← Chapters

လူမှားခြင်း

Vol. 9 Ch. 875

လူမှားခြင်း

Vol. 9 Ch. 875

အခြားသူများ၏ အမြင်တွင်တော့ ဆန်းလျန်နှင့် ချန်ပေသိုတို့ သူသေကိုယ်သေ တိုက်ခိုက်နေကြသည်ဟု ထင်မှတ်ကြပေလိမ့်မည်။

သို့သော်… ချန်ပေသိုက ဆန်းလျန်ကို ထိအောင်ပင် မနည်းတိုက်ခိုက်နေရသည်ကို ချန်ပေသိုသာလျှင် သိလေသည်။

အမှန်တော့ ဤတိုက်ပွဲကို စတင်ခဲ့ပြီဆိုကတည်းက သူ့အတွက် ပြန်လမ်းမရှိတော့သည်ကို ချန်ပေသို ကောင်းကောင်းသိရှိထားပြီးသား ဖြစ်လေသည်။

သို့သော်… ထိုအချက်ကြောင့်တော့ဖြင့် သူက စိတ်တုန်လှုပ်ခြင်း အလျဉ်းမရှိပေ။

ချန်ပေသို၏ အသင်္ချေတမျှများပြားသော ဓားဝိညာဉ်များသည် ပိုးကြိုးမျှင်များအဖြစ် ပြောင်းလဲသွားပြီး ဆန်းလျန်၏ နတ်ဘုရားခန္ဓာအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။ ဆန်းလျန်၏ နတ်ဘုရားခန္ဓာမှာ ရွှေခန္ဓာဖြစ်ပြီး မည်သည့်လက်နက်မှ ထိခိုက်နိုင်ခြင်းမရှိသည့်တိုင် ချန်ပေသိုက ကြိုးစားကြည့်လိုက်ခြင်း ဖြစ်သည်။

ဓားဝိညာဉ်များမှ အသွင်ပြောင်းသွားသော ပိုးချည်မျှင်များသည် သဘာဝတရားမှမွေးဖွားလာသည့် မိုးစက်များအလား ဆန်းလျန်ရှိရာသို့ ဝင်ရောက်သွားလေသည်။ ထိုပိုးချည်မျှင်များသည် စကြာဝဠာ၏ အစိတ်အပိုင်းဖြစ်ပြီး မိုးကောင်းကင်လမ်းစဉ်ကိုပင် လှစ်ဟပြလျှက်ရှိသည်။

ဤသည်မှာ ချန်ပေသို၏ ထိပ်တန်းအဆင့် ဓားသိုင်းကို ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်လေသည်။

ထို့ပြင် ချန်ပေသို၏ နတ်ဘုရားထောင်ချောက်ဓားကလည်း မရဏဓားတစ်လက် ဖြစ်လေရာ ပြိုင်ဘက်မရှိ ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များက အဆက်မပြတ် ထွက်ပေါ်လျှက် ရှိလေသည်။

ဓားသွားက ဆန်းလျန်၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွားလေသည်။

ဓားဝိညာဉ်က ကောင်းကင်ကိုးထပ်အထိ တောက်ပနေပြီး အသူရာချောက်ကိုးထပ်အထိ သက်ဆင်းသွားလေသည်။

ဤသည်မှာ နတ်ဘုရားထောင်ချောက်ဓားနှင့် ချန်ပေသို၏ ထိပ်တန်းအဆင့် ဓားသိုင်းလမ်းစဉ်တို့ ပေါင်းစပ်သွားခြင်းပင် ဖြစ်သည်။

ကောင်းကင်ထက်တွင် အလင်းတန်းများ လင်းလက်တောက်ပနေပြီး များပြားလှစွာသောနတ်ဘုရားများက သူတို့၏ တိုက်ပွဲကို ကြည့်ရှုနေကြလေသည်။

သူ့ထံသို့ နတ်ဘုရားထောင်ချောက်ဓား ဝင်ရောက်လာသည်နှင့် ဆန်းလျန်က ပြန်လည်တိုက်ခိုက်လိုက်လေသည်။

