← Chapters

ပြန်လည်မွေးဖွားလာမည်မဟုတ်တော့

Vol. 9 Ch. 873

ပြန်လည်မွေးဖွားလာမည်မဟုတ်တော့

Vol. 9 Ch. 873

ကျီဝေးတိကျွင်း ပျောက်ကွယ်သွားသည်နှင့် ဆန်းလျန်၏ တောင်နှင့်မြစ်ရေသင်္ကေတသည်လည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားလေသည်။

တောင်နှင့်မြစ်ရေသင်္ကေတ တန်ခိုးစွမ်းအား ပျောက်ကွယ်သွားသည်နှင့် လေထုထဲတွင် အားနည်းဖျော့တော့နေသည့် နတ်ဘုရားတစ်ပါး၏ ပုံရိပ်ပေါ်လာလေသည်။ ထိုနတ်ဘုရားမှာ ချင်းဖုန်းပင် ဖြစ်လေသည်။

ချင်းဖုန်း၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းကြေကွဲမှုများနှင့် ပြည့်နက်နေလေသည်။ ကျီဝေးတိကျွင်း၏ အဆုံးသတ်သည် သူ၏ အဆုံးသတ်ပင်ဖြစ်သည်ကို သိရှိနေသည့်အလားပင် ဖြစ်သည်။

ချင်းဖုန်း၏ ဘဝတစ်လျှောက်တွင် ဆန်းလျန်ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလှသူမျိုးကို တစ်ခါမှ မတွေ့မြင်ခဲ့ဖူးပေ။

တာ့လော်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော ကျီဝေးတိကျွင်းသည် ဆန်းလျန်၏ လက်ထဲတွင် ကျဆုံးသွားခဲ့ရပြီ ဖြစ်သည်။

ဆန်းလျန်၏ မျက်နှာကတော့ တည်ကြည်နေလေသည်။

ကျီဝေးတိကျွင်း ပျောက်ကွယ်သွားပြီဖြစ်ပြီး လေထုထဲတွင်ပင် ငိုညည်းသံများ ထွက်ပေါ်လာလေသည်။ ထို့နောက်… ငိုညည်းသံများသည် မန္တန်ရွတ်ဆိုသံများအဖြစ် ပြောင်းလဲသွားလေသည်။

ဆန်းလျန်သည် မန္တန်ရွတ်ဆိုသံများကြားတွင် ပိတ်မိနေပြီး နက်ရှိုင်းလှသည့် မိစ္ဆာစွမ်းအားများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရလေသည်။

ရုတ်တရက်… သွေးမိုးများ ရွာသွန်းလာပြီး ထိုသွေးမိုးများက ဆန်းလျန်၏ နတ်ဘုရားခန္ဓာကို တိုက်စားသွားလေသည်။

မန္တန်ရွတ်ဖတ်သံများမှာ သေခြင်းမှ ရှင်ခြင်းသို့ ပြန်လည်မွေးဖွားလာစေသည့် ဂါထာနှင့် ဆင်တူလေသည်။

မန္တန်ထဲမှ စကားလုံးများက ရှေးဟောင်းဘာသာစကားတစ်ခုနှင့်ဆင်တူပြီး စကြာဝဠာစတင်မွေးဖွားလာသည့်အချိန်သို့ ပြန်လည်ဆွဲခေါ်နေသည့်အလား ဖြစ်လေသည်။

စကြာဝဠာတွင် ပထမဆုံး ဖြစ်ပေါ်သည့် သေခြင်းတရား၏ မသေလိုသောဆန္ဒတစ်ခုမှ ဤမန္တန် မွေးဖွားလာခြင်း ဖြစ်ဟန်တူလေသည်။

ပြန်လည်မွေးဖွားခြင်းမန္တန် (သို့မဟုတ်) အသူရာချောက်မန္တန်သည် ထူးဆန်းလျှို့ဝှက်လှသည့် ထိုရှေးဟောင်းဂါထာမှ ဆင်းသက်လာခြင်း ဖြစ်လေသည်။

