ကမ္ဘာခြားမှ မိစ္ဆာများ
Vol. 31 Ch. 326
ချီလန် ကျန်းယန်ကိုစိုက်ကြည့်နေခဲ့ပြီး မိစ္ဆာကပ်ဘေးက မပြီးသေးဘူးဟူသောစကားကြောင့် တုန်လှုပ်သွားခဲ့သည်။
တကယ်တော့ မိစ္ဆာများ မသေသေးသရွေ့ မိစ္ဆာကပ်ဘေးက မပြီးနိုင်ပေ။ ထိုကပ်ဘေးက အဇူရာတိမ်ဂိုဏ်းအတွင်းပိုင်းထဲတွင်သာ ဖြစ်ပွားနေ၍သာ ဘယ်သူမှမသိခဲ့ကြခြင်း ဖြစ်၏။
ကျန်းယန် သက်ပြင်းချလိုက်သည်။
“ငါဂိုဏ်းပေါင်းများစွာကို ကပ်ဘေးအတွက် ပြင်ဆင်ထားဖို့ သတိပေးခဲ့တယ် ဒါပေမယ့် သူတို့က ငါ့ကိုမယုံခဲ့ဘူး ငါတို့က ချဲ့ကားပြောနေတာလို့ပဲ ထင်နေကြတာ သတိပေးရမယ့်ကိစ္စကိုတော့ သတိပေးပြီးသွားပြီ မယုံရင်တော့ အကျိုးဆက်ကို သူတို့ပဲ ခံရမှာပဲ ငါတို့အတွက်ကတော့ ငါတို့က မိစ္ဆာတွေနဲ့ မဟာမိတ်ဖွဲ့ထားတာဆိုတော့ ကပ်ဘေးက ငါတို့အတွက် ခြိမ်းခြောက်မှုနည်းနည်းပဲ ရှိမှာ အခြားသူတွေအတွက်ကတော့….မသေချာဘူး”
ချီလန်တွန့်ဆုတ်သွားခဲ့သည်။ သူ့နားလည်ထားမှုအရ မိစ္ဆာများနှင့် အဇူရာတိမ်ဂိုဏ်းက ကမ္ဘာ့ရန်များ ဖြစ်ကြသည်။ အဘယ်ကြောင့် မိစ္ဆာများက အဇူရာတိမ်ဂိုဏ်းကို ကူညီနေရပါသနည်း။
ကျန်းယန် ဆက်ရှင်းမပြတော့ပေ။ သတင်းအချက်အလက်ဆိုသည်မှာ တစ်၀က်မှန် တစ်၀က်မှားထားခြင်းကသာ အကောင်းဆုံးဖြစ်ပြီး ဒါမှသာ အခြားဂိုဏ်းများ ဘာလုပ်ရမလဲ အတိအကျမသိ ဖြစ်သွားပေလိမ့်မည်။ တကယ်တော့ သူလည်း မိစ္ဆာအရှင်က မိစ္ဆာများ ထပ်လွှတ်မလွှတ်ကို သေချာမသိပေ။ သို့သော် မိစ္ဆာများမျက်လုံးထဲတွင် သူသည် မိစ္ဆာများထဲမှ တစ်ယောက်ဖြစ်၏။ ထိုသရုပ်မှန်ကြောင့် မိစ္ဆာကပ်ဘေးကျရောက်လာလျှင် သူအဇူရာတိမ်ဂိုဏ်းကို ကာကွယ်ပေးကောင်း ပေးနိုင်ပေလိမ့်မည်။
ကုန်သွယ်ရေးကိစ္စကို စီစဉ်ပြီးနောက် ကျန်းယန် ချီလန်အား စစ်ရေးပြပွဲဆီတက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး အဇူရာတိမ်မြို့ဆီ ပြန်လိုက်ပို့ခဲ့သည်။
ထို့နောက် ကျန်းယန် ဘယ်သူနဲ့မှ မတွေ့တော့ပေ။ ဟွေ့ကျင်းကတော့ အဇူရာတိမ်မြို့တွင် စောင့်နေခဲ့ပြီး မေ့ချင်ယောင်ဆောင်ခံ နေခဲ့ရ၏။ ဟွာကျင်းကလည်း ထိုကိစ္စကို စိတ်ထဲမထားဟန်ဖြင့် အချိန်အများစုတွင် အခန်းထဲ၌သာ တရားထိုင်နေပြီး ဘာစောဒကမှ မတက်ခဲ့ပေ။
