← Chapters

နွေဦးရာသီလို အတိတ်ကာလ

Vol. 9 Ch. 876

နွေဦးရာသီလို အတိတ်ကာလ

Vol. 9 Ch. 876

စူးသခင်မက…

"ဆန်းသခင်လေးလည်း ဒီကိစ္စကို သိချင်နေမယ်ဆိုတာ သိပါတယ် ၊ တကယ်တော့ ငါ့ခင်ပွန်းဟာ အဆင့်မြင့် နတ်ဘုရားတစ်ပါးပါ ၊ ပြီးတော့ သူက တာအိုဝါဒရော ဗုဒ္ဓဘာသာပါ ကျင့်ကြံခဲ့တဲ့ လမ်းစဉ် (၂)ခုရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ် ၊ သူ လူမှားတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ ၊ ဒါပေမဲ့ နောက်ဆုံးတော့ သူ လူမှားပြီး မင်းကို ဓားသိုင်းသင်ပေးမိခဲ့တယ်ဆိုတာ ဝန်ခံခဲ့တယ် ၊ အဲဒါတောင်မှ သူ ချက်ချင်းသိခဲ့တာမဟုတ်ဘူး ၊ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးမှ လူမှားသွားပြီဆိုတာကို သိခဲ့တာ…"

စူးသခင်မပြောသည့်စကားများက ဆန်းလျန်တွေးနေသည့်အတွေးများနှင့်တစ်ထပ်တည်းကျလေသည်။

ထို့ကြောင့် ဆန်းလျန်က ပိုပြီးသိချင်လာမိသည်။

"ဘယ်လိုတွေ ဖြစ်ခဲ့တာလဲဗျာ…"

ဆရာစူး သူ့ကို လူမှားပြီး ဓားသိုင်းပညာသင်ပေးခဲ့သည်ကို သူယုံကြည်လေသည်။

သို့သော်… လူမှားခြင်းသည် တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်နိုင်ပေ။ သူ့ဘဝတွင် တိုက်ဆိုင်မှုများသည် အလွန်တရာပင် ထူးဆန်းနက်နဲခဲ့လေသည်။

သူ့ဖခင်ချန်ထားခဲ့သည့် "စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း" ကျင့်စဉ်စာအုပ် သူ့လက်ထဲရောက်ရှိနေခြင်းကပင် တိုက်ဆိုင်မှုဆိုသော်လည်း ထူးဆန်းသည့် တိုက်ဆိုင်မှု ဖြစ်နေသည် မဟုတ်ပါလား။

စူးသခင်မက…

"ငါ့ရဲ့ခင်ပွန်းက တာအိုဆရာသခင်ယွမ်ချင်းနဲ့ တွေ့ခဲ့ပြီးတဲ့နောက် တာအိုဆရာသခင် ယွမ်ချင်းက သူ့ရဲ့ ဓားသိုင်းကို လူတစ်ယောက်ကို လက်ဆင့်ကမ်းပေးဖို့ တောင်းပန်ခဲ့တယ် ၊ မင်း အခုရောက်နေတဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် မင်းလည်း နားလည်မှာပါပဲ ၊ လူတစ်ယောက်ကို တွေ့တာနဲ့ ကိုယ်ရှာနေတဲ့သူ ဟုတ်မဟုတ်ဆိုတာ ရုပ်ရည်သွင်ပြင်ထက် အသက်ရှူသံကို ပိုပြီး သတိထားကြည့်ကြရတယ် ၊ လူတစ်ယောက်က ရုပ်ရည်သွင်ပြင် ပြောင်းလဲသွားတယ်ဆိုရင်တောင်မှ လူသားသန်းပေါင်းများစွာမှာ အသက်ရှူသံတူညီတယ်ဆိုတာ မရှိနိုင်ဘူး ၊ ဒါပေမဲ့ ငါ့ရဲ့ခင်ပွန်း လူမှားခဲ့တယ်ဆိုကတည်းက တာအိုဆရာသခင်ယွမ်ချင်း ပေးလိုက်တဲ့ အသက်ရှူသံအချက်အလက်က မှားယွင်းနေခဲ့လို့ပဲ ဖြစ်မှာပေါ့ ၊ ငါ့ရဲ့ခင်ပွန်းကတော့ အဲဒီလိုပဲ ပြောခဲ့တာပါပဲ…"

