အမြင့်ဆုံးသောရွှမ်ဟွမ်မိုးနတ်မင်းကြီး
Vol. 9 Ch. 886
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
"အရင်တုန်းက ရှင်ဘာတွေဖြစ်ခဲ့တာလဲ မှတ်မိလာပြီလား…"
ဆန်းလျန်က အတန်ကြာတိတ်ဆိတ်နေပြီးမှ ….
"ရှောင်ယွီ… မင်းရောက်ခဲ့တဲ့ တန်ခိုးစွမ်းအားများကင်းလွတ်ရာ ကမ္ဘမြေကို မှတ်မိတယ် မဟုတ်လား ၊ အဲဒီမှာ ကျုပ်ရေးထားတဲ့ စာသားကို မင်းဖတ်ခဲ့ရတယ်မလား ၊ အဲဒီ ကမ္ဘမြေမှာ ထွန်းလင်းနေတဲ့နေမင်းက စကြာဝဠာတစ်ခုလုံးမှာ ရှေးအကျဆုံးဖြစ်တဲ့ ထိုင်ယန်ကြယ်စင်ကြီးပဲ ၊ ကျုပ်က မီးငြိမ်းနေတဲ့ ထိုက်ယန် ကြယ်သေကြီးဆီကိုသွားပြီး ကြယ်သေကြီးရဲ့ ဗဟိုမဏ္ဍိုင်နဲ့ နတ်ဖားဖိုတစ်ခုလုပ်ဖို့ စိတ်ကူးခဲ့တယ် ၊ အဲဒါကြောင့် စစ်မှန်တဲ့တာအိုမီးတောက်နဲ့ ကြယ်သေကြီးရဲ့ ဗဟိုမဏ္ဍိုင်ကို မီးလောင်ကျွမ်းစေခဲ့တယ် ၊ အဲဒီမှာ အဲဒီကြယ်သေကြီးတစ်ခုလုံး မီးတောက်တွေ ပြန်ပြီးတောက်လောင်လာခဲ့တယ် ၊ အဲဒါကြောင့် ထိုက်ယန်ကြယ်စင်ကြီး နေတစ်စင်းဖြစ်လာခဲ့ပြီး ကမ္ဘာမြေပေါ်က လူသားတွေ မွေးဖွားလာခဲ့ကြတာ… အဲဒီကိစ္စ ကျုပ်လုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုပဲ…"
ဆန်းလျန်၏စကားကြောင့် ကျောက်ရှောင်ယွီမှာ များစွာ အံ့သြသွားရသလို နားမလည်နိုင်လည်း ဖြစ်သွားရသည်။
တန်ခိုးစွမ်းအားများ ကင်းလွတ်ရာ ကမ္ဘာမြေသည် ဆန်းလျန်နှင့် ယခုကဲ့သို့ ပတ်သက်နေမည်ဟု သူမ ထင်မထားမိပေ။
ထို့ပြင်… ဆန်းလျန်သည် ကမ္ဘာမြေမှ ဤလောကသို့ ရောက်ရှိလာသူတစ်ယောက်ဖြစ်လေရာ ကမ္ဘာဦးကာလ ထိုက်ယန်ကြယ်စင်ကြီးကို မည်သို့ မီးလောင်ကျွမ်းစေခဲ့ပါသနည်း။
ကျောက်ရှောင်ယွီက…
"အဲဒါက ဘယ်လိုဖြစ်တာလဲ….
