← Chapters

ထိုက်ယီမရဏဓား (၇)လက်

Vol. 9 Ch. 882

ထိုက်ယီမရဏဓား (၇)လက်

Vol. 9 Ch. 882

တိုက်ပွဲကိုကြည့်နေကြသူများမှာ သက်ပြင်းကိုယ်စီချလိုက်မိကြလေသည်။

နီကျား၏ဓားသည် အလွန်ထူးဆန်းသည့် ဓားတစ်လက်ဖြစ်လေသည်။ ဓားကိုဖန်တီးခဲ့သူက မယုံကြည်နိုင်စရာကောင်းလောက်အောင် ဖန်တီးထားခဲ့ခြင်း ဖြစ်လေသည်။

ထိုက်ယင်းနတ်သမီးသည် ဆန်းလျန်ကဲ့သို့ အံ့သြဖွယ်ရာများကို ပြုလုပ်နိုင်သည့် ပါရမီရှင်တစ်ယောက် မဟုတ်ပေ။

ရေတံခွန်အလား စီးဆင်းနေသည့် ဓားဝိညာဉ်ထဲတွင် သူမသည် ပိတ်မိနေလေသည်။

တာအိုဆရာသခင်ကြီးတစ်ပါး၏ ဓားနှင့် ဓားဝိညာဉ်အောက်တွင် ထိုက်ယင်းနတ်သမီးသည် မည်သည့်နည်းနှင့်မှ အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။ ရေတံခွန်ကဲ့သို့ စီးဆင်းနေသည့် ဓားဝိညာဉ်သည် သုံးစက္ကန့်မျှသာကြာမြင့်သော်လည်း ထိုက်ယင်းနတ်သမီး အယောက် (၁၀၀)ကို သတ်ဖြတ်ပစ်နိုင်စွမ်းရှိလေသည်။

သို့သော်… ဓားဝိညာဉ်စီးဆင်းမှုကြီး ပျောက်ကွယ်သွားသည်နှင့် အလွန်ချောမောလှပသည့် မိန်မပျိုတစ်ယောက်ပေါ်လာလေသည်။

သို့သော်… ထိုမိန်းမပျို၏တစ်ကိုယ်လုံး နှင်းခဲများဖြင့် ဖုံးလွှမ်းနေလေသည်။ သူမကို တွေ့မြင်ရသည်နှင့်ပင် အေးစိမ့်မှုကို ခံစားရမည်ဖြစ်ပြီး အတွေးများပင် နှေးကွေးထုံထိုင်းသွားမည် ဖြစ်သည်။

နှင်းခဲများ အရည်ပျော်ကျသွားသည်နှင့် ထိုက်ယင်းနတ်သမီး ထွက်ပေါ်လာလေသည်။

သူမ၏ မျက်ဝန်းများက ရေခဲအလားအေးစက်နေပြီး တိတ်ဆိတ်ငြိမ်သက်နေလေသည်။

သူမက …

"ဒုတိယဓားပဲ…"

နီကျားက အေးအေးဆေးဆေးပင် ခေါင်းညိတ်ပြလိုက်ပြီး…

"စုစုပေါင်း ဓား (၇)လက်ရှိတယ် ၊ ဓား (၇)လက်ပြည့်စုံရင် ဓားသိုင်းပညာတစ်ခုလုံးလည်း ပြည့်စုံသွားမှာပါပဲ ၊ ကျုပ်ရဲ့ဆရာက အဲဒီဓားသိုင်းကို ကျုပ်ကိုသင်ပေးခဲ့ပေမယ့် ဓား (၇)လက်ကို မသုံးဖို့ သေသေချာချာမှာထားခဲ့တယ် ၊ ဘာလို့လဲဆိုတော့ ဓား (၇)လက်ကို အသုံးပြုလိုက်ပြီဆိုတာနဲ့ ဘယ်တော့မှ နောက်ပြန်ဆုတ်လို့ မရတော့ဘူး ၊ ပြီးတော့ ဓားတစ်ချက်ကိုအသုံးပြုလိုက်တိုင်း အသုံးပြုတဲ့သူကိုလည်း တစ်ချက်ထိခိုက်စေတယ် ၊ အဲဒီဓားသိုင်းဟာ လမ်းစဉ်မှန်တဲ့ ဓားသိုင်းမဟုတ်ဘူး…"

