ကျဆုံးခဲ့လေသောကျီဝေးတိကျွင်း
Vol. 9 Ch. 872
ချင်းဖုန်းနတ်ဘုရားက ဆန်းလျန်ကို တိုက်ခိုက်လိုက်သည့်အတွက် ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်း ချက်ချင်း သတိပြန်ဝင်လာလေသည်။
သူ့စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် ကြောက်စိတ်များကို ချက်ချင်းဖိနှိပ်လိုက်ပြီး သူက ဧကရာဇ်တစ်ပါး၏ ခမ်းနားမှုမျိုးဖြင့် ခေါင်းကို မော့လိုက်သည်။ သူ၏ ရှည်လျားသည့် ဆံနွယ်များသည် ခရမ်းရောင်အခိုးအငွေ့များနှင့်အတူ လေထဲတွင် လွင့်ပျံလျှက် ရှိလေသည်။
လေထုထဲတွင် ကြိုးမျှင်ပေါင်း (၃၀၀၀)ကျော် ထွက်ပေါ်လာပြီး ပိုင်ယွိကျင်းမြို့တော်တစ်ခုလုံးကို ကွန်ယက်တစ်ခုအလား ပိတ်ဆို့ထားလိုက်လေသည်။
ကျီဝေးတိကျွင်း၏ ကျင့်ကြံခြင်းအဆင့်မှာ အံ့မခန်းပင် ဖြစ်လေသည်။ သူ၏ ဆံချည်တစ်မျှင်ချင်းစီတိုင်းသည် ပြိုင်ဘက်ကင်းသည့် ဝိညာဉ်စွမ်းအား လက်နက်များအလား လေထုတစ်ခုလုံးကို ပိတ်ဆို့ထားလေသည်။
ထိုသို့ ပိတ်ဆို့ထားလိုက်သည့်အတွက် ပိုင်ယွိကျင်းမြို့တော်အတွင်းမှ တိုက်ပွဲကို မြို့တော်အပြင်ဘက်မှ လူအများ သိမြင်နိုင်ခြင်းရှိတော့မည် မဟုတ်ပေ။
ချင်းဖုန်းနတ်ဘုရား၏ တိုက်ခိုက်မှုကလည်း မုန်တိုင်းတစ်ခုအလားဖြစ်လေရာ ကျီဝေးတိကျွင်းထံမှ တန်ခိုးစွမ်းအားများသည် ချင်းဖုန်းနတ်ဘုရား၏တိုက်ခိုက်မှုနှင့် တစ်သားတည်းပေါင်းစပ်သွားလေသည်။
ထိုအချိန်မှာပင်… ကျီဝေးတိကျွင်းက သူ့ရှေ့မှ ဆန်းလျန်ကို သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏ တန်ခိုးစွမ်းအားများက အဆုံးမရှိ မြင့်တက်လာလေသည်။ သူ့ပတ်ဝန်းကျင်တွင် ကြယ်စင်များပင် ထွက်ပေါ်လာလေသည်။
သူသည် ချက်ချင်းပင် မိုးကောင်းကင်ကိုစောင့်ရှောက်သည့် ကြယ်စင်နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားလေသည်။
ကျီဝေးတိကျွင်းထံမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ မိစ္ဆာဆန်လွန်းသည့် တန်ခိုးစွမ်းအားများက ဆန်းလျန်ကို ကြီးမားသည့် ဖိအားကြီးတစ်ခုအဖြစ် ဖိနှိပ်ထားလိုက်သည်။
သို့သော်… ဆန်းလျန်၏ ပုံစံကတော့ ကျီဝေးတိကျွင်းကို အရေးမစိုက်သည့်အလား ပေါ့ပေါ့ပါးပါးပင် ဖြစ်လေသည်။
ထို့ပြင်… သူ့ထံသို့ ဝင်ရောက်လာသည့် ချင်းဖုန်းနတ်ဘုရား၏ အင်္ကျီလက်မှ ပြောင်းလဲသွားသည့် သံမဏိတုတ်ကြောင့် ဆန်းလျန်က နောက်ဆုတ်သွားခြင်း မရှိပေ။
