တုန်လှုပ်ဖွယ်ရာတိုက်ပွဲ
Vol. 9 Ch. 871
ဆန်းလျန်က လက်သည်းခွံထိပ်ဖျားလေးများဖြင့် သွေးစက်လေးများကို ထိတွေ့လိုက်သည့်အတွက် သွေးစက်လေးများ ပေါက်ကွဲထွက်သွားသည်နှင့်တစ်ပြိုင်နက် -
ပိုင်ယွိကျင်းမြို့တော်အရှေ့ဘက်ရှိ ချင်းဖုန်းနေထိုင်ရာ နတ်ဘုရားတောင်ကြီးမှာလည်း ပေါက်ကွဲထွက်သွားကာ တစ်စစီ ပျက်စီးသွားလေတော့သည်။
ထိုအချိန်မှာပင်… ခရမ်းရောင်အလင်းတန်းတစ်ခုနှင့် ရေကဲ့သို့ ကြည်လင်သည့်အလင်းတန်းတစ်ခုတို့သည် နတ်ဘုရားတောင်အတွင်းမှ ထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာလာလေသည်။
ထို့နောက် လရောင်ထိန်ထိန်လင်းနေသည့် ကောင်းကင်ထက်တွင် ပုံရိပ် (၂)ခု ပေါ်လာလေ၏။
သူတို့ (၂)ယောက်မှာ ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းနှင့် ချင်းဖုန်းနတ်ဘုရားတို့ပင် ဖြစ်လေသည်။
အမြဲတမ်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးရှိတတ်သည့် ချင်းဖုန်း၏ မျက်နှာထက်တွင်ပင် မယုံကြည်နိုင်သည့် အမူအရာများ ထင်ဟပ်နေသည်။
သူတို့ (၂)ယောက်လုံးသည် ကျင့်စဉ်လမ်းတွင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။
ယခုကဲ့သို့ အကြောင်းပြချက်မရှိဘဲ သူတို့နေထိုင်ရာ နတ်ဘုရားတောင်ကြီး ပေါက်ကွဲထွက်သွားသည်ကို ကြုံတွေ့လိုက်ရသည်မှာ သူတို့ဘဝတွင် တစ်ခါမှ မကြုံဖူးသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။
ကျီဝေးတိကျွင်းက "ဟွန့်" ခနဲ နှာခေါင်းတစ်ချက်ရှုံ့လိုက်လေသည်။
ထို "ဟွန့်" ဆိုသည့်အသံသည် ချက်ချင်းပင် ပိုင်ယွိကျင်းနတ်ဘုရားမြို့တော်ကြီးတစ်ခုလုံးကို ရိုက်ခတ်ပျံ့နှံ့သွားလေသည်။
နတ်မိစ္ဆာများ ၊ ဝိညာဉ်နတ်ဘုရားများသာမက အချို့သော အဆင့်မြင့်နတ်ဘုရားများမှာ အလင်းတန်းအဖြစ်ဖန်ဆင်းကာ မြို့တော်အတွင်းမှ ထွက်ပြေးရန် ဟန်ပြင်လိုက်ကြသော်လည်း ထွက်ပြေးနိုင်ခြင်း မရှိဘဲ နေရာတွင်ပင် လဲပြိုကျကာ ဒဏ်ရာရကုန်ကြလေသည်။
ထို "ဟွန့်" ဆိုသည့်အသံမှ တန်ခိုးစွမ်းအားကို ကာကွယ်ထားနိုင်သည့် နတ်ဘုရား အနည်းငယ်သာ ရှိလေသည်။ ထိုနတ်ဘုရားများကတော့ အလင်းရောင်စက်ဝန်းများဖြင့် အရံအတားဖန်ဆင်းကာ ကျီဝေးတိကျွင်း၏ အသံကို ခုခံထားခဲ့ကြလေသည်။