တိုက်ပွဲတစ်လျှောက်တွင် ပထမဆုံးအကြိမ် ပြန်လည်တိုက်ခိုက်ခြင်း ဖြစ်လေ၏။

ဆန်းလျန်က နတ်ဘုရားထောင်ချောက်ဓားကို ပြန်လည်ခုခံတိုက်ခိုက်ရန်အတွက် မည်သည့်စည်းတံဆိပ် ၊ မည်သည့်မှော်ဝင်လက်နက်ကိုမှ အသုံးပြုခြင်းမရှိပေ။

သူ၏လက်ချောင်းများကို ရှေ့သို့ အသာဆန့်ထုတ်လိုက်လေသည်။ ထို့နောက် သွေးနီရောင်တောက်ပနေသည့် ဓားသွားထက်ကို လက်နှစ်ချောင်းဖြင့် အသာထောက်ကာ ဓားသွားကို ရိုက်ချလိုက်လေသည်။

ဆန်းလျန်၏ လက်နှစ်ချောင်းနှင့် နတ်ဘုရားထောင်ချောက်ဓား ထိခတ်မိသွားသည်နှင့် မီးပွားများ ပွင့်ထွက်လာပြီး ချန်ပေသို၏ ဓားတန်ခိုးစွမ်းအားများအားလုံး ထိန်းချုပ် ခံလိုက်ရလေသည်။

ဆန်းလျန်က လက်နှစ်ချောင်းတည်းဖြင့် မရဏဓားတစ်လက်ကို တားဆီးထားနိုင်လိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့မိကြပေ။

ထို့ပြင် ဆန်းလျန်ထိန်းချုပ်လိုက်သည့်ဓားသည် ခေတ်အဆက်ဆက်တွင် ပြိုင်ဘက်ကင်းခဲ့သည့် စန့်ချင်တာအိုဆရာသခင်၏ မရဏဓားတစ်လက် ဖြစ်လေသည်။

ဓားသွားနှင့် ဆန်းလျန်၏ လက်ချောင်းများ ရိုက်ခတ်မိသည့် တစ်ခဏအတွင်းမှာပင် ဓားသွားသည် အကြိမ်ရေ သိန်းပေါင်းတစ်ထောင်တုန်လှုပ်သွားလေသည်။

မရဏဓားတစ်လက် ထိုသို့ တုန်လှုပ်သွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

ထို့ပြင်… ထိုတုန်လှုပ်သွားမှုက ချန်ပေသို၏ ခံနိုင်ရည်ရှိမှုထက် ကျော်လွန်သွားခဲ့လေသည်။ ချန်ပေသိုမှာ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ချလိုက်လေ၏။

ဆန်းလျန်က ချန်ပေသို၏ ဓားသမားဂုဏ်သိက္ခာကို လေးစားသည့်အတွက် သိက္ခာကျလောက်သည်အထိ ဖြစ်သွားအောင် အရမ်းကာရော တိုက်ခိုက်ခြင်းမျိုးမပြုလုပ်ဘဲ ဓားသွားကိုသာ ထိန်းချုပ်လိုက်ခြင်း ဖြစ်လေသည်။

တိုက်ပွဲကို ကြည့်နေကြသည့် နတ်ဘုရားများမှာ တုန်လှုပ်ခြောက်ခြားကုန်ကြလေသည်။

သူတို့အားလုံးမှာ လောကကို ကျော်လွန်ခဲ့ကြသည့် နတ်ဘုရားများဖြစ်ကြလေသည်။ သို့သော်… ဆန်းလျန်ကတော့ သူတို့အားလုံး အံ့အားသင့်သွားစေသည့် လုပ်ရပ်ကို ပြုလုပ်ပြခဲ့ပြီ ဖြစ်သည်။

ဆန်းလျန် လုပ်ပြလိုက်သည့်လုပ်ရပ်သည် နတ်ဘုရားများ လုပ်နိုင်သည့်လုပ်ရပ်ကို ကျော်လွန်နေလေသည်။

