မိုးကောင်းကင်ခုံရုံး
Vol. 9 Ch. 887
ရွှမ်တုတောက်ကျွင်း၏ အသံနက်ကြီးသည် ….
မရှိမှုကျေးရွာရှိ ကောင်းကင်ဘုံများ ၊ နတ်ဘုရားကျောက်ဂူများ ၊ လူ့လောကတစ်ခွင် ၊ အသူရာချောက် (၉)ထပ်နှင့် စကြာဝဠာရှိ ကြယ်စင်များတစ်ခွင် ပဲ့တင်ထပ်လျှက် ပျံ့နှံ့သွားလေသည်။
ထို့နောက် ကောင်းကင်ထက်တွင် အလံတစ်ခုထွက်ပေါ်လာလေသည်။ အလံက ခမ်းနားစွာဖြင့် လေထဲတွင် တလွင့်လွင့် လွင့်မျောလျှက်ရှိသည်။
မရှိမှုကျေးရွာနှင့် လူ့လောကအကြားမှ ကွာဟမှုကို ဆုတ်ဖြဲပစ်လိုက်ပြီး လောကအသစ်တစ်ခု မွေးဖွားတော့မည့်အလား ထိုအလံ၏ တန်ခိုးစွမ်းအားများကို လူသားရော နတ်ဘုရားများပါမကျ တစ်လောကလုံးမှ တွေ့မြင်ကြရလေသည်။
ကျင့်ကြံသူအများစုမှာ အသံပင်မထွက်ရဲကြတော့ဘဲ ကြောက်ရွံ့တုန်လှုပ်နေကြလေသည်။
ကျောက်ရှောင်ယွီက တအံ့တသြဖြင့်…
"ဒါ ဖန်ကူအလံပဲ ၊ နောက်ဆုံးတော့ ကျောက်စိမ်းဝိညာဉ်နန်းတော်က တာအိုဆရာယွိတင်က ရွှမ်တုတောက်ကျွင်းနဲ့ ပူးပေါင်းလိုက်ပြီပေါ့…"
ဆန်းလျန်ကတော့ အစကတည်းက ထိုသို့ဖြစ်လာမည်ဟု မျှော်လင့်ထားပြီးသားဖြစ်သည့်အတွက် ထူးခြားပြီး အံ့သြမနေတော့ပေ။
ယခုကဲ့သို့ အခြေအနေများဖြစ်လာမှတော့ တာအိုဆရာယွိတင်အနေဖြင့် ရွှမ်တုတောက်ကျွင်းနှင့် မပူးပေါင်း၍ မဖြစ်တော့ပေ။ မဟုတ်ပါက တိကျန်ဗောဓိသကျ ပထမဆုံးလာရောက်တိုက်ခိုက်မည့်နေရာမှာ ကျောက်စိမ်းဝိညာဉ်နန်းတော်ဖြစ်သွားပေလိမ့်မည်။
ရွှမ်တုတောက်ကျွင်းနှင့်သာ ပူးပေါင်းခြင်းမရှိပါက တိကျန်ဗောဓိသကျ လာရောက်တိုက်ခိုက်သည့်အခါ ရွှမ်တုတောက်ကျွင်းကလည်း ကျောက်စိမ်းဝိညာဉ်နန်းတော်ကို ကူညီမည် မဟုတ်ပေ။ ထိုအခါ… ယွိချင်တာအိုဆရာသခင်ယွမ်စီထျန်းကျွင်း၏ အနွယ်တော်များနေထိုင်ရာ ကျောက်စိမ်းဝိညာဉ်နန်းတော်သည် သေချာပေါက် လောကမှ ပျောက်ကွယ်သွားရပေလိမ့်မည်။
ထို့ကြောင့် တာအိုဆရာယွိတင်မှာ ရွေးခြယ်စရာလမ်းမရှိခဲ့ပေ။
ထို့ပြင်… သူက မိုးကောင်းကင်ခုံရုံးကို ပြန်လည်တည်ထောင်ချင်သူဖြစ်လေရာ မိုးကောင်းကင်ခုံရုံးကို ပြန်လည်တည်ထောင်ရန်အတွက် ရွှမ်တုတောက်ကျွင်း၏ အကူအညီကို များစွာလိုအပ်လေသည်။
ဖန်ကူအလံသည် လေထဲတွင် (၉)ကြိမ်တိုင်တိုင် ဝှေ့ယမ်းလှုပ်ရှားသွားလေသည်။
