ရောက်လာပြီဆိုမှတော့ နည်းနည်းလောက် ဧည့်ခံပေးရမှာပေါ့
Vol. 31 Ch. 318
အဇူရာတိမ်မြို့အ၀င်၀တွင် အခြားဧည့်လမ်းညွှန်များ၏ ပါးစပ်များအဟောင်းသားဖြစ်နေကာ လီချွေ့ဟွာကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်ရှုနေခဲ့ကြသည်။
သူမသည် အခုပင် စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း ရရှိခဲ့ခြင်း မဟုတ်ပါလော။
ဒါ…ဒါက ရွှေတံဆိပ်ဧည့်လမ်းညွှန်တစ်ယောက်လား!
ထိုမောက်မာသောအရူးများသည် ဘယ်လောက်ချဉ်းကပ်ရခက်သလဲဆိုတာ ကြည့်ရုံနှင့်သိနိုင်သော်လည်း အခုတော့ သူတို့ရွှေတံဆိပ်ဧည့်လမ်းညွှန်က ထိုအရူးများဆီက စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း ညှစ်ထုတ်နိုင်ခဲ့၏။
စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းဆိုသည်မှာ သာမန်လူတစ်ယောက် တစ်သက်လုံးရှာလျှင်တောင် ရနိုင်သော ပမာဏ ဟုတ်မနေပေ။
လူတိုင်းက သူမကို အားကျကုန်ကြသည်။
ထိုပမာဏနှင့်ဆိုလျှင် မိုးပြာလကုန်သွယ်သမဂ္ဂ၌ ပစ္စည်းပေါင်း မည်မျှ၀ယ်နိုင်ပါမည်နည်း။
လီချွေ့ဟွာကိုယ်တိုင်လည်း ကြောင်အနေခဲ့၏။
ကျန်းယန်သင်ပေးခဲ့သော နည်းလမ်းက အခုလောက်အလုပ်ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။
စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း!
ကျန်းယန်သင်ထားသည့်အတိုင်းပင် သူမအလျင်အမြန်ဦးညွတ်လိုက်ကာ ကျိုးလင်ကို ပြောလိုက်သည်။
“ဂုဏ်သရေရှ်ိ ဧည့်သည်တော် ကျွန်မဧည့်သည်တော်ကို အပြစ်ပြုမိခဲ့ပါပြီ”
သူ့ကိုစော်ကားခဲ့သောသူက စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းကြောင့် သူ့ကိုဦးညွတ်နေတာ မြင်လိုက်ရသောအခါ ကျိုးလင် အတော်လေး စိတ်ကျေနပ်သွားခဲ့၏။
ထိုအခိုက်တွင် သူ့ရှေ့က သက်လတ်ပိုင်းအရွယ်အမျိုးသမီးက အဇူရာတိမ်ဂိုဏ်းကို ကိုယ်စားပြုနေသလို သူခံစားလိုက်ရပြီး အတော်လေးကို ကျေနပ်နေခဲ့မိသည်။
“လမ်းပြ” ကျိုးလင် လီချွေ့ဟွာကို အေးအေးဆေးဆေးပင် ပြောလိုက်၏။
“ငါ့ကို ဧည့်ဂေဟာကို ခေါ်သွားပေး”
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ကျွန်မလမ်းပြပါ့မယ်” လီချွေ့ဟွာ ချက်ချင်းဆိုသလို သူမအမူအရာကိုပြောင်းလိုက်ပြီး နှ်ိမ့်ချစွာ ပြောလိုက်လေသည်။
ထို့နောက် သူမအဖော်များကို စိတ်ဝိညာဉ်ကျောက်တုံးများ သိမ်းဖို့ အချက်ပြလိုက်ပြီး သူမကိုယ်တိုင်ကတော့ ကျိုးလင်တို့အဖွဲ့ကို လမ်းပြခေါ်ဆောင်သွားခဲ့၏။
သူမ၏ ရိုးကျိုးလှသော အပြအမူက ကျိုးလင်ကိုပိုပြီးပင် စိတ်ကျေနပ်သွားစေခဲ့သည်။
ယနေ့တွင် စိတ်ဝိညာဉ်ေကျာက်တံုး တစ်ေသာင်းေကြာင့် လီချွေ့ဟွာ၏ စိတ်အခြေအနေ ပုံမှန်ဟုတ်မနေတော့ပေ။ သို့သော်လည်း သူကျိုးလင်တို့ကို ကျွမ်းကျင်စွာပင် လမ်းပြနေပြီး လမ်းတစ်လျှောက်ရှိအရာများကို ရှင်းပြပေးနေခဲ့၏။
“ဂုဏ်သရေရှိ ဧည့်သည်တော် ကျွန်မတို့ဖြတ်သွားရမယ့် လမ်းက အဇူရာတိမ်မြို့ရဲ့ စီးပွားရေးလမ်းလို့ ခေါ်တဲ့နေရာပါ အဲ့ဒီနေရာက ပစ္စည်းတွေကို ဧည့်သည်တော်မ၀ယ်သင့်ဘူးနော် အရမ်းဈေးကြီးတယ် မတန်ဘူး”
ဈေးကြီးတာလား!