သူက သံသရာကိုကျော်လွန်သည့် တာအိုဆရာသခင်ကြီးတစ်ပါး လုပ်ဆောင်နိုင်သည့် လုပ်ရပ်မျိုးကို လုပ်ပြခဲ့ခြင်း ဖြစ်လေသည်။

ကောင်းကင်ထက်တွင် မွှေးရနံ့များသင်းပျံ့နေသည့် ကြာပန်းများ ပွင့်လန်းလာလေသည်။ ဆန်းလျန်က ကြာပန်းများထက်တွင် ခြေတစ်လှမ်းချင်းလှမ်းကာ ချန်ပေသိုရှိရာသို့ လမ်းလျှောက်လာလေသည်။

တကယ်တမ်းတွင် ဆန်းလျန်က ချန်ပေသိုကို သတ်ဖြတ်လိုခြင်း အလျဉ်းမရှိပေ။

သို့သော်… ယနေ့ သူ၏ကံကြမ္မာအဆုံးသတ်သွားပြီဖြစ်ကြောင်း ချန်ပေသို သိရှိနေခဲ့သည်။

ဆန်းလျန်ကို ရှုံးနိမ့်သွားရသည့်အတွက် သူ့နှလုံးသားထဲတွင် နာကျည်းခါးသီးခြင်းမရှိသည့်တိုင် အရှုံးကိုတော့ သူ လက်မခံချင်မိပေ။

သူက မိုးကောင်းကင်က မွေးဖွားလာသူဖြစ်သည်။ သူသည် ဓားသိုင်းတစ်မျိုးတည်းအတွက် မွေးဖွားလာသူဖြစ်သည်။ သူက မရဏဓား (၄)လက်စလုံးကို ထိန်းချုပ်ထားနိုင်ခြင်း မရှိသည့်တိုင် နတ်ဘုရားထောင်ချောက်ဓားနှင့် နတ်ဘုရားဒဏ်ခတ်ဓား (၂)လက်ကို ထိန်းချုပ်နိုင်ခဲ့သူ ဖြစ်သည်။

မရဏဓား (၂)လက်ကို ထိန်းချုပ်နိုင်ခြင်းသည်ပင် ရာဇဝင်တစ်လျှောက်တွင် ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်လေ၏။

ထိုသို့ ထိန်းချုပ်နိုင်ခဲ့ခြင်းသည် ခေတ်အဆက်ဆက်တွင် ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်လေသည်။ သူသည် ထိုမရဏဓား (၂)လက်ကို ကိုင်စွဲကာ စကြာဝဠာတစ်ခုလုံးတွင် ထိပ်တန်းအဆင့် ဓားသိုင်းလမ်းစဉ်ကို တက်ရောက်အောင်မြင်ခဲ့လေသည်။

ယခုတော့… သူရရှိခဲ့သည့် အောင်မြင်မှုအားလုံးမှာ ဟာသတစ်ခုသဖွယ် ဖြစ်ရချေပြီ။

ယနေ့တိုက်ပွဲကြောင့် ဆန်းလျန်သည် နှစ်ပေါင်းထောင်နှင့်ချီကြာအောင် ဒဏ္ဍာရီတွင်ကျန်ခဲ့မည့် နတ်ဘုရားတစ်ပါး အဖြစ် ရာဇဝင်တွင်သွားမည်ဖြစ်လေသည်။ သို့ရာတွင်… သူကတော့ ဖုံမှုံ့တစ်စအလား အလကားသက်သက်ဖြစ်ခဲ့ရပြီ။

ဆန်းလျန်ကို အမှတ်ရကြသလို ချန်ပေသိုဆိုသည့် သူ့ကိုတော့ မည်သူမှ အမှတ်ရကြတော့မည် မဟုတ်ပေ။

သို့ရာတွင်… သူက နာမည်ကျော်ကြားခြင်းကို ရယူပိုင်ဆိုင်လိုခြင်း မရှိခဲ့ပေ။ သူက ဆန်းလျန်ထက်မြင့်မားသည့် အဆင့်တစ်ခုကို တက်ရောက်လိုခဲ့ခြင်းသာ ဖြစ်လေသည်။

