အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်းး ၆၅ - နှင်းကြာပန်းကို အစိမ်းလိုက်ဝါးစားတဲ့ လူရိုင်း။
အရာအားလုံးရှင်းလင်းသွားပြီဖြစ်သည်။ထိုအရာသည်... မိနစ်အနည်းငယ်အကြာတွင် ရန်လီလီ နှင့် လေ့ကျင့်ပေးသူတစ်စုမှာ ခွေးနှစ်ကောင်က ခွေးစာများကို တစ်ခွက်ပြီးတစ်ခွက် ဗိုက်ထဲရောက်အောင် အငမ်းမရ စားသောက်နေကြသည်ကို ကြည့်နေမိကြသည်။
“ဝုတ်”
ဟေးမီက ခေါင်းမော့ပြီး ရန်လီလီကို တစ်ချက်ဟောင်ကာ အရိုအသေပေးပြီးနောက် အစာကို ဆက်စားနေသည်။ ဒါပေါင် ကမူ အခွံမာသီးအချို့ကို ဆိတ်နေသည့် နှင်းလုံးလေး ကို ကြည့်ကာ ဟောင်လိုက်သည်။
“ဂူး... ဝက်ခြေထောက် ဝက်ခြေထောက်တွေ ယူခဲ့ဦး။”
နှင်းလုံးလေးချက်ချင်းနားလည်သွားပြီး ဘာသာပြန်ပေးတော့သည်။
“အော်... အေးအေး ဝက်ခြေထောက်တွေ နွေးရဲ့လားသွားကြည့် နွေးရင် ယူခဲ့ပေးလိုက်။”
သူမ ခေါင်းတွေပင် မူးနောက်နေပြီဖြစ်သည်။ သူမ နေရာအနှံ့ ဖုန်းဆက်မေးမြန်းကြည့်သော်လည်း ဤခွေးများနှင့် ကြက်တူရွေးကို မည်သူကမျှ လာပို့ထားခြင်းမဟုတ်ဘဲ သူတို့ဘာသာသူတို့ ရောက်လာကြခြင်း ဖြစ်သည်။
‘သူတို့ကဒီနေရာကို အိမ်လို့ သတ်မှတ်လိုက်ကြပြီလား။မနေ့က တစ်ခါကျွေးလိုက်တာနဲ့ ဒီနေ့ပါ လာကပ်စားနေကြပြီလား။’
‘ခွေးအချင်းချင်း ဆက်သွယ်တာက ထားပါဦး ကြက်တူရွေးကပါ ဘာသာပြန်ပေးနိုင်တာလား။’
ခွေးစခန်းကခွေးစာ ဝက်ခြေထောက်နှင့် အသားဟင်းရည်များ။
ခွေးနှစ်ကောင်မှာ ဗိုက်လေးလုံးဖြင့် ရန်လီလီ့အနား ကပ်လာပြီး ရေချိုးချင်ကြောင်း အချက်ပြသည့်အချိန်တွင် ဤခွေးနှစ်ကောင်မှာ နောက်လည်း ထပ်လာဦးမည်ဖြစ်ကြောင်း သူမ ခံစားလိုက်ရသည်။
‘နောက်တစ်ခါကျရင်ခွေးတစ်အုပ်လုံးကိုပါ ခေါ်လာကြဦးမှာလား။’
သတင်းက အလျင်အမြန် ပျံ့နှံ့သွားသည်။ အရင်က ဟေးမီကို ဖမ်းခေါ်လာခဲ့ဖူးသော ရဲအရာရှိကြီး ရောက်လာသည်။ဟေးမီနှင့် ဒါပေါင်တို့ကို မြင်လိုက်ရသောအခါ သူလည်း ဆွံ့အသွားသည်။တကယ်ပဲ ဒီခွေးနှစ်ကောင် ဖြစ်နေသည်ကိုး။
“တပ်မှူး လျူ ဒီခွေးတွေကို ဘယ်လိုလုပ်ကြမလဲ။”
ရန်လီလီကဟေးမီနှင့် ဒါပေါင်ကို ညွှန်ပြရင်း အကူအညီမဲ့စွာ မေးလိုက်သည်။ထိုကြက်တူရွေးလေးပင်လျှင် ကိုယ့်ဘာသာကိုယ် ရေချိုးနေသေးသည်။
“အေး... မင်းတို့ သူတို့ကို အရင်ကြည့်ထားပေးဦး။ ငါ အစီရင်ခံစာ သွားတင်လိုက်ဦးမယ်။”
လျူမုကန်း သည် မနေ့က အဖြစ်အပျက်အချို့ကို လူကိုယ်တိုင် တွေ့ခဲ့ရသူဖြစ်ပြီး နောက်ပိုင်းတွင် အထက်မှ လျှို့ဝှက်အမိန့် ထုတ်ပြန်ထားခြင်းကို သတိရကာ အခြေအနေကို တင်ပြရန် အလျင်အမြန် ထွက်သွားတော့သည်။
“ဟင်...”
‘အစီရင်ခံစာ...’
