← Chapters

မဟာနှင်းတောင်ဂိုဏ်း၏ သဘောထား

Vol. 31 Ch. 324

မဟာနှင်းတောင်ဂိုဏ်း၏ သဘောထား

Vol. 31 Ch. 324

အသစ်ထွက် အဇူရာတိမ်သတင်းစာသည် အကြောင်းအရာတစ်ခုတည်းကိုသာ အလေးထားဖော်ပြထားသော သတင်းစာဖြစ်ခဲ့ပြီး စာမျက်နှာတိုင်းတွင် စစ်ရေးပြနေပုံများသာပါ၀င်ခဲ့ပြီး မည်သည့်အလှပုံမှပင် မပါ၀င်ခဲ့ပေ။

လန်ချင်းဖုန်း ဖိတ်ကြားချက်ပါ သတင်းစာကိုသူ့ဘေးက သက်လတ်ပိုင်းအရွယ်လူလက်ထဲထည့်လိုက်ပြီး လေးလေးနက်နက်ပြောခဲ့၏။

“ဦးလေး ကျေးဇူးပြုပြီး ဒါကိုဂိုဏ်းဆီပြန်ယူသွားပေးပါ ကျွန်တော်တို့ ဒီစစ်ရေးပြပွဲကို တက်ရောက်သင့်လား ဒါမှမဟုတ် အခြားအစီအစဉ်တွေရှိသေးလားဆိုတာပါ မေးခဲ့ပေးပါ

ပြီးတော့ ကျွန်တော်ကျန်းယန်နဲ့ဂိုဏ်းထဲမှာ ယှဉ်ပြိုင်ခဲ့တယ် အဲ့ဒီတိုက်ပွဲအပြီးမှာ သူတို့က သာမန်ထက်ပိုပြီး အာနိသင်ကောင်းတဲ့ စိတ်ဝိညာဉ်အားဖြည့်ဆေးတစ်မျိုးကို ထုတ်ပြခဲ့တယ် သူတို့တွေ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲကနေ အကျိုးအမြတ်တွေအများကြီးရခဲ့တာ ထင်ရှားနေတယ် အဲ့ဒီဆေးလုံးတွေက ကုန်သွယ်ဖို့လည်း ထိုက်တန်တယ်

ကျွန်တော်ကတော့ အဇူရာတိမ်ဂိုဏ်းနဲ့ ကုန်သွယ်နိုင်ဖို့ မျှော်လင့်တယ် ဦးလေး နှင်းနယ်မြေကို ပြန်ရောက်ရင် နှင်းနတ်ဘုရားနန်းတော်ကိုတစ်ချက်သွားပြီး သူတို့နဲ့ကုန်သွယ်ဖို့အတွက် ဒီကို ဆွေးနွေးဖို့တစ်ယောက်ယောက် လွှတ်လိုက်ဖို့ ပြောလိုက်ပါ ကျွန်တော့်ကို စိတ်မပူနဲ့ အဇူရာတိမ်မြို့မှာ တိုက်ခိုက်တာကို တားမြစ်ထားတယ် ပြီးတော့ ကျွန်တော်က နတ်ဝိညာဉ်အဆင့် ကျွန်တော့်ကို လွယ်လွယ် အန္တရာယ်ပေးနိုင်မှာမဟုတ်ဘူး”

မဟာနှင်းတောင်ဂိုဏ်းမှ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ခေါင်းငြိမ့်ပြလိုက်ပြီး ချက်ချင်းဆိုသလို နှင်းနယ်မြေဆီ ပြန်သွားခဲ့၏။ သူသည် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ဖြစ်သော်လည်း သူ့အလားအလာက ကုန်ဆုံးနေခဲ့ချေပြီ။ လန်ချင်းဖုန်းကတော့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ထိ ရောက်နိုင်သူဖြစ်သောကြောင့် ဂိုဏ်းထဲတွင် သူ့အဆင့်အတန်းက တာအိုပေါင်းစည်းခြင်းအဆင့် အချို့ထက်ပင် ပိုမြင့်ပေသည်။

ထို့နောက် လန်ချင်းဖုန်း အဇူရာတိမ်ပြတိုက်ဆီ ရောက်ရှိလာခဲ့၏။ သူသည် အဇူရာတိမ်မြို့တွင် နေရဦးမည် ဖြစ်သောကြောင့် ထိုကာလအတွင်း ပြတိုက်ကို လေ့လာပြီး မြို့ဟောင်းဆီ သွားကြည့်သင့်ပေသည်။

သူ စာရင်းပေးနေသော ကျိုးလင်တို့အဖွဲ့ကိုတွေ့သောအခါ ပြုံးလိုက်မိသည်။ ကြည့်ရသည်မှာ ဤမြို့ထဲတွင် ဘယ်သူမှ ဂိုဏ်း၏စည်းကမ်းများကို လွန်ဆန်၍ရပုံ‌မပေါ်ပေ။ လူတိုင်းက ဂိုဏ်း၏စီစဉ်ပေးမှုအတိုင်းလိုက်နာကြရသည်။ နောက်ဆုံးတွင် အားလုံးက ၀င်္ကပါထဲ၀င်ရောက်လိုသူ မိစ္ဆာများကို ကြည့်ရှုလိုသူများသာ မဟုတ်ပါလော။