ဆန်းလျန်က ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

"အဲဒါ ဒဏ္ဍာရီထဲက ထိုက်ယီမရဏဓား (၇)လက်လား…"

နီကျားက…

"အမှန်ပါပဲ…"

ဆန်းလျန်က ထိုက်ယင်းနတ်သမီးကို လှမ်းကြည့်လိုက်ပြီး…

"မင်း အခု အရှုံးပေးလိုက်တော့ ၊ မင်းကို ကျုပ်ပြန်ပို့ပေးမယ်…"

ထိုက်ယီမရဏဓား (၇)လက်၏ မူလဇာစ်မြစ်ကို သိရှိသူလောကတွင် အနည်းငယ်သာ ရှိလေသည်။

ဆန်းလျန် ဟွင့်ယွမ်ဝူကျီအဆင့်သို့ မရောက်မီကပင် အတိတ်မှ လျှို့ဝှက်အကြောင်းအရာများကို ဖြည်းဖြည်းချင်း လေ့လာခဲ့သည်။ မဟုတ်ပါက ဆုံးရှုံးမှုဖြင့် ရင်ဆိုင်ရမည်ကို သူက စိုးရိမ်မိသောကြောင့် ဖြစ်လေသည်။

ခေတ်အဆက်ဆက်တွင် ဆိုးသွမ်းယုတ်မာကြသူများကလည်း ဒုနှင့်ဒေးပင်ရှိလေ၏။ သို့သော်… ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားမြင့်မားပြီး ဆိုးသွမ်းယုတ်မာကြသူများကတော့ အနည်းငယ်သာ ရှိလေသည်။

လွန်လေခဲ့ပြီးသော အတိတ်အချိန်များစွာက မှော်နက်အရှင်သခင်တစ်ပါး ပေါ်ထွက်ခဲ့ဖူးလေသည်။ ထိုမှော်နက်အရှင်သခင်သည် တန်ခိုးစွမ်းအားမြင့်မားပြီး ဆိုးသွမ်းယုတ်မာသူတစ်ယောက် ဖြစ်လေ၏။ ထိုသူ၏ မူလဇာစ်မြစ်ကို မည်သူမှ သိရှိကြခြင်း မရှိပေ။

သူက အနက်ရောင်ဝတ်စုံကိုသာ အစဉ်အမြဲဝတ်ဆင်တတ်ပြီး မရဏမိစ္ဆာခုနစ်ပါးနန်းတော်တွင် နေထိုင်လေသည်။ သူ၏ စိတ်နေစိတ်ထားကလည်း ထူးဆန်းလေသည်။ သူက အကြင်နာတရားကင်းမဲ့ပြီး မည်သူ့ကိုမဆို သတ်ဖြတ်သုတ်သင်ပစ်ရန် ဝန်မလေးပေ။

သူ့အနားမှ ချစ်ခင်သူများကိုပင် ချွင်းချက်မရှိ ရက်ရက်စက်စက် သတ်ဖြတ်ပစ်သူတစ်ယောက် ဖြစ်လေသည်။

နောက်ပိုင်းတွင်တော့ မရဏမိစ္ဆာခုနစ်ပါးနန်းတော်သခင် မှော်နက်အရှင်သခင်သည် မထင်မှတ်ဘဲ ထူးဆန်းစွာ သေဆုံးသွားခဲ့လေသည်။

ထိုအခါ မရဏမိစ္ဆာခုနစ်ပါးနန်းတော်သည် ထိုက်ယီကျန်းရန်လက်ထဲသို့ ကျရောက်သွားလေတော့သည်။

ထိုက်ယီကျန်းရန်က မရဏမိစ္ဆာခုနစ်ပါးနန်းတော်တွင် ကြွင်းကျန်ရစ်သည့် မရဏတန်ခိုးစွမ်းအားများကို အသုံးပြုကာ မရဏဓား (၇)လက်ကို တီထွင်ခဲ့လေသည်။