ရန်လီလီ ကြောင်သွားသည်။
‘ဒီနေရာမှာရှင်က အကြီးဆုံးပဲလေ ဘယ်သူ့ကို သွားတင်ပြမှာလဲ။’
လျူမုက စုန့်ရှု ၏ ရုံးခန်းသို့ တိုက်ရိုက် ဖုန်းဆက်လိုက်သည်။
“ကျွန်တော် စုန့်ရှုပါ။”
ခန့်ညားသောအသံကြီး ထွက်ပေါ်လာသည်။
လျူမုက ချက်ချင်းပင် မတ်တပ်ရပ် အလေးပြုသည့်ပုံစံဖြင့်
“သတင်းပို့ပါတယ် ညွှန်ကြားရေးမှူး။ ကျွန်တော် ရွှေကျဲမြို့နယ်က လျူမုပါ။မနေ့က စစ်ဆင်ရေးနေရာမှာ တွေ့ခဲ့တဲ့ ခွေးနှစ်ကောင် အခု ကျွန်တော်တို့ ရဲခွေးစခန်းကို ရောက်နေပါတယ်။ သူတို့သခင်နဲ့ ဆက်သွယ်လို့ မရသေးပါဘူး။”
“ဘာ...”
စုန့်ရှု ချက်ချင်း သတိမပြုမိပေ။
‘ဘယ်ခွေးလဲ ဘာဆက်သွယ်လို့မရတာလဲ။’
လျူမု ရှင်းပြပြီးနောက်မှ စုန့်ရှု ဆွံ့အသွားရသည်။
“မစ္စတာလုရဲ့ ခွေးတွေက ခင်ဗျားတို့ ရဲခွေးစခန်းမှာ ဘယ်လိုဖြစ်ပြီး သွားစားသောက်နေရတာလဲ။ခင်ဗျား မှားတာ မဟုတ်ဘူးလား။သူတို့က ဘာလို့ အဲဒီကို သွားရတာလဲ။”
‘ခွေးတွေကသူတို့ဘာသာသူတို့ ရဲခွေးစခန်းမှာ သွားစားသောက်နေတယ် ဟုတ်လား။’
“ကျွန်တော် မမှားပါဘူး။ ဒီခွေးတွေက မနေ့က တောင်ပေါ်မှာ တောရိုင်းတိရစ္ဆာန်တွေကို သတ်စားနေလို့ တိုင်ကြားခံထားရတဲ့ ခွေးတွေပါ။သူတို့က အရမ်းရိုင်းနေလို့ တစ်ခုခုဖြစ်မှာစိုးလို့ ကျွန်တော်တို့ စခန်းကို ခေါ်လာခဲ့တာ။ အခုတော့ သူတို့က ဒီနေရာကို ထမင်းဆိုင်လို့ သဘောထားနေပုံရတယ်။ အော်... နောက်ပြီး ကြက်တူရွေး တစ်ကောင်လည်းပါတယ်။ အဲဒီကြက်တူရွေးက... လူတွေကို ဆဲတတ်တယ်...”
စကားအဆုံးတွင် လျူမုကိုယ်တိုင်ပင် သူပြောနေသည်ကို သူပြန်မယုံချင်တော့ပေ။
“သူတို့ကို ချက်ချင်း စောင့်ကြည့်ထားလိုက်။ သေချာ ဂရုစိုက်ပေး ပျောက်မသွားစေနဲ့။ ငါ မစ္စတာလုကို ဆက်သွယ်လိုက်မယ်။ သူတို့ကို သွားပြီး မနှောင့်ယှက်နဲ့ဦး။”
စုန့်ရှုထိုအချက်ကို ကြားသည်နှင့် သေချာသွားသည်။ မနေ့က လုပေါင် ထွက်သွားသည့်အချိန်တွင် ဆဲဆိုနေသည့် ကြက်တူရွေးတစ်ကောင် အမှန်တကယ် ပါသွားခဲ့သည်။ ၎င်းက သူ့အပေါ် အမှတ်တရ အကြီးအကျယ် ကျန်ရစ်စေခဲ့သည်လေ။
စုန့်ရှုသည် လုပေါင်ကို ဆက်သွယ်၍မရပေ။ အကြာကြီး ဆက်သွယ်ပြီးနောက်မှ လုပေါင်မှာ လေယာဉ်ပေါ် ရောက်နေကြောင်း မိသားစုထံမှ သိလိုက်ရသည်။ထို့ကြောင့် လျူမုသည် ထူးဆန်းသော တာဝန်တစ်ခု ရရှိခဲ့သည်။၎င်းမှာ ခွေးနှစ်ကောင်ကို တာရှန်းချွဲရွာသို့ လူကိုယ်တိုင် ကားမောင်းပို့ပေးရန်နှင့် မည်သည့်မတော်တဆမှုမျှ မရှိစေရန်ပင်ဖြစ်သည်။
“ဒီ Border Collie လေးက တကယ်လှတာပဲ။”
ရန်လီလီမှာဒါပေါင်၏ ရုပ်ရည်ကြောင့်အတော်လေး စိတ်ဝင်စားသွားရသည်။ ရေချိုးပြီး အမွှေးအခြောက်ခံလိုက်သောအခါ ၎င်းမှာ အလွန်လှပသွားသည်။ ထို့ပြင် တစ်ချက်ကိုင်ကြည့်ရုံဖြင့် ဤခွေး၏ ကြံ့ခိုင်မှုမှာ မည်မျှကောင်းကြောင်း သိသာလှသည်။
မည်းနက်နေသော ဟေးမီမှာမူ နွားတစ်ကောင်ကဲ့သို့ သန်မာလှပြီး တွန်းလျှင်ပင် မရွေ့ပေ။ သန့်ရှင်းသွားသော ဒါပေါင်မှာ အလွန်ပျော်ရွှင်နေပြီး ဟိုဟိုဒီဒီ ပြေးလွှားနေသည်။ င်းသည် ဤနေရာကို နှစ်သက်ပုံရသည်။သူ ဆော့ကစားရန် သင့်တော်သည်လေ။
“ဂူး...”
