အချိန်ရေစီးကြောင်းထက်မှခေါင်းလောင်းသံများ
Vol. 9 Ch. 884
ထိုက်ယန်ကြယ်သေကြီးရှိရာသို့ ဟွေ့အန်းခရီးသည်ရောက်ရှိလာသည့်အချိန်တွင် သူသည် မှောင်မှိုင်းသည့် စကြာဝဠာနှင့် မှိန်ပျပျလင်းလက်နေသည့်ကြယ်စင်များကိုသာ တွေ့မြင်လိုက်ရတော့သည်။
သူ၏ တတိယညီငယ်နီကျား၏ တုန်လှုပ်နေသည့် ဝိညာဉ်ကို ဗလာနယ်ထဲတွင် ခံစားလိုက်ရလေသည်။ လေထဲတွင်စူးရှထက်မြက်သည့် ဓားဝိညာဉ်အငွေ့အသက်များလည်း ထွက်ပေါ်နေလေသည်။
သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ့ရင်ထဲတွင် ညီဖြစ်သူအတွက် ဝမ်းနည်းကြေကွဲလျှက်ရှိလေသည်။
တတိယညီငယ် သေဆုံးခဲ့ပြီ။ ခမည်းတော်လည်း သေဆုံးခဲ့ပြီ။ အစ်ကိုကြီးလည်း သေဆုံးခဲ့ပြီ။ ကွမ်ယင်မယ်တော်က ဘယ်ဆီရောက်နေမှန်း မသိရပေ။
လောကတစ်ခုလုံးတွင် သူတစ်ယောက်တည်း အထီးကျန်နေသည့်အလား ခံစားလိုက်ရလေသည်။
နီကျားမသေခင် နီကျားကိုပင် သူတစ်ခါလောက်တွေ့မြင်ခွင့် မရခဲ့ပေ။
ခံစားရသည့်ဝမ်းနည်းမှုကြောင့် ဟွေ့အန်းခရီးသည်၏ ဝိညာဉ်သည်ပင် ပျောက်ကွယ်လုနီးပါးခံစားလိုက်ရလေသည်။
သူ ဝမ်းနည်းခံစားရင်း ကြယ်သေကြီးပေါ်တွင် လှည့်လည်သွားလာနေမိလေသည်။
ထိုအချိန်မှာပင်… ရှေးဟောင်းကြယ်သေကြီးပေါ်တွင် တန်ခိုးစွမ်းအားအတက်အကျများ ဖြစ်ပေါ်လာလေသည်။ သူ့အရှေကတွင် အလွန်စွဲဆောင်မှုရှိပြီး ရွှေရောင်တောက်ပနေသည့် ကျောက်တုံးကြီးတစ်တုံးကို တွေ့လိုက်ရလေသည်။
ရုတ်တရက် ကျယ်လောင်သည့်အသံကြီးတစ်သံထွက်ပေါ်လာပြီး ကြယ်သေကြီးတစ်ခုလုံး ပေါက်ကွဲသွားမည့်အလား ထင်မှတ်ရလေသည်။
ထိုသို့ အသံကြီးထွက်ပေါ်လာသည်မှာ ဆန်းလျန်က ကြယ်သေကြီး၏ ဗဟိုမဏ္ဍိုင်ကို တာအိုမီးတောက်များဖြင့် မီးရှို့နေသည့်အတွက် ဖြစ်လေသည်။
ဟွေ့အန်းခရီးသည် ကျယ်လောင်သည့်အသံကို မခံမရပ်နိုင်စွာ သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားလိုက်လေသည်။ ကျယ်လောင်သည့်အသံကြီးက သူ့ဝိညာဉ်ကို ပြင်းထန်စွာနာကျင်စေပြီး ဝိညာဉ်နှစ်ပိုင်းကွဲသွားတော့မည်အလား ထင်မှတ်ရသည်။ နာကျင်မှုက အသူရာချောက် (၉)ထပ်တွင် ငရဲခံနေရသည့်အလား ဖြစ်လေသည်။
ဆန်းလျန်လည်း အခြေအနေမကောင်းလှပေ။ သူ့ မျက်နှာက ရှုံ့မဲ့လျှက်ရှိလေသည်။
ယခု သူရင်ဆိုင်နေရသည့်အရာကို သူ နားအလည်ဆုံးဖြစ်လေသည်။ သူသည် အချိန်၏စွမ်းအားတစ်ခုဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်လေသည်။
