← Chapters

ထိုက်ယိ

Vol. 9 Ch. 877

ထိုက်ယိ

Vol. 9 Ch. 877

နတ်ဆေးကိုယ်တော်က ဝမ်းနည်းရိပ်သန်းနေသည့် ဟွေ့အန်းခရီးသည်၏ မျက်နှာကို တွေ့လိုက်သည့်အခါ မပီမပြင် တစ်ချက်ပြုံးလိုက်ရင်း…

"အရူးလေး…"

ဟု ရေရွတ်လိုက်လေသည်။

ထို့နောက်… ဖန်သားကောင်းကင်ဘုံတစ်ခုလုံး အလင်းရောင်များ လင်းလက်တောက်ပလာပြီး နတ်ဆေးကိုယ်တော်၏နောက်တွင် ဘုန်းတော်ကြီး (၆)ပါး ပေါ်လာလေသည်။

ထိုရှေးဟောင်း ဘုန်းတော်ကြီးများသည် မီးအိမ်ကိုယ်တော်၏ တပည့် (၂၄)ယောက်လောက် အဆင့်မြင့်မားခြင်း မရှိကြသော်လည်း နတ်ဆေးကိုယ်တော်၏ ကိုယ်ခွဲများဖြစ်လေသည်။

ထိုကိုယ်ခွဲများသည် တာ့လော်အဆင့်နီးပါး တန်ခိုးစွမ်းအား မြင့်မားကြပြီး ဗုဒ္ဓဘာသာ၏ တတိယမျိုးဆက်ဟုပင် ခေါ်ဆိုနိုင်လေသည်။

သိပ်မကြာမီအချိန်တွင် သူ၏ နေ့ရက်များ ကုန်ဆုံးသွားတော့မည်ကို နတ်ဆေးကိုယ်တော် သိရှိနေခဲ့လေသည်။ ထိုအချိန်သို့ ရောက်ရှိလာခဲ့လျှင်တော့ ဖန်သားကောင်းကင်ဘုံတွင် တောက်ပနေသည့် အလင်းတန်းများ မှေးမှိန်သွားမည် ဖြစ်လေသည်။

…………

ထိုအချိန်မှာပင်…

ဆန်းလျန်သည် နတ်ဘုရားများ၏ မြင်ကွင်းဖြစ်သည့် မိုးနှင့်မြေတစ်ခွင်မှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေသည်။

ရုတ်တရက်… ဆန်းလျန်ပျောက်ကွယ်သွားသည့်အတွက် နတ်ဘုရားများ အံ့သြထိတ်လန့်ကြရပြန်လေသည်။ ဆန်းလျန် မည်သည့်နေရာသို့ ရောက်ရှိသွားသည်လဲ မည်သည့်နတ်ဘုရားမှ သိရှိခြင်း မရှိကြပေ။

တစ်ညအတွင်းမှာပင် ကျီဝေးတိကျွင်း ၊ ချင်းဖုန်းနတ်ဘုရားနှင့် ချန်ပေသိုတို့ကို တိုက်ခိုက်သတ်ဖြတ် အနိုင်ယူခဲ့သည့်အတွက် လောလောဆယ်အချိန်တွင် ဆန်းလျန်သည် နာမည်ကြီးလျှက် ရှိလေသည်။

အားလုံးက ဆန်းလျန်ကို "ဆန်းလျန်ထျန်းကျွင်း" ဟု အသိအမှတ်ပြု ခေါ်ဆိုလာကြလေသည်။

ကျင့်ကြံသူလောကတွင် တာ့လော်အဆင့် ကျင့်ကြံသူကို တောက်ကျွင်း (တာအိုသခင်) ဟု ခေါ်ဆိုကြလေသည်။

သို့သော် ဆန်းလျန်ကတော့ တာ့လော်အဆင့်ကို ကျော်လွန်ခဲ့ပြီဖြစ်သည့်အတွက် သူ့ကို ဂုဏ်ပြုသည့်အနေဖြင့် ထျန်းကျွင်း (ကောင်းကင်ဘုံသခင်) ဟု ခေါ်ဆိုကြခြင်း ဖြစ်လေသည်။

ဤအမည်နာမကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်သည် တောက်ကျွင်းဟု ခေါ်ဆိုသတ်မှတ်ကြသည့် တာ့လော်အဆင့် ကျင့်ကြံသူများထက် အဆင့်မြင့်သည်ကို ပြသနေလေသည်။