စနိုးဘောက လေ့ကျင့်ပေးသူတစ်ဦး၏ လက်ကို ကိုက်လိုက်သည်။သူက တခြားသူတွေ သူ့ကို လာထိတာ မကြိုက်ပေ။
လုပေါင် လေယာဉ်ပေါ်မှ ဆင်းပြီး ဖုန်းဖွင့်လိုက်သည်နှင့် မက်ဆေ့ခ်ျများ တဖွဲဖွဲ ဝင်လာတော့သည်။မသိသော ဖုန်းနံပါတ်များမှလည်း ဖုန်းခေါ်ဆိုမှုများစွာ ရှိနေသည်။ ဖုန်းပြန်ဆက်ကြည့်ပြီးနောက် သူ၏ခွေးများက ရဲခွေးစခန်းသို့ သွားပြီး အလကား စားသောက်နေကြကြောင်း သိလိုက်ရသောအခါ သူ ခဏမျှ ကြောင်သွားရသည်။
‘ဒုက္ခပဲ ဒါတွေက တကယ်ပဲ ခွေးတွေတောင်ဟုတ်သေးရဲ့လား။’
‘ရဲစခန်းကို ထမင်းဆိုင်လို သုံးလို့ရတယ် ဟုတ်လား။’
မည်သို့ပင်ဖြစ်စေ ခွေးများကို ဘေးကင်းစွာ ပြန်ပို့ပေးခဲ့ပြီဖြစ်သဖြင့် သူ သက်ပြင်းချနိုင်သွားပြီး ပြန်ရောက်လျှင်တော့ သူတို့ကို သေချာ ဆုံးမရမည်ဟု ဆုံးဖြတ်လိုက်သည်။ မဟုတ်ရင် နောင်ကျရင် လူတိုင်းဆီ လိုက်တောင်းစားနေကြတော့မှာ မဟုတ်ပါလား။
တက္ကစီဖြင့် ကီလိုမီတာ တစ်ရာကျော် သွားပြီးနောက်စနစ်မြေပုံအရ အနီးဆုံးလမ်းကို ရှာတွေ့ခဲ့သည်။ဤလမ်းမှာ တောနက်ကြီးတစ်ခုကို ဖြတ်သန်းသွားရန် လိုအပ်သည်။ ပညာရှိ သတိဖြစ် ဆိုသော်လည်း လုပေါင်မှာ စွမ်းဆောင်ရည် ရှိသူဖြစ်သဖြင့် ရာလုံဆန်ပို မြစ်ဝှမ်းဒေသသို့ မကြောက်မရွံ့ ဝင်ရောက်ခဲ့သည်။
မြင့်မားသော သစ်ပင်ကြီးများ တောမြက်များနှင့် နွယ်ပင်များနှင့် ဤနေရာသည် နွေဦးကဲ့သို့ နွေးထွေးနေသည်။စမ်းချောင်းများနှင့် မြစ်ဝှမ်းများ နေရာအနှံ့ရှိပြီး အဆိပ်ရှိသော မြွေများနှင့် ပိုးမွှားများမှာလည်း မရေမတွက်နိုင်အောင် ရှိနေသည်။
“ဝုတ် ဝုတ် ဝုတ်”
ဝင်သွားပြီး မကြာမီမှာပင် နက်ရှိုင်းသော ဟိန်းသံကြီး ထွက်ပေါ်လာသည်။တောနက်အတွင်း၌ သန်မာသော စာမရီ တစ်ကောင်မှာ အသက်လုပြေးနေရပြီး ၎င်း၏နောက်တွင် ကြီးမားသော တိဗက်မက်စတစ် ခွေး ၁၀ ကောင်ကျော်က အသည်းအသန် တိုက်ခိုက်နေကြသည်။
“ဘယ်သူမှ မရှိဘူးလား။”
လုပေါင် ပတ်ဝန်းကျင်ကို ကြည့်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။ တိဗက်မက်စတစ်အချို့၏ လည်ပင်းတွင် လည်ပတ်များ ပါရှိသဖြင့် ၎င်းတို့မှာ အိမ်မွေးခွေးများ ဖြစ်ကြောင်း ထင်ရှားသည်။စာမရီမှာလည်ပင်းကို အကိုက်ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
တိဗက်မက်စတစ် အုပ်စုကြီးက ၎င်းပေါ်သို့ ခုန်အုပ်ကာ သွေးချင်းချင်းနီသွားသည်အထိ အငမ်းမရ ကိုက်ခဲနေကြတော့သည်။ထိုတိဗက်မက်စတစ် ၁၀ ကောင်ကျော် စတင်စားသောက်နေကြသည်ကို ကြည့်ရင်း လုပေါင် နားလည်သွားသည်။ဒါဟာ အနီးအနားက ခွေးဂေဟာတစ်ခုခုက သူတို့ရဲ့ အိမ်မွေးတိဗက်မက်စတစ်တွေကို အစာကိုယ်တိုင် ရှာစားခိုင်းတဲ့ နည်းလမ်း ဖြစ်နိုင်သည်။
ရိုင်းစိုင်းသော ဗီဇရှိသည့် တိဗက်မက်စတစ်များသည် ဈေးကောင်းရတတ်သည်။ဤနေရာတွင် အစာပေါများသဖြင့် ၎င်းမှာ မွေးမြူရေးနည်းလမ်း တစ်ခုဖြစ်နိုင်သည်။ နောက်တစ်မျိုးမှာ ခွေးဂေဟာက ထိုခွေးတွေကို ရောင်းမထွက်တော့သောကြောင့် စွန့်ပစ်ထားခြင်းလည်း ဖြစ်နိုင်သည်ာ
တိဗက်မက်စတစ် တစ်ကောင်က လုပေါင် ချဉ်းကပ်လာသည်ကို မြင်သောအခါ သွေးပေနေသော မျက်နှာဖြင့် ဟိန်းလိုက်သည်။လုပေါင်က လည်ပင်းအကိုက်ခံထားရသော စာမရီကို တစ်ချက်ကြည့်ပြီး ဤတိဗက်မက်စတစ်များကို ကြည့်လိုက်သည်။၎င်းတို့အားလုံးမှာ မျိုးမသန့်သော ခွေးများဖြစ်သဖြင့် စွန့်ပစ်ခံရသည့် အလားအလာမှာလည်းမနည်းပေ။၎င်းတို့ကို စိတ်မဝင်စားသဖြင့် လုပေါင် မနေတော့ဘဲ လှည့်ထွက်လာခဲ့သည်။
