ထာဝရဓား
Vol. 9 Ch. 870
ဆန်းလျန်၏ ပတ်ဝန်းကျင်တွင် နတ်မိစ္ဆာများ ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီး သူတို့သည် ဆန်းလျန်ကို ကြည့်ပင် မကြည့်ကြပေ။
အလွန်ကြောက်မက်ဖွယ်ကောင်းသည့်အခြေအနေတစ်ခုကို ဟွေ့အန်းခရီးသည်၏ စိတ်အာရုံတွင် တွေ့မြင်နေရလေသည်။
ထို့နောက်… ဆန်းလျန်သည် အခန်းတစ်ခုထဲတွင်ထိုင်နေသည့်မြင်ကွင်းကို တွေ့မြင်ရပြန်သည်။
ဆန်းလျန်သည် အခန်းထဲတွင် ထိုင်နေရင်း စကြာဝဠာတစ်ခုလုံးရှိ လေထု ၊ မြူမှုံ ၊ နေ ၊ လ အရာအားလုံးကို မွှေနှောက်ပစ်နေပြီး လူသားများ ဒုက္ခအကြီးအကျယ်ရောက်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
ထိုအချိန်မှာပင် ဆန်းလျန်က ထိုက်ယင်းနတ်သမီးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…
"မင်း ဗျပ်စောင်းသံကြားတယ်မလား…"
ထိုက်ယင်းနတ်သမီးက ခေါင်းညိတ်လိုက်ရင်း….
"ဗျပ်စောင်းတီးတဲ့သူက အရမ်းတော်တယ် ၊ ဝိညာဉ်စွမ်းအားနဲ့လည်း ပြည့်ဝတယ် …"
ထိုက်ယင်းနတ်သမီး၏ စကားကို ဟွေ့အန်းခရီးညသ်ကလည်း တိတ်တဆိတ်ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။
ထိုက်ယင်းနတ်သမီး၏တန်ခိုးစွမ်းအားများက နက်ရှိုင်းပြီးသန့်စင်သည်ကို သတိထားမိသည့်အတွက် သူမသည်လည်း သာမန်အသိုင်းအဝိုင်းတစ်ခုမှ မဟုတ်နိုင်ကြောင်း ဟွေ့အန်းခရီးသည် ရိပ်မိလိုက်သည်။
သူက ထိုသို့စဉ်းစားလိုက်မိသည်နှင့် ထိုက်ယင်းနတ်သမီး၏ ဇာစ်မြစ်ကို ခန့်မှန်းကြည့်လိုက်ရာ အနည်းငယ် အံ့သြသွားရလေသည်။
တာအိုဆရာသခင်ကြီးများပြီးလျှင် ပထမမိုးနတ်မင်းနှင့် ဒုတိယမိုးနတ်မင်းတို့က အလွန်တန်ခိုးစွမ်းအား ကြီးမားကြသူများ ဖြစ်လေသည်။
သို့သော်… ပထမမိုးနတ်မင်းကျဆုံးပြီး ဒုတိယမိုးနတ်မင်းအုပ်ဆိုးသည့်ခေတ်သို့ မရောက်မီစပ်ကြား အချိန်ကာလတစ်ခုတွင် တန်ခိုးစွမ်းအားမြင့်မားသည့် လေးသည်တော် တာ့ယိအကြောင်းကို မည်သူမှ ဂရုမစိုက်ဘဲ မနေဝံ့ကြပေ။
တာ့ယိသည် နတ်ဘုရားတစ်ပါးမဟုတ်သလို နတ်မိစ္ဆာတစ်ပါးလည်း မဟုတ်ပေ။ သို့သော်… သူက လေးသည်တော်တစ်ယောက် ဖြစ်လေသည်။
လေးသည်တော်ဖြစ်လာရန်အတွက် မွေးဖွားလာသူတစ်ယောက် ဖြစ်လေ၏။
မယ်တော်ဝမ်မူသည်ပင် လေးသည်တော်တာ့ယိကို မနာလိုဖြစ်ခဲ့သည်အထိ လေးသည်တော်တာ့ယိ၏ ဂုဏ်သတင်းက လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့လေသည်။
လေးသည်တော်တာ့ယိသာ တန်ခိုးစွမ်းအားမြင့်မားလွန်းသည်သာ မဟုတ်ပေ။ သူ၏ ဇနီးဖြစ်သူ လနတ်သမီးချန်ဝေါ် (ဟန်အယ်)ကလည်း ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်လေသည်။
ထို့ပြင်… လနတ်သမီးချန်ဝေါ်သည် ပထမမိုးနတ်မင်း၏ သမီးတော်ဖြစ်ပြီး သူမ၏အစ်ကိုမှာ ပထမမိုးနတ်မင်း၏ သားတော်လည်းဖြစ် ၊ နာမည်လည်းကျော်ကြားသော "ရှောင်ဟောက်" ဖြစ်လေသည်။