သို့သော်… ထိုနတ်ဘုရားများက ကာကွယ်မှုကို ခဏသာ ပြုလုပ်ထားခဲ့ကြပြီး အနည်းငယ် အခြေအနေတည်ငြိမ်သွားသည်နှင့် ပိုင်ယွိကျင်းမြို့တော်ထဲမှ ချက်ချင်း ထွက်ခွာသွားကြလေတော့သည်။
ထိုသို့ထွက်ခွာသွားကြခြင်းမှာ စောစောက မြို့တော်အရှေ့ပိုင်းမှ နတ်ဘုရားတောင်ကြီး ပေါက်ကွဲသွားခြင်းသည် သူတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း သက်သေပြလိုက်ကြခြင်းပင် ဖြစ်လေသည်။
သို့သော်… ကျောက်စိမ်းရောင်အလင်းတန်းများ လင်းဖြာနေသည့် နေရာတစ်ခုမှာ နတ်ဘုရားတစ်ပါးကတော့ မြို့တော်အတွင်းမှ ထွက်ခွာသွားခြင်းမရှိပေ။
ကျီဝေးတိကျွင်းက ထိုနေရာကို လက်ညှိုးတစ်ချက်ညွှန်ပြလိုက်ပြီး…
"ချင်းဖုန်းနတ်ဘုရား… မင်းက ပိုင်ယွိကျင်းမြို့တော်မှာ နေတာကြာပြီဆိုတော့ အဲဒီနေရာမှာ ဘယ်သူနေတာလဲ သိသလား…"
ချင်းဖုန်းက…
"အရင်က အဲဒီနေရာမှာ နတ်မိစ္ဆာဘုရင်တစ်ပါးနေတယ် ၊ ဒါပေမဲ့ သူ့ရဲ့ကျင့်စဉ်လမ်းအဆင့်က သိပ်ပြီး အဆင့်မမြင့်လှပါဘူး ၊ အခုတော့ ဘယ်သူနေလဲ မသိဘူး…"
ကျီဝေးတိကျွင်းက အေးစက်စွာဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"နတ်ဘုရားတောင် ပြိုကျအောင် သူလုပ်လိုက်တာ…"
ချင်းဖုန်းက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
"ကျုပ်တို့ သွားကြည့်ရအောင်…"
သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် မည်သူ့ကိုမှ ကြောက်စရာမရှိပေ။
သူတို့ (၂)ယောက် ပူးပေါင်းလိုက်မည်ဆိုလျှင် မိုးနတ်မင်းကိုတောင် ရင်ဆိုင်နိုင်မည်ဖြစ်လေသည်။
ကောင်းကင်ထက်ရှိ တောက်ပနေသည့် ကြယ်စင်များအကြားတွင် ခရမ်းရောင်အလင်းတန်းနှင့် ရေကဲ့သို့ကြည်လင်သည့် အလင်းတန်းတစ်ခု ဖြတ်သန်းသွားကြပြီး ကျောက်စိမ်းရောင်ခြည်များလင်းဖြာနေသည့် ဆန်းလျန်နေထိုင်သည့် နေရာသို့ရောက်သည့်အခါ အလင်းတန်း (၂)ခုက ဆင်းသက်လိုက်ကြလေသည်။
ခရမ်းရောင်အလင်းတန်းက ကျီဝေးတိကျွင်းအဖြစ်ပြောင်းလဲသွားပြီး တိတ်ဆိတ်တည်ငြိမ်သည့်မျက်ဝန်းများဖြင့် ကျောက်စိမ်းရောင်တောက်ပနေသည့်နေရာကို စိုက်ကြည့်နေလေသည်။
ချင်းဖုန်းကတော့ တိတ်ဆိတ်ငြိမ်သက်နေလေ၏။ သူ့ထံမှ အသက်ရှူသံပင်ကြားရခြင်းမရှိဘဲ သူ့ပုံစံက အိပ်မက်ဆန်လွန်းလှသည်။