ကျီဝေးတိကျွင်း၏ နောက်ဆုံးကျန်ရှိသည့် ဝိညာဉ်အပိုင်းအစက ဒေါသများထွက်နေသည့် ဝိညာဉ်ဆိုးများကို ဖိတ်ခေါ်ပြီး ထိုမန္တန်ကို ရွတ်ဆိုစေကာ ဆန်းလျန်ကို နောက်ဆုံးအကြိမ် တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်မှာ ငရဲ (၁၈)ထပ်တွင် ချိုးကပ်နေသူတစ်ယောက်ကဲ့သို့ပင် ဖြစ်လေသည်။

သူ့ပတ်ဝန်းကျင်မှ မန္တန်ရွတ်ဖတ်သံများမှာ တာ့လော်အဆင့် ကျင့်ကြံသူတစ်ယောက် ပျက်စီးသေဆုံးသွားခြင်းမှ ပြောင်းလဲသွားသည့် မန္တန်ရွတ်ဖတ်သံများဖြစ်သည့်အတွက် မည်သည့်တန်ခိုးစွမ်းအားနှင့်မှ ချိုးဖျက်နိုင်မည် မဟုတ်ပေ။

သို့သော်… ဆန်းလျန်ကတော့ ချွင်းချက်ဖြစ်လေသည်။

"မင်းက သိပ်ကို ကြီးမြတ်တဲ့သူတစ်ယောက် ၊ တော်လွန်းတဲ့သူတစ်ယောက်ပါ…"

ဆန်းလျန်က တိုးတိတ်စွာ သက်ပြင်းချရင်း ပြောလိုက်သည်။

"မင်း အနားယူပါတော့…"

ဆန်းလျန်က ညာဘက်လက်ကို ညင်ညင်သာသာ တစ်ချက်ဝှေ့ယမ်းလိုက်လေသည်။

ထိုအခါ အံ့သြစရာကောင်းလှစွာပင် ရွှာသွန်းနေသည့်သွေးမိုးများ ရပ်တန့်သွားလေသည်။

အဆုံးမရှိ မကျေမနပ်ဖြစ်နေကြသည့် ဝိညာဉ်များသည်လည်း စိတ်ပြေပျောက်သွားကြပြီး ပတ်ဝန်းကျင်လေထုထဲတွင် မကျေနပ်မှုနှင့် ဒေါသတရားများအစား ဝမ်းနည်းကြေကွဲသည့် အငွေ့အသက်များဖြင့် ပြည့်နက်လာလေသည်။

ထို့နောက်…. လေထဲတွင် နူးညံ့လှပသည့် ကြာပန်းတစ်ပွင့် ပွင့်လန်းလာလေသည်။

ဆန်းလျန်သည် လုပ်ရမည့်ကိစ္စတစ်ခုကို လုပ်ပြီးသွားသည့်အလား တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ထိုအချိန်… ကြာပန်းထဲမှ ရှုံ့မဲ့နေသည့် မျက်နှာတစ်ခု ပေါ်လာလေသည်။ ထိုမျက်နှာမှာ ကျီဝေးတိကျွင်း နောက်ဆုံးကျန်ရှိခဲ့သည့် မကျေနပ်မှုနှင့် အမျက်ဒေါသပင် ဖြစ်လေသည်။

ဆန်းလျန်၏ ခန္ဓာကိုယ်ပေါ်သို့ ကြယ်စင်အလင်းတန်းများက ဖြာကျနေပြီး ထိုအလင်းတန်းများထဲတွင် ကျီဝေးတိကျွင်း ပြန်လည်မွေးဖွားလာတော့မည့်အလား ထင်မှတ်ရသည်။

သို့သော်… ကျီဝေးတိကျွင်း၏ ကျန်ရစ်ခဲ့သည့် ဝိညာဉ်အစိတ်အပိုင်းလေးက မည်မျှ ကြိုးစားပါစေ ဆန်းလျန်ကို ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိခဲ့ပေ။ ဆန်းလျန်သည် မှန်ထဲတွင်ထင်နေသည့်ပုံရိပ်အလား သူ့အနေဖြင့် ထိတွေ့၍ မရနိုင်ခဲ့ပေ။

