တိုက်
Vol. 94 Ch. 1314
သခင်အဖြူကို ဆုပ်ကိုင်၍ တောင်ပင်လယ်လောက၏အပြင်သို့ ဆွဲခေါ်သွားနေသော လက်ကြီးမှာ မမြင်ရသည့်အားတစ်ရပ်၏ ရစ်သိုင်းချုပ်နှောင်ခြင်းခံလိုက်ရလေသည်။ ထိုအခါ ကောင်းကင်ဘုံ ၃၃ ဘုံမှ ဒေါသတကြီးကြိမ်းမောင်းသံက အောက်ရှိကျင့်ကြံသူအားလုံး၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
“တောင်ပင်လယ်လောက မင်း ဘာလုပ်နေတာလဲ။ စစ်ပွဲကို တကယ်ပဲ အစောကြီး စချင်တာလား”
တောင်ပင်လယ်အားလုံး လုံးလုံးလျားလျား တုန်ခါသွားသည်။ တိုက်ခိုက်နေသော သတ္တမနှင့် အဋ္ဌမတောင်ပင်လယ်၏ ကျင့်ကြံသူများအပြင် ဆဋ္ဌမနှင့် ပဉ္စမတောင်ပင်လယ်မှ ကျင့်ကြံသူအားလုံး တိတ်ဆိတ်သွားကြသည်။
တိုက်ပွဲသည် ရပ်တန့်သွားပြီး လူတိုင်း သူတို့အပေါ် သက်ရောက်နေသော ဧရာမဖိအားကြီးကို ခံစားလိုက်ကြရ၏။ သို့ထိတိုင် တွေဝေမှုသည်သာ သူတို့နှလုံးသားကို စိုးမိုးနေသည်။
ရုတ်တရက်ဆိုသလို ရှေးဆန်ပြီး ခံစားချက်မဲ့သောအသံတစ်သံက တောင်ပင်လယ်အားလုံးတစ်ခွင် ပဲ့တင်ထပ်နေရင်း ကျင့်ကြံသူများ၏ စိတ်နှလုံးထဲသို့ ဝင်ရောက်လာသည်။ “သင်တို့အားလုံးဟာ တောင်ပင်လယ်လောကမှာ နေထိုင်နေတာဖြစ်တယ်... ငါက တောင်ပင်လယ်လောကရဲ့ စိတ်ဆန္ဒ ၊ အလိုအလျောက်စိတ်ယန္တရားတစ်မျိုးပဲ ...”
တောင်ပင်လယ်လောကရှိ ကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီတိုင်း အသံကို သလင်းကျောက်ကဲ့သို့ ရှင်းလင်းပြတ်သားစွာ ကြားနေရသည်။
“ဟိုးလွန်လေပြီးတဲ့ နှစ်ပေါင်းများစွာတုန်းက သည်အာကာပြင်ကျယ်ကြီးထဲမှာ တောင်ပင်လယ်လောကဆိုပြီး မရှိခဲ့ဘူး။ အချိန်စီးကြောင်းအတွင်းမှာ ခမ်းနားမှုကျက်သရေအပြည့်နဲ့ မားမားမတ်မတ် အစဉ်မြဲရပ်တည်နေတဲ့ ပါရာဂွန်အင်မော်တယ်လောကပဲ ရှိခဲ့တယ်။ ပါရာဂွန်အင်မော်တယ်လောကဟာ အဆင့်နိမ့်လောက ၃၀၀၀ ကို ဦးဆောင်အုပ်ချုပ်ခဲ့ပြီး ပါရာဂွန်အင်မော်တယ်လောကရဲ့ ကျင့်ကြံသူအားလုံးဟာ မသေမျိုးအင်မော်တယ် ဖြစ်ခဲ့ကြတယ်...
“ဒါပေမဲ့ ... ကပ်ဘေးကြီး ဆိုက်လာခဲ့တယ်
“အဆင့်နိမ့်လောက ၃၀၀၀ ... ပုန်ကန်ခဲ့တယ်။ အပြင်အင်အားစုတွေက အင်မော်တယ်ကို ဖရိုဖရဲဖြစ်အောင် လုပ်၊ အင်ပါယာသခင်တွေကို သတ်၊ တာအိုသွေးဆက်တွေကို သုတ်သင်ခဲ့တယ်။ အဲဒီလိုနဲ့ ပါရာဂွန်အင်မော်တယ်လောက ကျဆုံးသွားခဲ့တာပဲ....
