ဘယ်သူသေပြီးဘယ်သူရှင်မလဲ
Vol. 9 Ch. 880
ဆန်းလျန်သည်လည်း ထာဝရဓားကို ကြည့်နေလေသည်။
"ထာဝရဓား" ဆိုသည့် စာလုံးများကြောင့် အခြားနတ်ဘုရားများ၏ ခံစားချက်များ ေ၀ဝါးကာ မိန်းမောကုန်ကြရလေသည်။ သို့သော်… ဆန်းလျန်ကတော့ ထိုသို့ မဖြစ်ခဲ့ပေ။
ကောင်းကင်ထက်တွင် တိမ်တိုက်များမည်သို့ပင် မာယာအထွေထွေ ပြောင်းလဲသွားပါစေ တိမ်တိုက်များအရိပ်ထင်နေသည့် ကြည်လင်သောရေကန်ကတော့ ပြောင်းလဲသွားမည် မဟုတ်ပေ။ ဆန်းလျန်၏ တာအိုနှလုံးသားသည်လည်း ကြည်လင်သည့်ရေကန်အလားဖြစ်လေသည်။ လောကရှိ မာယာဆန်သည့် မည်သည့်တန်ခိုးစွမ်းအားမဆို သူ့နှလုံးသားကို ပြောင်းလဲစေနိုင်မည် မဟုတ်ပေ။
ထိုကောင်လေးက နောက်ဆုံးတော့ စကားစပြီး ပြောလိုက်သည်။
"ကျုပ်က နီကျားပါ…"
သူ၏ စကားသံက အချိန်နှင့်နေရာကို ပိုင်းဖြတ်ပစ်တော့မည့်အလား ထက်ရှလျှက်ရှိလေသည်။
သူ့စကားဆုံးသွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ မြင့်တက်လာလေသည်။ ထိုသတ်ဖြတ်လိုသည့်အငွေ့အသက်များကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှ နတ်ဘုရားများမှာ စိတ်မသက်မသာ ခံစားလိုက်ကြရလေသည်။
ဆန်းလျန်က …
"မင်းက ဘာဖြစ်ချင်တာလဲ…"
ဆန်းလျန်၏ ကြည်လင်သည့်အသံက သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ပျောက်ကွယ်သွားစေလေသည်။
ဆောင်းဦးလေပြေက နွေဦးရွက်ကြွေများကို တစ်ရွက်ပင်မကျန်အောင် တိုက်ခတ်ယူဆောင်သွားသည့်အလား ဖြစ်လေသည်။
ပတ်ဝန်းကျင်တစ်လုံးမှ နတ်ဘုရားများပင် တုန်လှုပ်သွားကြရသည်။
နီကျားက….
"ကျုပ်နီကျားက ဒီဓားနဲ့ လူပေါင်း (၃၆၄)ယောက်တိတိကို သတ်ဖြတ်ခဲ့ပြီးပြီ ၊ အခု တစ်ယောက်ကို သတ်ဖို့ကျန်နေတယ် ၊ နောက်ဆုံးတစ်ယောက်ကို သတ်ပြီးသွားရင် ဒီဓားက ပြီးပြည့်စုံသွားပြီ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မင်းသတ်ချင်တဲ့ နောက်ဆုံးတစ်ယောက်က ကျုပ်များလား…"
နီကျားက ခေါင်းကို ခါယမ်းလိုက်ရင်း…
"ထျန်းကျွင်းကိုယ်တိုင်ကလွဲရင် ထျန်းကျွင်းကို ဘယ်သူမှ သတ်နိုင်မှာ မဟုတ်ပါဘူး…"
ဆန်းလျန်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း…