ဆန်းလျန်က ခေါင်းကို တစ်ချက်ခါယမ်းလိုက်ပြီး သူ့ထံမှ ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာလေသည်။

ထိုဓားဝိညာဉ်က အပြာရောင်ကြယ်စင်အလင်းတန်းများအားလုံးကို ချက်ချင်းပင် ငြိမ်းသတ်ပစ်လိုက်လေသည်။ ကျီဝေးတိကျွင်း၏ ကျွင်းကျန်ရစ်သည့် နောက်ဆုံးဝိညာဉ် အပိုင်းအစလေးသည် အော်ချိန်ပင်မရတော့ဘဲ ပျောက်ကွယ်သွားလေတော့သည်။

မည်သည့် ဝိညာဉ်အပိုင်းအစမှ လေထုထဲတွင် ရှိမနေတော့ပေ။

လရောင်က ကြည်လင်နေပြီး ကြယ်စင်များလည်း လင်းလက်နေလေသည်။

ဆန်းလျန်က တာအိုလူငယ်လေးချင်းဖုန်းကို အေးဆေးသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ချင်းဖုန်းက ခါးသက်သည့်အကြည့်တစ်ချက်ဖြင့် ဆန်းလျန်ကို ကြည့်လိုက်ရင်း…

"လက်စသတ်တော့ မင်းက အစစ်အမှန် ချင်းတိဧကရာဇ် လူပြန်ဝင်စားတဲ့သူကိုး…"

ဆန်းလျန်က အတန်ကြာမျက်မှောင်ကြုတ်နေပြီးမှ အေးဆေးသည့်လေသံဖြင့်…

"ကျုပ် ကျင့်စဉ်လမ်းမှာ ဒီလောက်အဆင့်ထိရောက်အောင် ကျင့်ကြံခဲ့တာတောင် ကျုပ်ရဲ့ အတိတ်ဘဝက ဘယ်သူဆိုတာကို ခုထိ မသိနိုင်ခဲ့ဘူး ၊ ကြည့်ရတာ ကျုပ်မှာ အတိတ်ဘဝရှိပုံမပေါ်ဘူး ၊ အခုဘဝတစ်ခုပဲ ရှိလိမ့်မယ်…"

ချင်းဖုန်းနတ်ဘုရား၏ ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နက်နေလေသည်။

ဆန်းလျန်က သူ့ကို လိမ်ပြောနေဟန် မရှိပေ။ သို့သော်… သူ့စိတ်ထဲတွင် ဆန်းလျန်နှင့် သူ၏ကြားတွင် မဖော်ပြနိုင်သည့် ပတ်သက်ဆက်နွယ်မှုတစ်ခု ရှိနေသည်ဟု ခံစားနေရလေသည်။ ထိုအချက်ကို မည်သို့ရှင်းပြရမည် မသိပေ။

သူက ချင်းတိဧကရာဇ်၏ ဉာဏ်စဉ်တစ်ခုဖြစ်ပြီး ဆန်းလျန်က ချင်းတိဧကရာဇ် ပြန်ဝင်စားခြင်းဖြစ်သောကြောင့်သာ ထိုသို့ ဆက်နွယ်မှုရှိနေခြင်း ဖြစ်နိုင်လေသည်။ ထို့ပြင် သူနှင့်ဆန်းလျန်သည်လည်း အလွန်မှ ရုပ်ချင်းဆင်လွန်းလှသည် မဟုတ်ပါလား။

ဆန်းလျန်က သူ့ကို မည်သည့်စကားမှ ထပ်မံပြောဆိုခြင်း မရှိပေ။

မမြင်နိုင်သည့်စွမ်းအားတစ်ခုက ချင်းဖုန်းကို ဖြည်းဖြည်းချင်း ရစ်ပတ်လာလေသည်။

ချင်းဖုန်း၏ နှလုံးသားထဲတွင် ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နက်နေပြီး သူ၏ အားနည်းနေသည့် ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ်စပြုလာလေသည်။

ဆန်းလျန်က သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး မျှော်လင့်မထားသော ရက်စက်သည့် အပြုအမူကို ပြုလုပ်လိုက်လေသည်။