သို့သော်… ယခုတော့ သူသည် ထိုအဆင့်ကို မည်သည့်အခါမှ တက်ရောက်နိုင်တော့မည် မဟုတ်ပေ။

အတိတ်အချိန်များစွာက သူ့လက်ထဲတွင် အသက်ဆုံးခဲ့ကြသည့် နတ်ဘုရားများစွာကို ချန်ပေသို ပြန်အမှတ်ရနေမိလေသည်။ ယခုတော့ အသက်ဆုံးရမည့်သူမှာ သူကိုယ်တိုင်ဖြစ်လို့ နေခဲ့ပြီ။

ဆန်းလျန်က လက်ကိုဆန့်ထုတ်လိုက်ပြီး ချန်ပေသို၏လက်ထဲမှ နတ်ဘုရားထောင်ချောက်ဓားကို ဆွဲယူလိုက်သည်။

နတ်ဘုရားထောင်ချောက်ဓားက အနည်းငယ် ရုန်းကန်လှုပ်ရှားနေပြီးသည့်နောက် ဆန်းလျန်ကို အလျှော့ပေးကာ ငြိမ်သက်သွားလေသည်။ နတ်ဘုရားထောင်ချောက်ဓား၏ မူလရောင်စဉ်ဖြစ်သည့် သွေးနီရောင်က ဓားသွားတစ်လျှောက် တောက်ပလျှက်ရှိသည်။

ဓားရှည်သည် သံနှင့်ပြုလုပ်ထားသည်လည်းမဟုတ် ၊ သမဏိဖြင့်ပြုလုပ်ထားည်လည်းမဟုတ် ၊ ကြေးနီဖြင့် ပြုလုပ်ထားခြင်းလည်း မဟုတ်ပေ။

ထိုဓားရှည်သည် ချန်ပေသို၏ ရင်ဝကို ထိုးဖောက်ဝင်ရောက်သွားလေသည်။ ဓားချက်တစ်ချက်တည်းက ချန်ပေသို၏ အသက်ကို နှုတ်ယူသွားခဲ့ပြီ ဖြစ်လေသည်။

အရပ် (၁၀)မျက်နှာမှ အသံနက်ကြီးများထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး သိမ့်သိမ့်တုန်ကာ ငလျင်လှုပ်ခတ်လာလေသည်။

ချန်ပေသို၏အလောင်းက မြေပြင်ထက်သို့ ပြုတ်ကျသွားပြီး ဓားသွားပုံသဏ္ဍန် တောင်မြင့်ကြီးတစ်တောင်အဖြစ် ပြောင်းလဲသွားလေသည်။ ထိုတောင်မြင့်ကြီးသည် မိုးထိအောင်မြင့်မားပြီး ဓားဝိညာဉ်အလင်းတန်းများ လင်းဖြာလျှက်ရှိလေ၏။

ထို့နောက် ဆန်းလျန်၏ လက်ထဲတွင် နောက်ထပ် ဓားတစ်လက်ပေါ်လာလေသည်။

ထိုဓားက မီးခိုးရောင်အလင်းတန်းများတောက်ပနေသည့် နတ်ဘုရားဒဏ်ခတ်ဓားဖြစ်လေသည်။

အမှန်တော့ ချင်းဖုန်းနတ်ဘုရားပြောသည်မှာ အမှန်ပင်ဖြစ်လေသည်။ ချန်ပေသိုတွင် တကယ်တမ်း မရဏဓား (၂)လက်သာ ရှိခဲ့ခြင်း ဖြစ်လေ၏။

မရဏဓား (၂)လက်သည် ကောင်းကင်တစ်လျှောက်ဖြတ်သန်းသွားပြီး ချန်ပေသို၏ အလောင်းမှ ပြောင်းလဲသွားသည့် တောင်မြင့်ကြီး၏ ထိပ်ပိုင်းတွင် စိုက်ဝင်သွားလေသည်။ ထိုဓား (၂)လက် မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မည်သူမှ တွေ့မြင်နိုင်ခြင်း မရှိတော့ပေ။