ဆန်းလျန်က…

"ဆရာစူး ပညာသင်ပေးရမယ့်သူက ကျွန်တော်နဲ့ တော်တော်လေးကို ဆင်တူတာလား…"

ထိုမေးခွန်းကို မေးလိုက်သည့်အချိန်တွင် သူသည် ချင်းဖုန်းနတ်ဘုရားကို သတိရလိုက်မိလေသည်။

ချင်းဖုန်းနတ်ဘုရားနှင့်သူက ရုပ်ရည်သွင်ပြင်သာမက အသက်ရှူသံချင်းပါ ခပ်ဆင်ဆင်တူသည်ကို အစပိုင်းကတည်းက သူ သတိပြုခဲ့မိလေသည်။

သို့သော်… ထိုမျှလောက်ဖြင့်တော့ ဆရာစူးက သူမှားသည်ဟု ဝန်ခံမည် မဟုတ်ပေ။ အခြားအကြောင်းများ ရှိဦးမည် ဖြစ်လေသည်။

စူးသခင်မက…

"ဒီကိစ္စက အဲဒီလောက် မရိုးရှင်းဘူး ၊ တိတိကျကျပြောရရင် အရမ်းတန်ခိုးစွမ်းအားမြင့်မားတဲ့ နတ်ဘုရားတစ်ပါးပါးက ဒီကိစ္စကို ဝင်ပြီးခြယ်လှယ်ခဲ့တာမျိုး ဖြစ်နိုင်တယ် ၊ တာအိုဆရာသခင်ယွမ်ချင်းက ပညာသင်ပေးရမယ့်သူရဲ့ အသက်ရှူသံနမူနာကို ငါ့ရဲ့ခင်ပွန်းကို ပေးတဲ့အချိန်မှာ အဲဒီနတ်ဘုရားက အသက်ရှူသံကို မင်းရဲ့ အသက်ရှူသံနဲ့ တိတ်တိတ်လေး ပြောင်းလဲပေးလိုက်တာ ဖြစ်နိုင်တယ် ၊ ပြီးတော့ မင်းတို့နှစ်ယောက်ရဲ့ အသက်ရှူသံချင်းကလည်း ခပ်ဆင်ဆင်တူနေတယ် ၊ အဲဒီနောက်ပိုင်း တာအိုဆရာသခင်ယွမ်ချင်းက တံခါးပိတ်ကျင့်ကြံမှုကို ပြုလုပ်ခဲ့တယ် ၊ သူ တံခါးပိတ်ကျင့်ကြံတာ ပြီးဆုံးသွားလို့ အပြင်လောကကို ပြန်ထွက်လာတော့မှ ငါ့ရဲ့ ခင်ပွန်းက ဆန်းသခင်လေးကို လူမှားပြီး ပညာသင်ပေးလိုက်ပြီးဆိုတာကို သိခဲ့တာ ၊ အဲဒီ အချိန်မှာ ဆန်းသခင်လေးကလည်း နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့ပြီ ၊ ဒါပေမဲ့ တာအိုဆရာသခင် ယွမ်ချင်းက ငါ့ရဲ့ ခင်ပွန်းကို လူမှားတဲ့အကြောင်း ပြောမပြခဲ့ဘူး ၊ နောက်ဆုံး သူရောက်လာပြီး ငါ့ရဲ့ ခင်ပွန်းကို ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းနဲ့ ရင်ဆိုင်ဖို့ လာပြောတယ် ၊ အဲဒီအချိန်ကျမှ လူမှားတဲ့အကြောင်းကို ပြောပြခဲ့တာ…"