"ထိုက်ယန်ကြယ်စင်က ထိုက်ယိ ထွက်ခွာသွားပြီးတဲ့နောက်ပိုင်း မီးငြိမ်းသွားတာ ကြာခဲ့ပြီ ၊ ကျုပ်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က ထိုက်ယန်ကြယ်သေကြီးဆီကို သွားခဲ့တာ ၊ ထိုက်ယန်ကြယ်သေကြီးရဲ့ ဗဟိုမဏ္ဍိုင်ကို ယူဖို့ပေါ့ ၊ မထင်မှတ်ဘဲ အဲဒီကြယ်သေကြီးရဲ့ ဗဟိုမဏ္ဍိုင်က အချိန်ရေစီးကြောင်းရဲ့အရင်းအမြစ် ဖြစ်နေခဲ့တယ် ၊ ကျုပ်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က ကြယ်သေကြီးရဲ့ ဗဟိုမဏ္ဍိုင်ကို မီးရှို့ခဲ့တာဆိုပေမယ့် အချိန်ရဲ့အရင်းအမြစ်နေရာမှာ မီးရှို့လိုက်သလိုဖြစ်သွားလို့ တန်ခိုးစွမ်းအားများကင်းလွတ်ရာကမ္ဘာမြေမှာ သက်ရှိတွေ မဖြစ်တည်ခင်အချိန်ကစပြီး မီးရှို့လိုက်သလို ဖြစ်သွားခဲ့တာ…"
ကျောက်ရှောင်ယွီက…
"ဒါဖြင့် ကမ္ဘာမြေမှာရှိနေတဲ့ ဒဏ္ဍာရီတွေက ဘယ်လိုဖြစ်ပေါ်လာတာလဲ ၊ အဲဒီမှာ ခွန်လွန်တောင်လည်းရှိတယ် ၊ မယ်တော်ဝမ်မူရဲ့ ကျောက်စိမ်းရေကန်ဥယျာဉ်လည်းရှိတယ် ၊ နွီဝါးနတ်သမီး ၊ ထိုက်စန့်လောင်ကျွင်း အားလုံးပဲ ရှိတယ်လေ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျုပ်လည်း သိပ်မသိသေးဘူး ၊ အချို့ကိစ္စတွေက သိပ်မမှတ်မိသေးဘူး… ၊ ပြီးတော့ မိုးကောင်းကင်ခုံရုံး (၂)ခု ဘာလို့ ပျက်စီးသွားရလဲဆိုတာရော မင်းသိလား…"
ကျောက်ရှောင်ယွီက အတန်ကြာစဉ်းစားနေပြီးမှ မယုံကြည်သည့်လေသံဖြင့်…
"ဘာလဲ… အဲဒါလည်း ရှင်နဲ့ ပတ်သက်နေပြန်တာပဲလား…"
ဆန်းလျန်က ခေါင်းညိတ်လိုက်ရင်း…
"အဲဒါတွေအကုန်လုံး ကျုပ်လုပ်ခဲ့တာပဲ… ရှောင်ယွီ ၊ ကျုပ် ထိုက်ယန်ကြယ်သေကြီးကို မီးရှို့လိုက်ပြီးတဲ့အချိန်မှာ အချိန်ရေစီးကြောင်းရဲ့အရင်းအမြစ်ကိုရောက်သွားပြီး အချိန်တံခါး ပွင့်သွားခဲ့တယ် ၊ အချိန်တံခါးကနေ အချိန်ရေစီးကြောင်းအတိုင်း စီးဆင်းသွားခဲ့ရတယ် ၊ အတိအကျပြောရရင် ကြောက်စရာ ကြမ္မာဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ် ၊ အဲဒီလိုဖြစ်ခဲ့ရတာ တာအိုဆရာသခင်ကြီး (၈)ပါးရဲ့ ပုံရိပ်ယောင်တွေကြောင့်ပဲ ၊ အဲဒီပုံရိပ်ယောင်တွေဟာ စကြာဝဠာအစဦးပိုုင်းရဲ့ စစ်မှန်တဲ့ မူလဇာစ်မြစ်လို့လည်း ဆိုနိုင်တယ် ၊ အဲဒါကိုပဲ မိုးကောင်းကင်လမ်းစဉ်လို့ ခေါ်ကြတာလေ ၊ ကျုပ်က အချိန်ရေစီးကြောင်းတစ်လျှောက် အဲဒီ တာအိုဆရာသခင်ကြီးတွေရဲ့ ပုံရိပ်ယောင်တွေနဲ့ ခေတ်အဆက်ဆက် ရုန်းကန်တိုက်ခိုက်ခဲ့ရတယ် ၊ အဲဒီလို ရုန်းကန်တိုက်ခိုက်ခဲ့ရတဲ့အတွက် အချိန်ရေစီးကြောင်းကို ဖျက်စီးပစ်မိတော့တဲ့အထိပဲ ၊ ပထမမိုးနတ်မင်းရော ၊ ဒုတိယမိုးနတ်မင်းရော ၊ အတိတ်မှာဖြစ်ခဲ့တဲ့ တခြားအရာတွေအားလုံးကိုရော ကျုပ်က အချိန်ရေစီးကြောင်းအတိုင်း စီးဆင်းသွားပြီး ပါဝင်ပတ်သက်မိခဲ့တယ် ၊ အချိန်ရေစီးကြောင်းကို ထိုးဖောက်နိုင်တဲ့သူဆိုတာ လောကမှာ မရှိသလောက်ရှားတယ် ၊ ဒါပေမဲ့ ကျင့်ကြံသူတစ်ယောက်ဟာ ဟွင့်ယွမ်ဝူကျီအဆင့်ကို ရောက်ပြီဆိုတာနဲ့ အချိန်ရေစီးကြောင်းကိုလာပြီး ထိတော့တာပဲ ၊ အဲဒီအချိန်မှာ အချိန်ရေစီးကြောင်းအတိုင်း စီးဆင်းလာတဲ့ ကျုပ်နဲ့ ရင်ဆိုင်ကြရပြီး သူတို့တွေအကုန်လုံး ဒုက္ခရောက်ကြရတော့တာပဲ ၊ နောက်ဆုံးတော့ ကျုပ်နဲ့ပတ်သက်မိတဲ့ ကြမ္မာဆိုးကြီးကြောင့် သူတို့တွေ ကျဆုံးခဲ့ကြရတော့တာပါပဲ…"
"အဲဒါကြောင့် လွန်ခဲ့တဲ့ အတိတ်ကာလ တစ်လျှောက်လုံးမှာ တာအိုဆရာသခင်ကြီးတွေကလွဲရင် ဘယ်သူမှ ဟွင့်ယွမ်ဝူကျီအဆင့်ကို မတက်ရောက်နိုင်ခဲ့ကြတာပဲ ၊ အဲဒါကြောင့်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က ကျုပ်ကိုယ်တိုင် အတိတ်ကိုဖြတ်တောက်ပစ်ခဲ့တာပဲ ၊ ကျုပ်သာ အတိတ်ကို မဖြတ်တောက်ဘူးဆိုရင် အချိန်စီးကြောင်းတစ်လျှောက်မှာ ဟွင့်ယွမ်ဝူကျီအဆင့်ကို ဘယ်သူပဲ တက်ရောက်ပါစေ ကျုပ်နဲ့ရင်ဆိုင်ရပြီး အသက်ပျောက်ကြရလိမ့်မယ် ၊ အဲဒီလိုဖြစ်ရတဲ့အတွက် ကျုပ်လည်း နောင်တ အမြဲရနေရတယ်… ၊ ဒါပေမဲ့ အဲဒါက ကျုပ်ရင်ဆိုင်ရတဲ့ ကြမ္မာဆိုးကြီးဖြစ်နေလို့ ရှောင်လွှဲလို့လည်း မရခဲ့ဘူး…"
"တိကျန်ဗောဓိသကျကတော့ ကံကောင်းသွားတယ် ၊ သူက အချိန်ရေစီးကြောင်းအကြောင်းကို နားလည်တဲ့သူဆိုတော့ အချိန်ရေစီးကြောင်းပေါ်မှာ ကျုပ်ရှိနေတာကို သူက သိတယ်လေ ၊ အဲဒီနှစ်တွေအတွင်းမှာ သူက ဟွင့်ယွမ်ဝူကျီအဆင့်ကို မတက်ရောက်သေးဘဲ ကြံ့ကြံ့ခံနေခဲ့တယ် ၊ ကျုပ် အတိတ်ကိုဖြတ်တောက်မယ့်အချိန်ထို သူစောင့်နေခဲ့တယ် ၊ နောက်ဆုံးတော့ ကျုပ်လည်း မတတ်နိုင်တော့ဘဲ အနာဂတ်မှာ ကောင်းဖို့အတွက် အတိတ်ကာလအချိန်တွေကို ဖြတ်တောက်ပစ်ခဲ့ရတယ်…"