နီကျားပြောသကဲ့သို့ပင် ထိုဓားများသည် အခြားသူများကို တစ်ခါနာကျင်စေတိုင်း မိမိကိုယ်ကိုလည်း ပြန်လည်နာကျင်စေလေသည်။

ထိုဓားများ၏ မိစ္ဆာစွမ်းအားမြင့်မားသည်ကို သိရှိထားသည့်အတွက် ဆန်းလျန်က ထိုက်ယင်းနတ်သမီးကို သတိပေးလိုက်ခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင် နတ်ဘုရားတစ်ပါးက…

"ဆန်းလျန်ထျန်းကျွင်းက ထိုက်ယင်းနတ်သမီးဘက်က မျက်နှာလိုက်တာပဲ ၊ ဒီပြိုင်ပွဲက မျှတပါ့မလား…"

ထိုစကားကိုပြောလိုက်သည့် နတ်ဘုရားမှာ ဖိနပ်စီးထားခြင်းမရှိသည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။

သူ၏မျက်လုံးတစ်ဖက်က နေရောင်တောက်ပနေပြီး အခြားမျက်လုံးတစ်ဖက်က လရောင်တောက်ပနေလေသည်။ သူ့လက်ထဲတွင် ယပ်တောင်တစ်ချောင်းကိုင်ထားပြီး ထိုယပ်တောင်က ရွှီးမီစန်းတောင်ကိုပင် ရိုက်ချတော့မည့်အလား ထင်မှတ်ရလေသည်။

ထိုသူမှာ နှစ်ပေါင်းများစွာ နာမည်ကျော်ကြားခဲ့သည့် ခြေဗလာနတ်မင်းကြီးပင် ဖြစ်လေ၏။

ဆန်းလျန်က ခေါင်းကိုလှည့်ကာ ထိုသူကို နက်ရှိုင်းသည့်အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်လေသည်။ သို့သော်… စကားတစ်ခွန်းမှ ပြန်ပြောခြင်း မရှိပေ။

ဆန်းလျန်၏အကြည့်နှင့် ရင်ဆိုင်လိုက်ရသည်နှင့် ခြေဗလာနတ်မင်းကြီးထံမှ အသံနက်ကြီးဖြင့်အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာပြီး ဗလာနယ်ထဲတွင်ပင် တင်ပျဉ်ခွေထိုက်လျက်သား အသက်ပျောက်သွားလေတော့သည်။

ခြေဗလာနတ်မင်းကြီးဘေးမှ အခြားသောနတ်ဘုရားများ များစွာ တုန်လှုပ်ခြောက်ခြားသွားကြလေသည်။

ဆန်းလျန်ထျန်းကျွင်း တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ခေတ်အဆက်ဆက်နာမည်ကျော်ကြားခဲ့သည့် ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်သူ ခြေဗလာနတ်မင်းကြီးမှာ ချက်ချင်း အသက်ပျောက်သွားခဲ့ရပြီ ဖြစ်လေသည်။

မည်သို့သော တန်ခိုးစွမ်းအားများကို ဆန်းလျန်ထျန်းကျွင်း အသုံးပြုလိုက်ပါသနည်း။ အလွန်မှပင် ကျောချမ်းလောက်စေသည့် တန်ခိုးစွမ်းအားမျိုး ဖြစ်လေသည်။

သူတို့အားလုံး ဆန်းလျန်၏ တန်ခိုးစွမ်းအား မည်မျှမြင့်မားသည်ကို ခန့်မှန်းခဲ့ကြလေသည်။ သို့သော်… ဆန်းလျန်သည် သူတို့ခန့်မှန်းသည်ထက် အဆမတန် သာလွန်သူတစ်ယောက် ဖြစ်နေခဲ့လေသည်။

ဆန်းလျန်က အခြားနတ်ဘုရားများကို အရေးမစိုက်တော့ဘဲ ထိုက်ယင်းနတ်သမီးကို ကြည့်လိုက်လေသည်။