“ပါရာဂွန်ကိုးတံဆိပ်ဟာ ..... ပါရာဂွန်အင်မော်တယ်လောကရဲ့ အမှတ်တရတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ နယ်မြေအသစ်တွေ တည်ဆောက်ရင်း တောင်ပင်လယ်လောကကို ဖန်ဆင်းခဲ့တယ်။ အဲဒီလိုနဲ့ တောင်ပင်လယ်လောက ဖြစ်လာခဲ့တာပဲ.....” တောင်ပင်လယ်လောက၏အသံသည် ထူးဆန်းသောစွမ်းအားအပြည့်ဖြင့် ပဲ့တင်ထပ်လျက် ကျင့်ကြံသူအားလုံး၏ နားထဲသို့ ဝင်ရောက်လာနေ၏။ တောင်ပင်လယ်လောက စကားပြောနေသည့်အချိန်တွင် ကျင့်ကြံသူများသည် သူတို့၏စိတ်ထဲတွင် ပုံရိပ်များ၊ မြင်ကွင်းများကို မြင်လိုက်ရသည်။
ထိုမြင်ကွင်းများအတွင်း၌ အတိတ်တုန်းက အမှန်တကယ် ဖြစ်ပျက်ခဲ့သော ပုံရိပ်များ ရှိနေသည်။ သူတို့စိတ်ထဲတွင် မြည်ဟည်းနေသောအသံကြီးမှ ဆင့်ခေါ်ခဲ့သည့် ဝိညာဉ်များက ထိုပုံရိပ်များကို ပြန်လည်သရုပ်ဖော်ပြသပေးနေသယောင်ပင်။
ထိုမြင်ကွင်းများထဲတွင် တောင်ပင်လယ်လောက၏ကျင့်ကြံသူများသည် ... စဦးချီစုစည်းမှု သို့မဟုတ် တာအိုနယ်ပယ်အဆင့်ဖြစ်လင့်ကစား အတိတ်ခေတ်၏ ပါရာဂွန်အင်မော်တယ်လောကကို ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။
ပထမတွင် လောကသည် ဆိတ်ငြိမ်အေးချမ်းနေ၏။ ထို့နောက် အဆင့်နိမ့်လောက ၃၀၀၀ မှ စတင်ပုန်ကန်သည်။ နောက်ဆက်တွဲအနေဖြင့် ကြောက်မက်ဖွယ်အပြင်အင်အားစုများက ပါရာဂွန်အင်မော်တယ်လောကကို ကျူးကျော်လာသည်.... မိုးကောင်းကင်နှင့်မြေကြီးကို ပြိုကျကြေမွသွားစေသော စစ်ပွဲကြီး စတင်ဖြစ်ပွားလေ၏။
မရေမတွက်နိုင်သောကျင့်ကြံသူများ မရှုမလှ သေဆုံးနေကြသည်။ အသက်ထွက်ခါနီးအချိန်မှာပင် ‘အင်မော်တယ်လောကအတွက် ရှင်မည်၊ အင်မော်တယ်လောကအတွက် သေမည်’ ဟု ကြွေးကြော်အော်ဟစ်နေဆဲဖြစ်သော ကျင့်ကြံသူများစွာကို တွေ့ရသည်။ ထို့နောက် ထိုကျင့်ကြံသူများသည် ခန္ဓာဖောက်ခွဲ၍ ရန်သူအပေါင်းများကိုလည်း ထိခိုက်ပျက်စီးစေ၏။
တောင်ပင်လယ်လောက၏ကျင့်ကြံသူများမှာ ထိုမြင်ကွင်းများထဲတွင် သူတို့ဘိုးဘေးများ၏ သွေးများကို မြင်နေရသည်။ သူတို့သည် ပါရာဂွန်အင်မော်တယ်လောက၏ ခမ်းနားမှုနှင့် ကျဆုံးမှုကို မျက်မြင်တွေ့နေရ၏။ ကြယ်တာရာကောင်းကင်တစ်လျှောက် ပြန့်ကြဲနေသော အလောင်းများ၊ အပျက်အစီးများကို သူတို့ မျက်မြင်တွေ့နေရသည်။