(၉)ဂဏန်းမှာ လောကတွင် အခြေခံအကျဆုံး ဂဏန်းဖြစ်ပြီး ဖန်ကူအလံ (၉)ကြိမ်ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ဘုံ (၉)ထပ် ဖွင့်လှစ်ခြင်း စတင်လေတော့သည်။
နေရာအနှံ့တွင် ခရမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး ခရမ်းရောင်အခိုးအငွေ့များကြားတွင် နန်းတော်ကြီးများ ၊ ခမ်းနားသည့် ဘုံခုနစ်ဆင့် ၊ ဘုံကိုးဆင့် မျှော်စင်ကြီးများ ထွက်ပေါ်လာလေသည်။
စကြာဝဠာအတွင်းမှ နဂါးငွေ့တန်းသည် ကောင်းကင်ဘုံ (၉)ထပ်မှ ရွှေရောင်တံတားကြီး၏ စွဲဆောင်မှုကြောင့် ကောင်းကင်ဘုံ (၉)ထပ်အလယ်သို့ ရောက်ရှိလာပြီး ဖြတ်သန်းစီးဆင်းလျှက်ရှိလေသည်။
တောက်ပနေသည့်ကြယ်စင်များသည် ထူးဆန်းစွာဖြင့်ပင် အစီအစဉ်တကျ စီးဆင်းလျှက် ရှိလေသည်။
မြင့်မားလှသည့် စင်မြင့်တစ်ခုပေါ်လာပြီး ထိုစင်မြင့်ထက်တွင် အမည်စာရင်းတစ်ခု ချိတ်ဆွဲထားလေသည်။
အမည်စာရင်းခေါင်းစဉ်တွင် "နတ်ဘုရားအဖြစ်အပ်နှင်းခံရသူများ" ဟု ရေးသားထားပြီး အမည်စာရင်းကတော့ ရေးသားထားခြင်းမရှိသေးဘဲ စာရွက်အဖြူရောင်အလွတ်ဖြစ်လေသည်။
ရွှမ်တုတောက်ကျွင်းက မိုးကောင်းကင်ခုံရုံးကို အောင်မြင်စွာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီ ဖြစ်လေသည်။
ထို့ကြောင့် မိုးကောင်းကင်ခုံရုံးတွင် တာဝန်ထမ်းဆောင်ရန် ၊ နေထိုင်ရန်အတွက် နတ်ဘုရားများအဖြစ် အပ်နှင်းခံရသူများစာရင်းကို သူကိုယ်တိုင် ပြုလုပ်ရမည် ဖြစ်လေသည်။
ခရမ်းရောင်အခိုးအငွေ့များကြားတွင် မိုးကောင်းကင်ခုံရုံးပြန်လည်ဖွင့်လှစ်သည်ကို တွေ့မြင်လိုက်ရသည်နှင့် မိုးမြေတစ်ခွင်မှ နတ်ဘုရားများ ၊ ကျင့်ကြံသူများ၏ရင်ထဲတွင် လေးလံသွားကြရလေတော့သည်။
နတ်ဘုရားအဖြစ်အပ်နှင်းခံရသူများစာရင်း ပြန်လည်ပေါ်ထွက်လာပြီဖြစ်လေသည်။
နတ်ဘုရားအဖြစ် အပ်နှင်းခံရသူများစာရင်းတွင် မိမိနာမည်ပါဝင်လျှင်တော့ ကောင်းသည့်အချက်ပင်ဖြစ်လေ၏။ သို့သော်… မကောင်းသည့်အချက်မှာ နောက်ခံအင်အားမကောင်းသည့်အတွက် နတ်ဘုရားအဖြစ် အပ်နှင်းခံရသူ စာရင်းတွင် မပါဝင်ခဲ့ပါက နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သမျှ အလကားဖြစ်သွားရပြီး လေလွင့်နတ်ဘုရားသဖွယ် ဖြစ်သွားကြရပေလိမ့်မည်။