တစ်နာရီအကြာတွင်။
“ဒီနေ့တော့ လိုရာခရီးကို ရောက်မှာ မဟုတ်တော့ဘူး။”
လုပေါင် အချိန်ကို စစ်ဆေးလိုက်သည်။ သူက ဖြတ်လမ်း၏ ခက်ခဲမှုကို လျှော့တွက်ခဲ့မိသည်။သူသည် အမြင့်ပေ ထောင်ချီရှိသော နှင်းဖုံးတောင် ၁၀ လုံးကျော်ကို ဖြတ်ကျော်ရဦးမည် ဖြစ်သည်။မူလတောနက်ကြီး၏ အလယ်တွင်လည်း နှင်းဖုံးတောင်တန်းကြီး ရှိနေသဖြင့် သူ့ကို ခေါင်းခဲစေသည်။
မိုးချုပ်တော့မည် ဖြစ်သည်။လုပေါင်သည် တောင်ထိပ်တစ်ခုတွင် ညအိပ်၍ကျင့်ကြံ ရန် ပြင်ဆင်လိုက်ပြီး မိုးလင်းမှ လိုရာခရီးရောက်လျှင် Livestream စတင်ရန် ဆုံးဖြတ်လိုက်သည်။။
“ဟင်...”
ဤနှင်းဖုံးတောင်များပေါ်တွင် တောင်ထိပ်များ၌သာ တစ်နှစ်ပတ်လုံး နှင်းများရှိပြီး အခြားနေရာများမှာ အပင်များ ပေါက်နေသည့် ကျောက်ဆောင်များသာ ဖြစ်သည်။လုပေါင်သည် ကျောက်ဆောင်နံရံပေါ်သို့ အိမ်မြှောင်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ တက်နေသည့် လူရိပ်တစ်ခုကို အမှတ်မထင် တွေ့လိုက်ရသည်။
‘ဆရာကြီးတစ်ယောက်ပဲ။’
ထိုလူက ကျောက်ဆောင်နံရံကို လက်ဗလာဖြင့် လွယ်လင့်တကူ တက်နေသည်ကို ကြည့်ခြင်းဖြင့် သူသည် ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်ကြောင်း ထင်ရှားသည်။ ထိုဆရာကြီး၏ ခေါင်းပေါ်ရှိ ကျောက်ဆောင်အက်ကြောင်းတစ်ခုအောက်တွင် ဖြူစင်သော ဂန္ဓမာပန်းကြီးတစ်ပွင့်မှာ လေထဲတွင် ဝေ့ယမ်းနေသည်။
‘ဘာလို့ ဒီမှာ ဂန္ဓမာပန်း ရှိနေရတာလဲ။’
‘မဟုတ်ဘူး နေဦး။’
လုပေါင် ရုတ်တရက် သတိထားမိသွားသည်။
‘အဲဒါဂန္ဓမာပန်း မဟုတ်ဘူး အဲဒါ ထျန်းရှန်း နှင်းကြာပန်းပဲ။’
ကျောက်ဆောင်ပေါ်ကလူက ကြီးမားသော နှင်းကြာပန်းကို လှမ်းဆွဲကာ ဆွဲနှုတ်လိုက်ပြီးနောက် နွားတစ်ကောင် မြက်စားသလိုမျိုး အငမ်းမရ ဝါးစားပစ်လိုက်တော့သည်။ကျန်ရှိသော အရွက်စိမ်းများနှင့် အမြစ်များကိုမူ အောက်သို့ ပစ်ချလိုက်သည်။
‘သူက ဒီအတိုင်းကြီး စားပစ်တာလား။’
လုပေါင် ငေးကြည့်နေမိသည်။သူက ဆေးမြစ်ရှာသူဟု ထင်ခဲ့သော်လည်း သေချာကြည့်လိုက်သောအခါ ထိုလူမှာ ဆံပင်ဖရိုဖရဲနှင့် အင်္ကျီမပါဘဲ ဖြစ်နေသည်။
‘လူရိုင်းတစ်ယောက်လား။’
နှင်းကြာပန်းကို စားပြီးသွားသော ထိုဆရာကြီးက ရုတ်တရက် ခေါင်းလှည့်လိုက်ရာ သူ၏ အကြည့်များမှာ ထက်မြက်လှပြီး လုပေါင်ရှိရာဘက်သို့ စိုက်ကြည့်လိုက်သည်။
“အာရုံခံစားမှုက တကယ့်ကို ထက်မြက်တာပဲ။”
အချို့သောဆရာကြီးများသည် သူတို့ကို စောင့်ကြည့်နေသည်ကို ချက်ချင်း သိရှိနိုင်ကြသည်။ဤလူမှာလည်း ထိုသို့သောသူပင် ဖြစ်သည်။ လုပေါင်က ရန်လိုစိတ်မရှိကြောင်း ပြရန် သူ၏လက်ကို ချက်ချင်း ဝှေ့ယမ်းပြလိုက်လေတော့သည်။
အခန်း ၆၆ - ပေါင်ရှင်းကျီ၏ အတင်းအဖျင်းနောက်ကြောင်းရာဇဝင်။
“ဟားးးး”
စိတ်လှုပ်ရှားနေသော ဟိန်းသံကြီးနှင့်အတူ ကျောက်ဆောင်နံရံပေါ်ရှိ ဆရာကြီးသည် အိမ်မြှောင်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ဆင်းလာပြီး သူရှိရာသို့ တန်းတန်းမတ်မတ် ပြေးလာသည်။ ၎င်းက လုပေါင်၏ ဦးခေါင်းတစ်ခုလုံးကို ထုံကျင်သွားစေပြီး သူ ချက်ချင်း နောက်ဆုတ်လိုက်ရသည်။
“ကျွန်တော်က ဒီအတိုင်း ဖြတ်သွားတာပါ၊ ဖြတ်သွားတာအစ်ကိုကြီး... ကျွန်တော်က ဒီအတိုင်း ဖြတ်သွားတာပါဗျာ...”