လူတိုင်း တုန်ရီနေစဉ် တောင်ပင်လယ်လောက၏အသံမှာ တိုးညှင်းပျောက်ကွယ်သွားသည်။ သူတို့စိတ်ထဲတွင် ပြည့်နေသည်ကား သူတို့၏သွေးထဲ၊ သူတို့၏ဝိညာဉ်ထဲ၌ ဖုန်းကွယ်ထားခံခဲ့ရသော ပုံရိပ်များ၊ သူတို့၏ဇစ်မြစ်အစစ်ကို သက်သေပြနေသော ပုံရိပ်များသာ။
သူတို့ နားလည်လိုက်ပြီ။ ဤအခိုက်အတန့်တွင် လူတိုင်း နားလည်သွားလေပြီ။
ထိုပုံရိပ်များက အမြင်ကို လှည့်စားထားသည့်ပုံရိပ်များဟု မည်သူမှ သံသယမဝင်။ ၎င်းတို့သည် စစ်မှန်ကြောင်း သူတို့ အလိုလို သိနေသည်။ ဤပုံရိပ်များမှာ သူတို့၏ဝိညာဉ်နှင့် သူတို့၏သွေးထဲတွင် ငုပ်လျှိုးနေခဲ့သော သူတို့ဘိုးဘေးများ၏ မှတ်ဉာဏ်များ ဖြစ်ပေသည်။ မျိုးရိုးစဉ်ဆက် ထိုဖျောက်ဖျက်ဖယ်ရှားမရသော မှတ်ဉာဏ်များကို လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်သည်။
တောင်ပင်လယ်လောက၏ကျင့်ကြံသူအားလုံး သူတို့သွေးထဲမှ လာနေသော သူတို့ဘိုးဘေးများ၏ အော်ဟစ်သံများကို ကြားနေသည့်အလားပင်။
“ဘယ်တော့မှ မမေ့နဲ့။ ငါတို့ဟာ ပါရာဂွန်အင်မော်တယ်လောကသားတွေ”
“ငါတို့ရဲ့ ကြီးကျယ်ခမ်းနားခဲ့မှုကို မင်းတို့ သေချာမှတ်ထား”
“ငါတို့ကလေးတွေ၊ ငါတို့မြေးတွေ၊ ငါတို့မျိုးဆက်တွေအားလုံး ငါတို့ရန်သူအစစ်တွေက ကောင်းကင်ဘုံ ၃၃ ဘုံနဲ့ ကောင်းကင်ဘုံ ၃၃ ဘုံအလွန်က ကောင်တွေဆိုတာ ဘယ်တော့မှ မမေ့အောင် မှတ်ထားရမယ်”
“သူတို့က ပစ္စုပ္ပန်မှာ ငါတို့ရဲ့ ရန်သူတွေဖြစ်သလို သံသရာတစ်ဆုံးအထိလည်း ရန်သူတွေဖြစ်နေဦးမှာပဲ”
ဂျိန်းခနဲ ထစ်ချုန်းသံကြီးတစ်သံက တောင်ပင်လယ်လောက၏ ကျင့်ကြံသူအားလုံးစိတ်ထဲတွင် ဟိန်းထွက်သွားသည်။ မြင်ကွင်းများက ဘိုးဘေးများမှ ပေးခဲ့သော မှတ်ဉာဏ်များဖြင့်သာမက .... ဘိုးဘေးတို့၏ အမျက်ဒေါသ၊ နာကြည်းမှုတို့ဖြင့် သူတို့ကို တုန်ရီလာစေသည်။ သူတို့မျက်လုံးများကို သွေးချင်းနီလာစေသည်။ သူတို့သွေးကို ဆူပွက်လာစေသည်။ သူတို့ဝိညာဉ်များကို အုံကြွလာစေသည်။
မည်မျှခါးသီးနာကြဉ်းစရာပေနည်း။
ပါရာဂွန်အင်မော်တယ်လောက၏ ပျက်သုဉ်းမှုကို သူတို့ မြင်ခဲ့ရသည်။ မရေမတွက်နိုင်သော သေကြေပျက်စီးမှုများကို သူတို့ မြင်ခဲ့ရသည်။ ကြယ်တာရာကောင်းကင်ကြီး သွေးပင်လယ်ဖြစ်လာခဲ့သည်ကို သူတို့ မြင်ခဲ့ရသည်။ ယုတ်မာရက်စက်သော ပုန်ကန်မှုများကို သူတို့ မြင်ခဲ့ရသည်။
သေခြင်း... အဆုံးမဲ့သော သေခြင်း....
