ကောင်လေး လှည့်ကြည့်လိုက်စမ်း
Vol. 9 Ch. 878
ထိုက်ယင်းနတ်သမီးက…
"ဒါဖြင့် ဒီရှေးဟောင်းထိုက်ယန်ကြယ်စင်ပေါ်မှ မီးတောက်တွေကို ဘယ်သူ ငြိမ်းပစ်လိုက်တာလဲ…"
ဆန်းလျန်က…
"ဘယ်သူမှ ငြိမ်းလိုက်တာ မဟုတ်ပါဘူး ၊ ထိုက်ယိ ထိုက်ယန်ကနေထွက်ခွာလာတဲ့အချိန်မှာ ထိုက်ယန်ပေါ်က စစ်မှန်တဲ့ ထိုက်ယန်မီးတောက်တွေအကုန်လုံး ထိုက်ယိနဲ့ ပါသွားခဲ့တယ် ၊ အဲဒီနောက်မှာ ထိုက်ယိဟာ လူ့လောကကို ရောက်လာခဲ့ပြီး နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့တယ် ၊ ပြီးတော့ ထိုက်ယန်မီးတောက်တွေကနေတစ်ဆင့် ထိုက်ယိဟာ နတ်သမီးတစ်ပါးကို ဖန်ဆင်းခဲ့တယ် ၊ အဲဒီနတ်သမီးနာမည်က ရှီးဟယ်လို့ ခေါ်တယ် ၊ ရှီးဟယ်ဟာ ထိုက်ယိနဲ့ ချစ်ကျွမ်းဝင်ခဲ့ကြပုံတော့ ရှိတယ် ၊ ဒါပေမဲ့ နောက်ပိုုင်းမှာ ရှီးဟယ်ဟာ ပထမမိုးနတ်မင်းနဲ့ လက်ဆက်ခဲ့ပြီး ရှေးဟောင်းကမ္ဘာ့သစ်ပင်ကြီးပေါ်မှာ သားတော် (၁၀)ပါးကို မွေးဖွားသန့်စင်ခဲ့တယ် ၊ အဲဒီသားတော် (၁၀)ပါးက ဘယ်သူတွေလဲ သိလား ၊ နေစကြာနတ်ငှက် (၁၀)ကောင်ပါပဲ…."
"နောက်ပိုင်းကိစ္စတွေတော့ မင်းသိပြီးသား ဖြစ်မှာပါ ၊ နေစကြာနတ်ငှက်တွေ လူ့လောကကို ဒုက္ခပေးတော့ တာ့ယိက ဒေါသထွက်ပြီး နေစကြာနတ်ငှက် (၉)ကောင်ကို လေးနဲ့ပစ်ပြီး နှိမ်နင်းခဲ့တယ် ၊ နောက်ဆုံး လောကမှာ နေစကြာနတ်ငှက်တစ်ကောင်ပဲ ကျန်ရစ်ခဲ့တယ် ၊ အဲဒီကျန်ရစ်ခဲ့တဲ့ နေစကြာနတ်ငှက်က ဘယ်သူလဲသိလား ၊ နေစကြာတထာဂတဿလို့ နာမည်ကြီးတဲ့ တာအိုဆရာလုယာပါပဲ ၊ နောက်တစ်ခုက လေးသည်တော်တာ့ယိရဲ့ ဇနီးဖြစ်တဲ့ မင်းရဲ့ဆရာ လနတ်သမီးချန်ဝေါ်က အခြားကြယ်စင်တစ်ခုဖြစ်တဲ့ ထိုက်ယင်းကနေ မွေးဖွားလာတဲ့သူပဲ ၊ သူကတော့ ထိုက်ယိနတ်ဘုရားလောက် ကံမကောင်းခဲ့ဘူး ၊ သူက ပထမမိုးနတ်မင်းခေတ်မှာ မွေးဖွားခဲ့တဲ့အတွက် ပထမမိုးနတ်မင်းက သူ့ကို အာရုံစိုက်မိသွားခဲ့တယ်…"
"ပထမမိုးနတ်မင်းက စစ်မှန်တဲ့ ထိုက်ယန်မီးတောက်ကိုပိုင်ဆိုင်တဲ့ ရှီးဟယ်ကို မိဖုရားတော်ထားပေမယ့် သူက ထိုက်ယင်းရဲ့ စစ်မှန်တဲ့လျှို့ဝှက်ဆန်းကျယ်မှုတွေကိုလည်း လိုချင်ခဲ့တယ် ၊ အဲဒီခေတ်တုန်းက ထိုက်စန့်လောင်ကျွင်းတောင်မှ ယင်နဲ့ယန်ရဲ့ ထူခြားတဲ့ဆက်နွယ်မှုကို ဟောပြောခြင်းမရှိသေးတဲ့ခေတ်လေ ၊ အဲဒီတော့ ပထမမိုးနတ်မင်းက ထိုက်ယင်းကမွေးဖွားလာတဲ့သူကိုသာ ရရှိခဲ့ရင် ယင်နဲ့ယန် ပေါင်းစပ်ပြီး ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်ရောက်နိုင်မယ်လို့ မျှော်လင့်ခဲ့တယ်…"