အချိန်၏ ကြောက်မက်ဖွယ်ရာစွမ်းအားသည် လောကရှိ မည်သည့်မှော်ဝင်ပစ္စည်းထက်မဆို ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။ ထိုစွမ်းအားသည် သူ၏ ရွှေခန္ဓာနှင့် စိတ်ဝိညာဉ်ကို ပိုင်းဖြတ်လျှက်ရှိလေသည်။
ထို့နောက် ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာကာ မိုးကြိုးများ ပစ်ခတ် ၊ လျှပ်စီးများလက်လာပြီး ဆန်းလျန်သည် အချိန်ရေစီးကြောင်း၏ အရင်းအမြစ်ရှိရာသို့ ရောက်ရှိသွားသည့်အလား ခံစားလိုက်ရလေသည်။
ထိုက်ယင်းကြယ်သေကြီး၏ ဗဟိုမဏ္ဍိုင်သည် မိုးကြိုးလျှပ်စီးနွံအိုင်ကြီးတစ်ခုအလားဖြစ်လေသည်။
တစ်ချိန်တည်းမှာပင်… တံခါးတစ်ချပ်ပွင့်လာပြီး မိုးခြိမ်းသံများထွက်ပေါ်လာလေသည်။
ဆန်းလျန် ၊ ရွှေရောင်ကျောက်တုံးကြီးနှင့် ဟွေ့အန်းခရီးသည်တို့သည် ထိုတံခါးအတွင်းသို့ ဆွဲယူခြင်းခံလိုက်ရပြီး အချိန်စီးကြောင်းအပြင်ဘက်သို့ ရောက်ရှိသွားလေတော့သည်။
ရွှေရောင်ကျောက်တုံးကြီးသည် အချိန်စီးကြောင်းအတိုင်းမျောပါနေလေသည်။
ဆန်းလျန်သည် ရွှေရောင်ကျောက်တုံးကြီးထက်တွင် မတ်တတ်ရပ်ရင်း အချိန်စီးကြောင်းကို ငေးကြည့်နေလေသည်။ ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံများက အချိန်စီးကြောင်းအထက်ပိုင်းမှ ထွက်ပေါ်လျှက်ရှိသည်။
သူက ဟွေ့အန်းခရီးသည်ကို ဆွဲထူလိုက်ပြီး မြစ်ကမ်းတစ်လျှောက်မှ အရာများကို တစ်ချက်လေ့လာကြည့်လိုက်လေသည်။
ထိုအခါ… အချိန်စီးကြောင်းမြစ်ကမ်းနံဘေးတွင် ခြေထောက်တစ်ချောင်းတည်းရှိသည့် နွားတစ်ကောင်ကို တွေ့မြင်လိုက်ရလေသည်။
မိုးကြိုးလျှပ်စီးများ ဖြစ်ပေါ်နေရခြင်း၏ အရင်းအမြစ်မှာ ထိုနွားပင် ဖြစ်လေသည်။
ထိုနွား၏ နံဘေးတွင်တော့ နှင်းပွင့်ကဲ့သို့ ဖြူစင်သည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် နတ်ဘုရားတစ်ပါး ရှိနေလေသည်။
ထိုနတ်ဘုရား၏ မျက်နှာကို မတွေ့မြင်ရသည့်တိုင် အဖြူရောင်ဝတ်ဆင်ထားခြင်းနှင့် အခြားသော ကိုယ်ဟန်အနေအထားများကို သုံးသပ်ခန့်မှန်းကြည့်မိသည့်အခါ ထိုသူသည် ရဲ့လျိုယွင်ဖြစ်သည်ကို သိရှိလိုက်လေသည်။
သို့သော်… ရဲ့လျိုယွင်သည် အချိန်ရေစီးကြောင်းအပြင်ဘက်သို့ ထွက်လာနိုင်သည်အထိ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
ခြေထောက်တစ်ချောင်းတည်းရှိသည့် နွားက အချိန်စီးကြောင်းအတွင်းသို့ ပိုမိုပြင်းထန်သည့် မိုးကြိုးမုန်တိုင်းများဖြင့် ပစ်ခတ်လိုက်လေသည်။