နောက်မဆုတ်သည့်အပြင် ရှေ့သို့ပင် ခြေတစ်လှမ်းတိုးလိုက်လေသည်။
ထိုခြေတစ်လှမ်းက တောင်နှင့်မြစ်များကိုသာမက စကြာဝဠာတစ်ခုလုံးကိုပါ ပြိုကျပျက်စီးသွားစေတော့မည့်အလား တန်ခိုးစွမ်းအားမြင့်မားလွန်းလှသည်။ ဆန်းလျန်၏ ခြေလှမ်းတစ်လှမ်းကပင် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ကို ဖော်ပြနေလေသည်။
ထို့နောက် ဆန်းလျန်က လက် (၂)ဖက်ကို လှုပ်ရှားလိုက်ပြီး ရင်ပတ်ထက်တွင် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။ ဆန်းလျန်၏ လက်များမှ သွေးနီရောင်လွှမ်းနေသည့် တာအိုသင်္ကေတ တစ်ခုထွက်ပေါ်လာလေသည်။
ထိုသွေးနီရောင်တာအိုသင်္ကေတက သံမဏိတုတ်ချောင်းအဖြစ်အသွင်ပြောင်းထားသည့် ချင်းဖုန်းနတ်ဘုရား၏ အင်္ကျီလက်ကို ရစ်ပတ်သွားလေသည်။
ထို့နောက်… အလွန်အမင်းတောက်ပသည့် သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ပိုင်ယွိကျင်းမြို့တော်ကြီးတစ်ခုလုံး အက်ကွဲသွားလေသည်။ မြို့တော်အတွင်းမှ ရှေးဟောင်းအဆောက်အဦကြီးများ တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးသွားပြီး အပျက်အစီးများမှာ နေရာအနှံ့ ပျံ့ကျဲလျှက် ရှိလေ၏။
ဆန်းလျန်နှင့် ချင်းဖုန်းတို့ (၂)ယောက်၏ အလယ်ဗဟိုတွင် မမြင်ရသည့် ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအား မုန်တိုင်းကြီးတ်စခု ဖြစ်ပေါ်လာပြီး ထိုမုန်တိုင်းကြီးက အရာအားလုံးကို ဖျက်စီးပစ်နိုင်စွမ်း ရှိလေသည်။
ပိုင်ယွိကျင်းမြို့တော် မပျက်စီးစေရန် စီရင်ထားသည့် အစီအရင်အရံအတား သင်္ကေတများထွက်ပေါ်လာပြီး မြို့တော်၏ မြေပြင်တစ်ခုလုံးမှ အလင်းရောင်များ ထွက်ပေါ်လာလေသည်။ အလင်းရောင်များအတွင်းတွင် အင်းသင်္ကေတများလှည့်ပတ်နေပြီး မရေမတွက်နိုင်သည့် တွင်းနက်ငယ်များအဖြစ် ပြောင်းလဲသွားလေသည်။
ထိုတွင်းနက်ငယ်များက ကြောက်မက်ဖွယ်ရာ တိုက်ပွဲကြောင့် ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများကို တမဟုတ်ချင်း စုပ်ယူပစ်လိုက်လေသည်။
ထိုက်ယင်းနတ်သမီးနှင့် ဟွေ့အန်းခရီးသည်တို့မှာလည်း သွေးများ အန်ထုတ်လိုက်ကြလေသည်။
ပြင်ပမှ တန်ခိုးစွမ်းအားများကို သူတို့၏ ကိုယ်တွင်းမှ တန်ခိုးစွမ်းအားများဖြင့် ကာကွယ်ထားရသည့်အတွက် ထိုသို့ သွေးများ အန်ထုတ်လိုက်ကြရခြင်း ဖြစ်လေသည်။
