ချန်ပေသို၏ဆုံးဖြတ်ချက်ခိုင်မာမှု
Vol. 9 Ch. 874
ဆန်းလျန်သည် တာ့လော်အဆင့်ရှိသည့် ကျီဝေးတိကျွင်းနှင့် ချင်းဖုန်းနတ်ဘုရားတို့ကို တိုက်ခိုက်အနိုင်ယူပြီးသည့်နောက် တစ်ခေတ်တစ်ခါတွင် နာမည်အကြီးဆုံး နတ်ဘုရားတစ်ပါး ဖြစ်သွားခဲ့လေသည်။
သူ့ကို မည်သူမှ ရင်ဆိုင်ဝံ့ကြတော့မည် မဟုတ်ပေ။
သို့သော်… တစ်စုံတစ်ယောက်ကတော့ သူ့ကို ရင်ဆိုင်ရန် ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
ပိုင်ယွိကျင်းမြို့တော်ထဲဝယ် အေးစက်သည့် ဓားခြိမ်းသံတစ်သံထွက်ပေါ်လာလေသည်။ ထိုဓားခြိမ်းသံမှာ မည်သည့်နတ်ဘုရားကိုမဆို သုတ်သင်ပစ်တော့မည့်အလား မရဏအငွေ့အသက်များကို ဖော်ကျူးလျှက် ရှိလေသည်။
ထို့ထက်ပိုပြီး ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုဓားခြိမ်းသံမှ ပျံ့လွင့်လာသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များသည် ဆန်းလျန်၏ ဝိညာဉ်အတွင်းပိုင်းအထိ ဝင်ရောက်လာခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ မျက်နှာက တည်ကြည်လေးနက်နေလေသည်။
သူ၏ ဝိညာဉ်အတွင်းပိုင်းသို့ ဝင်ရောက်လာသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များသည် သူ၏ ဝိညာဉ်ကို ဖမ်းဆုပ်နိုင်မလိုလိုနှင့် ဖမ်းဆုပ်မရနိုင်ဖြစ်နေရလေသည်။
ထိုသတ်ဖြတ်လိုသည့်အငွေ့အသက်များသည် စန့်ချင်တာအိုဆရာသခင်၏ မရဏဓား (၄)လက်မှ တစ်လက်ဖြစ်သည့် နတ်ဘုရားထောင်ချောက်ဓားမှ ထွက်ပေါ်လာသည့် အငွေ့အသက်များ ဖြစ်လေ၏။
စန့်ချင်တာအိုဆရာသခင်၏ မရဏဓား (၄)လက်သည် လောကတွင် ပထမဆုံး စတင်ဖြစ်တည်လာသည့် မူလမရဏဓား (၄)လက် ဖြစ်လေသည်။
ထိုမရဏဓား (၄)လက်၏ ဂုဏ်သိက္ခာနှင့် တန်ခိုးစွမ်းအားကို ကျော်လွန်နိုင်သည့်ဓားဆို၍ လောကတွင် တစ်လက်တလေပင် မရှိပေ။
တာအိုဆရာသခင်ထိုက်ယီ၏ ထာဝရဓားသည်ပင်လျှင် မရဏဓား (၄)လက်ကို ကျော်လွန်နိုင်ခြင်း မရှိပေ။
ထိုမရဏဓား (၄)လက် ပျောက်ကွယ်နေခဲ့သည်မှာလည်း ကြာခဲ့ပြီ ဖြစ်လေသည်။ မိုးနှင့်မြေတွင် ထိုဓား (၄)လက် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုလည်း မည်သူမှ သိရှိခြင်း မရှိကြပေ။