ဆန်းလျန်က…

"ဒါဖြင့် တကယ်တမ်း ဆရာစူး ပညာသင်ပေးရမယ့်သူက ဘယ်သူလဲဆိုတာ ဆရာကတော် ကျွန်တော့်ကို ပြောပြပေးနိုင်မလား…"

စူးသခင်မ ပြောသည့်စကားထဲတွင် အဆင့်မြင့် နတ်ဘုရားတစ်ပါးက ဆရာဘိုးဘိုးယွမ်ချင်းက ဆရာစူးကို ပေးခဲ့သည့် အသက်ရှူသံကို သူ၏အသက်ရှူသံဖြင့် တိတ်တဆိတ်လဲလှယ်ခဲ့သည်ဆိုသည့်စကား ပါလေသည်။

သို့သော်… ထိုနတ်ဘုရား မည်သူဖြစ်သည်ကို ဆန်းလျန် မမေးမြန်းခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုမျှအထိ တန်ခိုးစွမ်းအားမြင့်မားသူမှာ မည်သူဖြစ်သည်ကို ဆရာဘိုးဘိုးယွမ်ချင်းပင်လျှင် သိရှိခဲ့ဟန် မတူပေ။

ထို့ပြင် ထိုသို့ အသက်ရှူသံခြင်း အလဲအလှယ်ပြုလိုက်သည့် နတ်ဘုရားမှာ ဆန်းလျန်အတွက် "စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း" ကျင့်စဉ်စာအုပ်ကို ထားခဲ့သည့်လူနှင့် တစ်ယောက်တည်း ဖြစ်နိုင်လေသည်။ တစ်ယောက်တည်းမဟုတ်ပါကလည်း တစ်စုံတစ်ခု ဆက်စပ်နေရပေမည်။

တိတိကျကျပြောရလျှင် ထိုသူသည် ဆန်းလျန်၏ ဖခင်အရင်း ဖြစ်နိုင်လေသည်။

ထိုအချိန်က သူရယူထားခဲ့သည့် ဆန်းလျန်ဆိုသည့်လူငယ်လေး၏ အသွေးအသားခန္ဓာနှင့် သွေးသားတော်စပ်သူ ဖခင်ဖြစ်ပေလိမ့်မည်။ ဒေါက်တာလီဖုန်းဆိုသည့် ဘဝကူးပြောင်းလာသည့် သူကိုယ်တိုင်၏ ဖခင်တော့ မဖြစ်နိုင်ပေ။

စူးသခင်မက ပြုံးလိုက်ရင်း…

"ဆန်းသခင်လေးက ဉာဏ်ကောင်းတဲ့သူပဲ ၊ တာအိုဆရာသခင်ယွမ်ချင်းက ဘယ်သူ့ကိုပညာသင်ပေးခိုင်းတယ်ဆိုတာ ခန့်မှန်းမိမှာပါ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"အဲဒါဆို သူပဲပေါ့…"

ဆရာစူး ဓားသိုင်းပညာသင်ပေးရမည့်သူမှာ မည်သူဖြစ်သည်ကို ဆန်းလျန် အမှန်တကယ်လည်း ခန့်မှန်းနိုင်ခဲ့လေသည်။

စူးသခင်မက…

"သခင်လေးရင်ထဲက သံသယတွေ ရှင်းလင်းသွားပြီဆိုရင်တော့ ငါလည်း နောင်တရစရာ မကျန်တော့ပါဘူး…"

စကားဆုံးသွားသည်နှင့် စူးသခင်မ၏ မျက်ဝန်းများက ကျေနပ်မှုနှင့်အတူ ပြုံးယောင်သမ်းသွားလေသည်။

ထို့နောက်… သူမ၏ မျက်ခုံး (၂)ခုကြားမှ မီးတောက်သင်္ကေတက ကြီးမားသည့်မီးတောက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တဟုန်းဟုန်းတောက်လောင်လာလေသည်။

ထို့နောက်… သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်ကြီးက ဝါးမြိုလောင်ကျွမ်းသွားလေတော့သည်။