"အဲဒီအချိန်တုန်းက တိကျန်ဗောဓိသကျက အသူရာချောက်မှာ ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်ရောက်ဖို့ အဆင့်သင့်ဖြစ်နေခဲ့ပြီ ၊ ကျုပ်ကလည်း အချိန်ရေစီးကြောင်းကို လာထိတဲ့ ဟွင့်ယွမ်ဝူကျီအဆင့် ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ရတာ တော်တော်လေးပင်ပန်းနေခဲ့ပြီ ၊ ဒါကြောင့် တိကျန်ဗောဓိသကျကို အတိတ်ကာလကနေ ဆွဲထုတ်ပြီး အနာဂတ်ကာလတစ်ခုကို ပို့လိုက်ပြီး ပြန်ထွက်မလာနိုင်အောင် ဓားဝိညာဉ်တစ်ခုနဲ့ ဖိနှိပ်ထားခဲ့တယ် ၊ ဒါကြောင့် တိကျန်ဗောဓိသကျ လောကထဲက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တာပေါ့ ၊ ကျုပ်ထားခဲ့တဲ့ ဓားဝိညာဉ်က အချိန်ရေစီးကြောင်းတစ်လျှောက်မှာ ဟိုဟိုဒီဒီ သွားလာနေခဲ့တယ် ၊ အခု အဲဒီဓားဝိညာဉ်ပျောက်ကွယ်သွားလို့ တိကျန်ဗောဓိသကျ အချိန်ရေစီးကြောင်းထဲမှာ ဖိနှိပ်ခံထားရတာက ပြန်ထွက်လာနိုင်ပြီး အသူရာချောက်ကို ပြန်ရောက်လာတာပေါ့…"
ရွှမ်တုတောက်ကျွင်း အချိန်ရေစီးကြောင်းကို ထိုးဖောက်ကျင့်ကြံလိုက်တိုင်း ကြုံတွေ့နေရသည့် ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်သည် အချိန်ရေစီးကြောင်းတစ်လျှောက် ပြေးလွှားနေသည့် ဆန်းလျန်၏ ဓားဝိညာဉ်ပင် ဖြစ်လေသည်။
ထိုဓားဝိညာဉ်ကြောင့်ပင် ရွှမ်တုတောက်ကျွင်းမှာ ကျင့်စဉ်လမ်း နှောင့်နှေးခဲ့ရလေသည်။
ဆန်းလျန်က ဆက်ပြောလိုက်သည်။
"ကျုပ် မရှိခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်အတွင်းမှာပဲ ရွှမ်တုတောက်ကျွင်းက ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်ရောက်နိုင်ခဲ့တယ် ၊ ဒါပေမဲ ကျုပ် တချို့အရာတွေကို မမှတ်မိသေးဘူး ၊ ကျုပ်က ထိုက်ချိယင်ယန်ပန်းချီကားထဲမှာရှိတဲ့ ထိုက်စန့်တာအိုဆရာသခင်ထိုက်စန့်လောင်ကျွင်းရဲ့ မူလဝိညာဉ်သင်္ကေတကို သူ့ဆီက မတောင်းခဲ့မိဘူးထင်တာပဲ ၊ ဒါကြောင့် သူ အဲဒီပန်းချီကားကို အသုံးပြုပြီး ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်သွားနိုင်တာဖြစ်ရမယ်…"
"ပြီးတော့ အခု ဒီအနာဂတ်ကို ရောက်လာတဲ့ ကျုပ်က အတိတ်ကာလက ရောက်လာခဲ့တာပဲ ၊ သူက ကျုပ်ကို အချိန်ရေစီးကြောင်းထဲက ဆွဲထုတ်ပြီး အရမ်းအရေးကြီးတဲ့ အနာဂတ်အချိန်ကို ပို့လိုက်တာ ၊ အဲဒီအချိန်တုန်းက တော်တော်အရေးကြီးတဲ့ ကိစ္စတစ်ခုလည်း ဖြစ်ခဲ့တယ် ထင်တယ် ၊ ကျုပ်ရဲ့ အတိတ်က ခန္ဓာကိုယ်ဟာ ချက်ချင်းကို အနာဂတ်ကို ပစ်ချတာခံလိုက်ရပြီး ချက်ချင်းကြီးရောက်လာတော့တာပဲ ၊ ကျုပ် အခု အကြောင်းအရာတော်တော်များများကို နားလည်နေပြီဆိုပေမယ့် တချို့အတိတ်တွေကလည်း အချိန်ရေစီးကြောင်းနဲ့အတူ မှုံဝါးပျောက်ကွယ်နေဆဲပဲ …"
