← Chapters

အကြောင်းစုံ

Vol. 9 Ch. 868

အကြောင်းစုံ

Vol. 9 Ch. 868

ကျီဝေးတိကျွင်း၏စကားကိုကြားသည်နှင့် ချင်းဖုန်းနတ်ဘုရား၏ မျက်လုံးများက တစ်ချက်တောက်ပသွားပြီး အေးဆေးသည့်လေသံဖြင့် စကားပြန်ပြောလိုက်လေသည်။

"ကျုပ်က ချင်းတိဧကရာဇ် မဟုတ်ပါဘူး ၊ ကျုပ်က ချင်းဖုန်းပါ…"

ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းက တစ်ချက်ပြုံးလိုက်ရင်း…

“ကျေးဇူးပြုပြီး ထိုင်ပါဦးဗျာ…”

ချင်းဖုန်းက ခဏစဉ်းစားပြီးမှ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်လေသည်။

ကျီဝေးတိကျွင်းက ချင်းဖုန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူတို့ (၂)ယောက်ကြားတွင် ပေအနည်းငယ်သာ ဝေးကွာလေ၏။

ကျီဝေးတိကျွင်းက…

"ကျုပ်လာရတဲ့အကြောင်းရင်းက တစ်လောကလုံးမှာ မင်းတစ်ယောက်ပဲ ကျုပ်သိချင်တာကို ဖြေနိုင်မယ့်သူ ရှိလို့ပဲ…"

ချင်းဖုန်းက ကျီဝေးတိကျွင်းကို ခေါင်းမော့ကြည့်လိုက်သည်။

သူ၏မျက်ဝန်းများထဲတွင် အနည်းငယ်အံ့အားသင့်သည့်အရိပ်များ ဖြတ်သန်းသွားလေသည်။

"မင်းက ဘာမေးချင်တာလဲ…"

ကျီဝေးတိကျွင်းက…

"လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ကျုပ် ဓားသူတော်စင်ကျီဝေးဆိုတဲ့ ကျီဝေးဧကရာဇ်ကို အနိုင်ယူခဲ့တယ် ၊ သူ့ကို ဆရာစူး ဒါမှမဟုတ် စူးချန်ဝမ်လို့လည်း သိကြတယ်လေ ၊ အဲဒီ ကျီဝေးဧကရာဇ်ရဲ့ မူလဝိညာဉ်သင်္ကေတကို ကျုပ်ရယူခဲ့တယ် ၊ ပြီးတော့ ချင်းတိဧကရာဇ်နဲ့ ကျီဝေးဧကရာဇ်က ခေတ်ပြိုင်တွေပဲ မဟုတ်လား ၊ ချင်းတိဧကရာဇ်တို့က သိပ်မရင်းနှီးကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီး သိခဲ့ကြတာပဲ မဟုတ်လား…"

ချင်းဖုန်းနတ်ဘုရားက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး သဘောတူလိုက်လေသည်။

"ဒါဖြင့်လည်း မေးပါ…"

ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းက ပြုံးလိုက်ရင်း…

"လက်ဖက်ရည်ကြမ်း သုံးဆောင်လိုက်ပါဦး ၊ ပျံသန်းနတ်သမီးလက်ဖက်ရည်ကြမ်းက ချင်းတိဧကရာဇ်အတွက် ဘာမှ မပြောပလောက်ပေမယ့် ကျုပ်က ဧည့်ခံတာပါ"

ချင်းဖုန်းက ပြုံးလိုက်ရင်း…

"ကျုပ်ကသာ ခင်ဗျားမေးမယ့်မေးခွန်းကို မဖြေဘူးဆိုရင် လက်ဖက်ရည်ကြမ်းနဲ့ ဧည့်ခံမှာ မဟုတ်ဘူးမလား…"

ကျီဝေးတိကျွင်းက ပေါ့ပါးသည့်လေသံဖြင့်…

"ဒါက အပေးအယူ မဟုတ်ပါဘူး ၊ မိတ်ဖြစ်ဆွေဖြစ် ဧည့်ခံတာပါ…"