ထို့ကြောင့် လေးသည်တော်တာ့ယိ မရှိတော့သည့်နောက်ပိုင်း ဒုတိယမိုးနတ်မင်းက လနတ်သမီးချန်ဝေါ်ကို သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်း ဖြစ်လေသည်။
ယခု ဆန်းလျန်ဘေးမှ နတ်သမီးသည် လနတ်သမီးချန်ဝေါ်၏ တပည့်ဖြစ်သည်ကို ဟွေ့အန်းခရီးသည် သိရှိလိုက်သည်။ ဆန်းလျန်နှင့် ထိုက်ယင်းနတ်သမီးသာ ပေါင်းစပ်လိုက်ပါက (၂)ယောက်ပေါင်း တန်ခိုးစွမ်းအားက အဆမတန် မြင့်မားသွားမည်ဖြစ်လေသည်။
သူတို့ (၂)ယောက်သာ ပေါင်းစပ်လိုက်လျှင် လောကတွင် နောက်ထပ် မိုးနတ်မင်းတစ်ပါးနှင့် မယ်တော်ဝမ်မူတစ်ပါး ထွက်ပေါ်လာသကဲ့သို့ ဖြစ်ပေလိမ့်မည်။ ထိုအချက်က ကောင်းလည်းကောင်းသလို ဆိုးလည်းဆိုးလွန်းလှသည်။
ဒုတိယမိုးနတ်မင်း၏ မိုးကောင်းကင်ခုံရုံး ပျက်စီးသွားပြီးသည့်နောက် လောကတစ်ခွင်တွင် နတ်ဘုရားများမှာ အထိမ်းအကွပ်မဲ့ဖြစ်နေကြလေသည်။ ထို့ကြောင့် ပြဿနာပေါင်းစုံလည်း ရှုတ်ထွေးလျှက် ရှိကြသည်။
အကယ်၍ မိုးကောင်းကင်ခုံရုံးကိုသာ ပြန်လည်တည်ထောင်မည်ဆိုလျှင် နတ်ဘုရားများကြားတွင် ဖြစ်ပေါ်နေသည့် ပြဿနာပေါင်းစုံမှာ လျော့နည်းသွားမည် ဖြစ်သည်။
ထိုအချက်က ကျင့်ကြံသူလောကအတွက် ရေရှည်တွင် ကောင်းသည့် အချက်ဖြစ်လေသည်။ ကျင့်ကြံသူများအနေဖြင့် နတ်ဘုရားတစ်ပါးဖြစ်သွားခဲ့လျှင် ကျောထောက်နောက်ခံကောင်းသည့် နေထိုင်ရာ ကောင်းကင်ဘုံတစ်ခု အဆင်သင့် ရှိနေမည် ဖြစ်သည်။
ကံမကောင်းသည်မှာ မိုးကောင်းကင်ခုံရုံးကို ပြန်လည်တည်ဆောက်မည်ဆိုလျှင် သွေးနှင့်မီးများ ၊ တိုက်ပွဲများ ၊ ပေးဆပ်ရခြင်းများစွာကို ရှောင်ရှားနိုင်စွမ်း မရှိပေ။
ထို့ပြင် ဆန်းလျန်က နာမည်ကျော်ကြားသည့် နတ်ဘုရားများကိုလည်း စိန်ခေါ်ကာပညာပြိုင်ဦးမည်ဟု ဆိုခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူ့အမြင်အာရုံထဲမှအတိုင်း ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်များ လောကတွင် ဖြစ်ပေါ်လာတော့မည် ဖြစ်လေသည်။
သူ တွေးနေစဉ်မှာပင် ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည့်အတွက် သူက ဆန်းလျန်ကို လှမ်းကြည့်လိုက်သည့်အခါ သူ့ကို ပြုံးပြီးကြည့်နေသည့် ဆန်းလျန်ကို တွေ့လိုက်ရလေသည်။
ဆန်းလျန်၏အပြုံးကို တွေ့မြင်လိုက်ရသည့်အခါ ဟွေ့အန်းခရီးသည်မှာ များစွာ တုန်လှုပ်ခြောက်ခြားသွားရလေသည်။ သူ၏ အတွေးများကို ဆန်းလျန်က ထိုးဖောက်သိမြင်နေဟန် ရှိလေ၏။
ဆန်းလျန်က…
"မင်းက အမြဲတမ်း ဒီလိုမျိုးတွေ လျှောက်တွေးနေတတ်တာပဲလား ၊ ဒါပေမဲ့ ကျုပ်က မိုးကောင်းကင်ခုံရုံးကို ပြန်တည်ဆောက်မယ့်သူ မဟုတ်ပါဘူး ၊ ဒါကြောင့် မင်းတွေးသလို ဖြစ်လာမှာ မဟုတ်ဘူး…."