"ဒါပေမဲ့ တော်ပါသေးတယ် ၊ အရင်တုန်းက ကျုပ် ချင်းရွှမ်ထျန်းကျွင်းကို ကြိုတင်ခန့်မှန်းပြီး သေသေချာချာစီစဉ်ထားခဲ့လို့ ဒီနေ့ ဒီလိုအချိန်မှာ အချို့ကိစ္စတွေကို ရှင်းရှင်းလင်းလင်းသိသွားခဲ့တာ…"
"ပြီးတော့ တန်ခိုးစွမ်းအားများကင်းလွတ်ရာကမ္ဘာမြေဖြစ်တည်လာတာလည်း တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်လောက်ဘူး ၊ အဲဒီနေရာမှာ ကျုပ်ရဲ့ မျှော်လင့်ချက်တွေ ရှိနေခဲ့တယ် ၊ အဲဒီတုန်းက နတ်ဖားဖိုပြုလုပ်ဖို့ ထိုက်ယန်ကြယ်စင်ရဲ့ ဗဟိုမဏ္ဍိုင်ကို မီးရှို့လိုက်တဲ့အခါ အချိန်ရဲ့ အရင်းအမြစ်ကိုရောက်သွားပြီး တာအိုဆရာသခင်ကြီး (၈)ပါးရဲ့ ပုံရိပ်ယော်ငတွေ အကုန်ပျောက်ကွယ်သွားခဲ့တယ်…"
ကျောက်ရှောင်ယွီက ဆန်းလျန်ပြောသမျှ စကားများကို ပုံပြင်တစ်ပုဒ်နားထောင်နေရသည့်အလား ခံစားနေရလေသည်။
သို့သော်… ဆန်းလျန်က တမင်တကာ လုပ်ကြံပြောပြနေခြင်း မဟုတ်သည်ကိုတော့ သူမ နားလည်ထားသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျုပ် အချိန်ရေစီးကြောင်းကနေတစ်ဆင့် အတိတ်အချိန်တွေကိုပြန်ရောက်သွားတဲ့အခါ အကြောင်းနဲ့အကျိုးဆိုတာကို နားလည်ခဲ့ရတယ် ၊ ကျုပ်လူတွေအများကြီးသတ်ခဲ့တယ် ၊ ပြီးတော့ ကျုပ်နဲ့ပတ်သက်ခဲ့တဲ့ လူတွေအများကြီးလည်း သေခဲ့ရတယ် ၊ မင်းရှိနေရင်တောင်မှ လွတ်မှာမဟုတ်ဘူး…"
ကျောက်ရှောင်ယွီက…
"ဒါဖြင့် ဘာလို့ ကျွန်မက အခုထိ လွတ်နေရသေးတာလဲ…"
ဆန်းလျန်က…
"ဘာလို့လဲဆိုတော့ မင်းက ကံကောင်းလို့ပေါ့ ၊ မင်းနဲ့ရဲ့လျိုယွင်ကလွဲရင် ကျုပ်နဲ့ ပတ်သက်တဲ့သူတွေအကုန်လုံး ဇာတ်သိမ်းမလှခဲ့ကြဘူး ၊ ချင်းရွှမ်နတ်တံခါးလည်း ပျက်စီးသွားခဲ့ရတယ် ၊ ဒါတွေအားလုံးဟာ ကျုပ်က ဂြိုဟ်ဆိုးဝင်နေလို့ ဖြစ်ရတာပဲ ၊ ကျုပ်ကြောင့်ဖြစ်ရတာ… ၊ ဒါကြောင့် ကျုပ် အတိတ်ကို ဖြတ်တောက်လိုက်ရတာပဲ ၊ အဲဒီလို အတိတ်ကို ဖြတ်တောက်လိုက်တော့မှ အနာဂတ်မှာ အဆင်ပြေသွားခဲ့တာ ၊ အခုဆိုရင် ကျုပ်က အပြစ်ကင်းတဲ့သူတစ်ယောက် မဟုတ်ပေမယ့် ကျုပ်အပေါ်မှာကျရောက်နေတဲ့ ကြမ္မာဆိုးကြီးလည်း မရှိတော့ဘူး ၊ ကျုပ်နဲ့ ပတ်သက်ကြတဲ့သူတွေလည်း ဒုက္ခမရောက်ကြရတော့ပါဘူး…"