ချင်းဖုန်းက ကျီဝေးဧကရာဇ်စကားကို ထောက်ခံခြင်း မရှိပေ။

ပန်းနတ်မိမယ်လေးများက လက်ဖက်ရည်ကြမ်းတည်ခင်းရာတွင် အလွန်ကျွမ်းကျင်သူများ ဖြစ်ကြလေသည်။ လက်ဖက်ရည်ကြမ်းတည်ခင်းဟန်လေးများကလည်း လှပကျော့ရှင်းကာ ကျက်သရေရှိလှသည်။

ပျံသန်းနတ်သမီးလက်ဖက်ခြောက်ခပ်ပြီး တည်ခင်းသည့် လက်ဖက်ရည်ကြမ်းမှာ တာ့လော်လက်ဖက်ရည်ကြမည်း ဖြစ်လေသည်။ ထိုလက်ဖက်ရည်ကြမ်းကို တာ့လော်အဆင့် ကျင့်ကြံသူမှသာလျှင် သောက်သုံးနိုင်စွမ်း ရှိလေသည်။

ခေတ်အဆက်ဆက်တွင် တာ့လော်အဆင့်ကိုတက်လှမ်းနိုင်သည့် နတ်ဘုရားဆိုသည်မှာ အနည်းငယ်သာ ရှိလေသည်။ ထို့ကြောင့် ထိုလက်ဖက်ရည်ကြမ်း၏တန်ဖိုးမှာ မည်မျှကြီးမားသည်ကို သိရှိနိုင်သည်။

ရေနွေးကြမ်းပန်းကန်ထဲမှ ရေနွေးငွေ့လေးများက နဂါးဇာမဏီရုပ်ပုံများအလား လေထဲတွင် လွင့်ပျံနေသည်မှာ အဆုံးမရှိ လှပလွန်းလှသည်။

လက်ဖက်ရည်ကြမ်းအငွေ့များ အဆုတ်နှင့်သရက်ရွက်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ပျော်ရွှင်မှုကို အဆုံးစွန်ထိ ခံစားရမည် ဖြစ်လေသည်။

သို့သော်… ချင်းဖုန်းကတော့ လက်ဖက်ရည်ကြမ်းငွေ့များကို အရေးမစိုက်ဘဲ လက်ဖက်ရည်ကြမ်းပန်းကန်ကို တစ်ချက်တည်းဖြင့် မော့သောက်ချလိုက်လေသည်။

ကျီဝေးတိကျွင်းက အေးအေးဆေးဆေးပင် စကားဆက်ပြောလိုက်သည်။

"ထိုက်ယီထျန်းကျွင်း  ၊ စန့်ချင်တာအိုဆရာသခင်လင်ပေါင်ထျန်းကျွင်း ၊ တုန်းဟွာတိကျွင်း ၊ ယိနတ်ဘုရား ၊ ချင်းတိဧကရာဇ်ဆိုတဲ့သူတွေက တစ်ယောက်တည်းပဲ မဟုတ်လား…"

ထိုမေးခွန်းကိုကြားလိုက်ရသည့်အခါ ချင်းဖုန်းမှာ အလွန်အမင်းအံ့အားသင့်သွားရလေသည်။

သို့သော်… ချင်းဖုန်း၏အမူအရာက ချက်ချင်းပြန်လည်တည်ငြိမ်သွားပြီး…

"တာအိုက တစ်ခုကိုမွေးဖွားတယ် ၊ တစ်ခုကနေ နှစ်ခုကို မွေးဖွားတယ် ၊ နှစ်ခုကနေ သုံးခုကို မွေးဖွားတယ် ၊ အဲဒီတော့ စောစောက ခင်ဗျားပြောတဲ့သူတွေက တစ်ယောက်တည်းဆိုရင်လည်း ထူးဆန်းလှတယ်တော့ မဟုတ်ပါဘူး…"

ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းက…

"ဟုတ်ပါပြီ ၊ ကျုပ်စိတ်ထဲက သံသယတွေ ရှင်းသွားပါပြီ…"