ဒုတိယမိုးနတ်မင်း၏ မိုးကောင်းကင်ခုံရုံးပျက်စီးသွားပြီးသည့်နောက်ပိုင်း "ထျန်းကျွင်း" ဆိုသည့် ဂုဏ်ပုဒ်ကို မည်သူမှ ရရှိခြင်း မရှိကြတော့ပေ။

ယခု ဆန်းလျန်က ပထမဆုံးအကြိမ် ထျန်းကျွင်းဆိုသည့်ဂုဏ်ပုဒ်ကို ပြန်လည်ရရှိခြင်း ဖြစ်လေသည်။

တောက်ကျွင်း (တာအိုသခင်)များပင် တဖြုတ်ဖြုတ်ကြွေနေကြသည့် သက်ဆိုးမရှည်လှသည့် နတ်ဘုရားများ၏ခေတ်တွင် "ထျန်းကျွင်း" (ကောင်းကင်ဘုံသခင်)ဆိုသည့် ဘွဲ့အမည်ကို မည်သူမှ ရရှိအောင် ကျင့်ကြံနိုင်ခဲ့ခြင်း မရှိကြပေ။

သို့သော်… ဆန်းလျန်ထျန်းကျွင်း ပေါ်ထွက်လာသည့်အတွက် ယခင် ဘေးအန္တရယ်ကပ်ဆိုးကြီးများအတွင်းတွင် အသက်ရှင် ကျန်ရစ်ခဲ့ကြသည့် ရှေးဟောင်း နတ်ဘုရားများကတော့ ဘေးအန္တရယ်အငွေ့အသက်အချို့ကို ခံစားလိုက်မိကြလေတော့သည်။

ယေဘူယျအားဖြင့်ဆိုရမည်ဆိုလျှင် ဆန်းလျန်ကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားလွန်းသူတစ်ယောက်သည် သာမန်ကျင့်ကြံသူတစ်ယောက်မှ ထွက်ပေါ်လာခြင်း လုံး၀ မဖြစ်နိုင်ပေ။ ရှေးဟောင်းနတ်ဘုရားတစ်ပါးပါး လူပြန်ဝင်စားမှသာ ဖြစ်နိုင်မည် ဖြစ်လေသည်။

ဘာမှ မဟုတ်သည့်လူတစ်ယောက်က ထိုမျှ တန်ခိုးစွမ်းအားမြင့်မားသည်ဆိုသည်မှာ အဓိပ္ပါယ်မရှိလှဘဲ အစောပိုင်းအချိန်များကတည်းက ဒဏ္ဍာရီဆန်သည့် နတ်ဘုရားတစ်ပါးပါး လူပြန်ဝင်စားမှသာ ထိုမျှ အစွမ်းထက်မြက်နိုင်မည် ဖြစ်လေသည်။

သို့သော်… ဆန်းလျန်သည် အရင်ဘဝက မည်သည့်နတ်ဘုရားဝင်စားသည်ကို မည်သူမှ သိရှိကြခြင်း မရှိပေ။

အချို့သူများက ဆန်းလျန်သည် ချင်းတိဧကရာဇ် လူပြန်ဝင်စားသူဖြစ်သည်ဟု ဆိုကြသည်။ အချို့သူများက ပထမမိုးနတ်မင်း လူပြန်ဝင်စားသည်ဟု ဆိုကြပြန်သည်။ အချို့သူများက ဒုတိယမိုးနတ်မင်းလူပြန်ဝင်စားသည်ဟု ပြောကြပြန်သည်။

အချို့သူများက ဆန်းလျန်၏ ဘေးနားတွင် ကွမ်ဟန်နန်းတော်မှ တပည့်တစ်ယောက်ဖြစ်သည့် ထိုက်ယင်းနတ်သမီး ရှိနေသည့်အတွက် လေးသည်တော်တာ့ယိ လူပြန်ဝင်စားသည်ဟု ဆိုကြပြန်လေသည်။

သို့သော်… ထိုသတင်းများသည် ကောလဟလများသာ ဖြစ်ပြီး တကယ်တမ်းတွင် ဆန်းလျန်မှာ မည်သည့်နတ်ဘုရား လူပြန်ဝင်စားသည်ကို မည်သူမှ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် မပြောဆိုနိုင်ခဲ့ကြပေ။