"မင်းက တကယ်တော်တဲ့သူတစ်ယောက်ပဲ ၊ ကျုပ် မင်းကို အသက်ရှင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ…"
ဆန်းလျန်၏ စကားသံမှာ နီကျား၏ သေခြင်းရှင်ခြင်းအရာအားလုံးက သူ့လက်ထဲတွင် ရှိနေသကဲ့သို့ ဖြစ်လေသည်။ သို့သော်… ပတ်ဝန်းကျင်မှ နတ်ဘုရားများကတော့ စိတ်ထဲတွင် တင်းတင်းကျပ်ကျပ်ခံစားလိုက်မိကြသည်။
ထို့ပြင် နီကျားပြောသည့်စကားမှာလည်း အမှန်ပင်ဖြစ်လေသည်။
ဆန်းလျန် သူ့ကိုယ်သူ သတ်ဖြတ်ခြင်းမရှိလျှင် မည်သူမှ သူ့ကို သတ်ဖြတ်နိုင်စွမ်းရှိမည် မဟုတ်ပေ။
နီကျားက…
"ကျုပ်က ထျန်းကျွင်းရဲ့ ဘေးနားက နတ်သမီးကို သတ်ချင်တာ…"
နီကျား၏ စကားဆုံးသွားသည်နှင့် ထိုက်ယင်းနတ်သမီးတစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားလေသည်။
အဘယ်ကြောင့်ဆိုသော်… နီကျားထံမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များက သူမကို လှုပ်ရှား၍မရနိုင်လောက်အောင် ထိန်းချုပ်ထားလိုက်သောကြောင့် ဖြစ်လေသည်။
သူမက ဒေါသတကြီးဖြင့်…
"နင်က လုပ်ရဲသလား…"
ဟု အော်ပြောလိုက်လေသည်။
နီကျားက ထိုက်ယင်းနတ်သမီးကို အရေးမထားသည့်ဟန်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာက သေခြင်းရှင်ခြင်း ခြားနားမှုမရှိဆိုသည့် မျက်နှာထားမျိုး ဖြစ်လေသည်။
ဆန်းလျန်က…
"မင်းနဲ သူနဲ့ကြားမှာ ရန်ငြိုးရှိလို့လား"
နီကျားက…
"ထျန်းကျွင်းရဲ့လက်ထောက်အနေနဲ့ ကျုပ်အစ်ကိုဖြစ်တဲ့ ဟွေ့အန်းခရီးသည်ရှိရင် လုံလောက်ပါပြီ ၊ ဒီနတ်သမီးက ဘာမှလည်းအကူအညီမရတဲ့အပြင် သူ့ကိုတောင် ပြန်စောင့်ရှောက်နေရဦးမယ်… ၊ အလုပ်ပိုတယ်လေ…"
ဆန်းလျန်က ပေါ့ပါးသည့်လေသံဖြင့်…
"ကောင်းပြီ ၊ မင်းက မင်းအစ်ကိုအတွက် တိုက်ခိုက်ပေးချင်တယ် ၊ မင်းကို ကျုပ်မတားဆီးပါဘူး ၊ မင်း သူ့ကိုသတ်နိုင်တယ်ဆိုရင် မင်းရဲ့အစ်ကိုကို ကျုပ်ရဲ့တပည့်အဖြစ် လက်ခံမယ် ၊ မင်း သူ့ကို မသတ်နိုင်ဘူးဆိုရင်တော့ မင်းသေရလိမ့်မယ် ၊ ဘယ်လိုလဲ … သဘောတူလား…"
နီကျားက ခေါင်းညိတ်လိုက်ရင်း…
"အခွင့်အရေးပေးတဲ့အတွက် ထျန်းကျွင်းကို ကျေးဇူးတင်ပါတယ်…"
ထိုက်ယင်းနတ်သမီးက ဆန်းလျန်ကို လှမ်းကြည့်လိုက်ပြီး…
"ရှင်က တကယ်ပဲ ကျွန်မကို သူနဲ့ တိုက်ခိုက်စေချင်တာလား…"
ဆန်းလျန်က…