သူသည် မိုးကြိုးပစ်သကဲ့သို့ မြန်ဆန်စွာ တောနွားရိုင်းတစ်ကောင်ကဲ့သို့ အရှိန်ပြင်းစွာ ပြေးတော့သည်။
သူ နီးကပ်လာသောအခါမှ တစ်ဖက်လူမှာ အနည်းဆုံး အရပ် ၆ ပေခွဲ ကျော်မြင့်သည့် လူသန်ကြီးတစ်ဦးဖြစ်ကြောင်း လုပေါင် သတိပြုမိလိုက်သည်။သူ၏ ကြွက်သားများမှာ ကျောက်တုံးများကဲ့သို့ မာကျောနေပြီး ရိုင်းစိုင်းသော အရှိန်အဝါများဖြင့် ပြည့်နှက်နေကာ တံတောင်ကိုသုံးသော တိုက်ကွက်တစ်ခု ဝဲပျံလာသည်။
လုပေါင်၏ ဂုတ်မွေးများ ထောင်သွားရသည်။သူသည် မျောက်ဝံခုန်ကွက်ကို အသုံးပြုကာ ထိုသေစေနိုင်သော တိုက်ကွက်ကို သီသီလေး ရှောင်လိုက်ရသည်။တံတောင်ဝေ့လိုက်ရာမှ ထွက်လာသော လေတိုးသံမှာ လုပေါင်၏ မျက်နှာကို ဓားနှင့်မွှန်းသကဲ့သို့ ခံစားလိုက်ရသည်။
‘မိစ္ဆာကောင်ပဲ။’
လုပေါင် ထိတ်လန့်သွားသဖြင့် မျက်နှာမှာဖြူဖျော့နေသည်။သူကိုယ်သူ အောင်နိုင်သူဟု ထင်ခဲ့သော်လည်း ယခုတော့ သူသည် တကယ့်အရှုံးသမားတစ်ယောက် ဖြစ်နေပုံရသည်။ အကယ်၍ ထိုတိုက်ကွက်သာ ထိသွားပါက သူ နေရာတင် သေသွားနိုင်သည်လေ။
‘ကံကောင်းလို့ ငါ ဘဝင်မမြင့်မိတာ။ ပြေးတော့။’
“မျောက်ဝံတိုက်ကွက်။”
“ပေါင်ရှင်းကျီလား...”
လူသန်ကြီးက သူ၏ တိုက်စစ်ကို ရပ်လိုက်ပြီး အပေါ်သို့ ခုန်တက်သွားသော လုပေါင်ကို မော့ကြည့်လိုက်ရာ သူ၏ ရိုင်းစိုင်းသော မျက်လုံးများထဲတွင် သံသယအရိပ်အယောင်များ ပေါ်လာသည်။
“ပေါင်ရှင်းကျီဟုတ်လား...”