ဘယ်လောက်ဈေးကြီးတာလဲ!
ငါမတတ်နိုင်တဲ့အရာ ရှိနိုင်ပါ့မလား!
ကျိုးလင်မျက်မှောင်အနည်းငယ်ကြုံ့သွားကာ အေးအေးဆေးဆေးပြောလိုက်၏။
“အို့ တစ်ချက်လောက်ကြည့်ရအောင် ခေါ်သွားပေး”
“အာ…ကောင်းပါပြီ” လီချွေ့ဟွာ ကျိုးလင်တို့အား စီးပွားရေးလမ်းဆီ ခေါ်ဆောင်သွားခဲ့၏။
အချိန်တခဏကြာပြီးနောက် သူတို့ စီးပွားရေးလမ်းထဲမှ ထွက်လာခဲ့ကြသည်။
လီချွေ့ဟွာ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနေခဲ့ပြီး သူမတကယ်ကို ပင်ပန်းနေခဲ့ချေပြီ။
တစ်ချိန်လုံး ဦးညွတ်ထားသောကိုယ်နေဟန်ထားဖြင့် ကျိုးလင်ကိုဈေး၀ယ်ထွက်လိုက်ပို့နေခဲ့ရခြင်းက သူမအတွက် တကယ်ကို မလွယ်လှပေ။
သို့သော် သူမတစ်ချက်မှ မညည်းညူခဲ့ပေ။
ဒီတစ်ရက်ပြီးသွားလျှင် သူမ ဤအလုပ်မှ အနားယူ၍ပင် ရနိုင်နေပြီ မဟုတ်ပါလော။
စီးပွားရေးလမ်းမှ ထွက်လာပြီးနောက် သူမကျိုးလင်းကို ဘယ်ကိုမှ ထပ်ခေါ်မသွားရဲတော့ပေ။ သူမအလွန်ပင်ပန်းနေခဲ့ချေပြီ။
ကျန်းယန်သင်ကြားထားပုံအရ ဘာတွေပဲဖြစ်နေပါစေ ၀န်ဆောင်မှုကိုတော့ နည်းနည်းလေးမှ အလျော့ခံ၍ မဖြစ်ပေ။
ထို့ကြောင့် သူမကျိုးလင်တို့အဖွဲ့ကို အဇူရာတိမ်ဧည့်ဂေဟာဆီသို့သာ တိုက်ရိုက်ခေါ်သွားခဲ့၏။
ဧည့်ဂေဟာထဲရောက်ပြီးနောက် သူမမောပန်းစွာဖြင့် ချွန်းရှောင်ကိုပြောလိုက်သည်။
“တာ၀န်ခံချွန်း သူတို့က ကျွန်မတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေပါ သူတို့ကို ကျိန်းသေပေါက် ကောင်းကောင်းဆက်ဆံရမယ်နော် ကျွန်မသူတို့ကို ဒီနေရာကို ခေါ်လာပေးရုံလေးနဲ့တင် သူတို့က ကျွန်မကို စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းပေးခဲ့တာ အဲ့တာကြောင့် သူတို့ကို လက်လွတ်စပယ် ဆက်ဆံလိုက်လို့ မဖြစ်ဘူးနော်”
“ဟမ့်” ကျိုးလင် အသာအယာပြုံးလိုက်ကာ နောက်ထပ်စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း ပစ်ပေးလိုက်ပြန်၏။ ကျောက်တုံးများက ကြမ်းပြင်ပေါ် ပြန့်ကြဲသွားခဲ့သည်။
“အခု ငါကဘယ်လိုလူမျိုးလဲဆိုတာ မင်းသိပြီလား”
“သိပါပြီ သိပါပြီ” လီချွေ့ဟွာ ခေါင်းကို အကြိမ်ကြိမ်ညိတ်ပြမိလိုက်၏။