"မင်း ဆုံးဖြတ်ပါ…"

ထိုက်ယင်းနတ်သမီးက နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ရင်း…

"ကျွန်မ အရှုံးမပေးနိုင်ဘူး…"

ဆန်းလျန်က…

"ပွင့်ပွင့်လင်းလင်းပြောရရင် ထိုက်ယီမရဏဓား (၇)လက် ထွက်ပေါ်လာတာနဲ့ မင်း သေရလိမ့်မယ် ၊ မင်း တကယ်ပဲ ဆက်ပြီး တိုက်ခိုက်ချင်သေးတာလား…"

ထိုက်ယင်းနတ်သမီးက…

"ကျွန်မ သိပါတယ်…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မင်းက ကျုပ်ပြောတဲ့စကားကို မယုံတာလား…"

ထိုက်ယင်းနတ်သမီးက…

"ဒီရက်တွေမှာ ရှင် ကျွန်မကို ဂရုစိုက်ပေးခဲ့တာ ကျေးဇူးတင်ပါတယ် ၊ ဒါပေမဲ့ ကျွန်မလည်း ကျင့်ကြံသူတစ်ယောက်ပါ…"

ဆန်းလျန်က…

"မင်းက အရှုံးမပေးဘူးလို့ ဆုံးဖြတ်ချက်ချလိုက်ကတည်းက မင်းက ကျင့်ကြံသူတစ်ယောက်ဆိုတာ ကျုပ် သိပါတယ်…"

ဆန်းလျန်က စကားကိုခဏနားပြီး နီကျားကို တစ်ချက်လှမ်းကြည့်လိုက်သည်။

"မင်းရော ဆက်တိုက်ဦးမှာလား…"

နီကျားက ပြုံးလိုက်ရင်း…

"အရင်တုန်းက အရိုးတွေကို ခမည်းတော်ကို ပြန်ပေးခဲ့ဲပြီး ၊ အသွေးအသားကို မယ်တော်ကို ပြန်ပေးပြီးကတည်းက နီကျားဆိုတာ သေဆုံးခဲ့ပြီးသားပါ ၊ ဆရာက ထိုက်ယီမရဏဓား (၇)လက်ကို ကျုပ်ကိုလက်ဆင့်ကမ်းပေးခဲ့တယ်ဆိုကတည်းက ကျုပ်ကို ယုံကြည်စိတ်ချလို့ပါပဲ ၊ အခုတော့ ဒီဓားသိုင်းကို အသုံးပြုဖို့ အချိန်ကျပြီပေါ့…"

နီကျားသည် ငယ်ရွယ်သည့် ကောင်လေးတစ်ယောက်ပုံစံဖြစ်နေသော်လည်း သူသည် သေခြင်းရှင်ခြင်းတရားများကို နားလည်သည့် အဆင့်မြင့်နတ်ဘုရားတစ်ပါးဖြစ်လေသည်။

ထို့ကြောင့် သူ၏ တန်ခိုးစွမ်းအားများကို ထာဝရဓားဖြင့် ပေါင်းစပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်က…

"ဒါဖြင့် မင်းတို့တွေ ဆက်တိုက်ကြပါ…

……………

မရှိမှုကျေးရွာ …

ထိုက်ချင်ထျန်းကောင်းကင်ဘုံ…၊ ဘုရင်ရှစ်ပါးနန်းတော် …။

ရွှမ်တုတောက်ကျွင်းသည် အဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ထားပြီး သူ့နောက်တွင် ရွှေသူငယ်နှင့် ငွေသူငယ်က တစ်ဖက်တစ်ချက်စီတွင် ရပ်နေလေသည်။

ရွှေသူငယ်က ဒေါသတကြီးလေသံဖြင့်…

"ဒီလူက သူလည်းနတ်ဘုရားတစ်ပါးပဲ ၊ ဘာလို့ ခြေဗလာနတ်မင်းကြီးကို စကားတစ်ခွန်းမှ မပြောဘဲ သတ်ပစ်လိုက်ရတာလဲ…"