သို့သော်… ထိုဓား (၄)လက် ပျောက်ကွယ်နေခြင်းက နတ်ဘုရားများကို စိတ်သက်သာရာ ရစေလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုဓား (၄)လက်မှာ အလွန်အန္တရယ်များသောကြောင့် ဖြစ်လေသည်။
သို့ရာတွင်… ထို မရဏဓား (၄)လက်သည် မထင်မှတ်စွာပင် ချန်ပေသို၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီး ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။
ချင်းဖုန်းနတ်ဘုရားစကားအရဆိုလျှင်တော့ ချန်ပေသိုထံတွင်ရှိသည့် မရဏဓား (၄)လက်အနက် နတ်ဘုရားထောင်ချောက်ဓားနှင့် နတ်ဘုရားဒဏ်ခတ်ဓား (၂)လက်သာ အစစ်အမှန်ဖြစ်ပြီး ကျန် (၂)လက်က အတုများဟု ဆိုလေသည်။
ထိုစကား မှန်သည်လား ၊ မမှန်သည်လားဆိုသည်ကတော့ ချန်ပေသိုသာလျှင် သိရှိပေလိမ့်မည်။
နတ်ဘုရားထောင်ချောက်ဓားဝိညာဉ်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ သူ၏ တာအိုနှလုံးသားအတွင်းပိုင်းထိ ဝင်ရောက်လာတော့မှ ဆန်းလျန်ကလည်း သတိပြုလိုက်မိခြင်းဖြစ်လေသည်။ ထိုအချိန်တွင် သူ့နှလုံးသားထဲသို့ ဝင်ရောက်လာသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များကို တားဆီးရန်ပင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
သတ်ဖြတ်လိုသည့်အငွေ့အသက်များက ဖိနှိပ်ထားသည့်အတွက် ထိုက်ယင်းနတ်သမီးနှင့် ဟွေ့အန်းခရီးသည်တို့မှာ တစ်ချက်လေးပင် လှုပ်ရှား၍ မရကြတော့ပေ။
ထိုက်ယင်းနတ်သမီး၏ စိတ်များမှာ ရူးသွပ်တော့မည့်အလား ခြောက်ခြားနေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များကြားတွင် မကြာမီ သေဆုံးရတော့မည်ဟု တွေးထင်နေလေသည်။
သို့သော်… ဆန်းလျန်သည် နတ်ဘုရားထောင်ချောက်ဓား၏ လက်ချက်ဖြင့် သေဆုံးမည်မဟုတ်သည်ကို သူမ သိရှိထားသည့်အတွက် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။
စန့်ချင်တာအိုဆရာသခင်၏ မရဏဓား (၄)လက်သည် ကံကြမ္မာနှင့် အချိန်ကို ကျော်လွန်နိုင်စွမ်း ရှိလေသည်။
အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်ကို ကျော်လွန်ပြီး မည်သူမှ နားလည်နိုင်ခြင်းငှာ မတတ်စွမ်းနိုင်သည့် မရဏဓားများ ဖြစ်ကြလေသည်။
ထိုဓားများသည် လောကတွင် ထွက်ပေါ်လာစရာ အကြောင်းမရှိဘဲ သဘာဝတရား၏ ကျိန်စာဖြင့် ချိတ်ပိတ်ထားသင့်သည့် ဓားများ ဖြစ်လေသည်။