ထိုက်ယင်းနတ်သမီးက…
"ဒါဆို ပထမမိုးနတ်မင်းကို ဘယ်သူက တားဆီးခဲ့တာလဲ ၊ ထိုက်ယိလား…"
သူမ၏ ဆရာဖြစ်သူ လနတ်သမီးချန်ဝေါ် (ဟန်အယ်)သည် ပထမမိုးနတ်မင်း၏ သိမ်းပိုက်ခြင်းကို မခံခဲ့ရသည့်အပြင် ပထမမိုးနတ်မင်း၏ သမီးတော်ဖြစ်လာခဲ့လေသည်။
ထို့ကြောင့် သူမ၏ ဆရာကိုကယ်တင်ခဲ့သူမှ မည်သူဖြစ်သည်ကို သိချင်နေမိသည်။
ဆန်းလျန်က…
"ထိုက်ယိ မဟုတ်ဘူး ၊ မင်းရဲ့ဆရာကို ချင်းတိဧကရာဇ်က ကယ်တင်ခဲ့တာ ၊ ချင်းတိဧကရာဇ်က ပထမမိုးနတ်မင်းရဲ့ အကြံအစည်ကို သိတာနဲ့ ထိုက်ယင်းပေါ်မှာ ချန်ဝေါ်မမွေးဖွားခင်မှာပဲ ချန်ဝေါ်ရဲ့ ဝိညာဉ်ကိုယူဆောင်သွားခဲ့တယ် ၊ အဲဒီအချိန်တုန်းက ပထမမိုးနတ်မင်းက တန်ခိုးစွမ်းအားမြင့်မားလွန်းတဲ့ အချိန်ဖြစ်လို့ ချန်ဝေါ်သာ မွေးဖွားလာခဲ့ရင် ကျိန်းသေသိမ်းပိုက်ခံရမှာပဲ ၊ ဒါကြောင့် ချန်ဝေါ်မွေးဖွားမလာခင် ချန်ဝေါ်ရဲ့ ဝိညာဉ်ကို ချင်းတိဧကရာဇ်က ယူသွားခဲ့တာ ၊ ချန်ဝေါ်ရဲ့ ဝိညာဉ်ကို ချင်းတိဧကရာဇ်က ပထမမိုးနတ်မင်းရဲ့ မိဖုရားကြီး ဝမ်းကြာတိုက်ထဲကို ထည့်ပေးခဲ့တယ် ၊ အဲဒီလိုနဲ့ ချန်ဝေါ်ဟာ ပထမမိုးနတ်မင်းရဲ့ သမီးတော် ဖြစ်လာခဲ့တာပဲ…"
ထိုက်ယင်းနတ်သမီးသည် ချင်းတိဧကရာဇ်ဆိုသည့်အမည်ကို ပထမဆုံးအကြိမ်ကြားဖူးခြင်း မဟုတ်ပေ။
လောကတွင် ချင်းတိဧကရာဇ်အကြောင်း ဒဏ္ဍာရီများစွာ ရှိလေသည်။ သို့သော်… ချင်းတိဧကရာဇ်၏ ဇာစ်မြစ်ကို မည်သူမှ သိရှိကြခြင်း မရှိပေ။ ချင်းတိဧကရာဇ်သည် လေထဲတွင် ဘွားကနဲ ပေါ်လာသူတစ်ယောက်ပမာ ဖြစ်နေလေသည်။
ထိုက်ယင်းနတ်သမီးက…
"ဒီ ရှေးဟောင်း လျှို့ဝှက်ချက်တွေကို ရှင်က ဘယ်လိုလုပ်သိတာလဲ…"
ဆန်းလျန်က အေးအေးဆေးဆေးလေသံဖြင့်…
"အချိန်က အကောင်းဆုံးမှတ်တမ်းတင်သူပဲ ၊ အချိန်ရေစီးကြောင်းကို သိရှိသွားရင် မင်း အရာအားလုံးကို သိမြင်နိုင်လိမ့်မယ် ၊ ဖြစ်နိုင်ရင် အရားအားလုံးကို မင်းမျက်လုံးနဲ့တောင် မျက်ဝါးထင်ထင် တွေ့မြင်နိုင်လိမ့်မယ်…"
ဆန်းလျန် ထိုစကားကို ပြောနေသည့်အချိန်တွင် ဆန်းလျန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပါးလွှာသည့် အလင်းရောင်အလွှာပါးလေးတစ်ခုဖြင့် ဖုံးအုပ်ထားပြီး ရှင်းရှင်းလင်းလင်းတွေ့မြင်ရခြင်း မရှိပေ။