ချင်းဖုန်းက…

"ကျီဝေးတိကျွင်းက ဒီအကြောင်းကို ဘာလို့ သိချင်ရတာလဲ…"

ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ပထမတော့ ကျုပ်လည်း ထင်မထားမိဘူး  ၊ ဒီရှေးဟောင်းနတ်ဘုရားတွေဟာ တစ်ပါးတည်းဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ ၊ အထူးသဖြင့် တာအိုဆရာသခင်ထိုက်ယီနဲ့ စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်းက တစ်ယောက်တည်း ဖြစ်နေတာမျိုးပေါ့ ၊ တာအိုဆရာသခင်ကြီး (၂)ပါးဟာ (၂)ဘဝနဲ့ တစ်ယောက်တည်းဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ ၊ ပြီးတော့ တာအိုဆရာသခင်ထိုက်ယီက ချင်းရွှမ်နတ်တံခါးကို တည်ထောင်ခဲ့တယ် ၊ ကျုပ်ထင်တာက သူ့ရဲ့ ဇနီးအတွက် ချင်းရွှမ်နတ်တံခါးကို တည်ထောင်ပေးခဲ့တယ်လို့ ထင်နေမိတာ ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ တခြားအဓိပ္ပါယ်တစ်ခုရှိနေခဲ့တယ် ၊ သြော်… ချင်းတိဧကရာဇ် … ချင်းတိဧကရာဇ် ၊ တကယ်တော့ ချင်းရွှမ်နတ်တံခါးကို တာအိုဆရာသခင်ထိုက်ယီတည်ထောင်ခဲ့တာ ချင်းတိဧကရာဇ်အတွက် ဖြစ်နေတာကိုး ၊ ကျုပ်တို့က ဒီအကြောင်းရင်းကို မသိခဲ့ကြဘူး…"

ချင်းဖုန်းက…

"အစပိုင်းတုန်းကတော့ ဒီကိစ္စတွေကို ဘယ်သူမှ မသိပါဘူး ၊ တာအိုဆရာသခင်ထိုက်ယီ တရားအလင်းရပြီး တာအိုနဲ့ တစ်သားတည်းကျသွားတဲ့အချိန်မှာ တခြားတာအိုဆရာသခင်ကြီးတွေကလည်း ဒီအချက်ကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့ကြတယ် ၊ ဒါကြောင့်လည်း ချင်းတိဧကရာဇ်က ကိုယ်ခွဲ (၆)ခုနဲ့ လူပြန်ဝင်စားနိုင်ခဲ့တာပေါ့ ၊ မိုးကောင်းကင်ကတောင် သူ့ကို မတားဆီးနိုင်ခဲ့ဘူး ၊ ဒါကြောင့် ဘေးအန္တရယ် ကပ်ဆိုးကြီးကြုံတွေ့ခဲ့တဲ့အချိန်မှာတောင် ချင်းတိဧကရာဇ်ဟာ လူပြန်ဝင်စားဖို့လမ်းကြောင်းကို ရှာတွေ့နိုင်ခဲ့တယ် ၊ အင်း… တာအိုဆရာသခင်ထိုက်ယီက တကယ်တော်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ ၊ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီအချိန်တုန်းက သူ တခြားကိစ္စတွေလုပ်ဖို့ ရှိနေတာတောင်မှ ချင်းတိဧကရာဇ်ကို ပြန်လည်အပ်နှင်းဖို့အတွက် ချင်းရွှမ်နတ်တံခါးကို ရအောင် တည်ထောင်ခဲ့တယ် ၊ ကျုပ်ကတော့ ချင်းတိဧကရာဇ် မဟုတ်ပါဘူး ၊ သူချန်ထားခဲ့တဲ့ ဉာဏ်စဉ်တစ်ခုမျှသာပါပဲ…"

ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းက…

"ကျုပ်နားလည်ပါပြီ ၊ တကယ်တော့ မင်းက ချင်းတိဧကရာဇ် အစစ်အမှန်မဟုတ်ဘဲ ချင်းတိဧကရာဇ်ရဲ့ ဉာဏ်စဉ်တစ်ခုပဲ…"

ချင်းဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းက…

"မင်းသာ ချင်းတိဧကရာဇ်အစစ်အမှန် ဘယ်သူလဲဆိုတာကို ရှာတွေ့နိုုင်ရင် ဉာဏ်စဉ်တစ်ခုလောက်အဆင့်မဟုတ်ဘဲ ပြီးပြည့်စုံခြင်းအဆင့်တစ်ခုကို ရယူနိုင်မှာပဲ မဟုတ်လား ၊ တာအိုဆရာသခင်ထိုက်ယီက တော်တော် ဉာဏ်ကောင်းတာပဲ ၊ မင်းကို အားလုံးက ချင်းတိဧကရာဇ်ရဲ့ ဉာဏ်စဉ်တစ်ခုလို့ပဲ ထင်ကြပေမယ့် ချင်းတိဧကရာဇ်ဟာ တာအိုဆရာသခင် ထိုက်ယီပဲဖြစ်တယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး… ၊ ပြီးတော့ ချင်းတိဧကရာဇ် ကိုယ်တိုင်ကလည်း ကိုယ်ခွဲတွေအများကြီးရှိတယ်လို့ နာမည်ကြီးတဲ့သူတစ်ယောက်ပဲဆိုတော့…"

ချင်းဖုန်းသည် သူထင်မှတ်ထားခဲ့သလို ချင်းတိဧကရာဇ် လူပြန်ဝင်စားသူ မဟုတ်ခဲ့ပေ။

ချင်းတိဧကရာဇ်၏ ဉာဏ်စဉ်တစ်ခုမျှသာ ဖြစ်လေသည်။ ထို့ကြောင့် ချင်းတိဧကရာဇ်၏ သမီးဖြစ်သူ ပီရှာဧကရီက  ဝူကျွမ်းကျောင်းတော်တွင် သူမ၏ဖခင်ကို တစ်ခါမှ လာရောက်တွေ့ဆုံခြင်း မရှိခဲ့ခြင်း ဖြစ်လေ၏။

အစပိုင်းတွင်တော့ ပီရှာဧကရီက ဖခင်ဖြစ်သူ ချင်းတိဧကရာဇ်ကို မုန်းတီးနေသည့်အတွက် ဝူကျွမ်းကျောင်းတော်တွင် လာရောက်တွေ့ဆုံခြင်း မရှိသည်ဟု ကျီဝေးတိကျွင်းက တွေးထင်ထားခဲ့သည်။ တကယ်တော့ ချင်းဖုန်းမှာ ချင်းတိဧကရာဇ်လူပြန်ဝင်စားသူ မဟုတ်သည့်အတွက် သူမက လာမတွေ့ခဲ့ခြင်း ဖြစ်လေသည်။

ဖြစ်နိုင်ချေနောက်တစ်ခုမှာ…

ပီရှာဧကရီသည် အားလော်ဟယ်၏လက်ချက်ဖြင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လူပြန်ဝင်စားသွားခဲ့ခြင်းလည်း ဖြစ်နိုင်လေသည်။ ထို့ကြောင့်လည်း ချင်တိဧကရာဇ် လူပြန်ဝင်စားသူမှ မည်သူဖြစ်သည်ဆိုသည့် အမှန်တရားက ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ဟန်ရှိသည်။

ထိုသို့ဆိုလျှင် လောကတွင် ပီရှာဧကရီလူပြန်ဝင်စားသူသည် မည်သူဖြစ်နိုင်ပါသနည်း။ ကျီဝေးတိကျွင်း အထပ်ထပ်အခါခါ စဉ်းစားသည့်တိုင် အဖြေထွက်မလာခဲ့ချေ။