"သူနဲ့ တိုက်မလား ၊ ဒါမှမဟုတ် မင်းကို အနာဂတ်ကို ပြန်ပို့ပေးရမလား ၊ မင်း ကြိုက်တဲ့လမ်းကို ရွေးခြယ်နိုင်တယ်…"
ထိုက်ယင်းနတ်သမီးက အတန်ကြာတိတ်ဆိတ်သွားပြီးမှ…
"ကျွန်မ အနာဂတ်ကို မပြန်ချင်သေးဘူး ၊ ဒီမှာပဲ နေချင်သေးတယ်…"
နီကျားက သူမကို သေစေချင်လေသည်။
သို့သော်… နီကျားကိုသာ သူမ အနိုင်ရခဲ့လျှင် ဆန်းလျန်အနားတွင် ဆက်လက်နေထိုင်ရန် သူမအတွက် အခွင့်အရေးတစ်ခု ရမည်ဖြစ်သည်။
ဆန်းလျန်အနားတွင် ပညာသင်ရန်မှာ မည်သူမဆို လိုချင်သည့်အခွင့်အရေးပင် ဖြစ်လေသည်။
ထို့ပြင်… သူမ၏ဆရာဖြစ်သူ လနတ်သမီးချန်ဝေါ်က သူမကို အတိတ်အချိန်သို့ ပို့ဆောင်ပေးလိုက်သည်မှာ ပြတ်တောက်နေသည့် အတိတ်အချိန်အပိုင်းအခြားတွင် ဆန်းလျန်လုပ်ခဲ့သည့် လုပ်ရပ်များကို သိရှိရန်အတွက် ဖြစ်လေသည်။
သူမတာဝန်မပြီးဆုံးသေးဘဲ သူမ အနာဂတ်သို့ ပြန်ရန် မဖြစ်နိုင်သေးပေ။
ဆန်းလျန်က အေးဆေးသည့်လေသံဖြင့်…
"မင်းကိုလည်း အခွင့်အရေးတစ်ခုပေးမယ် ၊ မင်းသာ ထာဝရဓားကို အနိုင်ယူနိုင်မယ်ဆိုရင် မင်းကိုလည်း ကျုပ်က တပည့်အဖြစ် လက်ခံမယ်…"
ထိုက်ယင်းနတ်သမီးက…
"ကျွန်မမှာ ဆရာရှိပြီးသားပဲ… "
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဒါဖြင့် ထာဝရဓားကို မင်းကိုပေးမယ်…."
ထိုက်ယင်းနတ်သမီးက…
"ကောင်းပြီ…"
ဆန်းလျန်က နီကျားကို လှမ်းကြည့်လိုက်ရင်း…
"မင်း ဓားကွက် (၉)ကွက်ပဲ အသုံးပြုပြီးတိုက်ခိုက်ခွင့်ရှိတယ်…"
နီကျားက ထိုက်ယင်းနတ်သမီးကို အထင်အမြင်သေးသလို တစ်ချက်လှမ်းကြည့်လိုက်ရင်း…
"ဓားကွက် (၉)ကွက်တောင် သုံးစရာ မလိုပါဘူး…"
ထိုက်ယင်းနတ်သမီးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး…
"အပြောကတော့ ကြီးလိုက်တာ…"
ဆန်းလျန်ကပြုံးလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ဗလာနယ်ထဲတွင် ဓမ္မနယ်မြေတစ်ခုပေါ်လာလေသည်။ ထိုနယ်မြေက နီကျားနှင့် ထိုက်ယင်းနတ်သမီး တိုက်ခိုက်ရန်အတွက် လုံလောက်သည့် နေရာတစ်ခု ဖြစ်လေ၏။
ဗလာနယ်ထဲတွင် ထိုသို့ ကြီးမားကျယ်ပြန့်သည့် ဓမ္မနယ်မြေတစ်ခုဖန်ဆင်းနိုင်ရန်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။