ထို့ပြင် ဆန်းလျန်သည် ကျင့်စဉ်လမ်းတွင် အရာအားလုံးကို သိမြင်နိုင်စွမ်းရှိသူတစ်ယောက် ဖြစ်လေသည်။တာအိုဝါဒ ၊ ဗုဒ္ဓဘာသာ ၊ နတ်မိစ္ဆာလမ်းစဉ်များအားလုံးကို ဆန်းလျန်က သိရှိအကျွမ်းဝင်လေ၏။

ထိုအချက်က မယုံကြည်နိုင်စရာ ကောင်းလွန်းလှပြီး ဆန်းလျန်၏ လမ်းစဉ်သည် တာအိုဝါဒ၏ သမိုင်းကြောင်းတစ်လျှောက်လုံးတွင် အကောင်းဆုံးလမ်းစဉ်ဟု ဆိုနိုင်လေသည်။

ယခင်က ဆန်းလျန်ကဲ့သို့ အကြောင်းအရာအားလုံးကို သိရှိခဲ့ကြသူများဆို၍ ဗုဒ္ဓနှင့် တာအိုဆရာသခင်ထိုက်ယီသာလျှင် ရှိလေသည်။

ထို့ကြောင့် အားလုံးက ဆန်းလျန်သည် လောကတွင်ပေါ်ထွက်လာမည့် နဝမမြောက် တာအိုဆရာသခင်ကြီး ဖြစ်လာလေမည်လားဟု သိချင်နေမိကြလေသည်။

နောက်ပိုင်းခေတ်တွင် ထွက်ပေါ်လာသည့် သာမန်နတ်ဘုရားများကတော့ ဆန်းလျန်က နဝမမြောက်တာအိုဆရာသခင်ကြီး ဖြစ်သွားလျှင်လည်း သိပ်ပြီး ခံစားချက်မရှိကြပေ။

သို့သော်… ဘေးအန္တရယ်ကပ်ဆိုးကြီးများကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပြီး အသက်ရှင်သန်ကျန်ရစ်ခဲ့ကြသည့် ရှေးဟောင်းနတ်ဘုရားများနှင့် ဗောဓိသကျများကတော့ မိုးနှင့်မြေသည် (၉)ဂဏန်းနှင့် ပြည့်စုံရန်အတွက် အလွန်နီးကပ်နေပြီဖြစ်သည်ကို ခန့်မှန်းမိကြလေသည်။

စကြာဝဠာကိုကျော်လွန်သွားသူ ၊ သံသရာကိုကျော်လွန်သွားသူ တာအိုဆရာသခင်ကြီး (၉)ပါး ရှိရမည်ဟု အဆိုရှိလေသည်။ ထို့ကြောင့် စကြာဝဠာတစ်ခုတွင် တာအိုဆရာသခင်ကြီး (၁၀)ပါး မပွင့်နိုင်သည်ကတော့ သေချာလှသည်။

ထို့ကြောင့် ဆန်းလျန်သာ တာအိုဆရာသခင်ကြီးအဖြစ် အဆင့်တက်ရောက်နိုင်သွားမည်ဆိုလျှင် အခြားသူများအတွက် တာအိုဆရာသခင်ကြီးဖြစ်လာရန် မျှော်လင့်ချက် လုံး၀ ရှိတော့မည် မဟုတ်ပေ။

တာအိုဆရာသခင်ကြီး ဖြစ်မလာနိုင်တော့လျှင် သံသရာကို ကျော်လွန်နိုင်မည် မဟုတ်တော့ပေ။ သံသရာကို မကျော်လွန်နိုင်ပါက မည်မျှပင် အသက်ရှည်သည့် နတ်ဘုရားဖြစ်ပါစေ လူပြန်ဝင်စားရမည် ဖြစ်ပြီး ဘဝသံသရာတွင် အကြိမ်ကြိမ်အထပ်ထပ်လည်ပတ်ကာ ဒုက္ခကို ခံစားရမည် ဖြစ်လေသည်။

မိုးနတ်မင်းကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားလွန်းသူများပင်လျှင် အဆုံးသတ်တွင် သေခြင်းတရားကို ရင်ဆိုင်ကြရသည်ပဲ ဖြစ်လေသည်။ ယခုဆိုလျှင် မည်သည့်ဘဝသို့ ရောက်ရှိနေကြသည်လဲ မသိရှိနိုင်တော့ပေ။