ကျီဝေးတိကျွင်းသည် လောကတွင် မည်သူနှင့်မှ နှိုင်းယှဉ်မရအောင် ခမ်းနားလှသည့် နတ်ဘုရားတစ်ပါးဖြစ်သည်ဆိုလျှင် ချင်းဖုန်းကတော့ အခြားလောကတစ်ခုမှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရလေသည်။
သူတို့ (၂)ယောက်၏ မတူညီသော တန်ခိုးစွမ်းအား (၂)ခုသည် ထိုက်ချိယင်ယန်ကဲ့သို့ တစ်သားတည်း ပေါင်းစပ်သွားကြလေသည်။
သူတို့ (၂)ယောက်၏ တန်ခိုးစွမ်းအားများ ပေါင်းစပ်နိုင်ခြင်းမှာ အံ့သြစရာမရှိပေ။
အဘယ်ကြောင့်ဆိုသော် ကျီဝေးတိကျွင်းက ဓားသူတော်စင်ကျီဝေးဟုခေါ်သည့် ကျီဝေးဧကရာဇ်၏ မူလဝိညာဉ်သင်္ကေတကို ယူဆောင်ထားသူဖြစ်ပြီး ချင်းဖုန်းကတော့ ချင်းတိဧကရာဇ်၏ ဉာဏ်စဉ်တစ်ခု ဖြစ်လေသည်။
ဓားသူတော်စင်ကျီဝေးနှင့် ချင်းတိဧကရာဇ်တို့မှာ အလွန်ရင်းနှီးကြခြင်း မရှိသည့်တိုင် ခေတ်ပြိုင်ပေါ်ထွက်ခဲ့ကြသူများဖြစ်သည့်အတွက် နီးစပ်သူများ ဖြစ်ကြလေသည်။
ထို့ပြင် သူတို့ (၂)ယောက်သည် တစ်ယောက်ကိုတစ်ယောက် အချိန်ကြာမြင့်စွာ သိရှိခဲ့ကြသည့်အတွက် သူတို့ (၂)ယောက်၏ ဝိညာဉ်သင်္ကေတများကိုဆောင်ယူထားသည့် ကျီဝေးတိကျွင်းနှင့် ချင်းဖုန်းတို့၏ တန်ခိုးစွမ်းအားများက သိသာထင်ရှားစွာ ပေါင်းစပ်သွားနိုင်ကြခြင်း ဖြစ်သည်။
ကျီဝေးတိကျွင်းနှင့် ချင်းဖုန်းနတ်ဘုရားတို့ ရောက်လာကြသည်နှင့် ဆန်းလျန်က မှေးမှိတ်ထားသည့်မျက်ဝန်းများကို အေးအေးဆေးဆေးပင် ဖွင့်ကြည့်လိုက်လေသည်။
သူ့ပတ်ဝန်းကျင်မှ သွေးစက်များက ရုတ်တရက်ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်ကတော့ ကျောက်စိမ်းရတနာအလား ဖြူစင်လင်းလက်လျှက်ရှိသည်။
သူ့ထံတွင် အကြောက်တရားဆို၍ စိုးစဉ်းမျှ မတွေ့ရပေ။
ထိုအချိန်မှာပင်… ဆန်းလျန်ရှိနေသည့် အဆောင်ငယ်တံခါး ရုတ်တရက်ပွင့်သွားပြီး ထိုက်ယင်းနတ်သမီးနှင့် ဟွေ့အန်းခရီးသည်တို့ ဝင်ရောက်လာကြလေသည်။
သူတို့၏ မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နက်နေလေသည်။ ကျီဝေးတိကျွင်းနှင့် ချင်းဖုန်းနတ်ဘုရားတို့၏ ကြီးမားလှသည့် တန်ခိုးစွမ်းအားများက သူတို့ကို စိတ်မသက်မသာ ဖြစ်စေသည်။
ဆန်းလျန်က…
"မင်းတို့ ထွက်သွားကြ…"
ဆန်းလျန်၏စကားကြောင့် ထိုက်ယင်းနတ်သမီးနှင့် ဟွေ့အန်းခရီးသည်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော်… ထွက်ခွာသွားရန်တော့ အနည်းငယ်တုံ့ဆိုင်းနေမိကြသည်။