ဆန်းလျန်၏ တန်ခိုးစွမ်းအားများအောက်တွင် ချင်းဖုန်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ သူ့ဘ၀ ယခုကဲ့သို့ အဆုံးသတ်ရလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးထင်မထားခဲ့မိပေ။

ဆန်းလျန်က ပိုင်ယွိကျင်းမြို့တော်၏ အရံအတားသင်္ကေတများကို တစ်ချက်ကြည့်လိုက်လေသည်။

ထို့နောက် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အရံအတားကို ဖျက်စီးပစ်လိုက်လေသည်။

"ဒီအရံအတားက အတုပဲ…"

ဆန်းလျန်က သက်ပြင်းချရင်း ပြောလိုက်သည်။

အစပိုင်းတိုက်ပွဲတိုက်ခိုက်နေစဉ်က ပိုင်ယွိကျင်းမြို့တော်အရံအတားမှာ အစစ်အမှန်လား အတုအယောင်လား ဆန်းလျန် ခွဲခြားနိုင်ခြင်း မရှိပေ။ ယခုမှ ခွဲခြားလိုက်နိုင်ခြင်း ဖြစ်လေသည်။

သူသည် ဟွင့်ယွမ်ဝူကျီအဆင့်သို့ ရောက်ခဲ့သည့်တိုင် အရာအားလုံး၏ ဆန်းကျယ်မှုများကို လျှင်မြန်စွာ သိမြင်နိုင်စွမ်းရှိလေသည်။ သို့သော်… ဓမ္မအားလုံး၏ အတွင်းပိုင်းကိုတော့ သံသယရှင်းရှင်းဖြင့် သိမြင်နိုင်စွမ်း မရှိသေးပေ။

လောကတွင်ရှိနေသရွေ့ အရာအားလုံးကိုတော့ သိမြင်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စကြာဝဠာကြီးက အစဉ်အမြဲပြောင်းလဲနေသောကြောင့် ဖြစ်လေသည်။

ဟွေ့အန်းခရီးသည်မှာလည်း စကားပင် မပြောနိုင်လောက်အောင် အံ့သြမှင်တက်လျှက်ရှိလေသည်။

သူက တိုက်ပွဲတွင် ဆန်းလျန်အနိုင်ရလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း တာ့လော်အဆင့် ကျင့်ကြံသူ (၂)ယောက်ကို ဆန်းလျန်က ထိုမျှ မြန်မြန်ဆန်ဆန် ပွဲသိမ်းပေးလိုက်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

သူသည် သမိုင်းတစ်လျှောက်တွင် အထူးခြားဆုံး ၊ အရှားပါးဆုံးတိုက်ပွဲတစ်ခုကို တွေ့မြင်ခဲ့ရခြင်း ဖြစ်လေသည်။

ကောင်းကင်တွင် ကြယ်စင်များက လင်းလက်တောက်ပနေပြီး လေထုထဲတွင် ဝမ်းနည်းကြေကွဲသည့် အငွေ့အသက် အနည်းငယ်က ပျံ့နှံ့နေလေသည်။

အဘယ်ကြောင့်ဆိုသော်… ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းနှင့် ချင်းဖုန်းနတ်ဘုရားတို့သည် တာ့လော်အဆင့် ကျင့်ကြံသူများဖြစ်ကြသည့်အတွက် သူတို့ ကျဆုံးသွားပြီဖြစ်သည့်တိုင် သူတို့လျှောက်လှမ်းခဲ့သည့် ကျင့်စဉ်လမ်းသည် စကြာဝဠာထဲတွင် ထင်ကျန်ရစ်ခဲ့မည်ကို သဘာဝတရားက ခံစားမိသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်၏ခေတ် အစပြုပြီဖြစ်ကြောင်း ပြသရန်အတွက် ဆန်းလျန်က ကြီးမားသည့် လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပြီ ဖြစ်လေသည်။

ယနေ့တိုက်ပွဲကြောင့် ထိပ်တန်းအဆင့် နတ်ဘုရားတစ်ပါး လောကတွင် ထွက်ပေါ်လာပြီဖြစ်ကြောင်း စကြာဝဠာတစ်ခွင်ရှိ နတ်ဘုရားများအားလုံးသိရှိသွားကြပေလိမ့်မည်။