“စစ်ရေးပြပွဲစဖို့ ရက် ၅၀ ပဲလိုတော့တယ် အကြောင်းထူးလား” ကျန်းယန် လက်နက်သန့်စင်တောင်ထွတ်ဆီ ရောက်ရှိလာခဲ့ကာ အချင်း ၂ကျန်းခန့်ရှိေသာ စက်ဝိုင်းပုံ ကိရိယာတစ်ခုကို ဝိုင်းပတ်ကာ ရပ်နေကြသော ဟော်လင်းကျိ ဟွာလင်းကျိ ပိလင်းကျိ ချင်းရှု တို့ကို မေးလိုက်၏။
ဟော်လင်းကျိ လက်ညိုးထိုးပြလိူက်သည်။
“မင်းရောက်လာတာ အချိန်ကိုက်ပဲ ငါတို့ပြီးတော့မှာ ဒါပေမယ့် နောက်ဆုံးအဆင့်က နည်းနည်းပညာသားပါနေတယ် ငါတို့မှာ ယုံကြည်ချက် ၆၀ ရာခိုင်နှုန်းပဲရှိတယ် ကျရှုံးသွားရင် လက်နက်သန့်စင်တောင်ထွတ် တစ်၀က်လောက် ပျက်ဆီးသွားလိမ့်မယ်”
ကျန်းယန် လောလိုက်၏။
“ဒါဆို လုပ်တော့လေ ၆၀ရာခိုင်နှုန်းက များတောင်နေပါပြီ ဆရာဦးလေးတို့ အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ပြီးသားပဲ မဟုတ်လား”
“၇ကြိမ် ၈ကြိမ်တည်းစမ်းသပ်ထားတာပါ” ဟွာလင်းကျိပြန်ပြောလိုက်သည်။
“တကယ်လို့ ပေါက်ကွဲသွားရင် လက်နက်သန့်စင်တောင်ထွတ်တစ်၀က်နဲ့ စိတ်ဝိညာဉ်ရတနာနှစ်ခုစာကို ဆုံးရှုံးလိုက်ရမှာနော်”
“ဆရာဦးလေးတို့ အတွေးလွန်နေကြတာပဲ” ကျန်းယန် ပေါ့ပေါ့ပါးပါးရယ်မောလိုက်၏။
“အတည်ပြုပြီးတာနဲ့ နောက်ဆုံးအဆင့်ကို စသာစလိုက်တော့ တကယ်လို့ ကျွန်တော်တို့ ကျရှုံးသွားရင်လည်း ဒါက အောင်မြင်မှုနဲ့ တစ်လှမ်းနီးလာတာပဲလေ ဒါပေမယ့် ဒီမှာတော့မလုပ်နဲ့ ဒါကဆရာဦးလေး ၆ အိမ်ဆိုတော့ ပျက်ဆီးသွားလို့ မဖြစ်ဘူး ကျွန်တော်တို့ စစ်ရေးပြကွင်းမှာ သွားလုပ်ကြမယ်”
ပိလင်းကျိ တွန့်ဆုတ်နေခဲ့သည်။
“ဒါပေမယ့် ဒါက ထိပ်တန်းလျှို့ဝှက်ချက် မဟုတ်ဘူးလား”
ကျန်းယန် ပြုံးလိုက်၏။
“အတိအကျပဲ ဒါကြောင့် ကျွန်တော် မိစ္ဆာစီနီယာအချို့ကို ပူးပေါင်းပေးဖို့ အကူအညီတောင်းရမှာ ကျွန်တော့်ဆီက သတင်းကောင်းကိုစောင့်နေ ကျွန်ဝောာ်အားလုံး စီစဉ်လိုက်မယ်”
ကျန်းယန် အလျင်အမြန်ပင် တားမြစ်နယ်မြေဆီသွားကာ မိစ္ဆာများနှင့် တွေ့ဆုံခဲ့သည်။
ထိုအခိုက်တွင် ဂူချမ်းက ဂျင်၁သန်း အလေးချိန်ရှိသော သတ္တုများကို အရည်ဖျော်နေပြီး ထိုသတ္တုများက သုံးကျန်းရှည်လျားကာ ငါးချီ ခြောက်ချီလောက် တုတ်သော သံချောင်းကြီးအဖြစ်ရောက်ရှိနေပြီဖြစ်ပြီး ဂူယန်က သူ့လက်သီးကြီးများကို သုံးကာ သံချောင်းကို ထုနှက်နေခဲ့ပြီး သံချောင်းက တဖြည်းဖြည်း ပိုပို ပြားလာခဲ့၏။