တိုက်ပွဲကိုကြည့်နေကြသည့် နတ်ဘုရားများမှာ ဘာပြောရမှန်းမသိဘဲ ကြက်သေသေကုန်ကြလေသည်။

အဘယ်ကြောင့်ဆိုသော်… ထိုမျှ တန်ဖိုးရှိလွန်းလှသည့် မရဏဓားများဖြစ်လေသော နတ်ဘုရားထောင်ချောက်ဓားနှင့် နတ်ဘုရားဒဏ်ခတ်ဓားတို့ကို တပ်မက်ခြင်းအလျှဉ်းမရှိဘဲ လွှတ်ပစ်လိုက်သောကြောင့် ဖြစ်လေသည်။

ထို့နောက် ဆန်းလျန်သည် ကြာပန်းများထက်တွင် ခြေတစ်လှမ်းချင်းလှမ်းရင်း ပိုင်ယွိကျင်းနတ်ဘုရားမြို့တော်ဆီသို့ ပြန်လည်ဆင်းသက်လာလေတော့သည်။

ဆန်းလျန်သည် မွှေးရနံ့များသင်းပျံ့နေသည့် ကြာပန်းများထက်တွင် လမ်းလျှောက်နေသည့်တိုင် အခြားသောနတ်ဘုရားများ၏ မျက်စိထဲတွင်တော့ ဆန်းလျန်မှာ ကြောက်မက်ဖွယ်ရာ မရဏနတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်လိုက်ကြလေသည်။

ဆန်းလျန်က နူးညံ့သည့်အကြည်တစ်ချက်ဖြင့် ကောင်းကင်ထက်သို့ တစ်ချက်မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်မှ အလင်းတန်းများ ချက်ချင်းပျောက်ကွယ်သွားကြလေသည်။

ဆန်းလျန်ကို ကြောက်ရွံ့သည့်အတွက် တိုက်ပွဲကို ကြည့်နေကြသည့် နတ်ဘုရားများ တစ်ချိုးတည်းဖြင့် ပြန်ပြေးသွားကြခြင်းပင် ဖြစ်တော့သည်။

နတ်ဘုရားများက ဆန်းလျန်ဆိုသည့် မရဏနတ်ဘုရားနှင့် ဘယ်တော့မှ ထိပ်တိုက်မတွေ့ရန် ဆုံးဖြတ်လိုက်ကြသည်။ မဟုတ်ပါက သူတို့ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံထားသည့် ကျင့်ကြံခြင်းများ တစ်ခဏအတွင်း ပျက်စီးသွားကြရပေလိမ့်မည်။

ပိုင်ယွိကျင်းမြို့တော်တစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ပိုင်ယွိကျင်းမြို့တော်၏ ရှည်လျားသည့် လမ်းမထက် ၊ လရောင်အောက်တွင် ဆန်းလျန် တစ်ယောက်တည်း မတ်တတ်ရပ်နေလေသည်။

သူ့ကိုကြည့်ရသည်မှာ အထီးကျန်ဆန်လွန်းလှပေ၏။

ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းကို ဆန်းလျန် အဘယ့်ကြောင့် သတ်လိုက်ရပါသနည်း။

အဘယ်ကြောင့်ဆိုသော် ကျီဝေးတိကျွင်းသည် တစ်ချိန်က သူ့ကို "ရှိခြင်းမရှိခြင်းဓားသိုင်း" သင်ပြပေးခဲ့သည့် ဓားသူတော်စင်ကျီဝေးဟု လူသိများသည့် ဆရာစူးကို သတ်ဖြတ်ခဲ့သည့်အတွက် လက်စားချေခဲ့ခြင်း ဖြစ်လေသည်။

ချင်းဖုန်းကို သတ်လိုက်ရသည်ကတော့ သူနှင့် ကျီဝေးတိကျွင်း၏ ကြားတွင် မဆီမဆိုင် ဝင်ရှုတ်နေသောကြောင့် ဖြစ်လေသည်။