သို့သော်… ဆန်းလျန်ထံမှ လေးလံသည့် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်နေသည်ကို ထိုက်ယင်းနတ်သမီး ခံစားနေရလေသည်။
ဆန်းလျန်သည် အတိတ်တွင် ရှိနေသည်လား ပစ္စုပ္ပန်တွင်ရှိနေသည်လား ထိုက်ယင်းနတ်သမီး ဝေခွဲမရနိုင်ခဲ့ပေ။
ထိုက်ယင်းနတ်သမီးက…
"ရှင် အခုလို အရာအားလုံးကို သိနေတာ ပျင်းစရာ မကောင်းဘူးလား…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"အရာအားလုံးကို သိရအောင် ကျုပ်က အနန္တတန်ခိုးရှင်မှ မဟုတ်ဘဲ ၊ ပြီးတော့ ကျုပ် ဒီနေရာကို ဘာလို့လာရလဲ မင်းသိလား…"
ထိုက်ယင်းနတ်သမီးက…
"ဒီနေရာမှာ ရှင်လိုချင်တာ တစ်ခုခုရှိလို့လား…"
ဆန်းလျန်က ထိုက်ယင်းနတ်သမီးကို စကားပြန်မပြောတော့ဘဲ ကြယ်သေကြီးပေါ်သို့ ဆင်းသက်လိုက်လေသည်။
ထို့နောက် သူ၏ ခြေထောက်များကို ပြန်ငုံ့ကြည့်လိုက်သည်။ ရှေးဟောင်းကြယ်သေကြီး၏ မြေကြီးက အဆိုင်အခဲမဟုတ်ပေ။ အခိုးအငွေ့များဖြစ်နေလေသည်။
အခိုးအငွေ့များဖြစ်နေသည့်တိုင် မှော်ဝင်ပစ္စည်းများထက်ပင် မာကြောလွန်းလှသည်။
ထို့နောက် ဆန်းလျန်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး…
"နတ်မိစ္ဆာအဓိပတိကြီး ၊ တာအိုဆရာလုယာ ၊ ခင်ဗျားတို့ မိုးကောင်းကင်တံခါးကို တွေ့ရဖို့ တစ်လမ်းလုံး ကျုပ်နောက်ကို လိုက်လာတာ စိတ်လှုပ်ရှားစရာ မကောင်းဘူးလား…"
နတ်မိစ္ဆာအဓိပတိကြီးနှင့် တာအိုဆရာလုယာဆိုသည့် အမည်များကို ကြားလိုက်ရသည့်အခါ ထိုက်ယင်းနတ်သမီးမှာ အလွန် အံ့အားသင့်သွားရလေသည်။
ထိုနာမည် (၂)ခုလုံးမှာ လောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် အမည်များ ဖြစ်လေသည်။ အထူးသဖြင့် နတ်မိစ္ဆာအဓိပတိကြီးဆိုလျှင် ခေတ်အဆက်ဆက်တွင် မည်သူမဆို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြရသူ ဖြစ်လေ၏။
ထို့ပြင် နတ်မိစ္ဆာအဓိပတိကြီး၏ တန်ခိုးစွမ်းအား မည်မျှ မြင့်မားသည်ကို မည်သူမှ မသိနိုင်ပေ။ ကျီဝေးတိကျွင်းသည်ပင်လျှင် နတ်မိစ္ဆာအဓိပတိကြီးနောက်မှ ပေါ်လာသည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။
ဝါစဉ်အရပြောမည်ဆိုလျှင် နတ်မိစ္ဆာအဓိပတိကြီးသည် ရှေးဟောင်းကျူဖူကိုယ်တော်တစ်ပါးဖြစ်သည့် မီးအိမ်ကိုယ်တော်ထက်ပင် ရှေးကျသေးသည်။
အတိတ်အချိန်များတုန်းက သူသည် စန့်ချင်တာအိုဆရာသခင်နှင့် အော်မီတော်ဖူဘုရားတို့ဖြင့်ပင် ရယ်မောစကားပြောခဲ့ဖူးသည်ဟု အဆိုရှိလေသည်။