ဟွေ့အန်းခရီးသည်မှာ ချွေးစေးများပျံနေပြီး မည်သည့်စကားမှ ပြန်ပြောနိုင်ခြင်း မရှိပေ။
နောက်ဆိုလျှင် ဆန်းလျန်၏ ရှေ့တွင် ယခုကဲ့သို့ စိတ်လွတ်ကိုယ်လွတ် မတွေးမိစေရန် သတိထားရမည်ဟု ဆုံးဖြတ်ချက်ချလိုက်မိသည်။
ဆန်းလျန်က…
"မင်း စိတ်မပူပါနဲ့ ၊ ကျုပ် မင်းကို ဘာမှ မလုပ်ပါဘူး ၊ အနာဂတ်မှာ မင်းဘာတွေတွေးမလဲဆိုတာ ကျုပ်သိနိုင်မှာ မဟုတ်ပါဘူး…"
ဟွေ့အန်းခရီးသည်က သူ့ကံတရားကို လက်ခံလိုက်လေတော့သည်။
"ဒါက ထျန်းကျွင်းရဲ့ စိတ်ဆန္ဒအတိုင်းပါပဲ…"
ဟွေ့အန်းခရီးသည်က ဆန်းလျန်ကို ထျန်းကျွင်းဟုသာ ခေါ်လေသည်။ ဤသည်မှာ ဆန်းလျန်အပေါ် သူ၏လေးစားမှုကို ပြသခြင်း ဖြစ်လေ၏။
ထို့ပြင် ဆန်းလျန်သည် သာမန်တာ့လော်အဆင့် ကျင့်ကြံသူများထက် များစွာသာလွန်နေသည်ကိုလည်း သူ ခန့်မှန်းမိလေသည်။ ထို့ကြောင့် နောက်ဆုံးတော့ အားမတန် မာန်လျှော့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေ၏။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မင်း ကိစ္စတစ်ခုပဲ ကျုပ်အတွက် လုပ်ပေးပါ…"
ဆန်းလျန်က ဟွေ့အန်းခရီးသည်ကို ခက်ခက်ခဲခဲ ကိစ္စများ ခိုင်းခြင်းမဟုတ်ပေ။
ပိုင်ယွိကျင်းမြို့တော်တွင် နေထိုင်ရန် အိမ်တစ်လုံး ရှာခိုင်းခြင်း ဖြစ်လေသည်။ ဟွေ့အန်းခရီးသည်က ဆန်းလျန်အတွက် အိမ်တစ်လုံး အမြန်ရှာပေးလိုက်လေသည်။
ထိုနေရာမှာ အမှန်တော့ နတ်မိစ္ဆာဘုရင်တစ်ပါးနေထိုင်သည့်နေရာဖြစ်လေသည်။ သို့သော်… ထိုနတ်မိစ္ဆာဘုရင်သည် ဟွေ့အန်းခရီးသည်ကိုမြင်သည်နှင့် တစ်ချိုးတည်းလစ်ပြေးလေတော့ရာ အိမ်ကို လွယ်လွယ်ကူကူပင် ရလိုက်လေ၏။
နတ်မိစ္ဆာဘုရင်က သူ့ကိုတွေ့သည်နှင့် ထွက်ပြေးသွားသည့်အတွက် ဟွေ့အန်းခရီးသည်မှာ အနည်းငယ်ပင် ကြောင်အမ်းအမ်းဖြစ်သွားရလေသည်။
နောက်မှ စဉ်းစားမိသည်မှာ သူ၏ညီဖြစ်သူ ပင်လယ်သုံးခုသခင်နီကျားမှာ များပြားလှစွာသည့် နတ်မိစ္ဆာများကို လိုက်လံနှိမ်နင်းနေသည့်အတွက် နီကျား၏ အစ်ကိုဖြစ်သူ ဟွေ့အန်းခရီးသည်ကို တွေ့သည့်အခါ ထိတ်လန့်ပြီး တစ်ချိုးတည်း လစ်ပြေးခြင်း ဖြစ်လေသည်။
