← Chapters

ပြန်ပြီးကျေးဇူးပြုပါ့မယ်

Vol. 9 Ch. 888

ပြန်ပြီးကျေးဇူးပြုပါ့မယ်

Vol. 9 Ch. 888

အသစ်သောမိုးကောင်းကင်ခုံရုံးက ခရမ်းရောင်အတိဖြစ်ပြီး ကောင်းကင်ဘုံ (၉)ထပ်ကလည်း ခမ်းနားလွန်းလှလေသည်။ ကောင်းကင်ဘုံ (၉)ထပ်သည် သက်ရှိများအားလုံး၏အထက်တွင် ဝင့်ထည်လျှက် ရှိလေတော့သည်။

ရက်အနည်းငယ်ကြာပြီးသည့်နောက် မိုးကောင်းကင်ခုံရုံးသည် ကောင်းကင်ထက်မှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။

သို့သော်… တန်ခိုးစွမ်းအားမြင့်မားသည့် ကျင့်ကြံသူများဆိုလျှင်တော့ ကောင်းကင်ထက်ရှိ တိမ်တိုက်များကြားတွင် လွင့်မျောနေသည့် တာအိုနန်းတော်ကြီး (၂)ခုကို တွေ့မြင်ကြရမည် ဖြစ်လေသည်။

ထိုနန်းတော်ကြီး (၂)ခုမှာ ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်တို့ ဖြစ်လေသည်။

ထိုနန်းတော်ကြီး (၂)ခုပတ်ဝန်းကျင်တွင် အဝါရောင်အခိုးအငွေ့များပျံသန်းနေပြီး ခရမ်းရောင်အခိုးအငွေ့များကတော့ ရေတံခွန်အလား စီးဆင်းလျှက်ရှိလေသည်။ အခိုးအငွေ့များက နဂါးတစ်ကောင်အလား လိမ်ပတ်ယှက်နွယ်လျှက်ရှိပြီး လျှို့ဝှက်နက်နဲမှုများဖြင့် ပြည့်နက်လျှက်ရှိသည်။

အမြင့်ဆုံးသောရွှမ်ဟွမ်မိုးနတ်မင်းကြီး၏ မြင့်မြတ်ခမ်းနားလှသည့် တန်ခိုးစွမ်းအားများကို ဖော်ပြနေသည့်အလားပင် ဖြစ်သည်။

………..

ချင်းရှတောင်….

ကျောက်ရှောင်ယွီနှင့် ဆန်းလျန်တို့သည် မက်မွန်ပင်များအောက်တွင် ဘေးချင်းယှဉ်ကာ ရက်ပေါင်းများစွာ မတ်တတ်ရပ်နေခဲ့ကြလေသည်။

ကျောက်ရှောင်ယွီက မျက်မှောင်တစ်ချက်ကြုံ့လိုက်ရင်း…

"ရွှမ်တုတောက်ကျွင်းရဲ့ တန်ခိုးစွမ်းအားတွေက အရင်အချိန်က မိုးနတ်မင်း (၂)ပါးထက်တောင် မြင့်မားသွာပြီ ၊ ရှင်ရော သူ့ကို အနိုင်ယူနိုင်ပါတော့မလား…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"သူက ကြီးမားတဲ့နန်းတော်ကြီးတစ်ခုကို တည်ဆောက်တယ် ၊ ဧည့်သည်တွေကို ဖိတ်ကြားပြီး အစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံတယ် ၊ ပြီးရင် အဲဒီနန်းတော်ကြီး ပြိုကျဦးမှာပဲလေ ၊ ဆန်းလျန်ကတော့ လူ့လောကမှာ ရှည်လျားတဲ့ညတစ်ညလို ဘဝကိုလျှောက်လှမ်းရင်း ဖြစ်ပျက်လာမှာတွေကို စောင့်ကြည့်နေရုံပဲပေါ့…"

ကျောက်ရှောင်ယွီသည် ဆန်းလျန်နှင့် ဘေးချင်းယှဉ်ရပ်နေရင်းမှ ဆန်းလျန်၏မျက်နှာကို လှည့်ကြည့်လိုက်လေသည်။

ဆန်းလျန်၏မျက်နှာထက်တွင် လွတ်လပ်မှု ၊ အေးဆေးမှုနှင့် မာနတရားများကို သူမ တွေ့လိုက်ရသည်။

ဆန်းလျန်သည် သူမ၏ မျက်စိရှေ့တွင်ရှိနေသည့်တိုင် လက်လှမ်းရန်ခက်ခဲလှသူတစ်ယောက်အလား သူမ ခံစားလိုက်ရသည်။

သူမရင်ထဲတွင် ဝမ်းနည်းဝမ်းသာခံစားနေရပြီး မည်သည့်စကားမှပင် ပြောမထွက်နိုင်တော့ပေ။

ဆန်းလျန်က ကျောက်ရှောင်ယွီ၏ နားနားသို့တိုးကပ်လိုက်ရင်း တိုးတိတ်သည့်လေသံဖြင့်…

"ကျုပ် ချင်းတိဧကရာဇ်ကို သွားတွေ့ရမယ်…"

ကျောက်ရှောင်ယွီက ခေါင်းကိုအသာမော့ကာ ဆန်းလျန်ကို ကြည့်လိုက်သည်။

သူမ၏ မျက်ဝန်းများနှင့် ဆန်းလျန်၏ မျက်ဝန်းများဖြင့် အကြည့်ချင်းဆုံသွားလေ၏။ ဆန်းလျန်၏ မျက်ဝန်းများက စူးရှတောက်ပလျှက် ရှိလေသည်။