ပီရှာဧကရီလူပြန်ဝင်စားသူက မည်သူဖြစ်သည်ကိုသာ သိခွင့်ရလျှင် သူ့အနေဖြင့် ချင်းတိဧကရာဇ် အစစ်အမှန် မည်သူဖြစ်သည်ကို သိရှိနိုင်ရန် အခွင့်အရေးရမည် ဖြစ်လေသည်။

ချင်းတိဧကရာဇ်ကို ရှာတွေ့ရန်မှာ ကျီဝေးတိကျွင်း၏ ရည်မှန်းချက်ဖြစ်လေသည်။ သူက ဓားသူတော်စင်ကျီဝေးဟု လူသိများသည့် ကျီဝေးဧကရာဇ်၏ အမည်နာမနှင့်မူလဝိညာဉ်သင်္ကေတကို ခိုးယူထားသည့်တိုင် သူ့အနေဖြင့် ကျေနပ်နိုင်ခြင်း မရှိသေးပေ။

လောကတစ်ခုလုံးကို တုန်လှုပ်စေမည့် မဟာလျှို့ဝှက်ချက်ကြီးတစ်ခုဖြစ်သည့် "တာအိုဆရာသခင်ထိုက်ယီ ၊ စန့်ချင်တာအိုဆရာသခင်လင်ပေါင်ထျန်းကျွင်း ၊ တုန်းဟွာတိကျွင်း ၊ ယီနတ်ဘုရား နှင့် ချင်းတိဧကရာဇ်တို့မှာ တစ်ယောက်တည်းဖြစ်သည်ဆိုသည့်" လျှို့ဝှက်ချက်ကြီးကို သိရှိပြီးသည့်နောက် သူသာ ချင်းတိဧကရာဇ်၏မူလဝိညာဉ်သင်္ကေတနှင့် ကံကြမ္မာကို ရယူနိုင်မည်ဆိုလျှင် သူ့အနေဖြင့် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာနိုင်ရန် အခွင့်အရေး ရရှိမည် ဖြစ်သည်။ ထိုသို့သောအခွင့်အရေးမျိုးက တစ်ခေတ်တွင်တစ်ခါ ရခဲလှသည့် အခွင့်အရေးမျိုး ဖြစ်လေသည်။

တာအိုဆရာသခင်ထိုက်ယီက စန့်ချင်တာအိုဆရာသခင်လင်ပေါင်ထျန်းကျွင်းမှာ တစ်ယောက်တည်းဖြစ်လေသည်။ ထို့ကြောင့် အခြားသောတာအိုဆရာသခင်ကြီးများမှာ တာအိုဆရာသခင်ထိုက်ယီ အရူးလုပ်သည်ကို ခံရသလို ဖြစ်နေပေလိမ့်မည်။

ချင်းတိဧကရာဇ် လူပြန်ဝင်စားသူသာ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာဦးမည်ဆိုလျှင် တာအိုဆရာသခင်ထိုက်ယီကပင် (၃)ဘဝဖြင့် (၃)ခါတိတိ တာအိုဆရာသခင်ကြီး ဖြစ်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။ သို့သော်… အခြားတာအိုဆရာသခင်ကြီးများကို နောက်တစ်ကြိမ်အရူးလုပ်ရန် ဖြစ်နိုင်ပါမည်လား။

ကျီဝေးတိကျွင်းက ချင်းဖုန်းကို ပြုံးပြီး တစ်ချက်ကြည့်လိုက်သည်။

ချင်းဖုန်းနတ်ဘုရားသည် လက်ရှိခေတ်အခြေအနေများကို ကောင်းကောင်းသိထားသူတစ်ယောက် ဖြစ်သည်။ သူပြောသည့်စကားများမှာ အမှန်များဖြစ်ကြောင်း ကျီဝေးတိကျွင်း မှန်းဆနိုင်သည်။

သို့တိုင်အောင်… ထိုလူငယ်သည် ချင်းတိဧကရာဇ် မဟုတ်ပေ။ သို့သော်… ထိုလူငယ်သည် အဘယ့်ကြောင့် ဝူကျွမ်းကျောင်းတော်မှ ပြင်ပလောကသို့ ထွက်ခွာလာခဲ့ရပါသနည်း။