“နှုတ်ဆက်ပါတယ် စီနီယာတို့ အလုပ်ရှုပ်နေကြတယ်လား” ကျန်းယန် ၀မ်းမြောက်၀မ်းသာ နှုတ်ဆက်လိုက်သည်။
ဂူဒူအာ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးခပ်ပေါ့ပေါ့ ပြန်ပြောလိုက်၏။
“ငါတို့က မင်းအမိန့်အတိုင်း ဒီသံချောင်းကို ထုလုပ်ပေးနေတာလေ မကြာခင် မင်းပြောထားတဲ့အတိုင်း ဖြစ်လာတော့မှာ”
“ကျေးဇူးအများကြီးတင်ပါတယ်” ကျန်းယန် အသာအယာဦးညွတ်ကာ ပြောလိုက်သည်။
“ဒါပေမယ့် ကျွန်တော့်မှာ နောက်ထပ်အကူအညီတောင်းစရာလေးတွေ ရှိနေပါသေးတယ် စီနီယာတို့ ကျွန်တော် စစ်ရေးပြကွင်းထဲကို ပြပွဲအတွက် လိုအပ်တဲ့ ပစ္စည်းလေးတွေ ပို့မလို့ပါ ဒါပေမယ့် ကျွန်တော်အဲ့တာကိုဘယ်သူ့ကိုမှ မမြင်စေချင်ပါဘူး အဲ့တာကြောင့် စီနီယာတို့ကို အဲ့ဒီနေရာကို ဖုံးကွယ်ထားပေးစေချင်ပါတယ် ပြပွဲမစခင် အဲ့ဒီနယ်မြေကို ချောင်းကြည့်ဖို့ ကြိုးစားတဲ့သူတိုင်းကို ရင်ဆိုင်ပေးပါ စီနီယာတို့ လုပ်ချင်ပါသလား”
ဂူဒူအာ ခေါင်းငြိမ့်ပြလိူက်၏။
“ပြဿနာမရှိဘူး”
တကယ်တော့ သူတို့တွင် ရွေးစရာမရှိပေ။ ကျန်းယန်တောင်းဆိုသမျှက သူတို့အတွက် အမိန့်သာ ဖြစ်သည်။
“ဂူချမ်းနဲ့ ဂူယန်တို့ ဆက်ပြီး ထုလုပ်နေ အခြားသူတွေက ငါနဲ့လိုက်ခဲ့ပြီး စစ်ရေးပြနယ်မြေကို ကာကွယ်ရမယ်” ဂူဒူအာ ပြောပြီးသည့်နောက် အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်၏။
“အမြန်ထုပြီး လုပ်ငန်းစဉ်ကို အမြန်အဆုံးသတ်လိုက် ပြီးရင် အဲ့ဒီပေါ်မှာ မြေဆွဲအား ကဗ္ဗည်းတွေ ထိုးဖို့ လိုသေးတယ်”
“ပြဿနာမရှိပါဘူး” ဂူချမ်းနှင့်ဂူယန်တို့ တစ်ပြိုင်တည်း ပြန်ပြောလိုက်ကြသည်။
“ကျေးဇူးထပ်တင်ပါတယ်” ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။
ထို့နောက် သူဂူဒူအာ ဂူမေ့ယင် ဂူဟွမ် တို့နှင့်အတူ စစ်ရေးပြကွင်းဆီ ဦးတည်သွားခဲ့လေသည်။
စစ်ရေးပြကွင်း ပတ်ပတ်လည်တွင် တောင်ကြီးများ တည်ရှိနေပြီး စစ်ရေးပြကွင်းသည် ထိုတောင်ကြီးများဧ။် အလယ်တွင် ဆယ်လီခန့်ကျယ်၀န်းသော မြေကွက်လပ်ကြီးအဖြစ် ရှိနေခြင်းဖြစ်ပြီး စစ်ရေးပြပွဲပြုလုပ်ဖို့ သင့်တော်လွန်းသော နေရာ ဖြစ်၏။