သူမနှင့် ဆန်းလျန် ထုန်ထျန်းမြစ်ကြောင်းတစ်လျှောက် သွားလာနေစဉ်က ဆန်းလျန်ပြောခဲ့သည့် စကားကို သူမ ပြန်သတိရမိသည်။
"အနည်းဆုံးတော့ ကျုပ်က ချန်ပေသိုရဲ့ မရဏဓား (၄)လက်ကိုသွားပြီး စမ်းကြည့်တဲ့အထိ မမိုက်မဲခဲ့ပါဘူးလေ ၊ ပြီးတော့ အရင်တုန်းက တာအိုဆရာချီဟန်ကလည်း စန့်ချင်တာအိုဆရာသခင်ရဲ့ ပုံရိပ်နဲ့ ယှဉ်ပြိုင်ခဲ့ဖူးတာပဲ မဟုတ်လား ၊ ကျုပ်က တာအိုဆရာချီဟန်ထက်သာတာပဲကို ၊ ဘာလို့ မယှဉ်နိုင်ရမှာလဲ…"
ဟု ဆန်းလျန် ပြောခဲ့ဖူးလေသည်။
ထိုစကားကိုပြောခဲ့စဉ်က တစ်ချိန်ချိန်တွင် မရဏဓားများနှင့် သေချာပေါက် ရင်ဆိုင်ရမည်ကို ကြိုတင်သိရှိထားခဲ့ဟန် တူလေ၏။
မရဏဓား (၄)လက်ဟုဆိုခြင်းထက် နတ်ဘုရားထောင်ချောက်ဓားဟုပြောလျှင် ပိုမှန်မည် ဖြစ်လေသည်။
ထိုက်ယင်းနတ်သမီးသည် ဆန်းလျန်အတွက် စိတ်ပူပန်နေသလို တစ်ချိန်တည်းမှာပင် သိပ်ပြီး စိတ်ပူပန်ခြင်းလည်း မရှိပေ။
ဆန်းလျန်သည် ကျီဝေးတိကျွင်းနှင့် ချင်းဖုန်းနတ်ဘုရားတို့ကို အနိုင်ယူခဲ့ပြီးပြီ ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်သည် ချန်ပေသိုကိုလည်း ရင်ဆိုင်နိုင်မည် ဖြစ်သည်။
ဟွေ့အန်းခရီးသည်က သက်ပြင်းတစ်ချက်ချလိုက်လေသည်။
သူ၏အတွေးများကတော့ ထိုက်ယင်းနတ်သမီးနှင့် တူညီခြင်း မရှိပေ။
သူ့အမြင်အရဆိုလျှင် ဆန်းလျန်သည် မရဏဓားများကို ခုခံကာကွယ်နိုင်စွမ်း ရှိမည်မဟုတ်ဟု ယူဆထားလေသည်။ သို့သော်… ဆန်းလျန်သေဆုံးသွားလျှင်လည်း သူ့အတွက် အရှုံးမရှိဟု ဟွေ့အန်းခရီးသည်က တွေးလိုက်မိသည်။
သူသည် နတ်ဘုရားစစ်ပွဲများစွာအကြောင်းကို ကြားဖူးနား၀ သိရှိထားသူဖြစ်လေရာ မရဏဓား (၄)လက် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို ကောင်းကောင်းနားလည်လေသည်။ ထိုဓားများသည် လောကတစ်ခုလုံးရှိ မည်သည့်စွမ်းအားကိုမဆို ဖျက်စီးပစ်နိုင်စွမ်းရှိသည်။
ထို့ကြောင့် ဆန်းလျန်သည်လည်း ချွင်းချက် မရှိနိုင်ပေ။
သို့သော်… ဆန်းလျန် တစ်ချက်လှုပ်ရှားလိုက်သည်ကို တွေ့မြင်လိုက်ရသည့်အခါ ဟွေ့အန်းခရီးသည် အထင်နှင့်အမြင်လွဲမှားပြီဖြစ်သည်ကို ချက်ချင်းသိရှိလိုက်သည်။