နတ်ဘုရားများအားလုံး စိတ်ပူကြသလိုပင် ရွှမ်တုတောက်ကျွင်းသည်လည်း ပူပန်နေခဲ့လေသည်။
ယခု သူက အမြင့်ဆုံးသောရွှမ်ဟွမ်မိုးနတ်မင်းကြီးအဖြစ် ခံယူကာ သူ၏ဂုဏ်ပုဒ်ကို စကြာဝဠာတစ်ခုလုံးသို့ ကြေငြာလိုက်ပြီး မိုးကောင်းကင်ခုံရုံးကို ပြန်လည်ဖွင့်လှစ်တည်ထောင်ခဲ့လေသည်။ ထို့ကြောင့် ဖြစ်လာသမျှ အကောင်းအဆိုး ၊ အကြောင်းအကျိုးများသည်လည်း သူ့ခေါင်းပေါ်သာ ကျရောက်တော့မည် ဖြစ်သည်။
"သရဖူကိုဆောင်းချင်လျှင် သရဖူ၏အလေးဒဏ်ကိုတော့ ခံနိုင်ရည်ရှိရမည်" ဟု ဆိုရိုးစကားရှိသည် မဟုတ်ပါလား။
ထို့ပြင်… ရွှမ်တုတောက်ကျွင်းသည် အမြင့်ဆုံးသောရွှမ်ဟွမ်မိုးနတ်မင်းကြီးအဖြစ် ခံယူခဲ့ပြီဖြစ်သည့်အတွက် သူ့အဆင့်သည် ပထမမိုးနတ်မင်း ၊ ဒုတိယမိုးနတ်မင်းတို့နှင့် အတူတူပင် ဖြစ်လာလေသည်။
သူသာ မိုးကောင်းကင်ခုံရုံး၏ အကြောင်းအကျိုး ၊ အကောင်းအဆိုးများကို ထိန်းချုပ်ကိုင်တွယ်နိုင်ခြင်း မရှိဘဲ ကျဆုံးခဲ့ပါက အားလုံးက သူ့ကို ဝိုင်းပြီး အပြစ်တင်ကြပေလိမ့်မည်။
………….
တောင်ပင်လယ်…
ခရမ်းရောင်ဝါးရုံတောအတွင်းရှိ ချောင်ယင်းဂူအပြင်ဘက်တွင် ကွမ်ယင်မယ်တော် မတ်တတ်ရပ်နေလေသည်။
ကွမ်ယင်မယ်တော်၏ဘေးတွင် ရွှေရောင်အမွှွေးများပိုင်ဆိုင်သည့် မျောက်မင်းစွန်းဝူခုံး ရပ်နေလေ၏။
ဝူခုံးက…
"မယ်တော်… အခု ဘာလုပ်ကြမလဲ ၊ လောင်စွန်း ကောင်းကင်ဘုံကိုသွားပြီး နောက်တစ်ခေါက် ပြဿနာရှာလိုက်ရမလား…."
ကွမ်ယင်မယ်တော်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ဘယ်လိုလုပ် ပြဿနာရှာလို့ ရမှာလဲ…"
ကွမ်ယင်မယ်တော်၏ စကားကြောင့် ဝူခုံး မကျေမနပ်ဖြစ်သွားလေသည်။
သူက ချက်ချင်းပင် နားရွက်ထဲတွင်သိမ်းဆည်းထားသည့် အပ်လေးတစ်ခုကို ဆွဲထုတ်လိုက်လေရာ ထိုအပ်လေးသည် တင့်ဟိုင်စန်းကျန်းသံတုတ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထို့နောက် ဝူခုံးက သံတုတ်ကို စကြာပုံသဏ္ဍန်လှည့်ပတ်ပစ်လိုက်လေရာ ကွမ်ယင်မယ်တော်၏ ခရမ်းရောင်ဝါးရုံတောတစ်ခုလုံး ကြေမွပျက်စီးကုန်လေတော့သည်။
ကွမ်ယင်မယ်တော်က မကျေမနပ်ဖြင့်…
"ဒီ မျောက်စုတ်ကတော့လေ…"
ဟုရေရွတ်လိုက်လေတော့သည်။
……………..