ထို့ပြင် တာအိုဆရာလုယာဆိုသည်ကလည်း ကျင့်ကြံသူလောကတွင် နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်ပြီး မီးအိမ်ကိုယ်တော်နှင့် ခေတ်ပြိုင်ပေါ်ထွက်ခဲ့သူတစ်ယောက် ဖြစ်လေသည်။
ယခု ထိုက်ယင်းနတ်သမီးရောက်ရှိနေသည့် အတိတအချိန်သည် ထိတ်လန့်တုန်လှုပ်စရာကောင်းသည့် ခေတ်ကာလတစ်ခုပင် ဖြစ်လေသည်။
သို့သော်… ဆန်းလျန်ကတော့ နတ်မိစ္ဆာအဓိပတိကြီးနှင့် တာအိုဆရာလုယာတို့ကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိခဲ့လေသည်။ ယခုကဲ့သို့ အဖြစ်အပျက်များကို သိမြင်ခွင့်ရသည်မှာ ထိုက်ယင်းနတ်သမီးအတွက် မည်မျှ ကံကောင်းလိုက်ပါသနည်း။
တစ်ချိန်တည်းမှာပင် ထိုက်ယင်းနတ်သမီးသည် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရလေသည်။
အဘယ်ကြောင့်ဆိုသော်… နတ်မိစ္ဆာအဓိပတိကြီးနှင့် တာအိုဆရာလုယာတို့သည် သူမလာခဲ့သည့် အနာဂတ်ကာလ နှစ်ပေါင်းတစ်သောင်းကျော်တွင်လည်း တည်ရှိနေကြဆဲ ဖြစ်လေသည်။
သို့သော်… သူမကတော့ ဆန်းလျန်အခွင့်အာဏာရှိနေဆဲ ခေတ်တစ်ခေတ်ဖြစ်သည့်အတိတ်ကာလတွင် ထိုသူများနှင့် လာရောက်တွေ့ဆုံခွင့်ရနေခဲ့လေသည်။
အတိတ်ကာလသို့ အချိန်ခရီးသွားခဲ့ပြီးသည့်နောက်ပိုင်း ပထမဆုံးအကြိမ် သူမ၏စိတ်ထဲတွင် တစ်ခုခု ထူးဆန်းနေသလို စတင်ခံစားလာရလေသည်။
ဆန်းလျန်၏ စကားသံဆုံးသွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရေများစီးဆင်းလာပြီး ပင်လယ် (၄)ခု ထွက်ပေါ်လာကာ စကြာဝဠာကြီးတစ်ခုလုံး ရေများဖုံးလွှမ်းတော့မည့်အလား ထင်မှတ်ရလေသည်။
ဤသည်မှာ နတ်မိစ္ဆာအဓိပတိကြီး၏ ကွေးရွှီးရေစင်တန်ခိုးစွမ်းအား ဖြစ်လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကြီးဖြစ်နေပြီး နတ်မိစ္ဆာအဓိပတိကြီး မည်သည့်နေရာတွင်ရှိနေသည်ကို တွေ့မြင်ရခြင်း မရှိပေ။
ရေများက လှိုင်းထန်နေပြီး ကြယ်စင်များကိုပင် တစ်စီချေမွှပစ်တော့မည့်အလား ထင်မှတ်ရလေသည်။ လောကတစ်ခုလုံး မုန်တိုင်းထန်လျှက် ရှိလေတော့သည်။
ပင်လယ်ရေလှိုင်းလုံးကြီးများသည် ဆန်းလျန်ရှိရာသို့ ဝင်ရောက်လာပြီး ဆန်းလျန်ကို တစ်စစီဖြစ်အောင် ရိုက်ချလိုက်လေတော့သည်။
သို့သော်… ဆန်းလျန်က ထိုရေလှိုင်းလုံးကြီးများကို တစ်ချက်စိုက်ကြည့်လိုက်ရုံမျှဖြင့် ရေလှိုင်းလုံးကြီးများက အနောက်သို့ ပြန်ဆုတ်ကာ ငြိမ်သက်သွားကြလေသည်။