မိုးကြိုးတစ်ချက်သည် ဆန်းလျန်ရှိရာသို့ပင် ရောက်ရှိလာလေသည်။ သို့သော်… ဆန်းလျန်ကို ထိမှန်ခြင်းမရှိဘဲ ကျော်လွန်သွားလေသည်။
ဆန်းလျန်မှာ အချိန်ရေစီးကြောင်းထက်တွင် စီးမျောရင်း အိပ်မက်မက်နေသူတစ်ယောက်ပမာခံစားနေရလေသည်။
ထိုအချိန်မှာပင်…
သူ၏ခန္ဓာကိုယ်နှင့် ထိုက်ယင်းရှေးဟောင်းကြယ်စင်ကြီး၏ ဗဟိုမဏ္ဍိုင်ရွှေရောင်ကျောက်တုံးကြီးမှာ တစ်သားတည်းပေါင်းစပ်သွားသည့်အလား ခံစားလိုက်ရလေသည်။
ရွှေရောင်ကျောက်တုံးကြီးက ရတနာဖောင်တစ်အခုအလား အဆုံးမရှိသည့် ဒုက္ခ ၊ အဆုံးမရှိသည့်အချိန် ၊ အဆုံးမရှိသည့်ကံတရားများစီးဆင်းနေရာ အချိန်စီးကြောင်းအတိုင်း ဖြတ်သန်းခေါ်ဆောင်သွားလေသည်။
ဤအတိုင်းသာ ရွက်လွှင့်သွားလျှင် တဖြည်းဖြည်းနှင့် သံသရာတစ်ဖက်ကမ်းသို့ရောက်အောင်များ ကူးခတ်နိုင်လေမည်လား။
ထိုအချိန်မှာပင်… ရုတ်တရက် အချန်ရေစီးကြောင်းအထက်ပိုင်းမှ ခေါင်းလောင်းထိုးသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။
ထိုအခါ အဖြူရောင်ဝတ်ဆင်ထားသည့်နတ်ဘုရားက သူ၏လက်ဖဝါးကို အသာဖြန့်လိုက်လေသည်။
ထို့နောက် အဆုံးမရှိသည့် အချိန်ရေစီးကြောင်းအတွင်းသို့ လက်ဖဝါးဖြင့် ရိုက်ချလိုက်လေတော့သည်။
ထိုနတ်ဘုရား၏ လက်ဖဝါးရိုက်ချက်သည် ခေါင်းလောင်းသံများနှင့် ရောပြွမ်းသွားသည်ဟု ဆန်းလျန် ခံစားလိုက်ရလေသည်။
ထို့နောက်တွင်တော့ ထိုနတ်ဘုရားက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ရယ်သံသည် အချိန်စီးကြောင်း ခေတ်အဆက်ဆက်သို့ ပျံ့နှံ့သွားလေသည်။
ဆန်းလျန်က ရွှေရောင်ကျောက်တုံးကြီးပေါ်မှာပင် အချိန်ရေစီးကြောင်းအတိုင်း စီးဆင်းလာလေသည်။
ဟွေ့အန်းခရီးသည်မှာ ကျောက်တုံးထက်တွင် လဲလျောင်းနေပြီး သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်လည်ငယ်ရွယ်သွားသလို ခံစားလိုက်ရလေသည်။
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ သူ၏ အဖေ ၊ အမေ ၊ အစ်ကိုကြီး ၊ တတိယညီလေးတို့အားလုံးကို ပြန်လည်တွေ့မြင်လိုက်ရလေသည်။
သို့သော် အရာအားလုံးက အဆုံးသတ်သွားခဲ့ပြီ ဖြစ်လေသည်။
ခရီးတစ်ဝက်ခန့်နှင်ပြီးသည့်နောက် သူ၏ခန္ဓာကိုယ်ထဲမှ ဓားခြိမ်းသံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုဓားက အချိန်ရေစီးကြောင်းကို ခုတ်ပိုင်းချလိုက်လေသည်။ ကံကြမ္မာကိုရင်ဆိုင်ရင်း လက်ဖဝါးရိုက်ချက်နှင့် ခေါင်းလောင်းသံများကို သူ… တိုက်ခိုက်နေမိလေသည်။