နတ်မိစ္ဆာအဓိပတိနန်းတော်…
နတ်မိစ္ဆာအဓိပတိကြီးသည် ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည့် မြင်ကွင်းများကို ငေးစိုက်ကြည့်ရင်း နှုတ်ခမ်းများက မဲ့ပြုံးပြုံးနေလေသည်။
ထို့နောက် မကျေမနပ်ဖြင့် "ဟွန့်" ခနဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်လေ၏။
နတ်မိစ္ဆာအဓိပတိနန်းတော်မှ အခြားသူများကတော့ ကောင်းကင်ထက်မှ မြင်ကွင်းကို ငေးကြည့်နေကြရင်း ကြက်သေသေကုန်ကြလေသည်။
ကျင့်စူးက နတ်ဘုရားစိတ်အာရုံများကို ကောင်းကင်ထက်သို့ ဖြန့်ကျက်လိုက်ပြီး ကြည်လင်သည့်စိတ်ဖြင့် အသစ်သောမိုးကောင်းကင်ခုံရုံး၏ ထူးဆန်းမှုကို ခံစားကြည့်နေလေသည်။
ထို့နောက် သူမက ခိုင်မာသည့် ဆုံဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။ သူမ ပကတိမရဏဓားကို ရှာဖွေမည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။
သူမသည်လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။
တိကျန်ဗောဓိသကျက နတ်မိစ္ဆာအဓိပတိကြီးကို အသူရာချောက်မှ မောင်းထုတ်လိုက်ကတည်းက လောကကြီးတစ်ခုလုံး အပြောင်းအလဲဖြစ်တော့မည်ဟု သူမ နားလည်ထားသည်။
ယခုဆိုလျှင် နတ်မိစ္ဆာအဓိပတိကြီးပင်လျှင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း မရှိတော့ပေ။ မရဏဓားများကသာလျှင် အသက်ရှင်ရန်လမ်းစကို ပေးနိုင်ပေလိမ့်မည်။
သူမ ရုတ်တရက် ဆန်းလျန်အကြောင်း စဉ်းစားလိုက်မိလေသည်။
ဆန်းလျန်သည် မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးသည့် သူမကို မှတ်မိပါဦးမည်လား။
………….
အနောက်ဘက်ကောင်းကင်ဘုံ…
လင်စန်းတောင်… ၊
မီလဲ့ကိုယ်တော်သည် ပလ္လင်ထက်တွင်ထိုင်နေပြီး သူ၏ဦးခေါင်းအနောက်ဘက်မှ ရောင်စဉ်စက်ဝန်း (၉)သွယ် ဖြာလင်းနေလေသည်။
ထိုရောင်စဉ် (၉)သွယ်က လူပြန်ဝင်စားခြင်း (၆)ဘုံ ၊ လောက (၃)ပါးနှင့် စကြာဝဠာတစ်ခုလုံးကို ဖုံးကွယ်ထားလေ၏။
သူ့မျက်ဝန်းထဲတွင် နတ်ဘုရားတို့၏ လောကဖြစ်သည့် မိုးကောင်းကင်ခုံရုံး အဆက်မပြန့် ကျယ်ပြန့်နေသည်ကို တွေ့မြင်နေရလေသည်။
မရေမတွက်နိုင်သည့် ခရမ်းရောင် အခိုးအငွေ့များက အရှေ့ဘက်ဖန်သားကောင်းကင်ဘုံမှ အနောက်ဘက်သုခဘုံအထိ ကျူးကျော်ဝင်ရောက်နေလေသည်။
မြောက်ဘက်ပိုင်း ကျန်းဝူနတ်ဘုရားဂူကတော့ ကောင်းကင်ဘုံနန်းတော်က လုံးလုံးလျားလျား ဝါးမြိုသွားပြီ ဖြစ်လေသည်။
ယခင် မိုးနတ်မင်း (၂)ပါးခေတ် ၊ ကြွင်းကျန်ခဲ့သည့်အပျက်အစီးများထဲမှတစ်ခုဖြစ်သည့် တောင်ဘက်ပိုင်းတွင်တည်ရှိသည့် မိုးကောင်းကင်တောင်ဘက်တံခါးကတော့ ယခုဖြစ်ပေါ်လာသည့် ကောင်းကင်ဘုံ(၉)ထပ်သို့ အဝင်တံခါးဖြစ်သွားလေသည်။