သစ်ပင်ပေါ်သို့ခုန်တက်ပြီး ထွက်ပြေးရန် ပြင်နေသော လုပေါင်မှာ ကြောင်သွားရသည်။သူသည် ထိုကြောက်စရာကောင်းသော လူသန်ကြီးကို ပြန်ကြည့်လိုက်သည်။
‘ဒီလူကပေါင်ရှင်းကျီကို သိနေတာလား။’
‘ပေါင်ရှင်းကျီက တကယ်ပဲ မသေသေးဘူးလား။’
လုပေါင်သည် လက်တစ်ဖက်ဖြင့် သစ်ပင်ကို ကိုင်ကာ သစ်ကိုင်းပေါ်တွင် မျောက်ဝံဟန်ဖြင့် ရပ်နေသည်။အခြေအနေ မဟန်သည်နှင့် သူ အမြန်ထွက်ပြေးမည်ဖြစ်သည်။အောက်က လူရိုင်းကြီးက တကယ့်ကို အစွမ်းထက်လွန်းနေသည်လေ။
“ပေါင်ရှင်းကျီက မင်းနဲ့ ဘာတော်တာလဲာ”
လူသန်ကြီးကလုပေါင်ကို မော့မေးသည်။
“စီနီယာက ပေါင်ရှင်းကျီကို သိတာလား။သူအခု ဘယ်မှာလဲ။ကျွန်တော့်နာမည်က လုပေါင်ပါ ကျွန်တော်က ဖြူကြီးရဲ့ သူငယ်ချင်းပါ။”
လုပေါင်အောက်သို့ ဆင်းမလာသေးပေ။ဤလူသည် ရန်သူလား မိတ်ဆွေလား သူ သေချာမသိသေးပေ။ပြိုင်ဘက်က အလွန်ကိုမှအန္တရာယ်များလွန်းနေသည်။
“ဖြူကြီး... ဟို မျောက်ဖြူအိုကြီးလား။”
လူသန်ကြီးအံ့ဩသွားပုံရသည်။ခဏမျှ စဉ်းစားပြီးနောက် သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက်နှုတ်ဆက်ကာ
“နွားရိုင်း... ချင်ပိုင်လျဲ့”
‘နွားရိုင်း။’
လုပေါင် ကြောင်သွားသည်။
‘ဘာကိုဆိုလိုတာလဲ။ နွားရိုင်းဂိုဏ်းလား။’
“အာ... စီနီယာချင် ဖြူကြီးက တကယ်ပဲ ဟိုမျောက်ဖြူအိုကြီးပါပဲ။ စီနီယာ ပေါင်ရှင်းကျီဘယ်မှာလဲဆိုတာ သိပါလားဗျ ဖြူကြီးက သူ့ကို နောက်ဆုံးတစ်ခေါက်လောက် ပြန်လာတွေ့ဖို့ ကျွန်တော့်ကို အကူအညီတောင်းထားလို့ပါ။”
လုပေါင်လည်း လက်နှစ်ဖက်ဆုပ်ကာ အမြန်နှုတ်ဆက်လိုက်သည်။တစ်ဖက်လူမှာ ပေါင်ရှင်းကျီနှင့် ရင်းနှီးသော ပတ်သက်မှုရှိပုံရသည်။သူက ပေါင်ရှင်းကျီ သေပြီဟု အမြဲမှားယွင်းစွာ ထင်မှတ်ထားခဲ့ပြီး မျောက်ဖြူအိုကြီးကသာ မယုံကြည်ခဲ့ခြင်းဖြစ်သည်။
‘ဒါဆိုသူ တကယ်မသေသေးဘူးပေါ့...’
“နောက်ဆုံးတစ်ခေါက်...”
ချင်ပိုင်လျဲ့က ထူးဆန်းသော အမူအရာဖြင့်
“အဲဒီမျောက်ဖြူအိုကြီးက မင်းကို အဲဒီလိုပြောလိုက်တာလား။မင်းတော့ အဲဒီအကောင်ရဲ့ လိမ်တာ ခံလိုက်ရပြီ။”
“ဟင်...”
လုပေါင်ကြောင်အအဖြစ်သွားတော့သည်။
“ကျွန်တော် အလိမ်ခံလိုက်ရတာလား။”
ချင်ပိုင်လျဲ့က လုပေါင်ကို အကဲခတ်ကြည့်ကာ
“ဖြူကြီးက သူကိုယ်တိုင် တီထွင်ထားတဲ့ မျောက်ဝံတိုက်ကွက် ကို ပေါင်ရှင်းကျီကို သင်ပေးခဲ့ပြီး ပေါင်းရှင်းကျီ ကလည်း သူရဲ့ အဖိုးတန် စွမ်းအင်သန့်စင်ခြင်း လျှို့ဝှက်ကျမ်းကို ဖြူကြီးကို ပေးခဲ့တာ။မျောက်ဖြူမျိုးနွယ်က မွေးရာပါ အသက်ရှည်ကြတယ်။ မျောက်ဝံတိုက်ကွက်နဲ့ စွမ်းအင်သန့်စင်ခြင်းပညာကို ကျင့်ကြံထားတော့ အသက်တစ်ထောင်လောက် အေးအေးဆေးဆေး နေနိုင်တယ်။ နောက်ထပ် နှစ်ပေါင်း ရာချီနေရဦးမှာသူ မသေသေးပါဘူး။”
“ဟင်...”
‘နောက်ထပ်နှစ်ပေါင်း ရာချီ နေရဦးမယ် ဟုတ်လား။’
လုပေါင်က အံ့အားသင့်နေသော အမူအရာဖြင့်
“သူက ဘာလို့ ကျွန်တော့်ကို လိမ်တာလဲ။”
“ဟက်”
ချင်ပိုင်လျဲ့ကလှောင်ပြုံးဖြင့်
“အဲဒီမျောက်ဖြူအိုကြီးကလူတွေရဲ့ သနားမှုကို ယူတတ်တဲ့ နေရာမှာ မွေးရာပါ ကျွမ်းကျင်တယ်။သူက ပေါင်းရှင်းကျီနဲ့ သိလာတာ ကြာပြီလေ ကြာလာတော့ သံယောဇဉ်တွေ ဖြစ်လာတာပေါ့။ နောက်ပိုင်းကျတော့ သူက ပေါင်ရှင်းကျီနဲ့ တာအိုကျင့်ကြံဖော် ဖြစ်ချင်လာတယ်တဲ့ ပေါင်ရှင်းကျီက ကြောက်လန့်ပြီး တစ်ညတည်းနဲ့ ထွက်ပြေးသွားတာ။ ထူးဆန်းတာက သူ့ရဲ့ နှာဘူးကျတဲ့ စရိုက်နဲ့ မင်းကို မျောက်ဝံတိုက်ကွက် သင်ပေးဖို့ တကယ်ပဲ လိုလိုလားလား ရှိနေခဲ့တာလား။”
“ဘုရားရေ...”
ချင်ပိုင်လျဲ့၏ စကားများက လုပေါင်၏ နားထဲတွင် မိုးကြိုးပစ်သကဲ့သို့ ပဲ့တင်ထပ်သွားသည်။
‘ဒါတွေကဘာတွေလဲ။’
သတင်းအချက်အလက်တွေကတော်တော်လေးကို များပြားလွန်းနေသည်။
‘ကြာလာတော့ သံယောဇဉ်ဖြစ်လာတယ် ဖြူကြီးနဲ့ ပေါင်းရှင်းကျီက...’