ပထမဆုံး ဆန်းလျန်လှုပ်ရှားလိုက်သည်မှာ မျက်တောင်ခတ်လိုက်ခြင်း ဖြစ်လေ၏။ ဆန်းလျန်မျက်တောင်ခတ်လိုက်သည်နှင့် သူမျက်ဝန်းများက အေးစက်သည့်အလင်းရောင်များ လင်းလက်သွားလေသည်။
ဆန်းလျန်၏ မျက်ဝန်းထဲတွင် ပုံရိပ်တစ်ခုပေါ်လာလေသည်။
နှင်းပွင့်ကဲ့သို့ ဖြူစင်သည့် အဖြူရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် ငယ်ရွယ်သည့် တာအိုကျင့်ကြံသူတစ်ယောက် ဖြစ်လေ၏။
ထိုသူမှာ မိုးနှင့်မြေတစ်ခွင် ထင်ရှားကျော်ကြားလှသည့် ဓားနတ်ဘုရား "ချန်ပေသို" ဖြစ်လေတော့သည်။
"ဓားတစ်လက်နှင့် လေလွင့်နေသည့်နတ်ဘုရား …"
ထိုစကားသည် ချန်ပေသိုအတွက် ဖြစ်ပေါ်လာသည့် စကားဖြစ်ဟန်တူသည်။
ချန်ပေသိုသည် မည်သည့်နေရာကမှန်းမသိ ပျံသန်းထွက်ပေါ်လာလေသည်။
သူ့လက်ထဲတွင် နတ်ဓားတစ်လက်ကိုကိုင်ထားပြီး ထိုဓားမှ အသင်္ချေသော ဓားတန်ခိုးစွမ်းအားများထွက်ပေါ်နေလေသည်။ ဓားတန်ခိုးစွမ်းအားတစ်ခုချင်းစီတိုင်းက တစ်ခုနှင့်တစ်ခု မတူညီဘဲ ကွဲပြားခြားနားလေသည်။
ထိုဓားသည် နတ်ဘုရားထောင်ချောက်ဓားပင် ဖြစ်လေသည်။
ဆန်းလျန်နှင့် ချန်ပေသိုဆိုသည်က လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ၊ ကြာမြင့်လွန်းလှသည့် အတိတ်အချိန်ကတည်းက သိရှိခဲ့ကြသူများဖြစ်လေသည်။
ကျုန်းစန်းတောင်တွင် ချန်ပေသိုနှင့် ဆန်းလျန် တိုက်ခိုက်ခဲ့ကြပြီး ဆန်းလျန်က ချန်ပေသိုကို အနိုင်ယူနိုင်ခဲ့လေသည်။
ချန်ပေသိုနှင့်တိုက်ခိုက်ပြီးသည့်နောက် ဆန်းလျန် ယန်ရွှီးနှင့် ထပ်မံတိုက်ခိုက်ခဲ့ရပြီး လောကကို ကျော်လွန်ကာ အသူရာချောက်သို့ ရောက်ရှိသွားခဲ့ရခြင်း ဖြစ်လေသည်။
အမှန်တော့ ကျုန်းစန်းတောင်တိုက်ပွဲတွင် သူ့ကို ရှုံးနိမ့်ခဲ့ပြီးသည့်နောက် ချန်ပေသို သေဆုံးသွားပြီဟု ဆန်းလျန်က ထင်မှတ်ခဲ့မိလေသည်။ အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်ကိုယ်တိုင်လည်း ထိုတိုက်ပွဲကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
သို့သော်… ကျုန်းစန်းတောင်တွင် ဆန်းလျန်နှင့် ချန်ပေသို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် ချန်ပေသိုသေဆုံးခဲ့ခြင်း မရှိပေ။ မသေဆုံးသည့်အပြင် ယခုတော့ မရဏဓား (၄)လက်ကိုပင် ရရှိသွားခဲ့ပြီ ဖြစ်လေသည်။