နောက်ဆုံးတွင် မြင်ကွင်းများ ပြောင်းလဲစပြုလာသည်။ ပါရာဂွန်အင်မော်တယ်လောကမှ တန်ခိုးကြီးပညာရှင်ပေါင်းများစွာ သူတို့၏မိသားစုနှင့် မွေးရပ်မြေအတွက် သူတို့၏အသက်ကို စွန့်လွှတ်စတေးခဲ့ပြီးနောက် ပါရာဂွန်ကိုးတံဆိပ်သည် တောင်ပင်လယ်လောကဖြစ်သော အဖိုးထိုက်ရတနာကို ဖန်ဆင်းခဲ့ကြောင်း သူတို့ မြင်လိုက်ရ၏။ ထိုသို့ဖန်ဆင်းရင်း သေရမည်ကို ပါရာဂွန်ကိုးတံဆိပ် သိသော်လည်း ဂရုမစိုက်ပေ။ စစ်ကို ရပ်ဖို့၊ သူ့အိမ်ကို ကာကွယ်ဖို့ တောင်ပင်လယ်လောကကို သူ ဖန်ဆင်းခဲ့သည်။
သူသည် တကွဲတပြားဖြစ်နေသော သူ့လူများကို ယူ၍ တောင်ပင်လယ်လောကထဲ ထည့်လိုက်၏။ ထိုနေရာတွင် လူများ စုဝေးပေါင်းစုကာ များပြားလာပြီး နောက်ဆုံးတော့ သက်ဝင်လှုပ်ရှားလာကြသည်။ တစနှင့်တစ အင်မော်တယ်လောကအသစ်သည် ဖြစ်တည်လာ၏။
သို့သော် စစ်ပွဲကား မပြီးဆုံးသေး။
လူတိုင်း တုန်ရီနေသည်။ မန်ဟိုပင် ပါဝင်သည်။ ဤအကြောင်းအရာအားလုံးကို သူ သိထားပြီးဖြစ်သော်လည်း မြင်ကွင်းများကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သို့သော် သူ့မျက်လုံးများသည် နီရဲနေ၏။ သူ့ဘိုးဘေးများ၏ အမျက်ဒေါသနှင့် နာကြဉ်းမှုကြောင့်မဟုတ် .... သူ့လူများကိုလည်း လက်ရှိမြင်နေရသော မြင်ကွင်းထဲကလို သွေးချောင်းမစီးစေလို၍ ၊ သွေးချောင်းစီးခွင့်မပေးနိုင်၍ ဖြစ်သည်။
နောက်ဆုံးတော့ တောင်ပင်လယ်လောက၏အသံသည် သက်ပြင်းချနေသည့်အလား၊ အတိတ်ကို လွမ်းမောနေသည့်အလား လေးပင်နေသော်လည်း တစ်ချိန်တည်းမှာပင် မုန်းတီးနာကြည်းမှုအပြည့်ဖြင့် တစ်ဖန် ပဲ့တင်ထပ်လာ၏။
“အဆင့်နိမ့်လောက ၃၀၀၀ ထဲက အများစု ဖျက်စီးခံခဲ့ရတော့ အဆုံးသတ်မှာ ၃၃ ခုပဲ ကျန်ခဲ့တယ်။ သူတို့က တောင်ပင်လယ်လောကကို ချုပ်နှောင်ပြီး ... ငါတို့ခေါင်းပေါ်မှာ တည်ရှိနေတဲ့ ကောင်းကင်ဘုံ ၃၃ ဘုံ ဖြစ်လာခဲ့တာပဲ
“ဒီကနေ့ သတ္တမတောင်ပင်လယ်သခင်နဲ့အတူ ဆဋ္ဌမတောင်ပင်လယ်သခင်တို့ဟာ ပုန်ကန်ခဲ့ပြီ။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးတဲ့နောက်မှာ အဲဒီသက်တမ်းအကြာဆုံးစစ်ပွဲဟာ ပြန်လည်စတင်နေပြီ....