“စီနီယာတို့ ကျေးဇူးပြုပြီး ပတ်ပတ်လည်က တောင်တွေပေါ်မှာ နေရာယူပေးကြပါ” ကျန်းယန် ညွှန်ကြားလိုက်သည်။
“ပြီးတော့ အချို့အဆင့်နိမ့်တပည့်လေးတွေလည်း ဒီနေရာကို ရောက်လာကြဦးမှာ ကျေးဇူးပြုပြီး စီနီယာတို့ရဲ့ အရှိန်အဝါ သူတို့အပေါ် သက်ရောက်မှုမရှိအောင် လုပ်ပေးပါဦး မဟုတ်ရငိ သူတို့တောင့်ခံနိုင်မှာမဟုတ်ဘူး”
“စိတ်မပူပါနဲ့” မိစ္ဆာသုံးကောင် သူ့ကိုစိတ်ချဖို့ ပြောလိုက်
၏။
ထို့နောက် မိစ္ဆာတစ်ကောင်ချင်းစီသည် ပတ်ပတ်လည်က တောင်ထိပ်များပေါ်တွင် နေရာယူလိုက်ပြီး ထိုနေရာတစ်ခုလုံးကို စည်းပိတ်လိုက်လေသည်။
စီစဉ်ပြီးသည့်နောက်တွင် ကျန်းယန် ဂိုဏ်းဆီပြန်ပြီး ဟွာလင်းကျိတို့ကို ပြောလိုက်၏။
“ဒါကို တိုက်ပွဲကွင်းပြင်ဆီ ယူသွားရအောင် ကျွန်တော် ယုစုန့်ကိုခေါ်လာပြီး ဒီဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်ထားလိုက်မယ် တကယ်လို့ ပေါက်ကွဲသွားမယ် ဆိုရင်တောင် ကျွန်တော်တို့ အဲ့ဒီပေါက်ကွဲမှုကို ကင်မရာထဲမှာ ပါအောင် ရိုက်ထားရမယ် ဆရာ လူတိုင်းရဲ့လုံခြုံရေးက ဆရာ့လက်ထဲမှာနော်”
“နားလည်ပါတယ်” ချင်းယွင်ကျိ သက်ပြင်းချကာ ပြန်ပြောလိုက်ပြီး စိတ်လှုပ်ရှားနေသလို ကြောက်လည်းကြောက်နေခဲ့မိသည်။ ဤလူရိုင်းအဖွဲ့သည် တကယ်ကြီး အဇူရာတိမ်ဂိုဏ်းတစ်ခုလုံး ပျက်ဆီးသွားနိုင်သည့် စမ်းသပ်မှုကို လုပ်ချင်နေခဲ့ကြ၏။
ထို့နောက် သူတို့အဖွဲ့သည် စက်ဝိုင်းပုံကိရိယာကိုယူဆောင်ကာ စစ်ရေးပြပွဲကွင်းပြင်ဆီ ရောက်ရှိလာခဲ့ကြသည်။
ဟော်လင်းကျိ ကြောက်ရွံ့စွာ တံတွေးမြိုချကာ ပြောလိုက်၏။
“ငါနောက်ဆုံးအဆင့်ကို စတော့မယ်နော်”
လေထဲတွင် တင်းမာမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး အောင်မြင်လိုသော မျှော်လင့်ချက်များက အကယ်၍ ကျရှုံးသွားခဲ့လျှင်ဟူသော ကြောက်ရွံ့မှုများနှင့် ရောပြွန်းနေခဲ့သည်။
“လုပ်လိုက်တော့” ကျန်းယန် အမိန့်ပေးလိုက်၏။
လူတိုင်းက ထိုအရာကိုသာအာရုံစိုက်ကာ ကြည့်ရှုနေခဲ့ကြပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ဆိုင်းနေခဲ့ကြလေသည်။