီးလေးများနှင့်ပင် ဆင်တူလေသည်။
ထိုလက်ဖက်ခြောက်ကို ပျံသန်းနတ်သမီးလက်ဖက်ခြောက်ဟု ခေါ်လေသည်။ ထိုလက်ဖက်ခြောက်မှာ မိုးနှင့်မြေ၏ အရင်းအမြစ်မှ ဖြစ်တည်လာသည့် တန်ဖိုးကြီးမားသည့် လက်ဖက်ခြောက်ဖြစ်လေ၏။
မကြာမီတွင်တော့…
နန်းဆောင်ငယ်အတွင်းသို့ အသက် (၁၅)နှစ်ခန့်သာရှိသေးသည့် တာအိုကျင့်ကြံသူလူငယ်လေးတစ်ယောက် ဝင်ရောက်လာလေသည်။
ထိုလူငယ်လေးမှာ အလွန်မှ သန့်ပြန့်ပြီး ချောမောလှပလွန်းသည်။
ထိုလူငယ်လေးက သူ့ကိုယ်သူ ဆန်းလျန်ဟု ပြောလျှင် အများစုက ယုံမှားမိကြမည် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော်… ထိုလူငယ်လေးနှင့် ဆန်းလျန်သည် အလွန်ရုပ်ချင်းဆင်သလို စိတ်နေစိတ်ထားလည်း ခပ်ဆင်ဆင်တူသောကြောင့် ဖြစ်သည်။
ထိုလူငယ်လေးမှာ အခြားသူမဟုတ်ပေ။ ချင်းဖုန်းနတ်ဘုရားပင် ဖြစ်လေသည်။
ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းက…
"ဒီက မိတ်ဆွေလေးက ချင်းတိဧကရာဇ် လူပြန်ဝင်စားတဲ့သူ မဟုတ်လား ၊ ဝူကျွမ်းကျောင်းတော်လို နေရာမျိုးမှာ တာအိုလူငယ်လေးအဖြစ်နဲ့ ခိုလှုံနေတာ တကယ့်ကို ဆုံးရှုံးမှုကြီးတစ်ခုပါပဲ….”
***