ကြီးမားသည့် တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီးကြောင့် ချင်းဖုန်းနတ်ဘုရား၏ အင်္ကျီလက်မှာ အမှုန့်ဖြစ်သွားပြီး သူ၏ ဖြူစင်သည့် လက်မောင်းအသားအရေကိုပင် မြင်တွေ့ကြရသည်။
ထို့နောက်… သူ၏ ပါးစပ်မှ အနက်ရောင်သွေးများ အန်ချလိုက်သည်။
ဆန်းလျန်ကတော့ ထာဝရတည်ရှိနေသည့် နတ်ဘုရားတစ်ပါးအလား တစ်ချက်လေးပင် ရွေ့လျားသွားခြင်းမရှိပေ။
ဆန်းလျန်က ချင်းဖုန်းနတ်ဘုရားနှင့် ကျီဝေးတိကျွင်းတို့၏ မျက်နှာချင်းဆိုင်တွင် ရေပြင်ညီတစ်တန်းတည်း မတ်တတ်ရပ်နေခြင်း ဖြစ်သော်လည်း သူတို့၏ စိတ်ထဲတွင် ဆန်းလျန်က သူတို့ကို အထက်စီးမှ ငုံ့ကြည့်နေသလို ခံစားနေကြရလေသည်။
သူတို့သည် ဆန်းလျန်၏ ရှေ့တွင် သေးနုပ်သိမ်ငယ်သူများအလား ဖြစ်နေကြပြီး ဆန်းလျန်၏ မြင့်မြတ်ခြင်းများက သူတို့ကို အလွန်အမင်းစိတ်မသက်မသာ ဖြစ်စေပြီး ကြောက်ရွံ့တုန်လှုပ်လာစေလေသည်။
ဆန်းလျန်က အေးစက်သည့်လေသံဖြင့်…
"ကျုပ် အခု စပြီးတိုက်ခိုက်တော့မယ်…"
ဟု ပြောလိုက်လေသည်။
ဆန်းလျန်၏ အသံကို ကြားသည်နှင့် ချင်းဖုန်းနတ်ဘုရားမှ ဆံစမှ ခြေဖျားအထိ တစ်ကိုယ်လုံး အေးစိမ့်သွားလေသည်။ ဆိုးဝါးသည့် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပျက်လာတော့မည်ကို သူ့စိတ်ထဲမှ အလိုလို သိရှိနေမိသည်။
ဆန်းလျန်၏ စကားဆုံးသွားသည်နှင့် သူက လက်နှစ်ဖက်ကို ရင်ပတ်နေရာတွင် ယှက်လိုက်လေသည်။ ထိုအခါ ဆန်းလျန်၏ လက်ဖဝါးထက်တွင် တာအိုသင်္ကေတတစ်ခု ပေါ်လာလေ၏။
ထိုတာအိုသင်္ကေတမှ "တောင်နှင့်မြစ်ရေသင်္ကေတ" ဖြစ်လေသည်။
တစ်ချိန်က ဆန်းလျန် ထိုက်စုနတ်ဘုရားဂိုဏ်းကို တစ်ယောက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တူမလေးဖြစ်သူ ဆန်းရော့ရှီကို ကယ်တင်ခဲ့သည့်အချိန်က အသုံးပြုခဲ့သည့် ရိုးရှင်းသည့် သင်္ကေတပညာတစ်ခု ဖြစ်လေသည်။
ယနေ့တွင်တော့ ရိုးရှင်းသည့် တောင်နှင့်မြစ်ရေသင်္ကေတသည်ပင်လျှင် ဆန်းလျန်၏ လက်ထဲတွင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော မှော်စွမ်းအားတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဆန်းလျန် ထိုသင်္ကေတကို ရေးဆွဲလိုက်သည်နှင့် သူ့ရှေ့တွင် ပေါ်လာသည့် တောင်နှင့် မြစ်ရေမှာ ခွန်လွန်တောင်နှင့် နဂါးငွေ့တန်းမြစ်ရေအလား ကြောက်မက်ဖွယ် အင်အားများ ထွက်ပေါ်လာလေသည်။ ထိုတန်ခိုးစွမ်းအားကို အံတုနိုင်သူဆို၍ လောကတွင် တစ်ဦးတစ်ယောက်မှ ရှိမည်မဟုတ်ပေ။