ဆန်းလျန်က တန်ခိုးစွမ်းအားကို အသုံးပြုကာ ထိုမီးတောက်များကို ငြိမ်းသတ်ပေးလိုမိသည်။ သို့သော်… နောက်ဆုံးတော့ သူ မငြိမ်းသတ်ခဲ့ပေ။

လူတစ်ယောက်သည် နှလုံးသား သေဆုံးခဲ့ပြီဆိုလျှင် ဆက်လက် အသက်ရှင်သန်နေ၍လည်း အဘယ်မှာ အကျိုးရှိပါမည်နည်း။ သူမ ချစ်ခင်ရသည့် ခင်ပွန်းမရှိတော့သည့်နောက် သူမသည်လည်း အဘယ်မှာ ဆက်လက်အသက်ရှင်သန်လိုတော့ပါမည်နည်း။

အမှန်တော့ ချစ်ခြင်းမေတ္တာဆိုသည်က…

လူတစ်ယောက်၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်လောက်သည်အထိ စွမ်းအားကြီးမားလွန်းလှပေ၏။

ဇာမဏီမီးတောက်များကြားတွင် စူးသခင်မ လောင်ကျွမ်း ပျောက်ကွယ်သွားသည်ကို ဆန်းလျန် ကြည့်နေမိလေသည်။ စူးသခင်မ ပျောက်ကွယ်သွားသည်နှင့် လမ်းမထက်တွင် သေးငယ်သည့် မီးတောက်လေးတစ်ခု တောက်လောင် ကျန်ရစ်ခဲ့လေသည်။

နောက်နှစ်အနည်းငယ်ကြာသည့်အချိန်တွင် ဤမီးတောက်ငယ်အတွင်းမှ နောက်ထပ် ဇာမဏီငှက်တစ်ပါး ပြန်လည်မွေးဖွားလာမည် ဖြစ်လေသည်။ သို့သော်… ထိုဇာမဏီငှက်သည် စူးသခင်မတော့ မဖြစ်နိုင်တော့ပေ။

ဆန်းလျန်က အင်္ကျီလက်တစ်ဖက်ကို အသာဝှေ့ယမ်းလိုက်ပြီး ဇာမဏီမီးတောက်လေးကို သိမ်းဆည်းထားလိုက်လေသည်။

စောစောက သူ အထီးကျန်မှုများကို ခံစားနေခဲ့ရလေသည်။ ယခုတော့ သူ့နှလုံးသားထဲတွင် အားအင်များ ပြန်လည် ပြည့်ဝလာခဲ့ပြီ ဖြစ်လေသည်။

သူ ဆရာစူး အကြောင်း စဉ်းစားနေမိသည်။

အစမှ အဆုံးတိုင်အောင်…

သူ ဆရာစူးကို တစ်ကြိမ်သာလျှင် တွေ့ဆုံခဲ့ဖူးလေသည်။ မိန်းမကြောက်ရသည့် ဆရာစူး၏ပုံစံကို သူ့မျက်ဝန်းထဲတွင် အခုပင် မြင်ယောင်နေမိေသေးသည်။

ထိုအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်မှာ အချိန်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။

ထိုက်ယင်းနတ်သမီးနှင့် ဟွေ့အန်းခရီးသည်တို့ သူ့အနားသို့ တိတ်ဆိတ်စွာဖြင့် ရောက်လာကြသည်။

ဆန်းလျန်၏ မျက်ဝန်းများတွင် မျက်ရည်များ ရစ်ဝဲနေသည်ကို သူတို့ တွေ့မြင်လိုက်ကြရလေသည်။

ဆန်းလျန် မျက်ရည်ကျတော့မည်လားဟု ထိုက်ယင်းနတ်သမီး တွေးလိုက်သည့်အချိန်မှာပင် ဆန်းလျန်၏ မျက်ဝန်းထက်မှ မျက်ရည်တစ်စ စီးကျသွားလေသည်။

ထိုက်ယင်းနတ်သမီးက …

"ရှင်ဘာဖြစ်လို့ ငိုရတာလဲ…"