တာအိုဆရာယွိတင်၏ ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ရွှမ်တုတောက်ကျွင်း၏ ဘုရင်ရှစ်ပါးနန်းတော်ကတော့ ကောင်းကင်ဘုံ (၉)ထပ်တွင် ဘေးချင်းယဉ်လျှက် ပြောင်းရွှေ့တည်ရှိနေကြပြီ ဖြစ်သည်။
ခမ်းနားသည့် မိုးကောင်းကင်ခုံရုံးသည် မိုးမြေတစ်ခွင်ရှိ သတ္တဝါအနန္တတို့ကို လွှမ်းမိုးထားလေသည်။
မရေမတွက်နိုင်သည့်နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးသည့်နောက် သက်ရှိသတ္တဝါအားလုံး၏အထက်တွင်တည်ရှိသည့် မိုကောင်းကင်ခုံရုံးသည် ပြန်လည်ထွက်ပေါ်လာခဲ့ပြီ ဖြစ်လေသည်။
ထို့ပြင် ရွှမ်တုတောက်ကျွင်းသည်လည်း ပထမမိုးနတ်မင်းနှင့် ဒုတိယမိုးနတ်မင်းတို့ထက်သာလွန်သည့် အဆင့်အမြင့်ဆုံး ဟွင့်ယွမ်ဝူကျီအဆင့် နတ်ဘုရားတစ်ပါးဖြစ်ခဲ့ပြီ ဖြစ်သည်။
အတိတ်ကာလာ ၊ ပစ္စုပ္ပန်ကာလများတွင် သူ့ကို ယှဉ်ပြိုင်နိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။
ထိုစဉ်… မီလဲ့ကိုယ်တော်၏ဘေးတွင် အလင်းရောင်တစ်ချက်လင်းလက်လာပြီး နေစကြာတထာဂတသဟုလူသိများသည့် တာအိုဆရာလုယာပေါ်လာလေသည်။
နေစကြာတထာဂတသက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"ပထမမိုးနတ်မင်းရော ဒုတိယမိုးနတ်မင်းရော အရည်အချင်းရှိကြရဲ့သားနဲ့ ဒီလိုအောင်မြင်မှုမျိုး မရခဲ့ကြဘူး ၊ ဒီ ရွှမ်တုဆိုတဲ့ကောင်ကတော့ တော်တော်လေး တော်တဲ့အထဲမှာပါတယ်…"
နေစကြာတထာဂတသဆိုလိုသည့် အဓိပ္ပါယ်ကို မီလဲ့ကိုယ်တော်က ကောင်းကောင်းသဘောပေါက်လိုက်သည်။
နေစကြာတထာဂတဿဆိုသည်က ပထမမိုးနတ်မင်းနှင့် ရှီးဟယ်တို့၏ သားတော်တစ်ပါး ဖြစ်လေရာ မိုးကောင်းကင်ခုံရုံးကို ပြန်လည်ဖွင့်လှစ်မည်ဆိုလျှင် သူကသာလျှင် ဖွင့်လှစ်ရန် အသင့်တော်ဆုံးသူ ဖြစ်ရမည်ဟု မှတ်ယူထားခဲ့လေသည်။
သို့သော်… သူက တန်ခိုးစွမ်းအားလည်း မလုံလောက်သေးသလို မိုးကောင်းကင်ခုံရုံးကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဖန်ကူအလံကဲ့သို့သော မှော်ဝင်ပစ္စည်းမျိုးလည်း သူ့တွင်မရှိခဲ့ပေ။
မမျှော်လင့်စွာပင် ရွှမ်တုတောက်ကျွင်းကတော့ ဟွင့်ယွမ်ဝူကျီအဆင့်ကိုလည်း ထိုက်ချိယင်ယန်ပန်းချီကားအကူအညီဖြင့် တက်ရောက်နိုင်ခဲ့ပြီး မိုးကောင်းကင်ခုံရုံးကိုလည်း ဖန်ကူအလံ၏ အကူအညီဖြင့် ဖွင့်လှစ်နိုင်ခဲ့လေသည်။
မီလဲ့ကိုယ်တော်က ပြုံးလိုက်လေသည်။