တောင်နှင့်မြစ်ရေသင်္ကေတမှ ထွက်ပေါ်လာသည့် စကြာဝဠာကိုပင် ချိုးဖျက်ပစ်နိုင်သည့် တန်ခိုးစွမ်းအားများကို ချင်းဖုန်းနတ်ဘုရား လုံး၀ ခုခံနိုင်စွမ်းမရှိတော့ပေ။
ခွန်လွန်တောင်အလား ကြီးမားလွန်းသည့်တောင်ကြီးနှင့် နဂါးငွေ့တန်းအလား ပြင်းထန်လွန်းသည့် မြစ်ရေ ချင်းဖုန်းရှိရာသို့ ဝင်ရောက်လာလေသည်။
ချင်းဖုန်း၏ နတ်ဘုရားခန္ဓာမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး အပိုင်းအစများသည် လေထုထဲတွင် လွင့်မျောနေကြလေသည်။
တောင်နှင့်မြစ်ရေသင်္ကေတက အစိတ်စိတ်အမွှာမွှာ ကွဲကြေနေသည့် အပိုင်းအစများကိုပင် ကြိတ်ဆုံကြီးနှင့် ကြိတ်ချေသည့်အလား ထပ်မံ ကြိတ်ချေလိုက်ပြန်လေသည်။
ချင်းဖုန်းနတ်ဘုရားအတွက် အသက်ရှင်ရန် လမ်းစ လုံး၀ မရှိတော့ပေ။
သို့သော်… ကျီဝေးတိကျွင်း ရှိနေသေးသည်။
ကျီဝေးတိကျွင်း၏ နတ်ဘုရားခန္ဓာမှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာပြီး ချင်းဖုန်းနတ်ဘုရားကို အသက်မသေစေရန် ကာကွယ်ပေးလိုက်လေသည်။
ထို့နောက် ချင်းဖုန်းနတ်ဘုရား၏ တန်ခိုးစွမ်းအားများနှင့် ကျီဝေးတိကျွင်း၏ တန်ခိုးစွမ်းအားများ ပေါင်းစည်းသွားလေသည်။ ထိုသို့ပေါင်းစပ်သွားသည်နှင့် ကျီဝေးတိကျွင်း၏ တန်ခိုးစွမ်းအားများသည် လေးသည်တော်တာ့ယိနီးပါး မြင့်မားလာလေသည်။
ကျီဝေးတိကျွင်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ လက်ဖဝါးအစွန်းတွင် ကြယ်တံခွန်ကဲ့သို့ လင်းလက်နေသည့် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုဓားဝိညာဉ်မှ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအား လှိုင်းလုံးကြီးတစ်ခု မြင့်တက်လာပြီး လောကကြီးတစ်ခုလုံး ဘေးအန္တရယ်ကပ်ဆိုးကြီး ကျရောက်တော့မည့်အလား ထင်မှတ်ရလေသည်။
ထိုဓားဝိညာဉ်၏ အလယ်တည့်တည့်တွင် ချင်းဖုန်း၏ တန်ခိုးစွမ်းအားများ ပါဝင်နေလေသည်။ ထိုဓားဝိညာဉ်က ဆန်းလျန်၏ ဘဝကို အဆုံးသတ်ပေးတော့မည် ဖြစ်သည်။
ကျီဝေးတိကျွင်း၏ ခန္ဓာကိုယ်ကို ခရမ်းရောင် နဂါးဇာမဏီ အခိုးအငွေ့များက လှည့်ပတ်နေပြီး သူက လက်ကို ဝှေ့ယမ်းကာ ဓားဝိညာဉ်ဖြင့် ဆန်းလျန်၏ ပခုံးကို ခုတ်ပိုင်းချလိုက်လေတော့သည်။
သို့သော်….