သို့သော်… ချန်ပေသိုကိုတော့ ဆန်းလျန် အမှန်တကယ် သတ်ဖြတ်လိုခြင်း မရှိခဲ့ပါချေ။

ချန်ပေသိုက ဆန်းလျန်နှင့် လာရောက်ပညာပြိုင်သည့်အတွက်သာ သူ့ဘ၀ အဆုံးသတ်သွားရခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင်…

ပိုင်ယွိကျင်းမြို့တော်၏ ရှည်လျားသည့် လမ်းမကြီးထက်ရှိ လရောင်အောက်တွင် အနီရောင်အရိပ်တစ်ရိပ် ပေါ်လာလေသည်။

ထိုအရိပ်သည် မီးကဲသို့ ရဲရဲနီလျှက်ရှိလေသည်။ ဆည်းဆာနေဝင်ချိန်အလား ရဲရဲနီလျှက် ရှိလေသည်။

ထိုအရိပ်သည် အနီရောင်ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်ဖြစ်ပြီး သူမ၏ မျက်ခုံးနှစ်ခုကြားတွင် မီးတောက်ပုံသဏ္ဍန်သင်္ကေတတစ်ခု ရှိနေလေသည်။

ထိုမီးတောက်သည် တကယ့် အစစ်အမှန်မီးတောက်အလား လောင်ကျွမ်းတောက်ပလျှက် ရှိလေသည်။

ကြည့်လိုက်သည်နှင့် သူမသည် မြင့်မြတ်သည့် ဇာမဏီငှက်မျိုးနွယ်ဖြစ်ကြောင်း ဆန်းလျန်က ချက်ချင်းသိလိုက်သည်။ မြင့်မြတ်သည့် ရှေးဟောင်းသွေးသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေလေသည်။

ဆန်းလျန်က သူမကိုတွေ့သည်နှင့် ဦးညွှတ်အရိုအသေပေးလိုက်လေသည်။

ဆန်းလျန်က ထိုမိန်းမပျိုကို ဦးညွှတ်အရိုအသေပေးလိုက်သည့်အတွက် အဝေးမှ ကြည့်နေသည့် ထိုက်ယင်းနတ်သမီးနှင့် ဟွေ့အန်းခရီးသည်တို့မှာ မယုံကြည်နိုင်အောင် အံ့အားသင့်သွားကြလေသည်။

ဆန်းလျန်ကပင် အရိုအသေပေးရသည့် ထိုမိန်းမပျိုသည် မည်သူဖြစ်ပါသနည်း။

လက်ရှိအချိန်တွင် ဆန်းလျန်၏အဆင့်အတန်းသည် မည်သူ့ကိုမှ ဦးညွှတ်စရာမလိုသည့် အဆင့်အတန်း ဖြစ်လေသည်။

အနီရောင်ဝတ်မိန်းမပျိုကလည်း ဆန်းလျန်၏ အရိုအသေပေးခြင်းကို မခံယူဘဲ ဘေးသို့ အသာဆုတ်လိုက်လေသည်။

ပြီးမှ သူမက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ငါ့ရဲ့ ခင်ပွန်းအတွက် လက်စားချေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆန်းသခင်လေး…"

ဆန်းလျန်က…

"ဓားသူတော်စင်ကျီဝေးဆိုတဲ့ ဆရာစူးက ကျွန်တော့်ကို ဓားသိုင်းသင်ပေးခဲ့တဲ့ ဆရာပါ ၊ ဒီနေ့ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာပါ ၊ ဆရာကတော်က ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး…"

ဆန်းလျန်က ခဏနားလိုက်ပြီးမှ စကားဆက်ပြောလိုက်လေသည်။

"ဆရာကတော်ကို ကျွန်တော် မေးချင်တာလေး တစ်ခုလောက်ရှိပါတယ်…"

အနီရောင်ဝတ်မိန်းမပျိုသည် ဇာမဏီမျိုးနွယ်တစ်ပါးဖြစ်ပြီး ဆန်းလျန်ကို ရှိခြင်းမရှိခြင်းဓားသိုင်း သင်ပေးခဲ့သည့် ဓားသူတော်စင်ကျီဝေး (သို့မဟုတ်) ကျီဝေးဧကရာဇ် (သို့မဟုတ်) ဆရာစူး၏ ဇနီးဖြစ်လေသည်။