“ဒါ့အပြင် အဲဒီစစ်ပွဲဟာ မျိုးဖြုတ်မယ့် စစ်ပွဲပဲ....”
အသံ တောင်ပင်လယ်လောက၏ကျင့်ကြံသူများ နားထဲတွင် ပဲ့တင်ထပ်နေစဉ် မြင်ကွင်းများသည် တစ်ဖန် ပြောင်းလဲသွား၏။ ဤတစ်ခေါက်တွင် အဋ္ဌမနှင့် ပဉ္စမတောင်ပင်လယ်များတွင် လောလောလတ်လတ် တိုက်ခိုက်ခဲ့သော တိုက်ပွဲများကို သူတို့ မြင်လိုက်ရသည်။
တောင်ပင်လယ်လောက၏ ကျင့်ကြံသူများ အချင်းချင်း သတ်ဖြတ်နေမှု၊ တောင်ပင်လယ်သခင်များ၏ ပုန်ကန်မှုကို သူတို့ တွေ့လိုက်ရ၏။
ကျန်တေင်ပင်လယ်များမှ ကျင့်ကြံသူများမှာ ဤမြင်ကွင်းများကို မြင်လျှင် မျက်လုံးများ သွေးချင်းနီလာကြသည်။ အဋ္ဌမ၊ သတ္တမ၊ ဆဋ္ဌမနှင့် ပဉ္စမတောင်ပင်လယ်များမှ ကျင့်ကြံသူများမှာတော့ နွေခေါင်ခေါင် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ကြရသည်။ စစ်မြေပြင်အသီးသီးပေါ်ရှိ ကျင့်ကြံသူအားလုံး ဆွံ့အကုန်ကြသည်။
သူတို့မှာ တဆတ်ဆတ် တုန်ရီလာပြီး မျက်ဝန်းများတွင် ယူကျုံးမရမှုတို့ ပြည့်နှက်လာသည်။ အကုန်လုံး အဆုတ်ကွဲအောင် အော်ဟစ်ချင်နေကြသည်။
မှားပြီ ငါတို့ မှားပြီ
တောင်ပင်လယ်စစ်ပွဲတစ်ပွဲမှ မဖြစ်ပွားသင့်ပေ။ သူတို့၏တောင်ပင်လယ်သခင်များ ပုန်ကန်လျှင်တောင်မှ သူတို့ကတော့ ပုန်ကန်မည်မဟုတ်။
သူတို့သည် တောင်ပင်လယ်လောက၏ ကျင့်ကြံသူများဖြစ်၍ သူတို့၏သွေးကြောထဲတွင် ဘိုးဘေးများ၏ သွေးများ စီးဆင်းနေသည်။ သူတို့၏ရန်သူများကား တောင်ပင်လယ်လောကသားများမဟုတ်၊ ကောင်းကင်ဘုံ ၃၃ ဘုံပင်။
ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် သွေးအန်လိုက်ကြရပြီး အတော်များများမှာ သွေးမျက်ရည်ပင် ကျလာကြသည်....