ဆန်းလျန် ဓမ္မနယ်မြေကိုဖန်ဆင်းလိုက်သည်ကို တွေ့လိုက်သည်နှင့် အခြားသော နတ်ဘုရားများမှာ ဆန်းလျန်၏ တန်ခိုးစွမ်းအားမြင့်မားသည်ကို သိမြင်သွားကြပြီး ထိတ်လန့် တုန်လှုပ်သွားကြရလေသည်။
နတ်ဘုရားအတော်များများသည် နောက်သို့ ဆုတ်ခွာသွားကြလေသည်။
ဆန်းလျန်ဆိုသည့် ပုဂ္ဂိုလ်သည် သူတို့ မည်သည့်နည်းနှင့်မှ ရင်ဆိုင်သင့်သူတစ်ယောက်မဟုတ်ကြောင်း နားလည်သဘောပေါက်သွားကြသည်။
ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်မှ နတ်ဘုရားအချို့ကတော့ နေရာတွင်ပင် ဆက်ပြီး မတ်တတ်ရပ်နေကြလေသည်။ သူတို့က နောက်ခံအင်အားကို အားကိုးကာ မာနထောင်လွှားဟန်ရှိကြသည်။
ထို့နောက် နတ်ဘုရားအားလုံးက နီကျားနှင့် ထိုက်ယင်းနတ်သမီး၏တိုက်ပွဲကို အာရုံစိုက်လိုက်ကြလေသည်။
သူတို့ ဆန်းလျန်ကို မတိုက်ခိုက်ရဲကြသည့်တိုင် ကွမ်ဟန်နန်းတော်မှ တပည့်တစ်ယောက်နှင့် ကျောက်စိမ်းဝိညာဉ်နန်းတော်မှ တပည့်တစ်ယောက်တို့၏ ပွဲကြီးပွဲကောင်း တိုက်ပွဲတစ်ပွဲကိုတော့ ကြည့်ကြရတော့မည် ဖြစ်သည်။
ရုတ်တရက်…
မှောင်မှိုင်းနေသည့် စကြာဝဠာပတ်ဝန်းကျင်တွင် အေးစက်သည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းက လူတိုင်းကို ဝိညာဉ်ထဲအထိ စိမ့်သွားအောင် အေးစက်သွားစေလေသည်။
သူတို့သည် အစကတည်းက အပူအအေးကို ခံစားဖူးကြသူများ ဖြစ်သော်လည်း ယခုတော့ အေးစိမ့်သည့်ဒဏ်ကို မခံနိုင်ဘဲ ခိုက်ခိုက်တုန်လာကြပြီး အလင်းတန်းထွက်ပေါ်လာရာနေရာကိုသာ ကြည့်နေလိုက်ကြလေသည်။
ဆန်းလျန်၏လက်ထဲတွင် အပြာရောင်တောက်ပနေသည့် ဆံထိုးတစ်ချောင်းကို တွေ့မြင်လိုက်ကြရလေသည်။
နတ်ဘုရားများထဲမှ တစ်ပါးက…
"ထိုက်ယင်းဆူးခက်…"
ဟု ပြောလိုက်လေသည်။
ထိုက်ယင်းဆူးခက်ဆိုသည်မှာ လနတ်သမီးချန်ဝေါ် (ဟန်အယ်)၏ ဆံထိုးဖြစ်ပြီး အလွန်တရာတန်ခိုးစွမ်းအားမြင့်မားသည့် မှော်ဝင်ပစ္စည်းတစ်ခုလည်း ဖြစ်လေသည်။
အတိတ်တစ်ချိန်တုန်းက နွားကျောင်းသားလေးနှင့် ယက္ကန်းခတ်သည့်နတ်မိမယ်လေးတို့ တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံနိုင်ခွင့် မရှိရလေအောင် မယ်တော်ဝမ်မူက သူမ၏ ရွှေဆံထိုးကို အသုံးပြုကာ နဂါးငွေ့တန်းကို ပိုင်းဖြတ်ခဲ့သည်။
သို့သော်… မယ်တော်ဝမ်မူက သူမ၏ ရွှေဆံထိုးသည် လနတ်သမီးချန်ဝေါ်၏ ထိုက်ယင်းဆူးခက်ဆံထိုးလောက် စွမ်းအားမြင့်မားခြင်းမရှိဟု ဝန်ခံပြောဆိုခဲ့ဖူးသည်။