သူတို့အနေဖြင့် သံသရာတွင်ကြဉ်လည်ရင်း အတိတ်ဘဝကို မှတ်မိချင်မှ မှတ်မိကြပေတော့မည်။ အတိတ်ဘဝကို မှတ်မိသည်ဆိုဦးတော့ လက်ရှိဘဝမှလူတစ်ယောက်သည် အတိတ်ဘဝမှ လူတစ်ယောက်နှင့် မည်သည့်နည်းနှင့်မှ မတူညီနိုင်တော့ပေ။

ထိုတရားသဘောကို နက်ရှိုင်းစွာ သိမြင်ပါက လျှောက်ရမည့်လမ်းသည် အဓိပ္ပါယ်ကင်းမဲ့လျှက် ရှိလေသည်။ ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားများ တစ်ပြိုင်တည်း ဆုတောင်းလိုက်မိကြသည်မှာ ဆန်းလျန်သည် မည်သည့်နတ်ဘုရား လူပြန်ဝင်စားသည်ပဲ ဖြစ်ပါစေ တာအိုဆရာသခင်ကြီး ဖြစ်မလာပါစေနှင့်ဆိုသည့် အတွေးပင် ဖြစ်လေတော့သည်။

ရှေးဟောင်းနတ်ဘုရားများ၏ ဆုတောင်းဆန္ဒများသည် ကိုင်တွယ်ထိတွေ့၍ မရသည့် ဆုတောင်းဆန္ဒများ ဖြစ်ကြလေသည်။ သို့သော်… နတ်ဘုရားများအားလုံး၏ ဆုတောင်းဆန္ဒများပေါင်းစပ်သွားသည့်အခါ ဖော်ပြရန်ခက်ခဲသည့် တန်ခိုးစွမ်းအားတစ်ခု ဖြစ်တည်လာလေသည်။

လူသားများ ဝိုင်းဝန်းဆုတောင်းကြလျှင် ဆုတောင်းပြည့်သည်ဆိုသည့် စိတ်စွမ်းအား ပေါင်းစည်းမှုကဲ့သို့ပင် ဖြစ်လေသည်။

ထိုရှေးဟောင်းနတ်ဘုရားများသာမက ကျူဖူကိုယ်တော်များ ၊ တာ့လော်အဆင့် ကျင့်ကြံသူများ ၊ ဗောဓိသကျများမှာလည်း နဝမမြောက်တာအိုဆရာသခင်ကြီးသာ ထွက်ပေါ်လာလျှင် မည်သို့သော ဘေးအန္တရယ်ကပ်ဆိုးကြီး ကြုံတွေ့ရမည်လဲဟု တွေးတောကာ ကြောက်ရွံ့တုန်လှုပ်လျှက် ရှိကြလေသည်။

………..

"စကြာဝဠာကြီးက အဆုံးမရှိဘူး ၊ ကျွန်မတို့ ဘယ်ကိုသွားကြမှာလဲ…"

ထိုက်ယင်းနတ်သမီးက ဆန်းလျန်ကို မေးလိုက်သည်။

ဆန်းလျန်နှင့် ထိုက်ယင်းနတ်သမီးတို့သည် မှောင်မိုက်သည့် စကြာဝဠာတစ်နေရာတွင် ရောက်ရှိနေခြင်း ဖြစ်လေသည်။

သူတို့ပတ်ဝန်းကျင်မှ အနီးဆုံးကြယ်စင်ရှိရာသို့ အလင်းအလျှင်ဖြင့် ပျံသန်းသွားလာမည်ဆိုလျှင်တောင်မှ နှစ်ပေါင်းများစွာ ကြာမြင့်မည် ဖြစ်လေသည်။

သို့သော်… ကံကောင်းသည်မှာ ဆန်းလျန်က စကြာဝဠာတစ်ခုလုံး၏ လျှို့ဝှက်ချက်ကို သိရှိထားသူ ဖြစ်လေသည်။

ဆန်းလျန်သည် ထိုက်ယင်းနတ်သမီးနှင့်အတူ မှောင်မိုက်သည့် စကြာဝဠာတစ်နေရာတွင် လမ်းလျှောက်နေလေသည်။ ခြေလှမ်းတိုင်းသည် အချိန်နှင့်အာကာသ၏ အဆစ်အပိုင်းများကို ဖွင့်လှစ်နေသည့်အလား ဖြစ်လေ၏။

မယုံကြည်နိုင်လောက်အောင် ဝေးကွာသည့် အကွာအဝေးတစ်ခုအထိ လမ်းလျှောက်ပြီးသည့်နောက် ထိုက်ယင်းနတ်သမီးသည်ပင် ထင်ယောင်ထင်မှားဖြစ်လာလေသည်။