ကျိုးလင်လည်းလန်ချင်းဖုန်းကို တွေ့သွားပြီးနောက် သူတို့နှစ်ယောက် ဤမြို့နှင့်ပတ်သက်သော အတွေ့အကြုံများကိုဖလှယ်ခဲ့ကြ၏။ ကျိုးလင်က သူ့ကို မြို့ပြင်တွင် စိန်ခေါ်ပွဲတစ်ပွဲနွှဲဖို့တောင် စိန်ခေါ်ခဲ့ပြီး သူကတော့ ငြင်းဆန်ခဲ့သည်။ အနီးတွင် ကာကွယ်သူမရှိချိန်၌ ဂရုစိုက်ခြင်းက ပိုကောင်းပေသည်။

ထိုအချိန်တွင် အဇူရာတိမ်ဂိုဏ်းက ပိုပိုပြီး စည်းကားလာခဲ့၏။ ကျန်းယန်က ကျိုးလင်ရောက်ရှိလာသော သတင်းကိုလွှင့်ခဲ့ပြီးနောက် မြို့ထဲ၀င်ရောက်လာသူများ ပိုမိုများပြားလာခဲ့ပြီး မြို့အ၀င်၀ရှိ လူတန်းကလည်း ပိုရှည်လာခဲ့၏။

“ဆရာ မနက်ဖြန်အလည်လာမယ့် သူတွေက အများကြီးပဲ” ချွန်းရှောင် ကျန်းယန်ကိုပြောလိုက်သည်။

“စန်းစုန့်နဲ့ ချင်းရှု‌တို့ကိုတွေ့ဖို့ဆိုပြီး လာလည်တဲ့ ကျိရှုနဲ့ကုန်းရှုတို့လည်း ရှိတယ် ပြီးတော့ ပင်လယ်ကောင်းကင်မျှော်စင်ကလူကလည်း တကိုယ်တော်တွေ့ဆုံချင်ပါတယ်တဲ့ ကွေ့ယွမ်ဘုရားကျောင်းက ‌ေဟွ့ကျင်းကတော့ ဘုရားကျောင်းကိုယ်စားပြုလာတာ နှင်းနယ်မြေက ပါချင်းယန်နဲ့ ရှန်ယိဟောက်တို့လည်း ရှိသေးတယ် အခြား ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေနဲ့ ဂိုဏ်းသေးလေးတွေကလည်း တွေ့ခွင့်တောင်းထားကြတယ်”

ကျန်းယန် စာရင်းကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ညွှန်ကြားလိုက်၏။

“မနက်ဖြန်မနက် နှင်းနယ်မြေက မြူနှင်းဂိုဏ်းနဲ့တွေ့ဆုံမယ် နေ့လည်ကျရင်တော့ ကျိရှုနဲ့ကုန်းရှုတို့နဲ့ တွေ့မယ်”

ဘုရားကျောင်းကိုယ်စားပြုကာ လာခဲ့သော ဟွေ့ကျင်း၏ ရည်ရွယ်ချက်ကို ကျန်းယန်ကောင်းကောင်းကြီး သိပေသည်။ ထို့ကြောင့် မတွေ့သေးခြင်း ဖြစ်၏။ စန်းစုန့်နှင့်ချင်းရှုတို့ကို လာတွေ့သော ကျိရှုနှင့်ကုန်းရှုတို့ကတော့ သူတို့ကို‌ဆွဲဆောင်ပြီး မဟာမိတ်ဖွဲ့ဖို့ သိမ်းသွင်း၍ ရနိုင်ချေရှိနေသေးသည်။

“ကျွန်မစီစဉ်လိုက်ပါ့မယ် မနက်ဖြန် သူတို့တောင်ပေါ်တက်လာကြပါလိမ့်မယ်” ချင်းရှု ပြောလိုက်၏။

“ဆရာ အဇူရာတိမ်ဧည့်ဂေဟာကို လာတဲ့လူတွေက ပိုပိုများလာပြီ ဒီနှုန်းနဲ့ဆိုရင် အခန်းတွေ လောက်တော့မှာ မဟုတ်ဘူး”

ကျိုးလင်နှင့်လန်ချင်းဖုန်းလိုလူများသည် သီးသန့်နေလိုကြသူများဖြစ်ပြီး ကုန်ကျစရိတ်ကို ဂရုစိုက်မည့်လူများ မဟုတ်ကြပေ။

ကျန်းယန် မျက်မှောင်ကြုံ့လိုက်မိသည်။

“ပြဿနာမရှ်ိဘူး ဧည့်ဂေဟာက အရင်လာတဲ့သူတွေကိုပဲ လက်ခံလိုက် နောက်မှလာတဲ့သူတွေကိုတော့ သာမန်တည်းခိုခန်းတွေပဲ ပေးလိုက်” ချွန်းရှောင်ခေါင်းငြိမ့်ပြလိုက်ပြီးနောက် စီစဉ်ဖို့ ထွက်သွားခဲ့လေ၏။