ယခုတော့ မယ်တော်ဝမ်မူကိုယ်တိုင် ချီးကျူးပြောဆိုခဲ့သည့် လနတ်သမီးချန်ဝေါ် (ဟန်အယ်)၏ ထိုက်ယင်းဆူးခက် ဆံထိုးကို သူတို့အားလုံး တွေ့မြင်ကြရပြီ ဖြစ်လေသည်။
ဆန်းလျန်က ထိုက်ယင်းဆူးခက်ဆံထိုးကို သူဖန်ဆင်းထားသည့် ဓမ္မနယ်မြေထဲတွင် ရပ်နေသည့် ထိုက်ယင်းနတ်သမီးရှိရာသို့ ငြင်သာစွာဖြင့် စီးမျောပို့ဆောင်ပေးလိုက်သည်။
ထိုက်ယင်းနတ်သမီးလက်ထဲသို့ ထိုက်ယင်းဆူးခက်ဆံထိုး ဖြည်းဖြည်းချင်းရောက်ရှိသွားလေသည်။ ထိုက်ယင်းဆူးခက် သူမလက်ထဲသို့ ရောက်လာသည်နှင့် ထိုက်ယင်းနတ်သမီး အတော်လေး တည်တည်ငြိမ်ငြိမ်ဖြစ်သွားလေသည်။
ထိုက်ယင်းဆူးခက်ဖြင့်ဆိုလျှင် သူမသည် မည်သည့်ရန်သူကိုမှ ကြောက်ရွံ့ခြင်း မရှိဘဲ တိုက်ခိုက်နိုင်မည် ဖြစ်သည်။
ထိုက်ယင်းနတ်သမီးလက်ထဲသို့ ထိုက်ယင်းဆူးခက်ရောက်လာသည့်တိုင် နီကျားကတော့ အရေးစိုက်ဟန် မရှိပေ။
သူက ထာဝရဓားကို ဆုပ်ကိုင်လိုက်ပြီး ထိုက်ယင်းနတ်သမီးကို ခံစားချက်ကင်းမဲ့သည့်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
မည်သည့်အချိန်တွင် သူက ဓားကွက်ထုတ်ကာ ထိုက်ယင်းနတ်သမီးကို တိုက်ခိုက်မည်လဲဆိုသည်ကို မည်သူမှ မခန့်မှန်း နိုင်ကြပေ။
ဆန်းလျန်က စင်မြင့်ထက်တွင်ထိုင်နေပြီး နီကျားနှင့် ထိုက်ယင်းနတ်သမီးကို တစ်ချက်ငုံ့ကြည့်လိုက်လေသည်။ သို့သော်… သူ၏ မျက်လုံးများက ခံစားချက်ကင်းမဲ့နေပြီး ပြိုင်ပွဲဝင် (၂)ယောက်တွင် မည်သူ့ကိုမှ ဘက်လိုက်လိုဟန် မရှိပေ။
အခြားဘက်တွင်တော့…
တာအိုဆရာလုယာ ဒေါသထွက်လျှက်ရှိလေသည်။
"ဒီနီကျားဆိုတဲ့ကောင်က ဘာလာလုပ်တာလဲဟ ၊ သူက တာအိုဆရာသခင်ထိုက်ယီရဲ့ ထာဝရဓားနဲ့ ချန်ဝေါ်ရဲ့ တပည့်ကို သတ်မလို့လား ၊ ရှုတ်ကုန်တော့မှာပဲ ၊ အဲဒီဓားကတော့ ကျိန်းသေ ဆန်းလျန်လက်ထဲ ရောက်သွားတော့မယ်…"
နတ်မိစ္ဆာအဓိပတိကြီးကတော့ အေးဆေးသည့်လေသံဖြင့်…
"ကြည့်ရတာ ကျောက်စိမ်းဝိညာဉ်နန်းတော်က တပည့်တွေက တစ်ယောက်နဲ့တစ်ယောက် စည်းလုံးမှုမရှိကြဘူးထင်တယ် ၊ ဒီနှစ်တွေအတွင်းမှာ ယွမ်စီထျန်းကျွင်းရဲ့ တပည့်မျိုးဆက်တွေက သိပ်ပြီးတိုးတက်မှု မရှိကြဘူး ၊ ကျင်းရှန်းနတ်ဘုရား (၁၂)ပါးထဲက အချို့နတ်ဘုရားတွေဆိုရင် ဆန်းလျန်က နဝမမြောက်တာအိုဆရာသခင်ကြီး ဖြစ်လာမလား ဖြစ်မလာဘူးလားဆိုတာတောင် အလောင်းအစားလုပ်နေကြသေးတယ် ၊ တော်တော်ရယ်စရာကောင်းကြတာပဲ…"