ချန်ပေသို မည်သည့်အဖြစ်အပျက်များ ကြုံတွေ့ခဲ့ရသည်ကို မည်သူမှ မသိနိုင်ပေ။
သို့သော်… မည်သည့်အဖြစ်အပျက်များကြုံတွေ့ခဲ့ရပါစေ ချန်ပေသိုသည် ယခင်ကကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် ဓားနတ်ဘုရားတစ်ပါး ဖြစ်နေဆဲဖြစ်လေသည်။
ချန်ပေသိုသည် သူ၏ ဂိုဏ်းတူအစ်ကိုဖြစ်သူ ချန်ကျန့်မေနှင့် စိတ်ဓာတ်ချင်းဆင်တူလေသည်။
သူတို့သည် ဓားသိုင်းလမ်းစဉ် တစ်ခုတည်းကို ကျင့်ကြံရန်အတွက် မွေးဖွားလာကြသူများဖြစ်လေသည်။
မတူညီသည့်အချက်မှာ ချန်ပေသိုက ချန်ကျန့်မေထက်ပိုပြီး လွတ်လပ်သည့်စိတ်ထားဖြင့် မွေးဖွားကြီးပြင်းခဲ့ရဟန်တူလေသည်။
သူက တိမ်လိုလေလို လွတ်လပ်သူတစ်ယောက်ဖြစ်ပြီး လောကတွင် မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်နေပါစေ အရေးစိုက်သူတစ်ယောက်လည်း မဟုတ်ပေ။
ချန်ပေသို၏ ကျင့်စဉ်လမ်းအဆင့်သည် ဆန်းလျန်ထက်သာလွန်ခြင်း မရှိသေးပေ။ သို့သော်… တကယ်တမ်း နတ်ဘုရားများ သူသေကိုယ်သေတိုက်ခိုက်ကြသည့်အခါ ကျင့်စဉ်လမ်းအဆင့်ဆိုသည်က အရေးမပါလှပေ။
ထို့ပြင် ချန်ပေသိုတွင် နတ်ဘုရားထောင်ချောက်ဓားရှိနေလေသည်။ ထိုဓားက ချန်ပေသိုအနိုင်ရရှိရန် အကောင်းဆုံးအခွင့်အလမ်းကို ဖော်ပြနေလေ၏။
သို့ရာတွင်… အောင်မြင်သည်ဖြစ်စေ ၊ ရှုံးနိမ့်သည်ဖြစ်စေ ၊ သေသည်ဖြစ်စေ ၊ ရှင်သည်ဖြစ်စေ သူတို့ (၂)ယောက်တိုက်ပွဲက ခေတ်အဆက်ဆက်တွင် ပြိုင်ဘက်ကင်းသည့် တိုက်ပွဲတစ်ခုအဖြစ် သမိုင်းတင်ကျန်ရစ်ခဲ့ပေလိမ့်မည်။
နတ်ဘုရားထောင်ချောက်ဓားမှထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် ဆန်းလျန်၏ မူလိဝညာဉ်ခန္ဓာထဲအထိ ဝင်ရောက်မွှေနှောက်နေလေသည်။
သတ်ဖြတ်လိုသည့် အငွေ့အသက်များက ဆန်းလျန်ကို လှုပ်ရှား၍ မရနိုင်အောင် ထိန်းချုပ်ထားလေသည်။ သို့သော်… ဆန်းလျန်က လှုပ်ရှားနေနိုင်ဆဲ ဖြစ်လေ၏။
နတ်ဘုရားထောင်ချောက်ဓားက သူ့အပေါ် မည်သည့်သက်ရောက်မှုမှ မရှိသည့်အလား ဆန်းလျန်၏ ပုံစံက အေးအေးဆေးဆေးပင် ရှိနေလေသည်။
ဆန်းလျန်၏ တန်ခိုးစွမ်းအားများကို ချန်ပေသိုလောက်နားလည်နိုင်သူ လောကတွင် ရှိမည် မဟုတ်ပေ။