ထွက်ပြေးသည့်နတ်မိစ္ဆာဘုရင်မှာလည်း တကယ်တမ်းတွင် ခေသူတစ်ယောက် မဟုတ်ပေ။ သူက လက်ရှိအချိန်တွင် ချန်ပေသို ပြီးလျှင် ဒုတိယနာမည်ကျော်ကြားသူဖြစ်လေသည်။
ပင်လယ်သုံးခုသခင်နီကျား ယခုတလောအလွန်အမင်းနာမည်ကြီးနေရသည်မှာလည်း အကြောင်းရှိလေသည်။ သူက တာအိုဆရာသခင်ထိုက်ယီ တရားအလင်းရစဉ်က ပြုလုပ်ထားခဲ့သည့် ထာဝရဓားကို ရရှိထားသောကြောင့် ဖြစ်လေသည်။
တာအိုဆရာသခင်ထိုက်ယီက ထာဝရဓားကို သေခြင်းနှင်ရှင်ခြင်း (၂)မျိုးစလုံး နှင်းအပ်ထည့်သွင်းထားသည့်အတွက် ထိုဓားသည် သတ္တဝါများ၏ အသက်ကိုသတ်ဖြတ်နိုင်သလို အသက်ကိုလည်းကယ်တင်နိုင်သည်ဟု အဆိုရှိသည်။
သို့သော်… နီကျားလက်ထဲသို့ ထာဝရဓားရောက်ရှိသွားသည့်အချိန်မှစပြီး နတ်မိစ္ဆာများမှာ တရစပ်ပင် အသတ်ခံရလေတော့သည်။
သူ၏ဓားချက်ကို ခံနိုင်သည့် နတ်မိစ္ဆာဆို၍ လောကတွင် တစ်ယောက်မှ မရှိပေ။
ထို့ကြောင့် လောလောဆယ်အချိန်တွင် နတ်မိစ္ဆာများတွေးနေကြသည့်အတွေးမှာ နီကျားနှင့် ချန်ပေသို တိုက်ခိုက်ကြရန် ဖြစ်လေသည်။ ထိုအခါမှ ထာဝရဓားနှင့် မရဏဓားတွေ့ရှိကာ (၂)ဖက်စလုံး အထိနာသွားကြလျှင် ကောင်းလွန်းပေစွဟု ဆုတောင်းနေကြလေသည်။
သို့သော်… နီကျားနှင့် ချန်ပေသိုက ထိပ်တိုက်မတွေ့ကြရန် ညှိထားကြလေသလား ထင်မှတ်ရသည်။
တစ်ယောက်က တောင်သို့သွားလျှင် တစ်ယောက်က မြောက်သို့သွားလေသည်။ တစ်ယောက်က အရှေ့သို့သွားလျှင် တစ်ယောက်က အနောက်သို့သွားလေသည်။ ထို့ကြောင့် သူတို့ (၂)ယောက် မည်သည့်အခါမှ ထိပ်တိုက်တွေ့သည်ဟူ၍ မရှိတော့ပေ။
ဆန်းလျန်ကတော့ ပိုင်ယွိကျင်းမြို့တွင် အေးအေးဆေးဆေး နေထိုင်နေခဲ့လေသည်။
ပိုင်ယွိကျင်းမြို့တွင် နေထိုင်စဉ်အချိန်အတွင်း ဗျပ်စောင်းသံကို နေ့စဉ်နေ့တိုင်း ကြားနေရလေသည်။
သို့သော်… ဆန်းလျန်က မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ပေ။
လောလောဆယ်တွင်တော့ ဆန်းလျန်နေထိုင်သည့် အဆောင်တွင် လျှပ်စီးများလက်နေသည်ကို ထိုက်ယင်းနတ်သမီးရော ဟွေ့အန်းခရီးသည်ပါ တွေ့မြင်ကြရလေသည်။ တစ်ခါတရံ နတ်ဘုရားများနှင့် နတ်မိစ္ဆာများ အော်ဟစ်ငိုညည်းသည့်အသံများလည်း ကြားရလေ့ရှိလေသည်။