နောက်ရက်တွင် ပါချင်းယန်နှင့်ရှန်ယိဟောက်တို့ တောင်ပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။ ရှန်ယိဟောက်သည် ဤတစ်ခေါက်တွင် အတော်လေးတက်ကြွနေခဲ့၏။ အခြားဂိုဏ်းများအပြင် လန်ချင်းဖုန်းပါရှိနေသောကြောင့် သူတို့မြုနှင်းဂိုဏ်း၏ ရောက်ရှိမှုက သတိထားစရာ ဖြစ်မနေတော့ပေ။

“စီနီယာရှန် ညီကိုပါ ကြိုဆိုပါတယ်” ကျန်းယန် မည်သည့် ဓာတ်ပုံဆရာများ အခမ်းအနားများကိုမှ မသုံးဘဲ နွေးထွေးစွာ ကြိုဆိုလိုက်၏။

ပါချင်းယန်လည်း လေးလေးစားစား ဦးညွတ်လိုက်ကာ

“ညီကိုကျန်း နှောင့်နှေးသွားခဲ့မိလို့ တောင်းပန်ပါတယ် ငါတို့ဂိုဏ်းက သေးငယ်တော့ အခြားသူတွေရဲ့ အမြင်တွေကိုလည်း ထည့်တွက်ရသေးတယ်လေ”

ရှန်ယိဟောက်လည်း ၀င်ပြောလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းက မြူနှင်းဂိုဏ်းကို အများကြီးကူညီပေးခဲ့တာကို မြူနှင်းဂိုဏ်းက အမြဲအမှတ်ရနေမှာပါ ကံဆိုးစွာနဲ့ ငါတို့ဂိုဏ်းရဲ့ အကြပ်အတည်းတွေကြောင့် ဒီတစ်ခေါက်တော့ ရေခဲမြက် ဆယ်ပင် ဆယ်ကျန်းကျော်ရှည်လျားတဲ့ နှစ်တစ်ထောင်ရေခဲပိုးချည် ဆယ်မျှင် ပြီးတော့ အခြားရှားပါးတဲ့ ပစ္စည်းတွေရောပေါ့ အဲ့တာတွေကို အခြားအသုံး၀င်တာတွေနဲ့ လဲလှယ်နိုင်ဖို့ ငါတို့ မျှော်လင့်ပါတယ်”

ကျန်းယန် ကျေနပ်သွားခဲ့၏။ ထိုအရာများက သူမြူနှင်းဂိုဏ်းဆီက လိုချင်နေသော အရာများသာ ဖြသ်သည်။

ရှန်ယိဟောက် ဆက်ပြောလိုက်၏။

“စစ်မှန်တဲ့မဟာမိတ်တွေဖြစ်လာဖို့တော့ ငါတို့တွေ စောင့်ရဦးမယ် နှင်းနယ်မြေကမဟာနှင်းတောင်တန်းကို အရမ်းလေးစားရတယ် အဲ့တာကြောင့် ငါတို့တွေ အလောတကြီးတော့ မဆုံးဖြတ်ရဲသေးဘူး”

“ကျွန်တော် မြူနှင်းဂိုဏ်းရဲ့အခြေအနေကို နားလည်ပါတယ်” ကျန်းယန် သာမန်အတိုင်း ပြန်ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး ကုန်သွယ်ရေးကိုပဲ ဆက်လုပ်ကြတာပေါ့ အချိန်ကျလာတဲ့အခါ ကျွန်တော်တို့ ဆက်ဆံရေးတွေက ပိုပြီးခိုင်မာလာမှာပါ”

သူမြူနှင်းဂိုဏ်းကို တွန်းအားပေးလို့တော့ မဖြစ်ပေ။ စစ်မှန်သော မဟာမိတ်ဆိုသည်မှာ အတင်းအကြပ်တွန်းအားပေး၍ ဖြစ်လာနိုင်သော အရာ မဟုတ်ပေ။

ကျန်းယန် မြူနှင်းဂိုဏ်းကိုလည်း စစ်ရေးပြပွဲတက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့၏။သို့သော် ရှန်ယိဟောက်က ပစ္စည်းများကိုပြန်ပို့ရဦးမည်ဖြစ်သောကြောင့် ပြန်သွားခဲ့ပြီး ပါချင်းယန်ကိုသာ မြို့ထဲတွင် ထားရစ်ခဲ့သည်။ မြူနှင်းဂိုဏ်း စစ်ရေးပြပွဲကို တက်ရောက် မတက်ရောက်က မဟာနှင်းတောင်ဂိုဏ်းပေါ် မူတည်နေပေသည်။

မြူနှင်းဂိုဏ်းလို ဂိုဏ်းငယ်လေးများအဖို့ ဂိုဏ်းကြီးများကို ဆန့်ကျင်ပြီး လွတ်လပ်စွာ ရပ်တည်ဖို့က မလွယ်လှပေ။

All Chapters