ထို့အတူ ချန်ပေသို၏ ဓားသိုင်းလမ်းစဉ်ကိုလည်း ဆန်းလျန်က ကောင်းကောင်းနားလည်ထားသူ ဖြစ်လေသည်။
ချန်ပေသိုအနေဖြင့် ဆန်းလျန်ကို အနိုင်ယူနိုင်သည်ဖြစ်စေ ၊ အနိုင်မယူနိုင်သည်ဖြစ်စေ သေရမည်ပဲ ဖြစ်လေသည်။
မည်မျှကျော်ကြားသည့် လူသတ်သမားတစ်ယောက် ဖြစ်ပါစေ နန်းတော်အတွင်းသို့ ဝင်ရောက်ကာ ဘုရင်ကို လုပ်ကြံမည်ဆိုပါက ဘုရင်ကို လုပ်ကြံနိုင်သည်ဖြစ်စေ ၊ မလုပ်ကြံနိုင်သည်ဖြစ်စေ သေရမည်ပဲ ဖြစ်လေသည်။
ချန်ပေသို၏ အဖြစ်က ထိုသို့ပင် ဖြစ်လေ၏။
ထိုသို့ဆိုလျှင် ချန်ပေသိုသည် ဆန်းလျန်ကိုရင်ဆိုင်ရန် အဘယ့်ကြောင့် ရောက်လာရပါသနည်း။
အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်၏ ကျင့်ကြံခြင်းအဆင့်သည် လောကတစ်ခွင်ရှိ ကျင့်ကြံသူများအားလုံးထက် သာလွန်သည့် ဟွင့်ယွမ်ဝူကျီအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ဆန်းလျန်က ကျီဝေးတိကျွင်းနှင့် ချင်းဖုန်းနတ်ဘုရားကို သုတ်သင်ပစ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် အခြားသောနတ်ဘုရားများသည် ဆန်းလျန်အတွက် ဘာမှမဟုတ်တော့သည့် အဆင့်ဖြစ်လေသည်။
ဆန်းလျန်၏ ကျင့်ကြံခြင်းအဆင့်က ထိပ်ဆုံးတွင်ရှိနေပြီး လောကတစ်ခုလုံးရှိ ကျင့်ကြံသူများက သူ့ကို ခေါင်းမော့ကြည့်ရမည့်အနေအထားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။
ချန်ပေသိုက ဓားသိုင်းလမ်းစဉ်တွင် ထိပ်ဆုံးအဆင့်ရောက်ရှိနေသည့် ဓားနတ်ဘုရားတစ်ပါး ဖြစ်ပြီး သူ့အထက်တွင် မည်သူမှ မရှိစေရဆိုသည့် ခံယူချက်ရှိသူ ဖြစ်သည်။
သူ သေချင်သေ ၊ မဟုတ်လျှင် သူ့ထက်အဆင့်မြင့်သည့် ကျင့်ကြံသူ သေ ဆိုသည့် သဘောတရားကို ချန်ပေသိုက လက်ကိုင်ထားသူ ဖြစ်သည်။
သူ့ဘဝတွင် တတိယလမ်းကို ရွေးခြယ်သတ်မှတ်ထားခြင်း မရှိပေ။
ထိုသို့ ဆုံးဖြတ်ချက်ခိုင်မာလွန်းသည့်အတွက်ပင် ချန်ပေသိုသည် ချန်ကျန့်မေနှင့် မတူညီသည့် ဓားသိုင်းလမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့ပြီး အမြင့်ဆံးအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်လေသည်။
ဆုံးဖြတ်ချက်ခိုင်မာခြင်းဆိုသည်က ကျင့်ကြံမှုနှင့်လည်းမဆိုင်သလို လူပုဂ္ဂိုလ်နှင့်လည်း မဆိုင်ပေ။