သို့သော်… ဆန်းလျန်၏ အဆောင်အတွင်းမှ မည်သူမှ အပြင်သို့ ထွက်လာခြင်း မရှိပေ။
ဘာများဖြစ်သည်လဲဆိုသည်ကို သူတို့ (၂)ယောက်လည်း သိချင်နေကြလေသည်။ သို့သော်… သူတို့ (၂)ယောက်လုံး ဆန်းလျန်နေထိုင်သည့် အဆောင်နားသို့ ကပ်၍မရနိုင်ရှိကြလေသည်။
ဆန်းလျန်နေထိုင်သည့်အဆောင်နှင့် နီးကပ်လာတိုင်း သတိလက်လွတ်ဖြစ်ကာ တွေဝေမိန်းမောသွားကြရပြီး နောက်ဆုံး ကိုယ်နေထိုင်သည့်နေရာသို့သာ ပြန်ရောက်လာကြရစမြဲ ဖြစ်လေသည်။
သူတို့သာ ဆန်းလျန်၏ အဆောင်ရှိရာသို့ ရောက်အောင်သွားနိုင်မည်ဆိုလျှင် အဆောင်အလယ်တည့်တည့်တွင် ထိုင်နေသည့် ဆန်းလျန်ကို တွေ့ကြရမည် ဖြစ်လေသည်။
သူ့ပတ်ပတ်လည်တွင် သွေးစများ ပျံ့ကျဲနေသည့်တိုင် သူ၏မျက်နှာကတော့ အေးဆေးတည်ငြိမ်နေလေသည်။ သူ့ပတ်ဝန်းကျင်မှ သွေးစများနှင့် သူ၏တည်ငြိမ်လွန်းသည့်မျက်နှာသည် ဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။
ထိုသွေးစများသည် ဆန်းလျန်၏ ခန္ဓာကိုယ်ထဲမှ စီးထွက်နေခြင်းဖြစ်ပြီး သွေးစက်တိုင်းတွင် ဒေါသထန်နေသည့် အငွေ့အသက်များပါဝင်လေသည်။
ဆန်းလျန် ဘာတွေများ လုပ်နေပါသနည်း။
အမှန်တော့ ဆန်းလျန်သည် ထူးခြားသည့်အဆင့်တစ်ခုသို့ ရောက်နေပြီဖြစ်လေသည်။ သူသည် အတ္တကို ချေဖျက်သည့်အဆင့်ကို ပြုလုပ်နေခြင်း ဖြစ်လေသည်။
လူတစ်ယောက် ကောင်းသည့်အလုပ်ကို ပြုလုပ်တော့မည်ဆိုလျှင် နတ်ဆိုးက နှောက်ယှက်တတ်သည်။
ထိုနတ်ဆိုးသည် အခြားနေရာမှ ရောက်လာသည့် နတ်ဆိုးမဟုတ်ပေ။ လူသားများ၏ နှလုံးသားထဲတွင်ပင် ရှိနေသည့် နတ်ဆိုးဖြစ်လေသည်။
အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ဆိုသော် လောကတွင် သက်ရှိသတ္တဝါတိုင်းသည် ကောင်းသည့်ဘက်ခြမ်းရှိသလို ဆိုးသည့်ဘက်ခြမ်းလည်း ရှိသည့်အတွက် ဖြစ်လေသည်။ နတ်ဘုရားလည်းဖြစ်နိုင်သလို နတ်ဆိုးလည်းဖြစ်နိုင်သည့် သဘောသဘာဝရှိလေသည်။
ဤသည်မှာ သက်ရှိတို့၏ ဖောက်ပြန်တတ်သည့် သဘာဝပင် ဖြစ်လေသည်။
ယခု ဆန်းလျန်သည် ဤသဘောသဘာဝကို ပြုပြင်ရန် ကြိုးစားနေသည့် အဆင့်ဖြစ်လေသည်။ ထိုအခါမှ သူ၏ နတ်ဘုရားခန္ဓာသည် ပိုပြီး မြင့်မြတ်သန့်စင်လာမည် ဖြစ်လေသည်။