ဖြစ်နိုင်ချေများကို တွက်ချက်စဉ်းစားပြီးသည့်နောက် ကျီဝေးတိကျွင်းက စကားဆက်ပြောလိုက်သည်။

"ဒါဖြင့် ချင်းတိဧကရာဇ် အစစ်အမှန်က လူပြန်ဝင်စားတဲ့သူကရော ဘယ်ရောက်နေလဲ ၊ သူအခုလောက်ဆို တရားအလင်းရပြီး နတ်ဘုရားတစ်ပါး ဖြစ်နေလောက်ပြီလား…"

ချင်းဖုန်းက…

"မသိဘူး…"

ကျီဝေးတိကျွင်းက ချင်းဖုန်းနတ်ဘုရားကို တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေလေသည်။ချင်းဖုန်းပြောသည့်စကားမှာ အမှန်ဟုတ်သည်လား ၊ မဟုတ်ဘူးလား အကဲခတ်နေခြင်း ဖြစ်လေ၏။

နောက်ဆုံးတော့ ချင်းဖုန်းနတ်ဘုရားက အမှန်တရားကို ပြောနေခြင်းဖြစ်သည်ကို သူ သိရှိသွားလေသည်။ ထို့ကြောင့် သူက လောလောဆယ်တွင် ချင်းဖုန်းနတ်ဘုရားနှင့်လက်တွဲကာ ချင်းတိဧကရာဇ် လူပြန်ဝင်စားသူကို ရှာဖွေကာထိုသူ၏ ကံကြမ္မာနှင့်မူလဝိညာဉ်သင်္ကေတကို ခိုးယူရမည် ဖြစ်လေသည်။

ကျီဝေးတိကျွင်းက…

"ဒါဖြင့်… ဒီကမိတ်ဆွေချင်းဖုန်း သဘောတူမယ်ဆိုရင် ကျုပ်တို့ သွေးသောက်ညီအစ်ကိုအဖြစ် သစ္စာပြုကြရအောင်…"

ချင်းဖုန်းက…

"ဒီလိုလုပ်ဖို့ မလိုဘူး ၊ ကျီဝေးတိကျွင်းက အဲဒီလူကိုရှာတွေ့ရင် ကျုပ်အပေါ် သစ္စာမပျက်ဘူးဆိုတာ ကျုပ်သိပါတယ်…"

ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်း ပြုံးလိုက်လေသည်။

သူ့စိတ်ထဲတွင် တစ်စုံတစ်ခုကို ထပ်ပြီး စဉ်းစားလိုက်မိသည်။ သူ့တွင်သာ ဖန်ကူအလံရှိနေလျှင် အောင်မြင်မှုရရှိရန် ပိုပြီး နီးစပ်မည် ဆိုသည့်အချက်ပင် ဖြစ်လေသည်။

ကျီဝေးတိကျွင်းက…

"ဒါနဲ့ ချင်းတိဧကရာဇ်ဟာ တာအိုဆရာသခင်ယွမ်ချင်းချမှတ်ခဲ့တဲ့ ချင်းရွှမ်နတ်တံခါးက လမ်းစဉ်တွေနဲ့ ခွဲခြားလို့ မရနိုင်ဘူး ၊ ဒီတော့ အရင်ဆုံး ချင်းရွှမ်နတ်တံခါးနဲ့ပတ်သက်ဆက်နွယ်နေတဲ့သူတွေကို တစ်ယောက်မကျန် အကုန်စုံစမ်းရမယ် ၊ ဒါဆို သဲလွန်စတစ်ခုခုသိရနိုင်တယ်…"

ချင်းဖုန်းက…

"ဒါဖြင့်လည်း အသူရာချောက်ကို အရင်သွားကြတာပေါ့…"

ကျီဝေးတိကျွင်းက တစ်ချက်ပြုံးလိုက်ရင်း…

"မင်းမှာ အကြံတစ်ခုခုရှိနေတယ် မဟုတ်လား…"

***

All Chapters