ထိုအချိန်မှာပင်…
အဆောင်ငယ်တံခါးဝဆီမှ ခြင်္သေ့ဟိန်းသံအလား အသံနက်ကြီးတစ်သံ ထွက်ပေါ်လာပြီး လောကတစ်ခုလုံးကို ပျက်စီးသွားစေနိုင်သည့် ခရမ်းရောင်အလင်းတန်းတစ်ခုသည် ဒီရေအလား ပြင်းထန်လွန်းသည့်အရှိန်ဖြင့် အပြင်ဘက်မှ ဝင်ရောက်လာလေတော့သည်။
ခရမ်းရောင်အလင်းတန်က ကျီဝေးတိကျွင်းအဖြစ် အသွင်ပြောင်းသွားလေသည်။
သူက ထိုက်ယင်းနတ်သမီးနှင့် ဟွေ့အန်းခရီးသည်တို့ကို တွေ့မြင်လိုက်သည်နှင့်…
"မင်းက လီအိမ်တော်က မဟုတ်လား ၊ ဒီ… မိန်းကလေးကတော့ ကွမ်ဟန်နန်းတော်က တပည့်တစ်ယောက်ပဲ ၊ မင်းတို့ ဘာလို့ ဒီမှာရောက်နေကြတာလဲ…"
ဟွေ့အန်းခရီးသည်၏ နောက်ခံက အနည်းငယ် ရှုတ်ထွေးလေသည်။
သူက ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့်လည်း ပတ်သက်မှုရှိသူဖြစ်သည်။ သူက တာအိုကျင့်စဉ်များကို ကျင့်ကြံသော်လည်း ဗုဒ္ဓဘာသာမှ မြင့်မြတ်သည့် ဗောဓိသကျတစ်ပါးဖြစ်သည့် ဖူရှန်မယ်တော်၏ တစ်ဦးတည်းသောတပည့်လည်း ဖြစ်လေသည်။
ထို့ကြောင့် ဟွေ့အန်းခရီးသည်မှာ နောက်ခံအဆင့်အတန်း နိမ့်ပါးခြင်းမရှိသည့် ဂုဏ်သရေရှိ ကျင့်ကြံသူတစ်ယောက် ဖြစ်လေ၏။
ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့်ရော ဗုဒ္ဓဘာသာနှင့်ပါ ပတ်သက်နေသူတစ်ယောက်ကို သတ်ဖြတ်ပစ်ရန်မှာ ကျီဝေးတိကျွင်းအနေဖြင့် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
ထို့ပြင် သူ့ကို ပိုပြီး အံ့သြသွားစေသည်မှာ ကွမ်ဟန်နန်းတော်မှ တပည့်ဖြစ်သူတစ်ယောက်ကလည်း ဤကိစ္စတွင် ပါဝင်ပတ်သက်နေခြင်း ဖြစ်လေသည်။ ထိုအချက်က သူ့ကို အနည်းငယ် ခေါင်းခဲစေသည်။
လနတ်သမီးချန်ဝေါ် (ဟန်အယ်)သည် အလွန်တရာကြောက်မက်ဖွယ်ရာကောင်းသူတစ်ယောက်ဖြစ်ကြောင်း ကျီဝေးတိကျွင်း ကောင်းကောင်းသိထားလေသည်။
သူတို့ (၂)ယောက် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ဖူးကြခြင်း မရှိသည့်တိုင် တန်ခိုးစွမ်းအားအရာတွင် ချန်ဝေါ်နှင့်သူက မတိမ်းမယိမ်းဖြစ်ကြောင်းကို သိရှိထားသည်။
ထိုက်ယင်းနတ်သမီးက သူ့ရှေ့မှ ကျီဝေးတိကျွင်းကို စိုက်ကြည့်နေလေသည်။