ကျန်တောင်ပင်လယ်လောကမှ ကျင့်ကြံသူများမှာ ယူကျုံးမရဖြစ်လွန်း၍ စကားပင် မပြောနိုင်ကြတော့ပေ။ လူတိုင်း တိတ်ဆတ်နေကြသည်။ ဤအခိုက်အတန့်တွင် ထိုမြင်ကွင်းများနှင့် သူတို့၏သွေးထဲမှ ခံစားချက်က သူတို့၏ဝိညာဉ်ထဲထိ စိမ့်ဝင်နေသော ကောင်းကင်ဘုံ ၃၃ ဘုံအပေါ် မုန်းတီးမှုကို ရှင်းလင်းပြတ်သားသွားစေသည်။
နောက်ဆုံးတော့ ... အကြာမှအကြာကြီး ကြာပြီးသည့်နောက်တွင်တော့ သူတို့ ဖြစ်ကြောင်းကုန်စင် နားလည်လိုက်လေပြီ။
“ငါက စိတ်ယန္တရားလေးတစ်ခုသာသာပဲ။ တိုက်ခိုက်မလား၊ မတိုက်ခိုက်ဘူးလား၊ ဘယ်အချိန်မှာ တိုက်ခိုက်မလဲ၊ မတိုက်ခိုက်ဘူးလဲ... အဲဒါတွေကို ငါ့အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ဒါကြောင့် ငါ အခု တောင်ပင်လယ်လောကရဲ့ ကျင့်ကြံသူအားလုံးကို မေးမယ် ... မင်းတို့ ငါ့ကို ဘာလုပ်စေချင်လဲ
“အခု တိုက်မလား။ ငါတို့ အဆင်သင့်မဖြစ်သေးမယ့် ရန်သူလည်း အဆင်သင့်မဖြစ်သေးဘူး။ ဒါမှမဟုတ် ... စောင့်မလား။ နောက်နှစ်အနည်းငယ်ကြာရင် နှစ်ဖက်လုံး အဆင်သင့်ဖြစ်မယ်။ အဲဒီအခါ တိုက်ခိုက်နိုင်ပြီ
“မင်းတို့အားလုံး .... မင်းတို့ဖြစ်ချင်တာကို ပြောပါ” တောင်ပင်လယ်လောက၏ စိတ်ဆန္ဒသည် စကားပြောပြီးနောက် တိတ်ဆိတ်သွား၏။
တောင်ပင်လယ်လောကတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းသည် တိုက်ခိုက်ရမလား၊ မတိုက်ခိုက်ရဘူးလား စဉ်းစားရင်း တိတ်ဆိတ်စွာ ရပ်နေကြ၏။
တိုက်ခိုက်လျှင် အသာစီးမှု ရလိမ့်မည်။ မတိုက်ခိုက်လျှင် ပြင်ဆင်ရန် အချိန်ရမည်။
ဆုံးဖြတ်ပိုင်ခွင့်က တောင်ပင်လယ်လောက၏ စိတ်ဆန္ဒနှင့်မသက်ဆိုင်သလို၊ ကောင်းကင်ဘုံ ၃၃ ဘုံနှင့်လည်း မပတ်သက်။ တောင်ပင်လယ်လောကသားများအပေါ်၌သာ မူတည်သည်။ တိတ်ဆိတ်မှုက အပေါ်ရှိ ကောင်းကင်ဘုံ (၁) သားများကို အလွန်စိုးရိမ်လာစေသည်။ ရွှေရောင်ချပ်ဝတ်နှင့်အပြင်သူပင်လျှင် သူ့နှလုံး တဒိန်းဒိန်းခုန်နေသည်ကို ခံစားနေရသည်။
တောင်ပင်လယ်လောကကို ဤနည်းလမ်းဖြင့် ဖိအားပေးခြင်းက ယခုလို ရလဒ်ထွက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ တောင်ပင်လယ်လောကသားများအပေါ် နားလည်ထားသည့်အပေါ် အခြေခံ၍ သူသည် သူတို့ အချိန်ယူပြင်ဆင်ဖို့ ရွေးချယ်လိမ့်မည်ဟု အခိုင်အမာယုံကြည်ခဲ့၏။ သို့သော် ယခုတော့ ... မသေချာတော့ပေ။