ဆန်းလျန်၏ ခေတ်သည် ဒုတိယမိုးနတ်မင်း၏ခေတ် အဆုံးသတ်ပြီးသည့်နောက် ကြီးမြတ်သည့် နောက်ထပ်ခေတ်တစ်ခေတ် ဖြစ်နိုင်လေသည်။ ခေတ်တစ်ခေတ်ဆိုသည်က အဆုံးသတ်ရှိနိုင်သည့်တိုင် ထိုအဆုံးသတ်ကို မည်သူမှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။

ကျောက်စိမ်းဝိညာဉ်နန်းတော်တွင် ခေါင်းလောင်းထိုးသံများထွက်ပေါ်လာပြီး လင်စန်းတောင်တွင်လည်း ခရုသင်းမှုတ်သံများထွက်ပေါ်လာလေသည်။ စကြာဝဠာတစ်ခွင်မှ အခြားသော နတ်ဘုရားနယ်မြေများစွာတွင်လည်း ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေသည်။

ဆန်းလျန်၏ မျက်ခုံး (၂)ခုကြားမှ ချက္ကရပွင့်သွားပြီး လေပြေကဲ့သို့သော တန်ခိုးစွမ်းအားများ တိတ်ဆိတ်စွာ ထွက်ပေါ်လာလေသည်။

ဆန်းလျန်၏ နတ်ဘုရားခန္ဓာက မဖော်ပြနိုင်လောက်အောင် တည်ငြိမ်လျှက် ရှိလေသည်။

ထိုက်ယင်းနတ်သမီးက ဆန်းလျန်ကို ငေးကြည့်နေလေသည်။

သူ့ရှေ့မှ ဆန်းလျန်သည် ချက်ချင်းပင် လေပြေအသွင်ပြောင်းလဲသွားပြီး သံသရာကို အချိန်မရွေးကျော်လွန်သွားတော့မည်ဟု သူမ ထင်မှတ်နေမိလေသည်။

ယခုတိုက်ပွဲက ဆန်းလျန်၏ ကျင့်စဉ်လမ်းကို တိုးတက်မှုမဖြစ်စေသော်လည်း သူက ချင်းဖုန်းနတ်ဘုရား၏ ဉာဏ်စဉ်ကို စုပ်ယူနိုင်ခဲ့လေသည်။ ထိုဉာဏ်စဉ်ထဲတွင် ချင်းတိဧကရာဇ်၏ တန်ခိုးစွမ်းအားများ ပါဝင်လေသည်။

ချင်းတိဧကရာဇ်၏ တန်ခိုးစွမ်းအားများက အမှန်တကယ်ပင် နက်နဲလွန်းသည်။ ထိုတန်ခိုးစွမ်းအားများကို ခံစားမိသည့်အခါ ဆန်းလျန်သည် စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်းကို သတိရသွားမိသည်။

ထိုတန်ခိုးစွမ်းအားများသည် စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်းနှင့် တစ်စုံတစ်ခု ဆက်စပ်နေဟန် ရှိလေသည်။ သို့သော် ချင်းတိဧကရာဇ်၏ တန်ခိုးစွမ်းအားများနှင့် လင်ပေါင်ထျန်းကျွင်း၏ တန်ခိုးစွမ်းအားများက တူညီခြင်း မရှိပြန်ပေ။

သူ့စိတ်ထဲတွင် စန့်ချင်တာအိုဆရာသခင်ဟု တွေးလိုက်မိသည့်အချိန်မှာပင် သူ့ဝိညာဉ်ထဲသို့ သတ်ဖြတ်လိုသည့်အငွေ့အသက်များက ဆူနာမီလှိုင်းများအလား ဝင်ရောက်လာသည်ကို သတိပြုလိုက်မိလေသည်။

ဆန်းလျန်၏ စိတ်ထဲတွင်…

"စန့်ချင်တာအိုဆရာသခင်၏ မရဏဓား (၄)လက်" ဆိုသည့် စကားလုံးများ နက်ရှိုင်းစွာ ထွက်ပေါ်လာလေတော့သည်။

***

All Chapters