ထိုသူက ခမ်းနားလွန်းသည့် ဧကရာဇ်အဝတ်အစားကို ဝတ်ဆင်ထားပြီး မြင်သည်နှင့်ပင် ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းဖြစ်ရမည်ဟု သူမက ခန့်မှန်းလိုက်မိသည်။
သို့သော်… သူမလာခဲ့သည့် အနာဂတ်နှစ်ပေါင်းတစ်သောင်းကျော်အချိန်တွင် ကျီဝေးတိကျွင်းသည် လောကတွင် တည်ရှိမနေခဲ့တော့ပေ။
ထိုသူသည် အတိတ်ကာလကတည်းက ကျဆုံးသွားခဲ့ဟန် ရှိလေသည်။
ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိသည့်အခါ သူမ နှလုံးသား ပွင့်ထွက်သွားမတတ် ခံစားလိုက်ရသည်။
"ကျီဝေးတိကျွင်းသည် ယနေ့ည ဆန်းလျန်၏လက်ချက်ဖြင့် ကျဆုံးသွားလေမည်လား" ဟု စဉ်းစားလိုက်မိသောကြောင့် ဖြစ်သည်။
ထိုက်ယင်းနတ်သမီး၏စိတ်ထဲတွင် ကျီဝေးတိကျွင်းကို သနားသွားမိလေသည်။ တန်ခိုးစွမ်းအား အလွန်တရာ မြင့်မားသူတစ်ယောက် ဖြစ်လင့်ကစား ယနေ့ည သေရတော့မည်ကိုတော့ ထိုသူသည် မသိရှာပါလေတကား။
ဟွေ့အန်းခရီးသည်ကတော့ ထိုက်ယင်းနတ်သမီးကဲ့သို့ အနာဂတ်မှလာခဲ့သူ မဟုတ်သည့်အတွက် သိပ်ပြီးများများစားစား သိရှိခြင်း မရှိပေ။
သူက ကျီဝေးတိကျွင်းကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း…
"ကျွန်တော်တို့လို နောက်ပိုင်းမျိုးဆက်တွေ တိကျွင်းကို တွေ့ခွင့်ရတာ ဝမ်းသာမိပါတယ် ၊ အခု ကျွန်တော်က ဆန်းလျန်ထျန်းကျွင်းလက်အောက်မှာ အလုပ်လုပ်နေပါတယ်…."
ချင်းဖုန်းက ဟွေ့အန်းခရီးသည်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်က ထိုက်ယင်းနတ်သမီးဆီသို့ ရောက်ရှိသွားလေသည်။
ထို့နောက် သူ့အကြည့်က ဆန်းလျန်ဆီတွင် ရပ်တန့်သွားပြီး….
"ဟေ့… မင်းက တာအိုဆရာသခင်ယွမ်ချင်းရဲ့ မျိုးဆက်တပည့်မဟုတ်လား…"
ဟု မေးလိုက်လေသည်။
ချင်းဖုန်း၏ အမေးကြောင့် ကျီဝေးတိကျွင်း၏ မျက်နှာထက်တွင် အလွန်အမင်းအံ့သြသွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာလေ၏။
ထို့နောက် သူက…
"ဟုတ်လား…"
ဟု ယောင်ယောင်ဝါးဝါးဖြင့် ထပ်မံ မေးမြန်းလိုက်မိသည်။
ဆန်းလျန်က ချင်းဖုန်းကို ကြည့်လိုက်ပြီး…
"ဒီက မိတ်ဆွေက ဝူကျွမ်းကျောင်းတော်က တာအိုလူငယ်လေး ချင်းဖုန်းမဟုတ်လား ၊ ခင်ဗျားက တကယ်တော်တဲ့သူ တစ်ယောက်ပါပဲ ၊ ခင်ဗျားကို မြင်တာနဲ့ ဝူကျွမ်းကျောင်းတော်က ဆရာသခင်က ဘယ်လောက်တန်ခိုးစွမ်းအား မြင့်မားမလဲဆိုတာ ခန့်မှန်းမိနိုင်ပါတယ်…."