ကျီဝေးတိကျွင်းက ဆရာစူးကို သတ်ဖြတ်ကာ ဆရာစူးထံမှ ကျီဝေးဧကရာဇ်၏ မူလဝိညာဉ်သင်္ကေတကို ယူဆောင်ခဲ့သည့်အတွက် ဆန်းလျန်က လက်စားချေပေးခဲ့ခြင်း ဖြစ်လေသည်။

စူးသခင်မက…

"ဆန်းသခင်လေးမေးချင်တာက ငါ့ရဲ့ ခင်ပွန်းက ဘာဖြစ်လို့ ဆန်းသခင်လေးကို 'ရှိခြင်းမရှိခြင်းဓားသိုင်း' သင်ပေးရသလဲဆိုတဲ့ မေးခွန်းမဟုတ်လား…"

ဆန်းလျန်က ခေါင်းညိတ်ပြလိုက်လေသည်။

စူးသခင်မက…

"ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းနဲ့ ငါ့ရဲ့ ခင်ပွန်း မတိုက်ခိုက်ကြခင်မှာ သူက ငါ့ကို အမှာစကားပြောခဲ့တယ် ၊ သူသာ ကံမကောင်းလို့ ကျီဝေးတိကျွင်းလက်ထဲမှာ သေဆုံးခဲ့ရမယ်ဆိုရင် ၊ ပြီးတော့ ဆန်းသခင်လေးကလည်း ဒီအတိုင်းကြည့်မနေဘဲ သူ့အတွက် လက်စားချေပေးခဲ့မယ်ဆိုရင် အကြောင်းစုံကို ဆန်းသခင်လေးကို ပြောပြပေးဖို့ ငါ့ကို မှာသွားခဲ့ပါတယ် ၊ တကယ်တော့ ချင်းရွှမ်နတ်တံခါးကို တည်ထောင်ခဲ့တဲ့ တာအိုဆရာသခင်ယွမ်ချင်းက ငါတို့ရဲ့ မိတ်ဆွေပါ ၊ သူက မင်းကို ပညာသင်ပေးဖို့ ငါ့ရဲ့ ခင်ပွန်းဆီမှာ အကူအညီတောင်းခဲ့တာပါ…"

ဆန်းလျန်က ခေါင်းညိတ်လိုက်ရင်း…

"ကျွန်တော်လည်း အဲဒီလိုများ ဖြစ်မလားလို့တော့ ခန့်မှန်းမိပါတယ် ၊ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော်က ချင်းရွှမ်နတ်တံခါးက တပည့်တစ်ယောက် မဟုတ်သေးပါဘူး ၊ ဘာလို့ ဆရာဘိုးဘိုးယွမ်ချင်းက ကျွန်တော့်ကို ဓားသိုင်းသင်ပေးဖို့ ဆရာစူးကို တောင်းဆိုရတာလဲ…"

စူးသခင်မ၏ မျက်နှာတွင် ထူးဆန်းသည့် အမူအရာတစ်ခု ဖြစ်ပေါ်သွားပြီးမှ…

"တကယ်တော့ တာအိုဆရာသခင်ယွမ်ချင်းက ဓားသိုင်းသင်ပေးဖို့ အကူအညီတောင်းခဲ့တာက မင်းကို သင်ပေးဖို့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ငါ့ရဲ့ခင်ပွန်းက လူမှားပြီး မင်းကို သင်ပေးလိုက်မိတာ…"

ပြောပြီးသည်နှင့် စူးသခင်မသည် သူမ၏နဖူးကိုလက်ဖြင့်အသာကိုင်လိုက်ရင်း တိတ်ဆိတ်ငြိမ်သက်နေလေတော့သည်။

ဆန်းလျန်မှာလည်း စူးသခင်မ၏စကားကြောင့် ကြက်သေသေသွားရလေသည်။

ဆရာစူးကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားလှသည့် နတ်ဘုရားတစ်ပါးက သူ့ကို လူမှားပြီး ပညာသင်ပေးလိုက်သည်ဆိုသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

***

All Chapters