"မင်းက တန်ခိုးစွမ်းအားကင်းလွတ်ရာ ကမ္ဘာမြေမှာ ရောက်နေခဲ့လို့ အဲဒီအဖြစ်အပျက်တွေနဲ့ ဝေးသွားခဲ့တာ ၊ ပြီးတော့ မင်းက ထူးခြားတဲ့ဇာစ်မြစ်က လာတဲ့သူတစ်ယောက်ဖြစ်နေတာလည်းပါတယ် ၊ ဒါကြောင့် ဒီကြမ္မာဆိုးကြီးကနေ လွတ်သွားရတာပဲ ၊ ရဲ့လျိုယွင်ကတော့ တခြားအကြောင်းကြောင့် လွတ်သွားခဲ့တာ ၊ ဘာလို့လဲဆိုတော့ ကျုပ်သာ အချိန်ရေစီးကြောင်းအတိုင်းစီးဆင်းသွားပြီး အတိတ်အကြောင်းအရာတွေကို ပြောင်းလဲမပစ်ခဲ့ဘူးဆိုရင် ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်ရောက်နိုင်တဲ့သူက ကျုပ်မဟုတ်ဘဲ သူဖြစ်နေမှာ…"
ကျောက်ရှောင်ယွီက အံ့သြထိတ်လန့်သွားပြီး…
"သူက ဘယ်လိုလုပ်ဖြစ်ရမှာလဲ…"
ဆန်းလျန်က…
"တကယ်တော့ တာအိုဆရာသခင်ထိုက်ယီရော စန့်ချင်တာအိုဆရာသခင်လင်ပေါင်ထျန်းကျွင်းရော မျက်နှာသာပေးတာခံရတဲ့သူက ရဲ့လျိုယွင်ပါ ၊ ဘာလို့လဲဆိုတော့ ရဲ့လျိုယွင်က ချင်းတိဧကရာဇ်ဝင်စားတဲ့သူ ဖြစ်နေလို့ပဲ ၊ ဒါပေမဲ့ ကျုပ်က ရဲ့လျိုယွင်အတွက် မိုးကောင်းကင်က ချမှတ်ထားပြီးသားကံတရားကို ခိုးယူလိုက်သလို ဖြစ်သွားခဲ့တယ် ၊ ဒါကြောင့် ကျုပ် လင်စန်းတောင်မှာရှိနေတဲ့ အကြောင်းအကျိုးနဲ့ ပတ်သက်တဲ့ ကျင့်စဉ်ရေးသားထားတဲ့ ကျူးရှန်းပန်းချီကားကို သွားပြီးရှာဖွေခဲ့တာပဲ ၊ အဲဒါကြောင့် လင်စန်းတောင်မှာ တိုက်ပွဲဖြစ်ခဲ့တာ ၊ ဒါပေမဲ့ အကြောင်းအကျိုးနဲ့ပတ်သက်တဲ့ကျင့်စဉ်ကို သိရှိနားလည်သွားလို့လည်း ကံကြမ္မာကို ပြန်ပြီး ပုံသွင်းပေးနိုင်ခဲ့တာပါ…"
အချိန်အရင်းအမြစ်မှ အချိန်တံခါးပွင့်သွားပြီး ဆန်းလျန် အချိန်ရေစီးကြောင်းအတိုင်း စီးမျောသွားစဉ်က ကမ်းခြေတွင် ခြေတစ်ချောင်းတည်းရှိသည့်နွားတစ်ကောင်ဘေးတွင် ရပ်နေသည့် အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို ဆန်းလျန် တွေ့မြင်ခဲ့ရသည်။
ထိုအဖြူရောင်ဝတ်စုံနှင့်လူမှာ ရဲ့လျိုယွင်နှင့်အလွန်ဆင်တူလေ၏။
သို့သော်… ရဲ့လျိုယွင် မဟုတ်ခဲ့ပေ။ ရဲ့လျိုယွင်သည် အချိန်ရေစီးကြောင်းကို ထိုးဖောက်ထွက်နိုင်သည်အထိ တန်ခိုးစွမ်းအား မြင့်မားခဲ့ခြင်း မရှိပေ။
ထိုသို့ဆိုလျှင် ထိုသူသည် ရဲ့လျိုယွင်နှင့် အဘယ်ကြောင့်တူနေရပါသနည်း။ ထိုသူသည် ထိုက်ယိ (ယီနတ်ဘုရား) ဖြစ်နေသောကြောင့် ဖြစ်လေသည်။ ချင်းတိဧကရာဇ်မှာ ယီနတ်ဘုရား၏ ကိုယ်ခွဲတစ်ခုဖြစ်လေသည်။