ဆန်းလျန်က သူမ၏ အမေးကို မဖြေဘဲ ပိုင်ယွိကျင်းမြို့တော်အတွင်းမှ လမ်းလျှောက် ထွက်ခွာသွားလေတော့သည်။

ထိုက်ယင်းနတ်သမီးသည် ဆန်းလျန်ကို ငေးကြည့်ရင်း ကဗျာတစ်ပုဒ်ကို သတိရလိုက်မိလေသည်။

"ဘဝက ဘာမှမဟုတ်သလို လွင့်မျော…

နွေဦးရာသီလို အတိတ်ကာလ ငယ်ရွယ်စဉ်အချိန်များက…

တံတားငယ်ထက်မှာ ကျန်ရစ်ခဲ့ကြပြီ…"

………

ထိုအချိန်…

ဖန်သားကောင်းကင်ဘုံတွင် ဆရာတော်တစ်ပါး ထိုင်နေလေသည်။

ထိုကိုယ်တော်ကိုသာ ဆန်းလျန်တွေ့မြင်ရမည်ဆိုလျှင် ဖားဟိုင်ဆရာတော်နှင့် အလွန်ဆင်တူသည်ကို သိရှိသွားမည် ဖြစ်သည်။

ထို ဆရာတော်မှာ နတ်ဆေးကိုယ်တော်လျိုလီပင် ဖြစ်လေ၏။

နတ်ဆေးကိုယ်တော်လျိုလီတွင် ကိုယ်ခွဲ (၆)ခု ရှိလေသည်။ ထိုကိုယ်ခွဲများထဲမှ (၁)ခုမှာ ဖားဟိုင်ဆရာတော် ဖြစ်လေ၏။

ဖားဟိုင်ဆရာတော်သည် လူ့လောကတွင် လူပြန်ဝင်စားခဲ့သည့် နတ်ဆေးကိုယ်တော်၏ ကိုယ်ခွဲဖြစ်လေသည်။ ယခုတော့ ဖားဟိုင်ဆရာတော် လောကကို ကျော်လွန်သွားပြီးသည့်နောက်ပိုင်း လူ့လောကတွင် ဖားဟိုင်ဆရာတော်ဟူ၍ မရှိတော့ပေ။

ဖားဟိုင်ဆရာတော်၏ တန်ခိုးစွမ်းအားများကတော့ မူလခန္ဓာဖြစ်သည့် နတ်ဆေးကိုယ်တော်လျိုလီနှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်လေသည်။ ထို့ကြောင့် ဖားဟိုင်ဆရာတော်နှင့် နတ်ဆေးကိုယ်တော်မှာ တစ်ပါးတည်းဖြစ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်… နတ်ဆေးကိုယ်တော်က သူ၏ ကိုယ်ခွဲများကို ပြန်လည်ခွဲထုတ်မည်ဆိုလျှင်တော့ ဖားဟိုင်ဆရာတော်သည်လည်း ကိုယ်ခွဲတစ်ခုအဖြစ် ပြန်လည်ထွက်ပေါ်လာမည် ဖြစ်လေသည်။

ဖန်သားကောင်းကင်ဘုံသို့ စာတစ်စောင်နှင့်အတူ ဟွေ့အန်းခရီးသည် ရောက်ရှိလာလေသည်။

ဟွေ့အန်းခရီးသည်မှာ ဗုဒ္ဓဘာသာ ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း နတ်ဆေးကိုယ်တော်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်လေသည်။

နတ်ဆေးကိုယ်တော်သည် အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်သည့်အတွက် သူ့အနေဖြင့် သွားရောက်လည်ပတ်ရဲခြင်း မရှိခဲ့ပေ။

ထို့ပြင်…နတ်ဆေးကိုယ်တော်သည် သူ့ကိုယ်ပိုင် ဖန်သားကောင်းကင်ဘုံတွင် နေထိုင်သူဖြစ်သည့်အတွက် အော်မီတော်ဖူဘုရား၏ သုခဘုံသို့ တစ်ခေါက်မှ လာရောက်ဖူးခြင်း မရှိပေ။