“သေစမ်း” သူက ရင်တဒိန်းဒိန်းခုန်နေလျက် ညည်းတွားလိုက်သည်။ ကောင်းကင်ဘုံ ၃၃ ဘုံမှာ ဘာမှမပြင်ဆင်ရသေးပေ။ ၎င်းက သူတို့ သတ္တမနှင့် ဆဋ္ဌမတောင်ပင်လယ်များမှတစ်ဆင့် ပြည်တွင်းစစ်မီးကို ရှို့ပေးခဲ့သော အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။ သူတို့သည် တောင်ပင်လယ်လောကကို ဖရိုဖရဲဖြစ်စေချင်၏။ ထို့နောက် သူတို့အတွက် ပြင်ဆင်ဖို့ အချိန်ရမည်။ အပြင်အင်အားစုနှစ်စု ရောက်လာသောအခါ သူတို့နှင့်အတူ အောင်မြင်မှုကို သိမ်းပိုက်နိုင်မည်။
သို့သော် ရွှေရောင်ချပ်ဝတ်နှင့်အပြင်သူ ရင်တထိတ်ထိတ်ဖြင့် ရပ်နေသည့်အချိန်မှာပင် အသံတစ်သံက တောင်ပင်လယ်လောကတွင် ဟိန်းထွက်လာသည်။
“တိုက်”
ထိုအသံသည် စတုတ္ထတောင်ပင်လယ်အတွင်းမှ မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်လာကာ ကြယ်တာရာကောင်းကင်တွင် ပြည့်နှက်သွား၏။ စကားလုံးလေးတစ်လုံးသာ ဖြစ်သော်လည်း ထိုတောင်ပင်လယ်မှ ကြွေးကြော်သံများကို တစ်ခဲနက် ထွက်လာစေသည်။
ထိုအသံပိုင်ရှင်မှာ ... စတုတ္ထတောင်ပင်လယ်သခင် ခိတိဂဗ္ဗမှတစ်ပါး အခြားမဟုတ်ပေ။
ခိုင်မာပြတ်သားမှုအပြည့်ဖြင့် ဩဇာကြီးမားသော စကားလုံးလေးတစ်လုံးပင်။
တစ်ခနဲနက်ကြွေးကြော်သံများက စတုတ္ထတောင်ပင်လယ်မှ ဟိန်းထွက်လာသည်။ စတုတ္ထတောင်ပင်လယ်သည် ဆူညံပွက်လောရိုက်နေပြီး ထိုနေရာရှိ ကျင့်ကြံသူများကား အဆုတ်ကွဲမတတ် ကြွေးကြော်အော်ဟစ်နေကြလေသည်။
“တိုက်”
“တိုက်”
ထို့နောက် ပဉ္စမတောင်ပင်လယ်သခင်က ခေါင်းနောက်လှန်ကာ ဟိန်းဟောက်သည်။
“တိုက်”
ထို့နောက် တတိယတောင်ပင်လယ်နှင့် ဒုတိယတောင်ပင်လယ်မှ ကြေးကြွော်သံများ ဟိန်းထွက်လာသည်။ အသတ်အဖြတ်စိတ်ဆန္ဒသည် ကြယ်တာရာကောင်းကင်ကို တုန်ခါနေစေရင်း ပေါ်ထွက်လာ၏။
“တိုက်”
ထို့နောက် ပထမတောင်ပင်လယ်မှ ရှေးဆန်သောအသံကြီးတစ်သံ ပဲ့တင်ထပ်လာသည်။
“တိုက်”
ကြယ်တာရာကောင်းကင်တစ်ခုလုံး၊ တောင်ပင်လယ်လောကတစ်ခုလုံး သိမ့်သိမ့်ခါ တုန်ဟည်းနေသည်။ လောကတစ်ခွင်မှ မရေမတွက်နိုင်သော အသံများ အတူပေါင်းစည်းသွားကြသည်။ အသံများ အဆုံးမဲ့ပဲ့တင်ထပ်နေစဉ် နဝမတောင်ပင်လယ်မှ ကျီတျန်း၏အသံလည်း ဟိန်းထွက်လာသည်။
“တိုက်”
တောင်ပင်လယ်လောက တုန်ရီနေသည့်အချိန်တွင် မန်ဟို့အဘိုး၊ အဋ္ဌမတောင်ပင်လယ်သခင်သည် မျက်လုံးများကို ဖွင့်လိုက်၏။ ထိုသို့ဖွင့်လိုက်သောအခါ တန်ခိုးလှိုင်းကြီးက ကြယ်တာရာကောင်းကင်တစ်လျှောက် လိမ့်ဖြာထွက်၍ ကောင်းကင်ဘုံ ၃၃ ဘုံကို တုန်ရီသွားစေသည်။ သူ ထရပ်လိုက်စဉ် သူ့မျက်ဝန်းများမှ ကြယ်စင်ကဲ့သို့ အရောင်အဝါများ ဖြာထွက်လာသည်။ ထို့နောက် သူ့အသံသည် မိုးခြိမ်းသံကြီးသဖွယ် စကားတစ်လုံးကို ပြောလိုက်၏။
“တိုက်”