ဆန်းလျန်က နတ်မိစ္ဆာအဓိပတိကြီး၏ ပထမဆုံးတိုက်ခိုက်မှုကို အေးအေးဆေးဆေးပင် ခုခံကာကွယ်လိုက်လေ၏။
သို့သော်… သိပ်မကြာမီပင် ငြိမ်သက်သွားသည့် ပင်လယ်ရေပြင်ညီမျဉ်းနေရာတွင် နေတစ်စင်းထွန်းလင်းလာလေသည်။
ဆန်းလျန်က…
"ကျုပ် စောစောက တစ်ခုပြောဖို့ ကျန်သွားတယ် ၊ ရှီးဟယ်နတ်သမီးက တကယ်တော့ အချိန်ကိုပိုင်ဆိုးတဲ့နတ်သမီးလို့ နာမည်ကျော်ကြားတယ် ၊ ဘာလို့လဲဆိုတော့ သူက အချိန်နဲ့ပတ်သက်တဲ့ တန်ခိုးစွမ်းအားတွေကို အသုံးပြုနိုင်လို့ပဲ ၊ တာအိုဆရာလုယာက အချိန်နဲ့ပတ်သက်တဲ့တန်ခိုးစွမ်းအားတွေကို ဆက်ခံထားနိုင်တာဟာ မိခင်ဖြစ်သူဆီက အမွေရခဲ့တာ ဖြစ်ရမယ်…"
နတ်မိစ္ဆာအဓိပတိကြီးနှင့် တာအိုဆရာလုယာတို့ကို တိုက်ခိုက်နေရသည့်တိုင် ဆန်းလျန်က အေးအေးဆေးဆေး စကားပြောနေနိုင်သေးသည်။
ထိုအချိန်မှာပင် ထူးဆန်းသည့် တန်ခိုးစွမ်းအားလှိုင်းများက ဆန်းလျန်ကို ရိုက်ချလိုက်လေသည်။
ထိုတန်ခိုးစွမ်းအားလှိုင်းလုံးများက စကြာဝဠာတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေလေသည်။ သို့သော်… ဆန်းလျန်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် ထိုတန်ခိုးစွမ်းအား လှိုင်းလုံးများသည် ဗလာနယ်ထဲသို့ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားလေတော့သည်။
တစ်ချန်တည်းမှာပင် ဆန်းလျန်၏ ခန္ဓာကိုယ်မှ သွေးကြောဆုံချက်များမှ အလင်းတန်းများ ထွက်ပေါ်လာလေသည်။ သွေးကြောဆုံချက်နေရာတိုင်းသည် ဂူပေါက်များအလားဖြစ်နေပြီး အထဲတွင် နတ်ဘုရားနယ်မြေများ တည်ရှိနေသည့်အလား တာအိုတေးသွား သီဆိုသံများ ထွက်ပေါ်လျှက် ရှိလေသည်။
ထို့နောက် ဆန်းလျန်၏ သွေးကြောဆုံချက်များမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအလင်းတန်းများက အတိတ်ကို ချိတ်ဆက်ကာ အနာဂတ်ကို ထိုးဖောက်နေသည့်အလားထင်မှတ်ရလေသည်။
ဤသည်မှာ ဆန်းလျန်၏ မပျက်စီးနိုင်သော ရွှေခန္ဓာပင် ဖြစ်လေသည်။
ဆန်းလျန်၏ ရွှေခန္ဓာထင်ရှားထွက်ပေါ်လာသည်နှင့် စကြာဝဠာကြီးတစ်ခုလုံး ရုတ်တရက် ရပ်တန့်သွားလေသည်။
ထိုအချိန် ပင်လယ်ရေထဲတွင် ဘူးသီးခြောက်တစ်လုံး မျောလာလေသည်။ ထိုဘူးသီးခြောက်မှ အလင်းရောင်သဲ့သဲ့လင်းလက်နေလေသည်။
ထို့နောက် ကြည်လင်သည့်အသံတစ်သံထွက်ပေါ်လာလေ၏။
"ကောင်လေး … လှည့်ကြည့်လိုက်စမ်း…"
***