သူ၏ခန္ဓာကိုယ်ထက်မှ ရောင်စဉ်စက်ဝန်းများက ပိုမိုတောက်ပလာပြီး သူက လက်အုပ်ချီလိုက်ကာ မိုးကောင်းကင်ခုံရုံးကို ငေးစိုက်ကြည့်နေလေတော့သည်။
ထို့နောက် သန့်စင်သည့် တန်ခိုးစွမ်းအားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သုခဘုံသို့ ကျူးကျော်ဝင်ရောက်လာသည့် ခရမ်းရောင်အခိုးအငွေ့များကို တားဆီးထားလိုက်လေသည်။
မီလဲ့ကိုယ်တော်ကိုကြည့်ရင်း နေစကြာတထာဂတသ ရုတ်တရက် သတိဝင်လာလေသည်။
သူ၏ မိတ်ဆွေမီလဲ့ကိုယ်တော်မှ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားပြီ ဖြစ်လေသည်။ သို့သော်… သူ့အနေဖြင့် မီလဲ့ကိုယ်တော်ကိုတော့ မနာလိုစရာ မရှိပေ။
သူက အသူရာချောက်၏ ပြောင်းလဲသွားမှုကို အခွင့်ကောင်းယူကာ အော်မီတော်ဖူဘုရား၏ သုခဘုံကို ဓမ္မနှင့် ပြည့်စုံစေလိုက်ပြီ ဖြစ်သည်။ မိုးနှင့်မြေမှ လူပြန်ဝင်စားခြင်းလမ်းစဉ်ကို အသုံးချကာ သူ၏ တန်ခိုးစွမ်းအားများကို တိုးမြှင့်နိုင်ခဲ့ပြီ ဖြစ်လေသည်။
အားလော်ဟယ်က ဖန်ဆင်းရှင်ဖြစ်လေသည်။ သူလျှောက်သည့်လမ်းစဉ်ကလည်း မိုးကောင်းကင်လမ်းစဉ်ဟု ဆိုနိုင်သည်။ ထို့ကြောင့် သူလျှောက်သည့်လမ်းစဉ်တွင်လည်း လူပြန်ဝင်စားခြင်းလမ်းစဉ် ပါဝင်ပြီးသားဖြစ်လေသည်။
ယခု လူပြန်ဝင်စားခြင်းလမ်းစဉ်ကို အားလော်ဟယ်နှင့် မီလဲ့ကိုယ်တော်တို့က တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားကြပြီ ဖြစ်သည်။ သို့တိုင်အောင်… သူတို့သည် ဟွင့်ယွမ်ဝူကျီအဆင့်သို့တက်ရောက်ရန် ပိုပြီး ခက်ခဲသွားခဲ့လေသည်။
သူတို့သည် သူတို့ကိုယ်ပိုင် ကောင်းကင်ဘုံများတွင်နေထိုင်ပြီး ရွှမ်ဟွမိုးနတ်မင်း၏ စစ်တုရင်ကစားပွဲတွင် နယ်ရုပ်များတော့ ဖြစ်လာကြတော့မည် မဟုတ်ပေ။
ထို့ကြောင့် နေစကြာတထာဂတဿ ဤနေရာတွင် ပေါ်လာရခြင်း ဖြစ်လေသည်။
နောက်ဆုံးတော့ … သူက ပထမမိုးနတ်မင်း၏ သားတော်ဖြစ်သည့်အတွက် ရွှမ်ဟွမ်မိုးနတ်မင်းလက်အောက်တွင်တော့ မည်သည့်အခါမှ သွားရောက်ခိုလှုံလိမ့်မည် မဟုတ်ပေ။
မီလဲ့ကိုယ်တော်နှင့်အတူ ရှိနေခြင်းက သူ့အတွက် အန္တရယ်ကင်းနိုင်လေသည်။
…………
ကွမ်ဟန်နန်းတော်…
လနတ်သမီးချန်ဝေါ်သည် ဗျပ်စောင်းတီးခတ်နေလေသည်။
သူမတီးခတ်နေသည့် ဗျပ်စောင်းတေးသံက လွမ်းမောစရာ ကောင်းလှသည်။
သူမတီးခတ်နေသည့် ဗျပ်စောင်းမှာ "တာ့စန့်ယီယင်း" ဗျပ်စောင်း ဖြစ်လေသည်။ တာ့စန့်ယီယင်းဗျပ်စောင်းမှာ ရှေးခေတ်အချိန်အခါက သူတော်စင်ဖူရှီးပိုင်ဆိုင်ခဲ့သည့် ဗျပ်စောင်းဖြစ်လေ၏။ လောကတွင် အပြည့်စုံဆုံး တူရိယာဟု ဆိုကြလေသည်။