တာအိုဆရာလုယာက…
"နီကျားကို ဒီလိုလုပ်ခိုင်းတဲ့သူက ယွမ်စီထျန်းကျွင်းရဲ့ မျိုးဆက်တပည့် ချန်စန်းဧကရာဇ် ချန်စန်းကျီပဲ ဖြစ်ရမယ် ၊ ဆန်းလျန်ကိုကြည့်ရတာလည်း ထိုက်ယင်းနတ်သမီး သေသေရှင်ရှင် အရေးမစိုက်တဲ့ပုံပဲ ၊ ကြည့်ရတာ သူကလည်း ဟွေ့အန်းခရီးသည်ကို တပည့်အဖြစ် လက်ခံချင်နေတာလား မသိဘူး ၊ ရွံဖို့ကောင်းလိုက်တာ…"
နတ်မိစ္ဆာအဓိပတိကြီးက…
"ကျုပ်အထင်တော့ ဆန်းလျန်နဲ့ ချန်ဝေါ်က ဒီကလေးမလေးကို အသုံးချနေတာဖြစ်ရမယ်…"
တာအိုဆရာလုယာက…
"ဒီကလေးမလေးက အခုမှ ငယ်ငယ်လေးရှိသေးတယ် ၊ အရည်အချင်းရှိတယ်ဆိုရင်တောင်မှ ဘာမှ သုံးစားလို့ရမှာ မဟုတ်ဘူး ၊ ဘယ်သူမှ ချင်းယွမ်မြောင်တောက်အရှင်လို ငယ်ငယ်ရွယ်ရွယ်နဲ့ အသုံးကျမနေဘူး…"
နတ်မိစ္ဆာအဓိပတိကြီးက…
"တော်ပြီ… နောက်ပိုင်းကိစ္စတွေတော့ ကျုပ်ဝင်မပါတော့ဘူး…"
စကားသံဆုံးသွားသည်နှင့် စကြာဝဠာ ဗလာနယ်ထဲတွင် ရေခဲသားကဲ့သို့ကြည်လင်သည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပျံသန်းပျောက်ကွယ်သွားလေသည်။ နတ်မိစ္ဆာအဓိပတိကြီး ထွက်ခွာသွားခြင်း ဖြစ်လေ၏။
နတ်မိစ္ဆာအဓိပတိကြီး ရုတ်တရက်ထွက်ခွာသွားသည့်အတွက် တာအိုဆရာလုယာမှာ အနည်းငယ်ကြက်သေသေသွားလေသည်။ သူက နတ်မိစ္ဆာအဓိပတိကြီးကို တီးတိုးကျိန်ဆဲလိုက်မိသည်။
ထို့နောက် သူသည်လည်း အလင်းတန်းတစ်ခုအဖြစ် ဖန်ဆင်းကာ လင်စန်းတောင်ရှိရာ အနောက်ဘက်ကောင်းကင်ဘုံသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။
သူ အပြေးမြန်၍သာတော်တော့သည်။ မဟုတ်လျှင် ဆန်းလျန်၏ နတ်ဘုရားစိတ်အာရုံက သူ့ကို ထိန်းချုပ်နိုင်သွားမည် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် တာအိုဆရာလုယာ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။
နတ်မိစ္ဆာအဓိပတိကြီးသည် ထူးဆန်းသူတစ်ယောက်ဖြစ်ပြီး အမြဲတမ်း ကိုယ်လွတ်ရုန်းတတ်လေသည်။ ထို့ကြောင့် နောက်ပိုင်းတွင် နတ်မိစ္ဆာအဓိပတိကြီးနှင့် မပတ်သက်တော့ဟု ဆုံးဖြတ်ချက်ချလိုက်မိလေတော့သည်။
***