ထို့ကြောင့် ရဲ့လျိုယွင်မှာ ချင်းတိဧကရာဇ် လူပြန်ဝင်စားသူဖြစ်ကြောင်း ဆန်းလျန် သိရှိသွားခဲ့ရသည်။
သို့သော်… တာအိုဆရာသခင်ထိုက်ယီ ၊ ချင်းတိဧကရာဇ် ၊ စန့်ချင်တာအိုဆရာသခင် ၊ ယီနတ်ဘုရားနှင့် တုန်းဟွာတောက်ကျွင်းတို့မှာ အားလုံး အတူတူပင်ဖြစ်သည်ကိုတော့ ဆန်းလျန် ရိပ်မိသိရှိခဲ့ခြင်း မရှိသေးပေ။ ထိုအကြောင်းများကို သိရှိခဲ့သည့် ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းနှင့် ချင်းဖုန်းနတ်ဘုရားတို့ကတော့ အနာဂတ်အချိန်တွင် ဆန်းလျန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြရပြီ ဖြစ်လေသည်။
ကျောက်ရှောင်ယွီက…
"ဒါဆို အချိန်ရေစီးကြောင်းနောက်ကွယ်က ခြယ်လှယ်နေတဲ့သူက ရှင်ပေါ့…"
ဆန်းလျန်က…
"တကယ်တော့ မိုးကောင်းကင်က ချမှတ်ထားတဲ့ ကံကြမ္မာကို ဆန့်ကျင်ခဲ့လို့ ကျုပ် ဒီလိုမျိုး ဒုက္ခတွေ့ခဲ့ရတာပဲ ၊ ကျုပ် အရမ်းကို တန်ခိုးစွမ်းအားမြင့်မားခဲ့ပေမယ့် တာအိုဆရာသခင်ကြီး (၈)ပါးရဲ့ ပုံရိပ်ယောင်တွေကိုတော့ မလွန်ဆန်နိုင်ခဲ့ဘူး ၊ ဒါပေမဲ့ စန့်ချင်တာအိုဆရာသခင်လင်ပေါင်ထျန်းကျွင်းကိုတော့ ကျေးဇူးတင်ရမယ် ၊ သူက မိုးကောင်းကင်ရဲ့ ကံကြမ္မာကို ဆန့်ကျင်ခဲ့တဲ့ကျုပ်ကို အသက်ဆက်ရှင်နိုင်ဖို့ အခွင့်အရေးပေးခဲ့တယ်…"
ကျောက်ရှောင်ယွီက ထူးဆန်းစွာဖြင့်…
"စန့်ချင်တာအိုဆရာသခင် မျက်နှာသာပေးတာခံရတဲ့သူက ရဲ့လျိုယွင်ဆို … ၊ ရှင်မှ မဟုတ်တာ ၊ သူက ရှင့်ကို ဘာလို့ ကူညီရတာလဲ…"
ဆန်းလျန်က…
"ကျုပ်လည်း အဲဒါကို အခုထိ နားမလည်သေးဘူး ၊ အဲဒါတွေထားလိုက်ပါ ၊ လောလောဆယ်ပြဿနာက အဲဒါတွေ မဟုတ်ပါဘူး…"
ကျောက်ရှောင်ယွီက…
"ကျွန်မရဲ့ ဇာစ်မြစ်ကရော ဘာများလဲဟင်…"
ဆန်းလျန်က…
"အဲဒါကတော့ မပြောတာ ပိုကောင်းမယ်ထင်တယ်…"
ကျောက်ရှောင်ယွီက ဆန်းလျန်ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း…
"ပြောပြပါဆို…"
သူမပုံစံလေးက အလွန်မှ စွဲဆောင်မှုရှိလေသည်။
သူမက ဆန်းလျန်ကို ပြုံးပြလိုက်သည့်အခါ မျက်ဝန်းလေးများက တောက်ပနေပြီး သွားဖြူဖြူလေးများက လင်းလက်လျှက် ရှိလေသည်။
ကိလေသာကင်းစင်အောင် ကျင့်ကြံနေကြသူများပင်လျှင် ဈာန်လျှောစေနိုင်သည့် အလှတရားမျိုးဖြစ်လေ၏။
ဆန်းလျန်က အတန်ကြာငြိမ်သက်နေပြီးမှ ပေါ့ပါးသည့်လေသံဖြင့်…