အားလော်ဟယ်သည်ပင် သူတော်စင်ဖူရှီး၏ တာ့စန့်ယီယင်းဗျပ်စောင်းကို တွေ့မြင်ခဲ့ပြီး စန္ဒရားကို တီထွင်ခဲ့ခြင်း ဖြစ်သည်။
လွမ်းမောစရာ ဗျပ်စောင်းတေးသံသည် ကွမ်ဟန်နန်းတော်တစ်ခွင် ပျံ့နှံ့လျှက် ရှိလေသည်။
ထိုဗျပ်စောင်းသံက ကွမ်ဟန်နန်းတော်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ခရမ်းရောင်အခိုးအငွေ့များကို ဖယ်ရှားပစ်နေလေသည်။
ဗျပ်စောင်းသံဖြင့် တားဆီးထားသည့်အတွက် ခရမ်းရောင်အခိုးအငွေ့များသည် ကွမ်ဟန်နန်းတော်ကို ရှောင်ရှားသွားပြီး မရှိမှုကျေးရွာမှ အခြားသောကောင်းကင်ဘုံများနှင့် နတ်ဘုရားကျောက်ဂူများကိုသာ တစ်ခုပြီးတစ်ခု ဝါးမြိုသွားလေတော့သည်။
တုန်းဟွာတောက်ကျွင်းသည် သူ၏ နတ်ဘုရားကျောက်ဂူအတွင်းရှိ မြက်ခင်းပြင်ထက်တွင် ထိုင်နေလေသည်။
သူက အေးစက်သည့်လေသံဖြင့်…
"ကျုပ်လည်းပဲ ထိုက်စန့်လောင်ကျွင်းရဲ့ ကျင့်စဉ်တွေကို ဆက်ခံခဲ့တဲ့သူတစ်ယောက်ပါပဲ ၊ ရွှမ်ဟွမ်မိုးနတ်မင်းက ကျုပ်ကို ဒီလိုမျိုး ဖိအားပေးလို့ ရနိုင်မယ်တဲ့လား…"
ထိုအခါ ရွှမ်ဟွမ်မိုးနတ်မင်း၏ တည်ငြိမ်သည့်အသံတစ်သံက လေထုထဲတွင် လွင့်ပျံလာလေသည်။
"မိုးကောင်းကင်ခုံရုံးမှာ မခိုလှုံချင်ဘဲ ချင်းတိဧကရာဇ် ပြန်လာတဲ့အထိ မင်းကစောင့်နေတာလား ၊ ဒါပေမဲ့ ဆန်းလျန်ထျန်းကျွင်းက ချင်းတိဧကရာဇ်အပေါ် အကြွေးတင်နေတယ်ဆိုတာ မင်း မမေ့ပါနဲ့…"
ထိုအသံကိုကြားသည်နှင့် တုန်းဟွာတောက်ကျွင်း၏ လေသံက ပျော့ပြောင်းသွားလေသည်။
"ဒါဖြင့် လောကကိုစောင့်တဲ့ နတ်ဧကရာဇ် (၄)ပါးထဲက တစ်ပါးနေရာကို ကျုပ်လိုချင်တယ်…"
"ကောင်းပြီ…"
ထို့နောက်… အချိန်ကြာမြင့်စွာ တုန်းဟွာတောက်ကျွင်းနေထိုင်ခဲ့သည့် နတ်ဘုရားကျောက်ဂူသည် ကွဲပြိုသွားပြီး ခရမ်းရောင်အခိုးအငွေ့များ၏ ဝါးမြိုသွားခြင်းကို ခံလိုက်ရကာ မိုးကောင်းကင်ခုံရုံးနှင့် ပေါင်းစပ်သွားလေတော့သည်။
ခရမ်းရောင်အခိုးအငွေ့များက မရှိမှုကျေးရွာမှ ကောင်းကင်ဘုံများနှင့် နတ်ဘုရားကျောက်ဂူများကို ဝါးမြိုသွားသည်မှာ ထူးဆန်းခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော်… နတ်ဘုရားအများစုသည် ရွှမ်ဟွမ်မိုးနတ်မင်းကို ခုခံကာကွယ်နိုင်စွမ်း မရှိကြပေ။
သို့သော်… တုန်းဟွာတောက်ကျွင်းကဲ့သို့ ရွှမ်ဟွမ်မိုးနတ်မင်းကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သူတစ်ယောက်က လက်လျှော့အရှုံးပေးလိုက်ခြင်းကတော့ ထူးခြားသည့်ဖြစ်ရပ်ပင် ဖြစ်သည်။
ရွှမ်ဟွမ်မိုးနတ်မင်း၏ တန်ခိုးစွမ်းအား မြင့်မားမှုနှင့် အခွင့်အာဏာကတော့ အံ့မခန်း ပြိုင်ဘက်ကင်းလွန်းလှသည်။
***