ခြေဗလာနတ်မင်းကြီးမှာ ထိုက်ချင်ထျန်းကောင်းကင်ဘုံရှိ ဘုရင်ရှစ်ပါးနန်းတော်မှ တပည့်တစ်ယောက် မဟုတ်သော်လည်း ဘုရင်ရှစ်ပါးနန်းတော်နှင့် ဆက်ဆံရေးကောင်းမွန်သူတစ်ယောက် ဖြစ်လေသည်။

ရွှေသူငယ်နှင့်ငွေသူငယ်တို့သည်လည်း ခြေဗလာနတ်မင်းကြီးကို ခင်မင်ကြလေ၏။

ယခု ဆန်းလျန်က ခြေဗလာနတ်မင်းကြီးကို သတ်ပစ်လိုက်သည့်အခါ သူတို့ မခံမရပ်နိုင်ဖြစ်နေကြပြီး ဆန်းလျန်ကို ရွံလျာမုန်းတီးလျှက် ရှိကြလေသည်။

ရွှမ်တုတောက်ကျွင်းက…

"ရွှေသူငယ်… မင်းက ဆန်းလျန်ကို သတ်ချင်ဖြတ်ချင်စိတ်များနေတယ်လို့ ထင်နေတာလား ၊ ကျုပ်ကတော့ အဲဒီလို မထင်ဘူး…"

ရွှေသူငယ်က…

"သခင်ကြီးရဲ့စကားက ဘာအဓိပ္ပါယ်များလဲ…"

ရွှေသူငယ်မှာ ဘုရင်ရှစ်ပါးနန်းတော်မှ တာအိုလူငယ်လေးတစ်ယောက်ဖြစ်သော်လည်း တန်ခိုးစွမ်းအားမြင့်မားသည့် နတ်ဘုရားတစ်ပါးဖြစ်လေသည်။

သူက ထိုက်စန့်လောင်ကျွင်းလက်ထက်ကတည်းက ဘုရင်ရှစ်ပါးနန်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည့်အတွက် အသိဉာဏ်ဗဟုသုတလည်း နိမ့်ပါးသူ မဟုတ်ပေ။

ယခု ရွှမ်တုတောက်ကျွင်း၏ စကားကိုကြားလိုက်ရသည့်အခါ အခြားအကြောင်းတစ်ခုရှိဦးမည်ကို ချက်ချင်း နားလည်လိုက်လေသည်။

ရွှမ်တုတောက်ကျွင်းက အေးဆေးသည့်လေသံဖြင့်…

"အရင်သခင်ကြီးလည်း ပြောဖူးတယ်မဟုတ်လား ၊ လောကမှရှိတဲ့အရာအားလုံးက မရှိမှုတရားကနေ မွေးဖွားလာတာ ၊ ခန္ဓာကိုယ်မွေးဖွားလာတယ် ၊ စိတ်ဝိညာဉ်မွေးဖွားလာတယ် ၊ စိတ်ဝိညာဉ်က အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်တဲ့ ပညာကိုပေးတယ် ၊ သေခြင်းရှင်ခြင်းတရားတွေကို နားလည်စေနိုင်တယ် ၊ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် စိတ်ကအရင်စပြီး ကြံစည်တာပဲ ၊ အဲဒါတွေ ထားလိုက်ပါလေ ၊ အခု ဆန်းလျန်က ခြေဗလာနတ်မင်းကြီးကို သတ်ပစ်လိုက်တယ် ၊ အဲဒါ သူက သတ်ချင်ဖြတ်ချင်တဲ့စိတ်တွေ သူ့မှာဖြစ်နေလို့ သတ်တာမဟုတ်ဘူး ၊ ခြေဗလာနတ်မင်းကြီးက သနားစရာကောင်းလောက်အောင် တုံးအလွန်းလို့ သတ်ပစ်လိုက်တာ ၊ တုံးအ လွန်းတဲ့အတွက် လောကမှာတောင် နတ်ဘုရားတစ်ပါးအနေနဲ့ ရှိမနေသင့်တော့တဲ့အတွက် သတ်ပစ်လိုက်တာပဲ…"