ဆန်းလျန်သည် ခြေလှမ်းတစ်လှမ်းတည်းဖြင့် ဒုက္ခပင်လယ်ကိုဖြတ်ကျော်ကာ သံသရာတစ်ဖက်ကမ်းကို ကူးခတ်တော့မည့်အလား ထင်မှတ်လာမိလေသည်။

ဆန်းလျန်ကဲ့သို့ ကြီးမြတ်သည့်နတ်ဘုရားတစ်ပါးအနားတွင် နေခွင့်ရသည်မှာ ကံကောင်းသည်ဟု ထိုက်ယင်းနတ်သမီး တွေးနေမိလေသည်။

သူမ ဆန်းလျန်နှင့်အတူရှိနေသည့်အချိန်များတွင် ပညာရပ်အတော်များများကို လေ့လာသင်ယူခွင့်ရခဲ့လေသည်။ သူမ လေ့လာသင်ယူခဲ့သမျှကို သူမက စိတ်ထဲတွင် မှတ်သားထားလေ၏။ ထိုပညာများအားလုံးကို နားလည်သဘောပေါက်ရန်အတွက်တော့ ဖြည်းဖြည်းချင်း ကြိုးစားသွားရမည် ဖြစ်လေသည်။

ထိုပညာများအားလုံးကိုသာ နားလည်သဘောပေါက်သွားပါက သူမ၏ ကျင့်ကြံခြင်းအဆင့်သည် အံ့သြစရာကောင်းလောက်အောင် မြင့်တက်သွားမည်ဖြစ်ပြီး မြင့်မြတ်သည့် ဗောဓိသကျ (၄)ပါးထက်ပင် သာလွန်သွားမည် ဖြစ်လေသည်။

ဆန်းလျန်က…

"စကြာဝဠာကြီးက အဆုံးမရှိဘူးဆိုတာ တခြားသူတွေအတွက်တော့ မှန်လိမ့်မယ် ၊ ကျုပ်ကတော့ အချိန်ကိုတောင် ကန့်သတ်ပစ်နိုင်တဲ့ စွမ်းအားရှိတယ် ၊ စကြာဝဠာဆိုတာ ဘာများထူးဆန်းမှာလဲ…"

အခြားသူသာ ထိုသို့ပြောမည်ဆိုလျှင် ထိုက်ယင်းနတ်သမီး အတော်လေး အမြင်ကပ်သွားမည် ဖြစ်လေသည်။

သို့သော်… ယခု ပြောနေသူမှာ ဆန်းလျန်ဖြစ်နေသည့်အတွက် သူမ တစ်စက်ကလေးပင် အထွန့်မတက်ရဲခဲ့ပေ။

ထို့ပြင် အခြားသူများက ဆန်းလျန်ကို မာနကြီးသည်ဟု ထင်ကြသည့်တိုင် တကယ်တမ်းတွင် ဆန်းလျန်က မာနကြီးသူတစ်ယောက် မဟုတ်သည်ကို သူမ ကောင်းကောင်းသိလေသည်။

ဆန်းလျန်သည် နားလည်သိမြင်နိုင်စွမ်း မြင့်မားသူတစ်ယောက်ဖြစ်ပြီး သူ၏ သိမြင်နိုင်စွမ်းက အခြားသူများနှင့်မတူဘဲ ကွဲပြားခြားနားလေသည်။

သူမတွင် ဆန်းလျန်ကို အမီလိုက်နိုင်ရန် အရည်အချင်းမရှိသည့်အတွက်သာ ဝမ်းနည်းမိလေသည်။

ဆန်းလျန်က…

"စောစောက မင်းမေးတယ်မလား ၊ ကျုပ်တို့ ဘယ်ကိုသွားနေကြတာလဲဆိုတာ…"

စကားကို ခဏရပ်လိုက်ပြီးမှ ဆန်းလျန်က ပြုံးလိုက်ရင်း…

"ခဏနေရင် ရောက်တော့မယ်…"

ဆန်းလျန်ပြောပြီး သိပ်မကြာမီအချိန်မှာပင် ထိုက်ယင်းနတ်သမီး မျှော်မှန်းထားသည်ထက် ကျော်လွန်သည့် အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဆန်းလျန်သွားချင်သည့်နေရာသို့ ရောက်ရှိလာလေတော့သည်။