သို့သော်… အောင်ပွဲလည်းမရှိ ၊ ရှုံးနိမ့်မှုလည်းမရှိ ၊ မည်သည့်အရာမှ မရှိ…။
ဟွေ့အန်းခရီးသည်က မျက်လုံးများကို ဖွင့်ကြည့်လိုက်လေသည်။
သူတွေ့မြင်လိုက်ရသည်က ရွှေရောင်ကျောက်တုံးကြီးနှင့် ရွှေရောင်ကျောက်တုံးထက်တွင်ထိုင်နေသည့် ဆန်းလျန်ပင် ဖြစ်လေသည်။
ဤနေရာတွင် တန်ခိုးစွမ်းအားလည်းမရှိ။ စကြာဝဠာတစ်ခုလုံးမှ သီးခြားခွဲထွက်နေသည့် နေရာတစ်ခုအလား ဖြစ်လေသည်။
ဆန်းလျန်က မျက်လုံးများကို ဖွင့်လိုက်ပြီး…
"ကျုပ် ဒဏ်ရာနည်းနည်းရထားတယ် ၊ ဒီမှာ ခဏလောက်တော့ နားလိုက်ဦးမယ်…"
ဟွေ့အန်းခရီးသည်က…
"စောစောက ဘာတွေဖြစ်နေတာလဲ…"
ဆန်းလျန်ကပြုံးလိုက်ရင်း…
"ထိုက်ယန်ကြယ်သေကြီးက ဗဟိုမဏ္ဍိုင်မှာ ထိုက်ယိနတ်ဘုရားမွေးဖွားခဲ့တာ ၊ ဒါကြောင့် ကျုပ်က ထိုက်ယင်းကြယ်သေကြီးရဲ့ ဗဟိုမဏ္ဍိုင်ကိုယူဖို့လုပ်တော့ ထိုက်ယိက ကျုပ်နဲ့ ထာဝရတိုက်ခိုက်ချင်ခဲ့တာ ၊ အခု ကျုပ် တစ်ခုနားလည်သွားခဲ့ပြီ ၊ ယီနတ်ဘုရားလို့ခေါ်တဲ့ထိုက်ယိနဲ့ ချင်းတိဧကရာဇ်တို့ဟာ ဇစ်မြစ်အတူတူပဲ…"
ထိုက်ယိဟုခေါ်သည် ယီနတ်ဘုရားနှင့် ချင်းတိဧကရာဇ်တို့က မူလဇစ်မြစ်တူကြလေသည်။ သူတို့သည် တစ်ယောက်တည်းမှ ခွဲထွက်လာသည့် ကိုယ်ခွဲများဟု ပြောလျှင်ပင် မှန်ကန်နိုင်လေသည်။
ဤသည်မှာ ချင်းဖုန်းနတ်ဘုရား၏ အသက်ရှူသံအရ ခန့်မှန်းကာ ဆန်းလျန်က ပြောလိုက်ခြင်းဖြစ်ပြီး အချိန်စီးကြောင်းထဲမှ ထွက်ပေါ်လာသည့် ခေါင်းလောင်းသံများကတော့ ပထမမိုးနတ်မင်း၏ တန်ခိုးစွမ်းအားဖြစ်ဟန်တူလေသည်။
လွန်ခဲ့သည့် အတိတ်အချိန်များတုန်းက ပထမမိုးနတ်မင်းနှင့် ထိုက်ယိတို့က ရင်းနှီးခဲ့ကြဟန်ရှိလေသည်။ ထို့ကြောင့် ထိုက်ယိဖန်ဆင်းခဲ့သည့် ရှီးဟယ်နတ်သမီးက ပထမမိုးနတ်မင်းနှင့် လက်ဆက်ခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်တော့ပေ။
သူတို့ အချိန်ရေစီးကြောင်း၏ မြစ်အထက်ပိုင်းသို့ ရောက်ရှိနေခြင်းဖြစ်လေသည်။
ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်ပြီးသည့်နောက်ပိုင်း ယခုကဲ့သို့ အချိန်ရေစီးကြောင်းအပြင်ဘက်သို့ ရောက်ရှိလာခြင်းမှာ ဆန်းလျန်အတွက် ပထမဆုံးအကြိမ်ဖြစ်လေသည်။