သာမာန်မီးဖိုချောင်သုံးဓားတစ်လက်က ကျောက်ဆောင်ကြီးတစ်ခုကို ခုတ်ပိုင်းချလိုက်သည့်အလား… ဆန်းလျန်သည် တစ်ချက်ကလေးပင် ထိခိုက်မှုမရှိခဲ့ပေ။
ဓားဝိညာဉ်နှင့် ထိမိသည့် ဆန်းလျန်၏ ပခုံးထက်တွင် မီးပွာများလွင့်စင်ထွက်လာပြီး မိုးကြိုးပစ်သံအလား ကျယ်လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။
ဆန်းလျန်၏ ပခုံးထက်တွင် အဖြူရောင် ခြစ်ရာလေးတစ်ခုသာ ပေါ်လာပြီး ဓားဝိညာဉ်မှာ ပျက်စီးပျောက်ကွယ်သွားလေသည်။
ကျီဝေးတိကျွင်းက အံ့သြထိတ်လန့်စွာဖြင့်…
"ဒါ… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…"
ရွှေခန္ဓာ ၊ ကြေးခေါင်းနှင့် သံလက်မောင်းကို ပိုင်ဆိုင်ထားသည့် တိုက်တိုင်းအောင်ကိုယ်တော် စွန်းဝူခုံးပင်လျှင် သူ၏ ဓားချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ယခုတော့ ဆန်းလျန်၏ ပခုံးထက်တွင် အဖြူရောင် ခြစ်ရာလေးတစ်ခုပဲ ထင်သွားသည်ဆိုသည်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်သည့် ကိစ္စတစ်ခု ဖြစ်လေသည်။
ဆန်းလျန်သည် လူသားတစ်ယောက်မှ ဟုတ်ပါလေစ…။
မိုးနတ်မင်းပြန်ရောက်လာလျှင်တောင်မှ ထိုသို့ အံ့သြဖွယ်ဖြစ်ရပ်များကို ပြုလုပ်ပြနိုင်လိမ့်မည် မဟုတ်ပေ။
ကျီဝေးတိကျွင်းမျှော်လင့်ထားသည်မှာ သူ၏ ဓားဝိညာဉ်နှင့် ခုတ်ပိုင်းခံလိုက်ရသည်နှင့် ဆန်းလျန်၏ ပခုံးထက်မှ သွေးများစီးကျလာပြီး အသံနက်ကြီးဖြင့် အော်ဟစ်ကာ ဘဝအဆုံးသတ်သွားရန် ဖြစ်လေသည်။
ကျီဝေးတိကျွင်း အံ့သြနေဆဲမှာပဲ ဆန်းလျန်၏ နူးညံ့သိမ်မွေ့သည့် ဟန်အမူအရာ ပျောက်ကွယ်သွားလေသည်။
သူက ပြင်းထန်လွန်းသည့် လက်သီးချက်တစ်ချက်ဖြင့် ကျီဝေးတိကျွင်းကို ထိုးနှက်ပစ်လိုက်လေသည်။ ဆန်းလျန်၏ လက်သီးချက်မှာ နေရာင်ခြည်အလား လင်းလက်နေပြီး စက်ဝိုင်းပုံသဏ္ဍန်အလင်းတန်းများ ဖြာလင်းလျှက် ရှိလေသည်။
စက်ဝိုင်းပုံသဏ္ဍန်အလင်းတန်းများကို ကျီဝေးတိကျွင်းသည် မျက်တောင်တစ်ချက်မခတ် စိုက်ကြည့်နေလေသည်။
သို့သော်… သူ၏မျက်ဝန်းများက မည်သည့်အရာကိုမှ မြင်တွေ့နိုင်စွမ်း မရှိသည့်အလား ဗလာကျင်းလျှက်ရှိလေသည်။ သူ၏ နတ်ဘုရားစိတ်အာရုံများအားလုံး ထုံထိုင်းသွားပြီး ဆန်းလျန်၏ တိုက်ခိုက်မှုကို မည်သို့ တုံ့ပြန်ရမည် မသိရှိတော့ပေ။
သူ၏ကိုယ်ထဲမှ တန်ခိုးစွမ်းအားများက အဆုံးစွန်ထိ မြင့်တက်နေပြီး သူ့ကိုယ်ထဲမှ သွေးများကလည်း ပြင်းထန်စွာ လှုပ်ရှားပြောင်းလဲလျှက် ရှိသည်။ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်သည့်ငလျင်တစ်ခုလှုပ်ခတ်နေသည့်အလား ယိမ်းထိုးလှုပ်ရှားလျှက် ရှိလေသည်။
ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းတွင် မည်သည့်ခံစားချက်မှ မရှိတော့သည့်တိုင် သူ့ပတ်ဝန်းကျင်တွင် နဂါးဇာမဏီခရမ်းရောင်အခိုးအငွေ့များက လှည့်ပတ်နေဆဲဖြစ်ပြီး တန်ခိုးစွမ်းအားများကလည်း မြင့်တက်နေဆဲ ဖြစ်လေသည်။