“ကျွန်မ အမြင်ကန်းခဲ့တာပါ ကျွန်မမှားယွင်းအကဲဖြတ်ခဲ့မိတာပါ ကျေးဇူးပြုပြီး ကျွန်မကိုခွင့်လွှတ်ပေးပါ ဂုဏ်သရေရှ်ိ ဧည့်သည်တော်တို့ရှင့်”
သူတို့နောက်ရှိ ကောင်တာတွင်ရပ်နေသော ချွန်းရှောင် ဖြစ်ရပ်အားလုံးကို မြင်နေခဲ့ရသည်။
ကျိုးလင်သည် သိုး၀ကြီးတစ်ကောင်ဖြစ်မှန်း လီချွေ့ဟွာက သတိပေးနေခြင်းဖြစ်မှန်း သူမသိ၏။
သို့သော် အဇူရာတိမ်ဧည့်ဂေဟာက လီချွေ့ဟွာလို ပြုမူနေ၍ မဖြစ်ပေ။
သူတို့သည် အဇူရာတိမ်ဂိုဏ်း၏ မျက်နှာစာဖြစ်သောကြောင့် ဂိုဏ်းဂုဏ်သတင်းကို ထိခိုက်စေ၍ မဖြစ်ပေ။
ကျိုးလင်အား စာရင်းသွင်းပေးပြီးသည့်နောက်တွင် အစေခံတစ်ယောက်အား ကျိုးလင်ကို ခြံအမှတ် ၉၉ဆီလိုက်ပို့စေခဲ့သည်။
ထိုခြံ၀န်းသည် ဧည့်ဂေဟာရှိအကြီးဆုံးခြံ၀န်းဖြစ်သလို ဈေးအကြီးဆုံးနေရာလည်း ဖြစ်၏။
ကျိုးလင်ထွက်သွားပြီးသည့်နောက် လီချွေ့ဟွာ ချက်ချင်းဆိုသလို ခါးကိုပြန်မတ်လိုက်ကာ သူ့ခါးကို လက်ဖြင့်ထုနေခဲ့သည်။
“ငါ့သနားစရာကျောလေး ငါပြန်ကောင်းဖို့ ဆေးသောက်ဖို့လိုနေပြီထင်တယ် မဟုတ်ရင် ငါ့ခါးလေး ပြန်ကောင်းပါတော့မလား”
ထိုလူ့ထံမှ မုန့်ဖိုးသက်သက်ပင် သူမ စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ ရရှိခဲ့၏။
ဈေးဝယ်ထွက်တုန်းက ရရှိသည့် ကော်မရှင်ခ မပါသေးပေ။ ထိုပမာဏကလည်း နည်းနေမည် မဟုတ်ပေ။
ချွန်းရှောင် ကြမ်းပြင်ပေါ် ပြန့်ကြဲနေသော စိတ်ဝိညာဉ်ကျောက်တုံးများကိုတစ်ချက်ကြည့်ပြီးနောက် လီချွေ့ဟွာကို ပြုံး၍ ပြောလိုက်လေသည်။
“ကြည့်ရတာ ဒီနေ့တော့ ရှင်ပွပေါက်တိုးသွားပုံပဲ”
သူတို့နှစ်ယောက်သည် အသိအကျွမ်းဟောင်းများ ဖြစ်ကြ၏။
လီချွေ့ဟွာ သူမအပြုံးကြီးကို ဖုံးကွယ်မထားနိုင်ဘဲ ပြန်ပြောလိုက်သည်။
“အားလုံးက ဆရာကျန်းရဲ့သင်ပြပေးမှုတွေကြောင့်ပါပဲ ဒါက ဆရာကျန်းသင်ပေးထားတဲ့ နည်းလမ်းကိုငါပထမဆုံးအကြိမ်သုံးတာလေ အစကတော့ ငါ့ကိုသေတဲ့ထိရိုက်သတ်ပစ်လိုက်မှာကို ကြောက်နေတာ ဒါပေမယ့် ဒါကအဇူရာတိမ်မြို့ပဲလေ သူငါ့ကိုဘာလုပ်နိုင်မှာ
အဲ့တာကြောင့် နည်းလမ်းအတိုင်းလေးပဲ ဆက်သွားလိုက်တာ ဒါပေမယ့် တစ်ချိန်လုံး ခါးကိုင်းထားရတော့ ငါ့ကျောကတော့ အတော်နာနေပြီ