"မင်းကောင်းဖို့အတွက် ကျုပ်က ပြောမပြရတာပါ ၊ ပြီးတော့ လောလောဆယ်မှာလည်း အဲဒီကိစ္စက အရေးမကြီးသေးလို့ပါ ၊ အမှန်တော့ ကျုပ်ပဲဖြစ်ဖြစ် ၊ တိကျန်ဗောဓိသကျပဲဖြစ်ဖြစ် ၊ ရွှမ်တုတောက်ကျွင်းပဲဖြစ်ဖြစ် ၊ ဘယ်သူမှ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က အချိန်ကို ပြန်ပြီးသွားရဲကြမှာ မဟုတ်ဘူး ၊ မဟုတ်လို့ကတော့ ကျုပ်နဲ့ဆက်စပ်နေတဲ့ ကြမ္မာဆိုးထဲ သူတို့ပါ ရောပါသွားကြမှာပဲ ၊ အခုတော့ အချိန်ရေစီးကြောင်းပေါ်က ကျုပ်ကို ကြောက်နေစရာ မလိုတော့ဘူးဆိုတော့ သူတို့တွေ ဟွင့်ယွမ်ဝူကျီအဆင့်ရောက်ကုန်ကြလည်း အသက်ပျောက်မှာ မကြောက်ရတော့ဘူးပေါ့…"
ကျောက်ရှောင်ယွီက မျှော်လင့်တကြီးလေသံဖြင့်…
"ဒါပေမဲ့ အဲဒီလိုလုပ်ခဲ့တာ ရှင့်အတွက်လည်း အကျိုးရှိခဲ့တာပဲ မဟုတ်လား…"
ဆန်းလျန်က ခေါင်းညိတ်လိုက်ရင်း…
"အမှန်ပဲ ၊ အခု ကျုပ် အတိတ်ကနေ အနာဂတ်ကို ရောက်လာခဲ့တာ ၊ ဒီတော့ ကျုပ်လုပ်ထားတဲ့ အပြစ်တွေလည်း သိပ်မများသေးဘူး ၊ ပြီးတော့ တိကျန်ဗောဓိသကျက အသူရာချောက်ကို အသုံးချပြီး အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်ကို ပေါင်းစပ်ကျင့်ကြံပြီး ကျင့်စဉ်လမ်းအဆင့်တက်ဖို့ ကြိုးစားနေတာ ၊ ဒါပေမဲ့ ကျုပ်က အတိတ်ကိုဖြတ်တောက်ပစ်ခဲ့လို့ အတိတ်ကာလက သူ့ရဲ့ မူလပုံရိပ်ကို ပြန်ရှာမတွေ့တော့ဘူးဆိုရင် သူ့အနေနဲ့ ဘယ်တော့မှ သံသရာကို ကျော်လွန်နိုင်မှာ မဟုတ်ဘူး…"
ထိုစကားကိုပြောပြီးသည်နှင့် ဆန်းလျန်က ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
ပြီးမှ တိုးတိတ်သည့် လေသံဖြင့်…
"ဒါပေမဲ့ ရွှမ်တုတောက်ကျွင်းကတော့ အဲဒီလိုမျိုး မဟုတ်ဘူး…"
ကောင်းကင်ထက်တွင် ယင်စွမ်းအားလမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး စကြာဝဠာတစ်ခုလုံးကို လှည့်ပတ်ပျံ့နှံ့သွားလေသည်။
အချိန်နှင့်နေရာ တစ်ချက်တုန်ခါသွားလေ၏။
"ကျုပ် အစမ်းသပ်ခံရခြင်းတွေကို အသင်္ချေဖြတ်သန်းခဲ့ရပြီး နောက်ဆုံးမှာ ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ၊ အမြင့်ဆုံးသောရွှမ်ဟွမ်မိုးနတ်မင်းကြီးအဖြစ် ကျုပ်ကိုယ်ကျုပ် ဂုဏ်ပြုသတ်မှတ်ပြီး အမြင့်မြတ်ဆုံးသော မိုးကောင်းကင်ခုံရုံးကို ပြန်လည်ဖွင့်လှစ်တည်တောင်မယ်…"
စကြာဝဠာတစ်ခွင် ဟိန်းထွက်လာသည့် ထိုအသံနက်ကြီးသည်ကား ရွှမ်တုတောက်ကျွင်း၏ အသံနက်ကြီးပင် ဖြစ်လေတော့သည်။
***