နှင်းနယ်မြေကုန်သွယ်လမ်းကြောင်းကို ဖွင့်လှစ်ခြင်း
Vol. 31 Ch. 323
“မင်းညစ်တယ် မမျှတဘူး” လန်ချင်းဖုန်း ဒေါသတကြီး အော်ပြောလိုက်၏။
“ငါတို့လက်နက်တွေမသုံးဖို့ သဘောတူထားတယ်လေ ဒါပေမယ့် မင်းသုံးခဲ့တယ် ဘယ်လောက်တောင်အရှက်မဲ့လိုက်လဲ”
ကျန်းယန်လည်း သတိပြန်၀င်လာခဲ့ပြီး ရှုပ်ထွေးသွားခဲ့သည်။
“မင်းက ငါ့ဝိညာဉ်ကို တိုက်ခိုက်ခဲ့တာလား ငါ့မှာ ဝိညာဉ်ငြိမ်းအေးအလံရှိတာ မင်းမမြင်ဘူးလား”
သူသည် လန်ချင်းဖုန်း၏ ကြောက်မက်ဖွယ် အရှိန်အဝါထဲ ကျရှုံးသွားခဲ့ရခြင်းဖြစ်ပြီး နတ်ဝိညာဉ်အဆင့်တစ်ယောက်၏ ဝိညာဉ်တိုက်ခိုက်မှုကို သူမခုခံနိုင်ခဲ့ပေ။ ထို့ကြောင့် ဝိညာဉ်ငြိမ်းအေးအလံက သူ့ကို အလိုအလျောက်ကာကွယ်ပေးခဲ့ခြင်းဖြစ်ပြီး ထိုအလံကြောင့် လန်ချင်းဖုန်း၏ဝိညာဉ်ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်သည် ။
လန်ချင်းဖုန်း ဆေးလုံးများထုတ်ကာ သောက်လိုက်ပြီး ကျန်းယန်ကို မကျေနပ်ဟန်ဖြင့် ကြည့်ရှုနေခဲ့၏။
ကျန်းယန် ပြုံးလိုက်ကာ
“ငါဘာလက်နက်မှမသုံးခဲ့ဘူးနော် မင်းဟာမင်းအတင်း၀င်လာတာ မင်းတိုက်ကွက်က အားကောင်းတာကို ငါ၀န်ခံပါတယ် ငါတစ်ယောက်တည်းသာဆို အဲ့ဒီတိုက်ကွက်ကို ခုခံနိုင်မှာမဟုတ်ဘူး” သို့သော် သူ့တွင် ထိုတိုက်ကွက်ကို တန်ပြန်ရန် တစ္ဆေသက်ပြင်းလိုတိုက်ကွက်မျိုး ရှိနေသေးတာကိုတော့ သူထုတ်မပြောခဲ့ပေ။
လန်ချင်းဖုန်း နှာခေါင်းရှုံ့လိုက်၏။ သူ့အမြင်တွင် သူ့ရှုံးနိမ့်ရမှုက ထိုအလံကြောင့်သာ ဖြစ်သည်။ ဘယ်လိုလူတွင် ထိုမျှများပြားသော စိတ်ဝိညာဉ်လက်နက်များ ရှိနေရပါသနည်း။
ကျန်းယန် သူ့ကိုအေးအေးချမ်းချမ်း ကုသခွင့် ပေးထားခဲ့သည်။ ဝိညာဉ်ငြိမ်းအေးအလံကြောင့် ထိခိုက်ခဲ့ရသော ဒဏ်ရာများက သာမန်တော့မဟုတ်ပေ။ ထိုဒဏ်ရာကြောင့် သူ့ရှားပါးဆေးလုံးများကို ထုတ်သောက်လိုက်ရသောကြောင့် သူဒေါသထွက်နေခဲ့၏။
အချိန်ခဏကြာပြီးနောက် လန်ချင်းဖုန်း ပြန်ကောင်းသွားခဲ့သည်။ ထို့နောက် သူထရပ်လိုက်ကာ ဒေါသတကြီးပြောလိုက်၏။
“မင်းနဲ့ ထပ်မတိုက်ခိုက်တော့ဘူး မင်းနဲ့ယှဉ်ပြိုင်ရတာက ဘာအဓိပ္ပာယ်မှ ရှိမနေဘူး”
ကျန်းယန် မျက်လုံးလှန်ကြည့်လိုက်ကာ
“မင်းက နတ်ဝိညာဉ်အဆင့်လေ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ကိုလာတိုက်ခိုက်နေပြီး ဒါမျိုး ပြောရလား ဒါမှမဟုတ် ငါ့အစား မင်းနိုင်အောင်လို့ အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက်လောက် ပို့ပေးရမလား”
“ဟမ့်” လန်ချင်းဖုန်း နှာခေါင်းရှုံ့လိုက်သည်။