တစ်ခါတစ်ရံသာ ဗုဒ္ဓတရားဟောပြောသည်ကို နားထောင်ရန် လင်စန်းတောင်သို့ ရောက်ရှိလာတတ်လေသည်။ ဤသည်မှာ သူ၏ ထူးဆန်းသည့် နေပုံထိုင်ပုံ စရိုက်လက္ခဏာပင် ဖြစ်လေ၏။

ထိုသို့သော ထူးခြားသည့် စရိုက်လက္ခဏာရှိသော ကိုယ်တော်များနှင့် ဗောဓိသကျများမှာ အနည်းငယ်သာ ရှိလေသည်။

လက်ရှိအချိန်တွင်…

မီးအိမ်ကိုယ်တော် ၊ မီလဲ့ကိုယ်တော်နှင့် နေစကြာတထာဂတဿတို့သာ ထိုသို့ သီးခြားနေထိုင်ကြလေသည်။

အော်မီတော်ဖူဘုရားသည်လည်း သံသရာကို ကျော်လွန်မသွားခင်က ထိုသို့ပင် သီးခြား နေထိုင်သူ ဖြစ်လေသည်။

ဟွေ့အန်းခရီးသည်က နတ်ဆေးကိုယ်တော်ကို အရင်ဦးဆုံး လက်အုပ်ချီအရိုအသေပေးလိုက်ပြီး စာတစ်စောင် ထုတ်ပေးလိုက်လေသည်။

နတ်ဆေးကိုယ်တော်က စာကို ဖွင့်ကြည့်လိုက်သည့်အခါ အဖြူရောင်စာရွက်ပေါ်တွင် အနက်ရောင်မင်ရည်ဖြင့် ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ် တွေ့ရလေသည်။

ရေးဆွဲထားသည့်ပန်းချီကားမှာ အရွက်နှင့်အပွင့်များရှိသော်လည်း အမြစ်မရှိသည့် ပန်းပင်တစ်ပင်၏ ပုံဖြစ်လေ၏။

အခြားသူများအမြင်တွင်တော့ ထိုပန်းချီကားမှာ သိပ်ပြီး လက်ရာမကောင်းသည့် ပန်းချီကားတစ်ချပ်ဟု ထင်မှတ်ပေမည်။

သို့သော်… နတ်ဆေးကိုယ်တော်ကတော့ ပန်းချီကားဟုလည်း မမြင် ၊ ပန်းပင်ဟုလည်းမမြင် ၊ သက်ရှိလောကတစ်ခုဟု သိမြင်လိုက်သည်။

ထိုသက်ရှိလောကတွင်… ယင်နှင့်ယန် ၊ ဒြပ်စင်စွမ်းအား (၅)မျိုး ၊ မိုးနှင့်မြေ ၊ သက်ရှိသတ္တဝါများ ပါဝင်လေသည်။

တကယ့်လက်ရှိလောကနှင့်ယှဉ်လျှင် ပန်းချီကားထဲမှလောကတွင် လိုအပ်ချက်တစ်ခုသာ ရှိလေသည်။ ထိုလိုအပ်ချက်မှာ လူပြန်ဝင်စားခြင်းလမ်းစဉ် ပျောက်ကွယ်နေခြင်း ဖြစ်လေ၏။

သို့တိုင်အောင်… စိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်သည့် လောကတစ်ခု ဖြစ်လေသည်။

နတ်ဆေးကိုယ်တော်၏ ဖန်သားကောင်းကင်ဘုံသည် သက်ရှိသတ္တဝါများနေထိုင်နိုင်သည့် မြင့်မြတ်သည့်နယ်မြေတစ်ခု ဖြစ်လေသည်။ နတ်ဆေးကိုယ်တော်သည်လည်း အရာဝတ္ထုများကို ဖန်တီးနိုင်စွမ်းရှိလေသည်။ သို့သော် ဆန်းလျန်ကဲ့သို့ လောကတစ်ခုကို ဖန်ဆင်းရန်မှာတော့ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