ငွေသူငယ်က ရုတ်တရက် မေးလိုက်သည်။

"ဘယ်လိုတုံးအလွန်းတာလဲ…"

ရွှမ်တုတောက်ကျွင်းက သိမ်မွေ့သည့်လေသံဖြင့်…

"ဟိုးအရင် ဗုဒ္ဓရှိစဉ်အချိန်ကပေါ့ အချို့က ဗုဒ္ဓကို ပြစ်တင်ဝေဖန် ပုတ်ခတ်ခဲ့ကြတယ် ၊ ဗုဒ္ဓပြောတာတွေကို မှားနေတယ်လို့ ပြောတဲ့သူတွေကလည်း ပြောကြတယ် ၊ ဒါပေမဲ့ ဗုဒ္ဓကတော့ အမြင့်ဆုံးအဆင့် တရားအလင်း ရသွားတဲ့သူပဲ မဟုတ်ဘူးလား…"

ငွေသူငယ်က…

"ဗုဒ္ဓက သူ့ကို ဝေဖန်တိုက်ခိုက်တဲ့သူတွေကို ဘာမှ ပြန်မလုပ်ဘူးလား…"

ရွှမ်တုတောက်ကျွင်းက တစ်ချက်ပြုံးလိုက်ရင်း…

"မင်းဟာလေ… အဲဒါကြောင့် မီးထိုးတဲ့ တာအိုသူငယ်လေးပဲ ဖြစ်နေတာ…"

ငွေသူငယ်က…

"ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကလည်း မီးထိုးတဲ့ တာအိုသူငယ်လေးတွေပဲ ဖြစ်ချင်တာပါ…"

……………

နီကျားက ထာဝရဓားကို ဆုပ်ကိုင်ထားလေသည်။

သူ၏မျက်ခုံး (၂)ခုကြားမှ အနီရောင်ပြဒါးသင်္ကေတက တောက်ပလာပြီး အနီရင့်ရောင်အဖြစ်သို့ ကူးပြောင်းသွားလေသည်။ သူ၏ မျက်ခုံးနှစ်ဖက်သည်လည်း သွေးနီရောင်လွှမ်းသွားလေသည။

သူ၏မျက်ဝန်းများသည်လည်း သွေးရောင်တောက်ပလျှက် ရှိလေ၏။

ဆန်းလျန်ဖန်ဆင်းထားသည့် ဓမ္မနယ်မြေသည်ပင် သွေးရောင်သမ်းလျှက်ရှိလေသည်။

ထိုက်ယင်းနတ်သမီးက ရှေ့သို့ ခြေတစ်လှမ်းချင်းတိုးလိုက်လေသည်။

ခြေလှမ်း (၈)လှမ်းတိတိတိုးပြီးသည့်နောက် ခြေလှမ်း (၈)လှမ်း နောက်ပြန်ဆုတ်လိုက်လေသည်။ ထိုအခါ စုစုပေါင်း ခြေလှမ်း (၁၆)လှမ်း လှမ်းလိုက်ခြင်း ဖြစ်လေသည်။ အရပ် (၄)မျက်နှာကို ခြေလှမ်း (၈)လှမ်း အတိုးအဆုတ်လုပ်မည်ဆိုလျှင် (၈)နှင့် (၈)မြှောက်လဒ် စုစုပေါင်း ခြေလှမ်း (၆၄)လှမ်း ရှိမည် ဖြစ်လေသည်။

ထိုအခါ တာအို၏ ထူးခြားဆန်းပြားသည့် သင်္ကေတများ ထွက်ပေါ်လာသည်။

ပုဆိန်တစ်လက် ၊ ကျောက်စိမ်းယုန် ၊ လောင်ကျွမ်းနေသောသစ်ပင် ၊ လပြည့်နေ့နှင့် အေးစက်သည့် တာအိုနန်းတော်တစ်ခု ဖြစ်လေသည်။

***

All Chapters