သူတို့ရှေ့တွင် မီးများတောက်လောင်နေခြင်း မရှိတော့သည့် ကြယ်သေကြီးတစ်လုံးကို တွေ့လိုက်ရလေသည်။ ထိုက်ယင်းနတ်သမီး တွေ့မြင်ဖူးသမျှထဲတွင် အကြီးမားဆုံး ကြယ်သေကြီးတစ်လုံး ဖြစ်လေသည်။ ထို့ပြင် ထိုကြယ်သေကြီးသည် ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေ၏။

ဆန်းလျန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရင်း…

"မင်း ဒီကြယ်သေကြီးအကြောင်းကို သိချင်တယ် မဟုတ်လား ၊ ဒီကြယ်သေကြီးအကြောင်းပြောရမယ်ဆိုရင် မင်းတို့ရဲ့ ကွမ်ဟန်နန်းတော်နဲ့လည်း ဆက်စပ်နေတယ်…"

ဆန်းလျန်၏ စကားကိုကြားရသည့်အခါ ထိုက်ယင်းနတ်သမီး အလွန်စိတ်ဝင်စားသွားမိသည်။

ဆန်းလျန်က စကားဆက်ပြောလိုက်သည်။

"စကြာဝဠာ စတင်ဖြစ်တည်တဲ့အချိန်တုန်းက ကြယ်စင်တွေ အများကြီး မရှိသေးဘူး ၊ စကြာဝဠာ အစဦးပိုင်းကာလမှာ ကြယ်စင် (၂)စင်းပဲ ရှိခဲ့တယ် ၊ ကြယ်စင်တစ်စင်းက ထိုက်ယန်လို့ခေါ်တယ် ၊ နောက်ကြယ်စင်တစ်စင်းကတော့ ထိုက်ယင်းလို့ခေါ်တယ် ၊ ထိုက်ယန်မှာ တောက်လောင်နေတဲ့ မီးတောက်တွေက အစစ်အမှန်ထိုက်ယင်းမီးတောက်တွေပဲ ၊ အနားကပ်မိတာနဲ့ ဘယ်သူမဆို ပြာကျသွားနိုင်တယ် ၊ ဒါပေမဲ့ ထိုက်ယင်းကတော့ စစ်မှန်တဲ့ ထိုက်ယင်းရေစင်နဲ့ ဖုံးလွှမ်းထားတယ် ၊ အနားကိုဘယ်သူပဲ ကပ်မိပါစေ ၊ ချက်ချင်းအေးခဲပြီး အသက်ပျောက်သွားလိမ့်မယ် ၊ အဲဒီတော့ ထိုက်ယင်းမှာပဲဖြစ်ဖြစ် ၊ ထိုက်ယန်မှာပဲဖြစ်ဖြစ် ဘယ်သက်ရှိသတ္တဝါမှ နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ အဲဒီအချိန်မှာ လူသားတွေနဲ့ သက်ရှိသတ္တဝါတွေနေထိုင်လို့ရတဲ့ မိုးနဲ့မြေမွေးဖွားလာတာကတော့ အရမ်းကို အံ့သြစရာ ကောင်းလွန်းတယ် ၊ စကြာဝဠာမှာ အကြီးမားဆုံးသတ္တဝါကြီးတစ်ကောင်ဟာ ထိုက်ယန်ပေါ်မှာ မွေးဖွားလာခဲ့တယ် ၊ မွေးဖွားလာလာချင်းမှာပဲ အဲဒီသတ္တဝါကြီးရဲ့ တန်ခိုးစွမ်းအားက တာ့လော်အဆင့်ရှိတယ် ၊ အဲဒီနတ်ဘုရားကို "ထိုက်ယိ" (တစ်ခုတည်းသော) လို့ခေါ်သလို နောက်ပိုင်းမှာ ယီနတ်ဘုရားလို့ခေါ်ကြတယ် ၊ အဲဒီ ထိုက်ယိဟာ လောကမှာ ရှေးအကျဆုံး နတ်ဘုရားတစ်ပါးပဲ ၊ မင်း အခုမြင်တွေ့နေရတဲ့ ကြယ်သေကြီးက ထိုက်ယန်ပါပဲ ၊ သူ့အပေါ်မှာ လောင်ကျွမ်းနေတဲ့ စစ်မှန်တဲ့ ထိုက်ယန်မီးတောက်တွေ ငြိမ်းသွားတာ ကြာခဲ့ပြီပေါ့…"

***

All Chapters