သူဒဏ်ရာအနည်းငယ်ရထားသော်လည်း ယခုရရှိသည့်အတွေ့အကြုံအတွက် အလွန်ကျေနပ်လျှက်ရှိလေသည်။ သူသည် အချိန်ကို ကျော်လွန်နိုင်သည့် ဗုဒ္ဓနှင့်တာအိုဆရာသခင်ကြီးများ၏တန်ခိုးစွမ်းအားကို တွေးတောခံစားနေမိလေသည်။
သို့သော်… သူကတော့ တာအိုဆရာသခင်ကြီးတစ်ပါး မဖြစ်သေးသည့်အတွက် ထိုသို့သောတန်ခိုးစွမ်းအားများ မရရှိသေးသည်မှာ စိတ်မကောင်းစရာပင် ဖြစ်လေသည်။ သူ့အနေဖြင့် အချိန်၏ဥပဒေသကို ပိုမိုနားလည်ရန် ထပ်မံကျင့်ကြံဖို့ လိုအပ်လေသည်။
သူ့တွင် ထိုက်ချိယင်ယန်ပန်းချီကား (သို့မဟုတ်) ဖန်ကူအလံသာရှိလျှင် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်သည်အထိ သေချာပေါက် ကျင့်ကြံနိုင်ပေလိမ့်မည်။
အထူးသဖြင့် ထိုက်ချိယင်ယန်ပန်းချီကားသည် မြေ ၊ ရေ ၊ လေ ၊ မီး ၊ အချိန်နှင့် ကံတရားကို ဖော်ပြထားသည့် ပန်းချီကားဖြစ်သည့်အတွက် များစွာ အသုံးဝင်နိုင်လေသည်။
သို့သော်… သူက နတ်ဘုရားဒဏ်ခတ်ဓား ၊ နတ်ဘုရားထောင်ချောက်ဓား ၊ ထာဝရဓားများကို မလိုချင်သကဲ့သို့ ထိုက်ချိယင်ယန်ပန်းချီကားကိုလည်း မလိုချင်ခဲ့ပေ။
ကျင့်စဉ်လမ်းတွင် မှော်ဝင်ပစ္စည်းများကို အသုံးပြုကာ ဖြတ်လမ်းနည်းလိုက်ခြင်းက အသက်သေဖို့ပိုပြီး နီးစပ်လေသည်။
ထိုအချိန်မှာပင်… ဆန်းလျန်၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။
သူသည် တာအိုဆရာသခင်ကြီးတစ်ပါး မဖြစ်သေးသည့်တိုင် အချိန်စီးကြောင်းကို ကျော်လွန်နိုင်သူတစ်ယောက်ယောက်က အချိန်စီးကြောင်းအတိုင်း အတိတ်သို့ပြန်သွားကာ ငယ်ရွယ်သည့် သူ့ကို သတ်ဖြတ်ပစ်လိုက်မည်ဆိုလျှင် အကျိုးဆက်က ကြောက်မက်ဖွယ်ရာ ဖြစ်သွားနိုင်လေသည်။
အသူရာချောက်ကိုအသုံးချပြီး အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်များကို ကျော်လွန်ရန် ကျင့်ကြံနိုင်ခဲ့သည့် တိကျန်ဗောဓိသကျကို ဆန်းလျန် အလွန်လေးစားသွားမိလေသည်။
သို့သော်… ယခုအချိန်တွင် တိကျန်ဗောဓိသကျ မည်သည့်နေရာသို့ ရောက်ရှိနေသည်လဲ မသိပေ။
ဆန်းလျန်သိထားသည်မှာ… သူသည် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်သော်လည်း လက်ရှိလောကတွင်သာ သူက အောင်မြင်သူတစ်ယောက်ဖြစ်လေသည်။ အချိန်ရေစီးကြောင်းကို ကျော်လွန်နိုင်ခြင်း မရှိသေးပေ။
တိကျန်ဗောဓိသကျသာ ပြန်ရောက်လာလျှင် ကျိန်းသေ အခြေအနေများ ရှုတ်ထွေးကုန်လိမ့်မည် ဖြစ်လေသည်။ ထိုအရှုတ်အထွေးကို အဓိက ခံစားရမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်လေသည်။
***