ပြီးမှပဲ မိုးပြာလကုန်သွယ်သမဂ္ဂကိုသွားပြီး သိုလှောင်အိတ်လေးဘာလေး၀ယ်လို့ရမလား သွားကြည့်ဦးမယ် သိုလှောင်အိတ်နဲ့ဆို ငါ့ဘ၀က အတော်လေးပိုအဆင်ပြေနေမှာပဲ”
ဆရာကျန်းဆိုသည်မှာ ဘယ်သူမှန်း ချွန်းရှောင်သိ၏။ သို့သော် ထုတ်မပြောခဲ့ပေ။
“ရှင်ကျွန်မကိုယုံရင် ရှင့်စိတ်ဝိညာဉ်ကျောက်တုံးတွေကို ဒီမှာသိမ်းထားခဲ့လို့ရတယ် နောက်ရှင်ပိုအဆင်ပြေလာတဲ့အခါမှ ပြန်လာယူပေါ့”
“ဘာမယုံစရာရှိလဲ” လီချွေ့ဟွာ ချက်ချင်းဆိုသလို စိတ်ဝိညာဉ်ကျောက်တုံးများကိုထုတ်လိုက်ကာ ကောင်တာပေါ် တင်လိုက်ပြီး သူ့အစား သိမ်းထားပေးဖို့ ပြောလိုက်သည်။
“တာ၀န်ခံချွန်းရှောင် ကျေးဇူးတင်ပါတယ် ငါငါ့ကော်မရှင်ကြေးတွေသိမ်းဖို့ စီးပွားရေးလမ်းကို ပြန်သွားရဦးမယ်”
သူမအဖော်များအား သိမ်းခိုင်းထားခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများကိုလည်း ပြန်သွားယူစရာ လိုနေသေးပေသည်။
သူမအလျင်အမြန်ပင် စီးပွားရေးလမ်းဆီ သုတ်ခြေတင်လာခဲ့၏။
ညနေရောက်ချိန်တွင် လီချွေ့ဟွာ မြို့၀င်ပေါက်ဆီ ပြန်ရောက်လာခဲ့ပြီး ယခုအခါတွင်တော့ သူ့ခါးပေါ်တွင် သိုလှောင်အိတ်တစ်လုံး ရှိနေခဲ့ချေပြီ။
သူမကိုစောင့်နေသော အခြားဧည့်လမ်းညွှန်းများ အလျင်အမြန်ပင် သူမဆီပြေးလာကြပြီး အသည်းအသန်မေးလိုက်လေသည်။
“စီနီယာ စုစုပေါင်းဘယ်လောက်ရခဲ့လဲ ဒီနေ့ပြီးရင် အနားယူတော့မှာမလား”
လီချွေ့ဟွာ သူမလက်ချောင်းများကို ဂုဏ်ယူစွာဖြန့်ပြလိုက်ပြီး ပြောလိုက်၏။
“အရမ်းမများပါဘူး ၇သောင်းကျော်လောက်ပါပဲ…”
“ဟူးး အဲ့ဒီလူဘာတွေစိတ်၀င်စားတာလဲဆိုတာကို ငါမသိဘူး သူက စီးပွားရေးလမ်းထဲရောက်တာနဲ့ ပစ္စည်းတွေ တစ်ခုပြီးတစ်ခု၀ယ်တော့တာပဲ
ငါကတစ်ခုခုကို ဈေးကြီးတယ်လို့ ပြောလိုက်တာနဲ့
သူက ၀ယ်တော့တာပဲ
သူဘာ၀ယ်တာလဲဆိုတာကို ကြည့်တောင်မကြည့်ဘူး အရူးလိုပဲ သူ့သိုလှောင်လက်စွပ်ထဲက စိတ်ဝိညာဉ်ကျောက်တုံးတွေထုတ်ပြီး ဈေးကြီးတာမှန်သမျှကို ၀ယ်ပစ်နေတာပဲ သူသုံးခဲ့တာအားလုံးပေါင်းရင် စိတ်ဝိညာဉ်ကျောက်တုံး သိန်းချီရှိလောက်တယ်