ဆန်းလျန်၏ပုံစံက ပေါ့ပေါ့ပါးပါးပင်ဖြစ်ပြီး သူ့အသံက စိမ်းပြာရောင်ကျောက်သားကို ရိုက်ခတ်နေသည့် စမ်းချောင်းလေးစီးဆင်းသံအလား ကြည်လင်လွန်းလှသည်။
ကျီဝေးတိကျွင်းက…
"အခုမှတော့ မိတ်ဆက်မနေနဲ့တော့ ၊ ကျုပ်တို့တွေ မိတ်ဆွေဖွဲ့ဖို့ သိပ်နောက်ကျသွားပြီ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"တိကျွင်းက သောက်ပိုတွေတော်တော်ပြောတာပဲ…"
ကျီဝေးတိကျွင်းဘဝတွင် ထိုသို့သော စော်ကားသည့်စကားမျိုးကို တစ်ခါမှ အပြောမခံခဲ့ရဖူးပေ။
ထို့ကြောင့် သူ့ဒေါသကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ဆန်းလျန်ကို လက်သီးဖြင့် ထိုးချလိုက်လေတော့သည်။
ဒေါသထွက်နေသည့်အတွက် လက်သီးချက်ကလည်း ပြင်းထန်လွန်းလှသည်။ လက်သီးက ဆန်းလျန်ရှိရာသို့ တန်းတန်းမတ်မတ်ဝင်ရောက်သွားပြီး သူ၏ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လျှက်ရှိလေသည်။
ဒေါသကြောင့် သူ၏ကိုယ်ထဲမှ သွေးများမှာ ဆူပွက်နေပြီး မျက်စံများမှာလည်း ခရမ်းရောင်တောက်ပလျှက် ရှိသည်။
ဟွေ့အန်းခရီးသည်နှင့် ထိုက်ယင်းနတ်သမီးတို့မှာ ကျီဝေးတိကျွင်း၏ တန်ခိုးစွမ်းအားများကို မခံမရပ်နိုင်ဖြစ်ကာ တစ်ကိုယ်လုံး တုန်ယင်လာကြပြီး သတိလစ်မေ့မျောလုမတတ်ပင် ဖြစ်သွားကြရသည်။
သူတို့က အလျှင်အမြန်ပင် အဝေးတစ်နေရာသို့ ဆုတ်ခွာသွားလိုက်ကြလေသည်။ မဟုတ်ပါက သူတို့ခန္ဓာကိုယ်များ ပေါက်ကွဲထွက်ကုန်ပေလိမ့်မည်။
သို့သော်… သူတို့က ပိုင်ယွိကျင်းမြို့တော်အတွင်းမှ ထွက်ခွာမသွားကြပေ။ အနည်းငယ် ခံနိုင်ရည်ရှိသည့်နေရာတစ်နေရာတွင် ရပ်နေပြီး တိုက်ပွဲကို ကြည့်နေကြလေသည်။
သူတို့ (၂)ယောက်လုံးက အဆင့်မြင့်ကျင့်ကြံသူများဖြစ်ကြလေရာ ယခုကဲ့သို့သော တိုက်ပွဲမျိုးကို တွေ့မြင်ခွင့်ရသည်မှာ အနာဂတ်တွင် သူတို့အတွက် များစွာအကျိုးရှိနိုင်သည်။ ထို့ကြောင့် သူတို့က အခွင့်အရေးကို လက်လွှတ်မခံလိုကြခြင်း ဖြစ်သည်။
ကျီဝေးတိကျွင်း၏ လက်သီးချက်က လျှင်မြန်ခြင်းမရှိပေ။ သို့သော် အလွန်စွမ်းအားပြင်းထန်လေသည်။
ညကောင်းကင်တစ်ခွင်လုံးရှိ ကြယ်စင်များပင် အရောင်များ မှေးမှိန်သွားကြရသည်။
အဘယ်ကြောင့်ဆိုသော် ကျီဝေးတိကျွင်း၏ လက်သီးစွမ်းအားက ကြယ်စင်များထံမှ စွမ်းအားများကို စုပ်ယူလိုက်သောကြောင့် ဖြစ်လေသည်။
ဆန်းလျန်က မလှုပ်မယှက်ရပ်နေရင်းဖြင့်ပင် ကျီဝေးတိကျွင်း၏ လက်သီးချက်ကို တန်ပြန်လက်သီးချက်တစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်။
ဆန်းလျန်၏ လက်သီးချက်မှ တန်ခိုးစွမ်းအားများက စကြာဝဠာတစ်ခုလုံးကို စုပ်ယူပစ်လိုက်ပြီး ကျီဝေးတိကျွင်း၏ လက်သီးချက်ဖြင့် တိုက်ရိုက်တွေ့ဆုံသွားလေသည်။