ပန်းချီကားထဲမှလောကသည် စွဲဆောင်မှုအလွန်ရှိပြီး နှင်းစက်တစ်မှုံခြင်းကအစ အသက်ဓာတ်စွမ်းအားများနှင့် ပြည့်ဝလျှက်ရှိလေသည်။

သူနေထိုင်ရာ ဖန်သားကောင်းကင်ဘုံသည် အိပ်မက်ဆန်လွန်းစွာ လှပကောင်းလှပပေလိမ့်မည်။ သို့သော်… ဆန်းလျန်ဖန်ဆင်းသည့် ပန်းချီကားထဲမှ လောကကဲ့သို့ အသက်ဓာတ်စွမ်းအားများနှင့် ပြည့်ဝနေခြင်း မရှိပေ။

နတ်ဆေးကိုယ်တော်က နူးညံ့သည့် အကြည့်ဖြင့် ဟွေ့အန်းခရီးသည်ကိုကြည့်လိုက်ပြီး…

"ဆန်းလျန်က ဘာကိုဆိုလိုလဲဆိုတာ ကျုပ်နားလည်ပါတယ် ၊ သူ့ကို ပြန်ပြောလိုက်ပါ ၊ ကျုပ် သူ့ကို စောင့်နေပါတယ်လို့…"

ဟွေ့အန်းခရီးသည်က…

"တကယ်တော့ ထျန်းကျွင်း ရောက်လာဖို့အတွက် စောင့်နေစရာ မလိုတော့ပါဘူး…"

နတ်ဆေးကိုယ်တော်က ပေါ့ပါးသည့်လေသံဖြင့်…

"ကျုပ်က အော်မီတော်ဖူဘုရားရဲ့ သုခဘုံရော ၊ လန်စန်းတောင်ကိုရော တစ်ခါတည်းနဲ့ သွားနိုင်စွမ်းရှိပါတယ် ၊ ကျုပ်က နတ်ဆေးကိုယ်တော်ပဲ မဟုတ်လား… ကောင်လေး… ၊ ဒါပေမဲ့ တစ်ခါတစ်လေမှာတော့ ရွေးခြယ်စရာ မရှိဘူးပေါ့…"

ဟွေ့အန်းခရီးသည်၏မျက်နှာထက်တွင် ဝမ်းနည်းရိပ်တစ်ချက် ဖြတ်သန်းသွားလေသည်။

အဘယ်ကြောင့်ဆိုသော်… နတ်ဆေးကိုယ်တော်သည်လည်း ဆန်းလျန်ကို တားဆီးနိုင်မည် မဟုတ်သောကြောင့် ဖြစ်လေသည်။

လောကတွင် ဆန်းလျန်ကို တားဆီးနိုင်သူ တစ်ဦးတစ်ယောက်မှ ရှိမည် မဟုတ်ပေ။

ဗုဒ္ဓကိုယ်တော်တိုင်ဖြစ်လျှင်တော့ ဆန်းလျန်ကို တားဆီးကောင်း တားဆီးနိုင်ပေလိမ့်မည်။ သို့သော်… နတ်ဆေးကိုယ်တော်နှင့် သူ၏ ကိုယ်ခွဲများကတော့ ဆန်းလျန်ကိုမည်သည့်နည်းနှင့်မှ ရပ်တန့်စေနိုင်မည် မဟုတ်ပေ။

တစ်ယောက်ချင်းတိုက်ခိုက်မည်ဆိုလျှင် ဆန်းလျန်ကို မည်သူမှ အနိုင်ယူနိုင်မည် မဟုတ်ပေ။

တာအိုဆရာသခင်ကြီးများကို ထည့်မတွက်ဘူးဆိုလျှင် "တစ်ခေတ်မှာတစ်ခါ တစ်ယောက်တည်းပေါ်ထွက်လာသူ" ဆိုသည့်စကားသည် ဆန်းလျန်အတွက် ဖြစ်လေသည်။

***

All Chapters