ချန်ပေသို၏လက်ထဲတွင် နတ်ဘုရားထောင်ချောက်ဓားကို ကိုင်ဆောင်ထားပြီး လောကတွင် (၂)ကြိမ်မပြောင်းနိုင်သည့် ခိုင်မာသည့် ဆုံးဖြတ်ချက်ဖြင့် ဆန်းလျန်ကို ထိုးစိုက်ချလိုက်လေတော့သည်။
နတ်ဘုရားထောင်ချောက်ဓားမှ ထွက်ပေါ်လာသည့် ဓားတန်ခိုးစွမ်းအားများသည် ပင်လယ် (၄)ခုကိုပင် ခမ်းခြောက်သွားစေတော့မည့်အလား ထင်မှတ်ရသည်။
တစ်ချန်တည်းမှာပင် မည်သည့်နတ်ဘုရားမဆို သုတ်သင်ရှင်းလင်းပစ်တော့မည့်အလား ဖြစ်လေသည်။
နတ်ဘုရားထောင်ချောက်ဓားသည် လျှပ်စီးကဲ့သို့ လျှင်မြန်လွန်းသည့် အရှိန်အဟုန်ဖြင့် ဆန်းလျန်ရှိရာသို့ ထိုးဖောက် ဝင်ရောက်လာလေသည်။
သို့သော်… ဆန်းလျန်က နောက်သို့ အသာဆုတ်ကာရှောင်လိုက်သည်။ ဆန်းလျန်၏ လျှင်မြန်မှုက ဓားသွား၏လျှင်မြန်မှုထက် အဆပေါင်းများစွာ သာလွန်လေသည်။
ဓားသွားလက်မှ ဆန်းလျန်သည် မျက်တောင်မွှေးတစ်ထောက်စာ အကွာအဝေးသို့ ရှောင်တိမ်းသွားပြီး လွတ်မြောက်သွားလေသည်။
သူ၏ ဓားချက်ကို ဆန်းလျန်ရှောင်တိမ်းလိုက်နိုင်ခြင်းအတွက် ချန်ပေသိုက စိတ်လှုပ်ရှားသွားခြင်း မရှိပေ။
လောကတွင် ချန်ပေသို၏ စိတ်ကိုလှုပ်ရှားအောင် ပြုလုပ်နိုင်သည့်အရာဆို၍ တစ်ခုမှ မရှိပေ။
ရုတ်တရက်…
နတ်ဘုရားထောင်ချောက်ဓားမှ အင်္သေချေသော ဓားဝိညာဉ်များထွက်ပေါ်လာပြီး ဆန်းလျန်ရှိရာသို့ ဝင်ရောက်လာလေသည်။
မိုးကောင်းကင်လမ်းစဉ်ဓားသွားအလား ဆန်းလျန်၏ မပျက်စီးနိုင်သည့် နတ်ဘုရားခန္ဓာကို အဆက်မပြတ်ထိုးနှက်လိုက်လေ၏။
သို့သော်… ဆန်းလျန်၏ မွေးညင်းတစ်ပင်ကိုပင် ထိခိုက်နိုင်စွမ်း မရှိပေ။
သို့သော်… ချန်ပေသိုကလည်း တစ်ချက်လေးပင် စိတ်ပျက်သွားခြင်း မရှိပေ။
တိုက်ပွဲအခြေအနေကို သုံးသပ်ရလျှင် ဆန်းလျန်သည် ရှောင်တိမ်းခြင်းကိုသာပြုလုပ်နေပြီး ပြန်လည် တိုက်ခိုက်ခြင်း မရှိသေးပေ။
ထို့ကြောင့် တိုက်ပွဲတွင် မည်သူအနိုင်ရမည်ကို ခန့်မှန်းရန်မှာ ခက်ခဲလွန်းလှသည်။
သူတို့ (၂)ယောက်လုံး၏ တိုက်ခိုက်မှုက ခန့်မှန်းနိုင်စွမ်းကို ကျော်လွန်လေသည်။
ထို့ပြင် သူတို့၏ တိုက်ခိုက်မှုကလည်း တိုက်ကွက်ကို စဉ်းစားပြီး တိုက်ခိုက်နေကြခြင်းမျိုးမဟုတ်ဘဲ သူတို့၏ ပင်ကိုယ်စိတ်အတိုင်း တိုက်ခိုက်နေကြခြင်း ဖြစ်လေတော့သည်။
***