သို့သော်… သူ၏ နှလုံးသားကတော့ ကြေမွပျက်စီးလျှက် ရှိချေပြီ။
သူ… မည်သူ့ကိုမှ အားကိုး၍ မရတော့ပေ။ မည်သူမှ သူ့ကို ကူညီနိုင်တော့မည် မဟုတ်ပေ။
ဆန်းလျန်၏ လက်သီးချက်က ခရမ်းရောင်အခိုးအငွေ့များကို ကျော်ဖြတ်ပြီး ကျီဝေးတိကျွင်း၏ ဝမ်းဗိုက်အလယ်တည့်တည့်သို့ ဝင်ရောက်သွားလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် လင်းလက်တောက်ပသွားလေသည်။
ပကတိအလင်းတရားသည် ပကတိအမှောင်တရားပင် ဖြစ်လေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်လျှက်ရှိလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြင်းထန်လွန်းသည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။
သို့သော်… ပကတိကျယ်လောင်မှုသည် ပကတိ တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ဖြစ်လေ၏။ ထို့ကြောင့် ပတ်ဝန်းကျင်းတစ်ခုလုံးမှာ တိတ်ဆိတ်နေသည့်အလား ထင်မှတ်ရပြန်လေသည်။
ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းသည် လေထဲတွင် ရပ်နေလေသည်။
သူ၏မျက်နှာထက်တွင် အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နက်နေပြီး သူ၏ဝမ်းဗိုက်တွင်တော့ အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လျှက်ရှိလေသည်။
မယုံကြည်နိုင်လောက်အောင် ပြင်းထန်လွန်းသည့် ဆန်းလျန်၏ လက်သီးချက်က ကျီဝေးတိကျွင်း၏ နတ်ဘုရားခန္ဓာကို ဖျက်စီးပစ်လိုက်ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တုန်လှုပ်ခြောက်ခြားနေသည့် ကျီဝေးတိကျွင်း၏ ဝိညာဉ်သည်လည်း လျှင်မြန်လွန်းသည့်အရှိန်အဟုန်ဖြင့် ပျောက်ကွယ်နေပြီ ဖြစ်လေသည်။
သူ့ဘဝအဆုံးသတ်သည် ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့မိပေ။ သူ့တွင် ရည်မှန်းချက်များစွာ ရှိသေးသည်။ သို့သော်… ယခုတော့ ဤနေရာတွင် သေဆုံးရတော့မည်။
သူ မည်သည့်နည်းနှင့်မှ ပြန်လည်ဖြစ်တည်လာမည် မဟုတ်တော့ပေ။ သူ၏ ဝိညာဉ်အတွင်းပိုင်းမှ နက်ရှိုင်းသည့် အော်ဟစ်သံကြီးတစ်သံထွက်ပေါ်လာလေသည်။ သူ၏ ကံတရားသည် ပျက်စီးသွားခဲ့ပြီ ဖြစ်လေသည်။
ကျီဝေးတိကျွင်း၏ နှလုံးသားထဲမှ ထူးခြားနက်နဲသည့် တာအိုစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ၏နောက်ဆုံးခရီးကို အလှပဆုံး ဆောင်ယူသွားလေသည်။
"မင်း ဘယ်တော့မှ ပြန်လည်မွေးဖွားလာနိုင်မှာ မဟုတ်တော့ဘူး ၊ အခု ရှုံးနိမ့်မှုက မင်းအတွက် ဖျောက်ဖျက်မရနိုင်တဲ့ စိတ်ဒဏ်ရာတစ်ခု အမြဲတမ်း ဖြစ်နေလိမ့်မယ်…."
ဆန်းလျန်၏ အသံထွက်ပေါ်လာလေသည်။
သို့သော်… ကျီဝေးတိကျွင်းက မည်သည့်စကားမှ ပြန်ပြောခြင်း မရှိပေ။ ပြန်မပြောသည်မှာ ပြန်မပြောနိုင်တော့သောကြောင့် ဖြစ်လေသည်။
သူ၏ နတ်ဘုရားခန္ဓာအပိုင်းအစများသည်လေထဲတွင် ပျံ့နှံ့သွားပြီး လေထုတစ်ခုလုံး မကျေနပ်မှု ၊ ဒေါသတရားများဖြင့် ပြည့်နက်လျှက် ရှိလေတော့သည်။
***