‘ပေါင်ရှင်းကျီက တစ်ညတည်းနဲ့ ထွက်ပြေးသွားတယ်။’
‘ဖြူကြီးက ပေါင်ရှင်းကျီရဲ့ အဖော်အဖြစ် နှစ်ပေါင်း ၁၀၀ ကျော်အောင် စောင့်နေခဲ့တာလား။’
‘ဖြူကြီးက ပေါင်ရှင်းကျီ ပျောက်ဆုံးနေတယ်လို့ ထင်ပြီး သစ္စာရှိရှိ စောင့်နေတာလား။’
ဧရာမ မျောက်ဖြူအိုကြီးကို မြင်ယောင်ရင်း လုပေါင် ကြက်သီးထသွားရသည်။
‘ဘုရားရေ ကံကောင်းလို့ သူက ငါ့ကို သဘောမကျသွားတာ။ မဟုတ်ရင် ငါ့လည်း တစ်ညတည်းနဲ့ ထွက်ပြေးရမှာ တော်သေးတယ် ငါ့ဘဝလေးပျက်တော့မလို့။’
“စီ...စီနီယာ ပေါင်ရှင်းကျီက အခု ဘယ်မှာလဲ။”
လုပေါင် သူ၏မျက်နှာ ကြွက်သားများ တုန်ခါနေပြီး စကားများထစ်နေသည်ကို ခံစားလိုက်ရသည်။
‘ငါမသွားတော့ဘူး အသေအချာကို မသွားတော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါ ပြန်မသွားတော့ဘူး။ မျောက်အရက် ရော ရွှေရော ငါ ဘာမှမလိုချင်တော့ဘူး။’
အကယ်၍သာ သူ အတင်းအကျပ် ဖမ်းစီးခံရရင် သူ ငိုရင်းနဲ့ပဲ သေသွားပေလိမ့်မည်။
“သူက နိုင်ငံခြားမှာ ခဏနေရင် ပြန်လာလိမ့်မယ်။ ဆင်းခဲ့ပါ။”
“အာ... ဟုတ်ကဲ့...”
လုပေါင် ခဏမျှ တွန့်ဆုတ်နေပြီးမှ အောက်သို့ ခုန်ဆင်းလိုက်သည်။
နွားရိုင်း ဆိုသည်ကို လုပေါင် နောက်ဆုံးတော့ နားလည်သွားပြီဖြစ်သည်။ချင်ပိုင်လျဲ့က နွားသိုးအင်အားဆိုတဲ့ ပညာရပ်ကို ကျင့်ကြံထားတာဖြစ်ပြီး လူကိုယ်တိုင်ကလည်း နွားသိုးကြီးတစ်ကောင်လို သန်မာနေခြင်းဖြစ်သည်။
မီးပုံလေးတစ်ခု ဘေးတွင် သိုးတစ်ကောင်ကို ကင်နေကြသည်။
“စီနီယာကဒီမှာပဲ ကျင့်ကြံနေတာလား။”
ဒီကျင့်ကြံသူတွေက တကယ်ကို ထူးဆန်းသည် တောထဲမှာ လူရိုင်းတွေလို နေ့တိုင်း ပုန်းအောင်းနေကြသည်။
“မင်းဘိုးအေပဲ ဒီမှာ လာကျင့်ကြံမှာပေါ့။”
ချင်ပိုင်လျဲ့က ဆဲဆိုရင်း
“ဒါက ငါ့ရဲ့ အဖိုးတန်တပည့်မလေးရဲ့ မွေးနေ့မို့လို့ သူက လင်းယုန်ဖြူ တစ်ကောင် လက်ဆောင်လိုချင်တယ်ဆိုလို့။ဒီနားတစ်ဝိုက်မှာ လင်းယုန်ဖြူ တစ်ကောင် ပေါ်လာတတ်တယ်လို့ ဒေသခံ တိဗက်လူမျိုးတွေဆီက ကြားရလို့ လာရှာနေတာ လခွဲလောက်ရှိပြီ အမွှေးတစ်ပင်တောင် မတွေ့သေးဘူး။”
လင်းယုန်ဖြူသည် ရှားပါးမျိုးစိတ်များဖြစ်သည်။
‘ဒီမှာရှိနေတာလား။’
“ဒါဆို စီနီယာက ကျွန်တော့်ကို မြင်မြင်ချင်း ဘာလို့ တိုက်ခိုက်တာလဲ။”
လုပေါင်ကချင်ပိုင်လျဲ့ကို အားနည်းစွာ ကြည့်ပြီး မေးလိုက်သည်။
“လက်က ယားနေလို့ တစ်ယောက်ယောက်ကို ရိုက်ချင်နေတာ။”
“…”
လုပေါင် နားလည်သွားသည်။
‘တောက် ခင်ဗျားလို နွားအိုကြီးက စိတ်မရှည်တာကို ကျွန်တော့်အပေါ် လာပုံချနေတာလား အဲဒီလင်းယုန်ဖြူကို ဘယ်တော့မှ မတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းလိုက်မယ်။’
အတင်းအဖျင်းတွေ ပြောပြီးနောက် လုပေါင်က ဒီနွားအိုကြီးကို နည်းနည်း သနားလာသည်။သူက အလိုလိုက်ထားတဲ့ တပည့်မလေးတစ်ယောက်ကို လက်ခံထားမိတာကိုး။ ဟိုတစ်နှစ်က မွေးနေ့မှာ အရှေ့မြောက် ရွှေရောင် ကျားသစ် တစ်ကောင် လိုချင်တယ်ဆိုလို့ နွားအိုကြီးက သွားဖမ်းပေးခဲ့ရသည်။ မနှစ်က မွေးနေ့မှာကျတော့ တိဗက်မက်စတစ်အစစ်တစ်ကောင် လိုချင်တယ်ဆိုလို့ နွားအိုကြီးက တောနက်ထဲမှာ သုံးလတောင် လိုက်ရှာခဲ့ရသည်။
‘ဒီနှစ်မှာတော့ ရှားပါးတဲ့ လင်းယုန်ဖြူ တဲ့။ အဲဒါက...’