ထို့ပြင် သူ၏ခန္ဓာကိုယ်မှ သွေးများထွက်နေသည်ကို ကြည့်ခြင်းအားဖြင့် သူသည် သံသရာကို မဖြတ်တောက်နိုင်သေးကြောင်း ထင်ရှားနေလေသည်။
သံသရာမပြတ်နိုင်သေးသရွေ့ ကံကြမ္မာအကျိုးပေးသည်ကို ခံစားရဦးမည်ဖြစ်လေသည်။ ထိုသို့ ကံကြမ္မာအကျိုးပေးနေသေးသရွေ့ အပြစ်တရားကို ခံစားနေရပေဦးမည်။
တာအိုဝါဒ ၊ ဗုဒ္ဓဘာသာ ၊ နတ်မိစ္ဆာဝါဒအားလုံးတွင် ကံတရားကို ဖြတ်တောက်နိုင်ရန်မှာ အခက်ခဲဆုံး ပင် ဖြစ်လေသည်။ ကံတရားအဆုံးသတ်ကာ သံသရာကိုဖြတ်တောက်ရန်အတွက် မည်သည့်တန်ခိုးစွမ်းအားကမှ ပြုလုပ်နိုင်ခြင်း မရှိပေ။
ဆန်းလျန်သည် ရှေ့လျှောက် ဖြစ်လာမည့် ရန်ပွဲများကို ကံတရား၏ ရှုတ်ထွေးမှုကြောင့်ပင် ရှောင်ရှားနိုင်မည် မဟုတ်ပေ။
လောကတွင် ကံတရားကို ဖြတ်တောက်ကာ သံသရာကိုကျော်လွန်သွားသူဆို၍ ဗုဒ္ဓနှင့် တာအိုဆရာသခင်ထိုက်ယီ (၂)ယောက်သာ ရှိလေသည်။ အခြား မည်သူမှ မရှိပေ။
ဆန်းလျန်သည် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ရေးထွင်းနိုင်လိမ့်မည်။ သို့သော် ကံကံ၏အကျိုးကတော့ ရုန်းထွက်နိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော်… သူသည် တာအိုဆရာသခင်ကြီးတစ်ပါး မဖြစ်သေးသောကြောင့် ဖြစ်လေသည်။
သူသည် ဟွင့်ယွမ်ဝူကျီအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်လေသည်။ ထို့ပြင် သူရရှိထားသည့် ဟွင့်ယွမ်ဝူကျီအဆင့်ကလည်း ပြီးပြည့်စုံခြင်း မရှိသေးပေ။
ယနေ့ည လမင်းသည် ကောင်းကင်၏အလယ်တည့်တည့်တွင် ထိန်ထိန်သာလျှက်ရှိလေသည်။ လေပြလေးကလည်း အေးမြစွာ တိုက်ခတ်လျှက်ရှိသည်။
ထိုအချိန်မှာပင်… ဆန်းလျန်၏ ပတ်ပတ်လည်မှ သွေးစက်များသည် ရုတ်တရက် ပျံသန်းထွက်ခွာသွားကြလေသည်။
ဆန်းလျန်၏ မျက်နှာထက်တွင် အပြုံးတစ်စ ဖြစ်တည်လာပြီး သူသည် လက်သည်းခွံထိပ်ဖျားလေးဖြင့် ထိုသွေးစက်များကို အသာအယာ ထိတွေ့ကြည့်လိုက်လေသည်။
ထိုအခါ… နတ်ဘုရားတောင်တစ်တောင် ပေါက်ကွဲထွက်သွားသည့်အလား ထိုသွေးစက်လေးသည် ဝုန်းခနဲ ပေါက်ကွဲထွက်သွားလေတော့သည်။
***