“စိတ်ဝိညာဉ်အားဖြည့်ဆေးတစ်လုံးက ဘယ်လောက်ဈေးကြီးလဲ မင်းသိလား မင်းငါ့ကို ဆေးတစ်လုံး အကြွေးတင်သွားပြီ”
ကျန်းယန် ခပ်ဟဟရယ်မောလိုက်၏။
“ကောင်းပြီလေ ငါမင်းကို ဆေးလုံးပြန်ပေးမယ် ဒါပေမယ့် အခြေအနေတစ်ခုတော့ ရှိတယ် မင်းတို့မဟာနှင်းတောင်ဂိုဏ်းက ငါတို့နဲ့လက်တွဲရမယ်”
“အိပ်မက်မက်နေလိုက်” လန်ချင်းဖုန်း ဆက်ပြောလိုက်သည်။
“ငါကဂိုဏ်းထဲမှာ အဆင့်နည်းနည်းတော့ရှိတယ် ဒါပေမယ့် ငါ့ဂိုဏ်းထဲက ဘယ်သူမှ မင်းတို့နဲ့မပူးပေါင်းချင်ကြဘူး ပြီးတော့ မင်းတို့က လန်ကျားအထွတ်အမြတ်မြေနဲ့ ပူးပေါင်းထားပြီးသား မဟုတ်လား”
ကျန်းယန် သူ့စကားကိုလျစ်လျူရှုထားလိုက်ပြီး လန်ချင်းဖုန်းကို သူ့ဗီလာဆီ ဖိတ်ခေါ်ခဲ့၏။
ဗီလာထဲရောက်သောအခါ လန်ချင်းဖုန်းမျက်လုံးများ တောက်ပသွားခဲ့သည်။
“ဒီနေရာက အဇူရာတိမ်ဧည့်ဂေဟာထက် ကောင်းတာပဲ ဒီနေရာကို ဧည့်ဂေဟာဆောက်ပြီးမှ ထပ်ဆောက်ထားတာလား”
“မင်းမှားသွားပြီ” ကျန်းယန် ထိုင်ဖို့လက်ဟန်ပြလိုက်ပြီး ပြောလိုက်၏။
“မဟာမိတ်ဖွဲ့တယ်ဆိုတာ နှစ်ဖက်လုံးအကျိုးရှိဖို့ အတွက်ပါပဲ မင်းတို့က မိစ္ဆာတွေကိုမကြောက်သလို ငါတို့နဲ့ လာရှုပ်ရမှာကိုလည်း မကြောက်ဘူး ပြီးတော့ ငါတို့ကလည်း မင်းတို့ရဲ့ ခြိမ်းခြောက်မှုကို မကြောက်ဘူး အဲ့တာက ကောင်းတဲ့အရာပဲ မဟုတ်ဘူးလား”
လန်ချင်းဖုန်း ခေါင်းယမ်းလိုက်သည်။
“ငါအဲ့တာကို ဆုံးဖြတ်မပေးနိုင်ဘူး အရိုးသားဆုံးပြောရရင် ငါ့မှာ အဇူရာတိမ်ဂိုဏ်းကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက် မရှ်ိဘူး မင်းသာနှစ်တစ်ထောင်စောင့်နိုင်ရင် အဲ့ဒီအချိန်ကျ ငါမဟာနှင်းတောင်ဂိုဏ်းကို ဦးဆောင်ပြီး မင်းတို့နဲ့ ပူးပေါင်းမှာ ဒါပေမယ့် ဘယ်သူက အဲ့လောက်စိတ်ရှည်နိုင်မှာလဲ”
ကျန်းယန် မျက်လုံးလှန်ကြည့်လိုက်ကာ
“မင်းမဆုံးဖြတ်နိုင်ဘူး ဆိုရင်တောင် အနည်းဆုံးတော့ ငါတို့ကုန်သွယ်လို့ရတာပဲ မဟုတ်လား မင်းတို့ မဟာနှင်းတောင်ဂိုဏ်းမှာ ငါတို့လိုချင်တဲ့အရာတွေရှိသလို ငါတို့မှာလည်း မင်းတို့လိုချင်တာတွေရှိတယ် ကုန်သွယ်ခြင်းကနေ ငါတို့နှစ်ဖက်လုံး အကျိုးရှိလိမ့်မယ် ဒါပေါ့ ဒါက မင်းအာဏာအတွင်းမှာပဲ ရှိတယ်မဟုတ်လား”
သူလန်ချင်းဖုန်းကိုကောင်းကောင်းဆက်ဆံရခြင်းမှာ လန်ချင်းဖုန်း၏ စိတ်နေသဘောထားကို သဘောကျ၍ဖြစ်သလို မဟာနှင်းတောင်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့လို၍ လည်းဖြစ်၏။
လန်ချင်းဖုန်းမျက်မှောင်ကြုံ့လိုက်ပြီး လေးလေးနက်နက်ေတွးလိူက်သည်။