သူချမ်းသာတယ်ဆိုတာသိပေမယ့် အဲ့လောက်ကြီး ချမ်းသာမယ်လို့တော့ ငါလည်းမျှော်လင့်မထားခဲ့မိဘူး
အဲ့လောက်ချမ်းသာတဲ့လူကို ငါ့ဘ၀မှာ ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ ဟူးး လူချမ်းသာတွေနဲ့ ငါတို့ကြားမှာ ကွာဟချက်အရမ်းကြီးမားတာပဲ”
တခဏရပ်ပြီးနောက် သူမအခြားသူများကို လေးလေးနက်နက်ပြောလိုက်ပြန်သည်။
“ဆရာကျန်းသင်ပြပေးခဲ့တဲ့ နည်းလမ်းတွေက အချိန်ကိုက်အသုံးချတတ်ဖို့လိုတယ် သုံးချင်တိုင်းသုံးလို့ရတယ် အဲ့တာတွေကို သုံးချင်တိုင်းသုံးလိုက်ရင် ပြဿနာတက်သွားနိုင်တယ်
ဒီနေရာက အဇူရာတိမ်မြို့ဆိုတော့ နင်တို့ အရိုက်ခံရမှာ အသတ်ခံရမှာတော့ မဟုတ်ဘူး
ဒါပေမယ့် သူတို့က ငါတို့၀န်ဆောင်မှုအကြောင်းစောဒက တက်လာကြရင် ပြဿနာတက်သွားနိုင်တယ်
ဒီအလုပ်ကိုရဖို့ကလွယ်တာမဟုတ်ဘူးနော် အားလုံးပဲ ဂရုစိုက်ကြပါ
ငါ့ကို စိတ်ဝိညာဉ်ကျောက်တုံးတွေ ကူသိမ်းထားပေးလို့ ကျေးဇူးတင်ပါတယ် ငါ ၉၀၀၀ ပဲပြန်ယူတော့မယ် ကျန်တာကို နင်တို့တွေ ခွဲယူလိုက်ကြ”
ပြောပြီးသည့်နောက် သူမစိတ်ဝိညာဉ်ကျောက်တုံးများကိုယူကာ အရိပ်အယောင်တောင်မကျန်အောင် ပျောက်ကွယ်သွားခဲ့၏။
အဇူရာတိမ်ဂိုဏ်းတွင်
ချွန်းရှောင် ကျန်းယန်အား ကျိုးလင်ရောက်ရှိနေကြောင်း သတင်းပို့ပေးခဲ့သည်။
“ကျိုးလင်ရောက်နေပြီလား” ကျန်းယန် စိတ်၀င်စားသွားသော အမူအရာဖြင့် မေးလိုက်၏။
“သူဂိုဏ်းဆီဘယ်တော့လောက်လာမယ် ပြောလဲ”
“သူက အဇူရာတိမ်ဂိုဏ်းဆီ လာမယ်လို့ ပြောမသွားပါဘူး” ချွန်းရှောင် ပြန်ပြောလိုက်သည်။
“စိတ်၀င်စားစရာပဲ” ကျန်းယန် မျက်မှောင်အနည်းငယ်ကြုံ့သွားကာ ကျိုးလင်ဆီက ရနုိင်သမျှကို ဘယ်လိုခွာယူရမလဲ တွေးနေခဲ့၏။
အတန်ကြာတွေးပြီးနောက် ကျန်းယန်ပြုံးလိုက်ပြီး ချွန်းရှောင်ကို ပြောလိုက်သည်။
“မနက်ဖြန်ကျရင် ငါကကောင်းကင်သူရဲကောင်းတိုက်ပွဲပြီးကတည်းက မတွေ့ရတော့တာဆိုတော့ သူ့ကိုအရမ်းလွမ်းနေလို့ တောင်ပေါ်ကို စကားစမြည်ပြောရအောင် ဖိတ်ခေါ်လိုက်ပါတယ်လို့ သွားပြောလိုက်”
အခုလို သူ့ဆီတည့်တည့်ရောက်ရှိလာသော သူကို သူဧည့်မခံလို့ ဘယ်ဖြစ်ပါမည်နည်း။