“စီနီယာ တပည့်တွေ လက်ခံနေတုန်းပဲလား။ ကျွန်တော်က လက်ဆောင်ရွေးတာ တော်တယ်နော်။”
လုပေါင်မနာလိုဖြစ်သွားသည်။ ဘယ်လောက်ကောင်းတဲ့ ဆရာလဲ။
“သွားစမ်းပါကွာ။”
တစ်လခွဲလောက် လူမတွေ့ရတဲ့ နွားအိုကြီးက စကားတွေ အရမ်းများနေပြီး မျောက်ဖြူအိုကြီးနဲ့ ပေါင်ရှင်းကျီအကြောင်း အတင်းအဖျင်းတွေ အကုန်ပြောပြနေတော့သည်။သူတို့တွေ စားသောက်ပြီးသွားသောအခါ သူက လုပေါင်ကို လက်ဝှေ့ကျင့်ရန် အတင်းဆွဲခေါ်ပြီး လုပေါင်ကို အညိုအမည်းစွဲအောင် ထိုးကြိတ်လေတော့သည်။
သို့သော်လည်း သူက လုပေါင်ကို တိုက်ခိုက်ရေး အတွေ့အကြုံတွေ အများကြီး သင်ပေးခဲ့သည်။ တစ်ညတည်းနှင့် လုပေါင်၏ တိုက်ခိုက်ရေး အတွေ့အကြုံမှာ အကြီးအကျယ် တိုးတက်သွားပြီး အစွမ်းများလည်း သိသိသာသာ တိုးလာခဲ့သည်။
အရှေ့ဘက်ကောင်းကင်ကြီး နီရဲလာပြီး အရုဏ်တက်လာခဲ့ပြီ။
“အင်း... ဘယ်လိုလဲ... မင်း ငါ့တပည့် လုပ်မလား။တစ်ယောက်သင်လည်း သင်တာပဲ နှစ်ယောက်သင်လည်း သင်တာပဲ။ မင်း ဘယ်လိုထင်လဲ။”
လုပေါင်၏ တိုးတက်မှုနှုန်းကို မြင်ပြီး ချင်ပိုင်လျဲ့ စိတ်ဝင်စားသွားသည်။ ဒီပါရမီမျိုးက တကယ့်ကို ရှားပါးလွန်းသည်။
‘မနေ့ညကပဲ ကျွန်တော့်ကို ထွက်သွားဆိုပြီးတော့.... ‘
လုပေါင်တွန့်ဆုတ်နေမိသည်။ သူ သဘောတူသင့်သလား။ဒါပေမဲ့ ဒီလူက သူ့ကို အထိုးခံရုပ်အဖြစ်ပဲ သုံးချင်နေပုံရသည်။
“ဂီးးးးးး”
ကောင်းကင်ယံ အဝေးတစ်ုနေရာမှ လင်းယုန်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ချင်ပိုင်လျဲ့၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်း မတ်တပ်ရပ်ကာ ကျောက်ဆောင်ပေါ်သို့ ခုန်တက်ပြီး လှမ်းကြည့်လိုက်သည်။
“တွေ့ပြီ ဟားဟားဟား ငါ့ကို ဒီမှာ စောင့်နေဦး။”
ချင်ပိုင်လျဲ့က စိတ်လှုပ်ရှားစွာ ဟိန်းဟောက်ပြီး နွားသိုးတစ်ကောင်ကဲ့သို့ တောင်အောက်သို့ အမြန်ပြေးဆင်းသွားတော့သည်။
လုပေါင်က ကြောင်တောင်တောင်ဖြင့် မတ်တပ်ရပ်ရင်း ခေါင်းကို ကုတ်လိုက်သည်။
“ခင်ဗျားကို စောင့်နေမယ် ဟုတ်လားခင်ဗျားမှာ စေတနာကို မရှိတာ။”
လုပေါင်သည် စနစ်မြေပုံကို ဖွင့်လိုက်ပြီး ကျန်နေသော သိုးကင်ခြေထောက်ကို ဆွဲယူကာ အောက်ခြေမရှိသောတွင်းနက်ကြီးဘက်သို့ ဦးတည်လိုက်သည်။အကယ်၍ သူသာ ခင်ဗျားတပည့် ဖြစ်သွားရင် အထိုးခံရုံပဲ ရှိမှာဖြစ်သည်။
အကွာအဝေးကို စစ်ဆေးပြီးနောက် လုပေါင်က လုလင်းဟွာကို ဖုန်းဆက်လိုက်သည်။ တစ်နာရီနေရင် သူ Live လွှင့်တော့မည်။ ဒီတစ်ခါတော့ သူ တစ်ကမ္ဘာလုံးကို အံ့ဩသွားအောင် လုပ်တော့မည်။
“အောက်ခြေမရှိသောတွင်းနက်ကြီးရေ ငါလာပြီဟေ့။”