“ငါ့ဂိုဏ်းအတွက်တော့ ကတိမပေးနိုင်ဘူး ဂိုဏ်းထဲမှာ အဇူရာတိမ်ဂိုဏ်းကို မကြည်ဖြူတဲ့သူတွေအများကြီး ရှိနေတုန်းပဲ ဒါပေမယ့် ငါ့လက်အောက်ခံဂိုဏ်းတစ်ဂိုဏ်းတော့ရှိတယ် နှင်းနတ်ဘုရားနန်းတော်တဲ့ ငါသူတို့ကို မင်းတို့နဲ့ ကုန်သွယ်ဖို့ အမိန့်ပေးလိုက်မယ်”
ကျန်းယန် အားရပါးရ ခေါင်းငြိမ့်ပြလိုက်ကာ
“အရမ်းကောင်းတယ် မင်းနဲ့လေ့ကျင့်ပေးရတာ တန်သွားပြီ”
လန်ချင်းဖုန်း ဒေါသထွက်သွားခဲ့သည်။
“ငါ့ကိုလာမဆွနဲ့နော် ငါစိတ်ပြောင်းသွားတော့မှာ”
ကျန်းယန် ပြုံးလိုက်၏။
“ဒီကုန်သွယ်မှုကို စတင်တဲ့အနေနဲ့ ငါတို့ဂိုဏ်းရဲ့ခွန်အားကို အရင်ပြရတာပေါ့ ရော့ဒီမှာ ငါတို့ဂိုဏ်းက သန့်စင်ထားတဲ့ စိတ်ဝိညာဉ်အားဖြည့်ဆေး”
သူဆေးတစ်လုံးထုတ်လိုက်ပြီး လန်ချင်းဖုန်းကို ပေးလိုက်သည်။
ထို့နောက် လန်ချင်းဖုန်း အလွန်အံ့အားသင့်သွားဟန်ဖြင့် ပြန်ပြောလိုက်၏။
“ဘယ်လိုဖြစ်လို့ မင်းတို့ဂိုဏ်းက စိတ်ဝိညာဉ်အားဖြည့်ဆေးက ဒီလောက်အစွမ်းထက်နေရတာလဲ”
ကျန်းယန် ရှင်းပြလိုက်သည်။
“ငါတို့သုံးတဲ့ ကုန်ကြမ်းတွေက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကရတဲ့ ကုန်ကြမ်းတွေလေ အဲ့တာတွေက မင်းတို့ကုန်ကြမ်းတွေထက် ပိုကောင်းတယ် ပြီးတော့ ဒီဆေးလုံးမှာ နှစ်သုံးထောင်သက်တမ်းရှိတဲ့ ကုန်ကြမ်းတွေလည်းပါတယ် အဲ့တာကြောင့် ဆေးစွမ်းက အံ့မခန်းဖြစ်နေတာ”
သူတို့ မဟာမိတ်လမ်းကြောင်းကို ဖြောင့်ဖြူးစေချင်၍သာ ကျန်းယန် ထိုမျှတန်ဖိုးကြီးသော ဆေးလုံးမျိုးကို ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ လန်ချင်းဖုန်းကတော့ ကျန်းယန်ပြောသော နှစ်သုံးထောင်သက်တမ်းဆိုသည်ကို ရှားပါးသော ဆေးပင်များကိုတင်စားခြင်းဟုသာ ထင်နေပြီး တကယ်ဟု မယုံခဲ့ပေ။
သူကျန်းယန်ကိုတစ်ချက်ပြန်ကြည့်ကာ ပြောလိုက်၏။
“ဆိုတော့ ဒါတွေက မင်းငါတို့တပည့်တွေကိုသတ်ပြီး သိမး်သွားတဲ့ ဟာတွေပေါ့”
ကျန်းယန် ပြန်ထောက်လိုက်သည်။
“မင်းတို့ရော ဒါမျိုးမလုပ်ခဲ့လို့လား”
လန်ချင်းဖုန်း သူ့စကားကိုလျစ်လျူရှုထားလိုက်ပြီး လေးလေးနက်နက်ခေါင်းငြိမ့်ပြလိုက်သည်။
“နှင်းနယ်မြေပြန်ရောက်ရင် ငါနှင်းနတ်ဘုရားနန်းတော်ကို မင်းတို့နဲ့ ကုန်သွယ်ဖို့ အမိန့်ပေးလိုက်မယ် သူတို့မှာ မင်းတို့လိုတာတစ်ခုခုမရှိရင်တော့ ငါကူဖြည့်ပေးမယ်”
ကျေနပ်သွားသော ကျန်းယန် ခေါင်းငြိမ့်ပြလိုက်၏။
“သဘောတူတယ် စကားမစပ် ငါမကြာခင်အဇူရာတိမ်သတင်းစာအသစ် ထုတ်ဝေတော့မှာ အဲ့ဒီထဲမှာ ဂိုဏ်းအားလုံးကို စစ်ရေးပြပွဲကိုလာရောက်ဖို့ ဖိတ်ခေါ်စာပါမှာ မင်းပြန်ရင် အဲ့ဒီသတင်းစာပါ ယူသွား”