အဆင့်လွန် သဘာဝလွန်တန်ခိုးစွမ်းအား (၂)ခု ထိပ်တိုက်တွေ့ကြပြီ ဖြစ်သည်။
ဆန်းလျန်၏ လက်သီးချက်က တည်ငြိမ်ပြီး ကျီဝေးတိကျွင်း၏ လက်သီးချက်ကဲ့သို့ ဒေါသကို အခြေခံသည့် လက်သီးချက် မဟုတ်ပေ။
ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ပိုင်ယွိကျင်းနတ်ဘုရားမြို့တော်ကြီးတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တုန်လှုပ်သွားလေသည်။ မြို့တော်၏ မြင်ကွင်းတစ်ခုလုံးမှာ ကမ္ဘာပျက်သည့်အလား ဖြစ်လေသည်။
သမိုုင်းအဆက်ဆက် နာမည်ကျော်ကြားခဲ့လေသည့် ပိုင်ယွိကျင်းနတ်ဘုရားမြို့တော်ကြီးသည် ကျီးဝေးတိကျွင်းနှင့် ဆန်းလျန်တို့၏ တိုက်ပွဲကြောင့် တစ်စစီ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရပေတော့မည်။
ရွှီးမီစန်းတောင် မည်သည့်အခါမှ ရွေ့လျားခြင်း မရှိသလို ဆန်းလျန်သည်လည်း တစ်ချက်ကလေးပင် ရွေ့လျားသွားခြင်း မရှိပေ။
ကျီဝေးတိကျွင်း၏ မျက်ဝန်းများကတော့ မယုံကြည်နိုင်မှုများဖြင့် ပြည့်နေပြီး သူ၏ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထုတ်လိုက်လေသည်။
ကျီဝေးတိကျွင်း အန်ချလိုက်သည့်သွေးများက လေထုထဲတွင် ပျံ့ကျဲသွားပြီး မီးရှူးမီးပန်းများအလား ပေါက်ကွဲထွက်သွားလေသည်။
သွေးစများ ပေါက်ကွဲထွက်ရသည့်အကြောင်းရင်းမှာ ဆန်းလျန်၏ လက်သီးချက်မှ ကျန်ရှိနေသည့် တန်ခိုးစွမ်းအားများကို ခံနိုင်ရည် မရှိသောကြောင့် ဖြစ်လေသည်။
ကျီဝေးတိကျွင်းရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်သွားမိလေသည်။
သူ့ရင်ထဲတွင် လွှမ်းမိုးလာသည့် အကြောက်တရားကို မည်သူမှ နားလည်နိုင်မည် မဟုတ်ပေ။
ထိုအချိန်မှာပင် ချင်းဖုန်းက သူ၏အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ အင်္ကျီလက်က မာကျောလွန်းသည့် သံချောင်းတစ်ချောင်းအဖြစ်ပြောင်းလဲသွားပြီး ဆန်းလျန်ရှိရာသို့ ထိုးစိုက်ချလိုက်လေတော့သည်။
ထိုတိုက်ကွက်တွင် ချင်းဖုန်းနတ်ဘုရား၏ ခန့်မှန်းရခက်သည့် တာအိုစွမ်းအားများကို တွေ့မြင်နိုင်လေသည်။
အဘယ်ကြောင့်ဆိုသော်… သူ တိုက်ခိုက်လိုက်သည့်အချိန်သည် ဆန်းလျန်၏ လက်သီးချက်ှ တန်ခိုးစွမ်းအား ပျက်ပြယ်သွားပြီး နောက်ထပ်တန်ခိုးစွမ်းအားတစ်ခု ထပ်မံအသုံးမပြုမီ စပ်ကြားအချိန်ကို အချိန်ကိုက်တိုက်ခိုကိုက်ခြင်း ဖြစ်လေသည်။
ထို့ပြင် ချင်းဖုန်း၏ တိုက်ခိုက်မှုသည် မထင်မှတ်သည့် တိုက်ခိုက်မှုဖြစ်ပြီး မည်သည့်နည်းနှင့်မှ ကြိုတင်မှန်းဆရန် မဖြစ်နိုင်သည့် တိုက်ကွက် ဖြစ်လေသည်။
***