သူမက တိုးတိတ်သည့်လေသံဖြင့်…

"ကျွန်မရဲ့ ဇာစ်မြစ်က ချင်းတိဧကရာဇ်နဲ့ ပတ်သက်နေတာလား…"

ဆန်းလျန်က ကျောက်ရှောင်ယွီ၏ အကြည့်များကို ရှောင်လွှဲခြင်းမရှိဘဲ သူမကို ပြန်ပြီး စိုက်ကြည့်နေခဲ့လေသည်။

"မင်း အခုလက်ရှိအချိန်မှာ ဘယ်သူဖြစ်တယ်ဆိုတာကိုပဲ ကြည့်ပါ ၊ အရင်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာတွေကို ပြန်မကြည့်ပါနဲ့ ၊ ကျုပ်ပြောတာကို ရှောင်ယွီက သဘောတူပါရဲ့လား…"

ဆန်းလျန်၏စကားကြောင့် ကျောက်ရှောင်ယွီက ရယ်မောလိုက်လေသည်။

သူမ၏ရယ်သံလွင်လွင်လေးက နွေဦးလေပြေလေးအလားဖြစ်ပြီး မျက်ဝန်းများက ကြည်လင်တောက်ပလျှက်ရှိလေသည်။

သူမက ပေါ့ပါးသည့်လေသံဖြင့်…

"ရှင်က အရင်ကအတိုင်းပါပဲလား…"

ဆန်းလျန်က…

"အမြဲတမ်း အတူတူပဲ…"

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…

"ကောင်းပြီလေ… ဆန်းကျွင်းအရှင်က အရင်အတိုင်းပဲဆိုရင်တော့ ရှောင်ယွီလည်း အရင်အတိုင်းပဲပေါ့…"

ဆန်းလျန်က ကိုယ်ကိုအသာလှည့်လိုက်ပြီး ရှောင်ယွီ၏ ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ အတန်ကြာပွေ့ဖက်ထားလိုက်မိလေသည်။

ပြီးမှ သူမ၏ပခုံးလေးများကို အသာပွတ်သပ်လိုက်ရင်း…

"ဖန်သားကောင်းကင်ဘုံမှာ ကျုပ်ကိုစောင့်နေပါနော်…"

စကားဆုံးသွားသည်နှင့် ဆန်းလျန်သည် လေပြေတစ်ခုအသွင် ကူးပြောင်းသွားပြီး ချင်းရှတောင်ပေါ်မှ ပျောက်ကွယ်သွားလေတော့သည်။

…………..

ယွမ်ကျိုးနယ်အနောက်ပိုင်း…

တောင်များက မတ်စောက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မှိုင်းလျှက်ရှိလေ၏။

ထိုတောင်များထက်တွင် ဝိညာဉ်မြစ်၏ မြစ်လက်တက်အခွဲများက မရေမတွက်နိုင်အောင် ခွဲဖြာစီးဆင်းလျှက်ရှိလေသည်။ ထိုဝိညာဉ်မြစ်၏မြစ်လက်တက်များအတွင်းတွင် တစ္ဆေများ၏ငိုညည်းသံလေလား ၊ လေတိုက်ခတ်သံလေလား မသဲကွဲသည့် အသံများကို ကြားရမည် ဖြစ်လေသည်။

မတ်စောက်သည့် တောင်မြင့်များအတွင်းမှ တောနက်နက် တစ်နေရာတွင်တော့ မိစ္ဆာစွမ်းအားများ ပြည့်ဝနေသည့် နေရာတစ်ခု ရှိနေလေသည်။

ထိုနေရာတွင် ယင်စွမ်းအားကျောက်တုံးများဖြင့်ဆောက်လုပ်ထားသည့် နန်းတော်တစ်ခု ရှိနေလေသည်။ နန်းတော်ကြီးက မြင့်မားပြီး ခမ်းနားလွန်းလှသည်။ ယင်စွမ်းအားအငွေ့အသက်များက နဂါးကြီးတစ်ကောင်အလား နန်းတော်ကြီးကို ရစ်ပတ်ထားပြီး အေးစိမ့်သည့်အငွေ့အသက်များကို ခံစားရမည် ဖြစ်လေသည်။

မရေမတွက်နိုင်သည့် ဟွမ်ချွမ်နတ်ဆိုးများသည် နန်းတော်အတွင်းသို့ ဝင်လိုက်ထွက်လိုက်နှင့် အလုပ်ရှုတ်နေကြပြီး အချို့နတ်ဆိုးများကတော့ နန်းတော်ကို စောင့်ကြပ်လျှက်ရှိကြသည်။

နန်းတော်သခင်မှာ ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားတစ်ပါးဖြစ်သည့်အတွက် နန်းတော်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။

သို့သော် ဆန်းလျန်အတွက်တော့ ကောင်းကင်ဘုံ(၉)ထပ်နှင့် အသူရာချောက် (၉)ထပ်တွင် သူမသွားနိုင်သည့်နေရာဆို၍ တစ်ခုမှ မရှိပေ။

ဆန်းလျန်၏ အင်္ကျီလက်ဖျားများ တစ်ချက်လှုပ်ခတ်သွားပြီး ချက်ချင်းပင် နန်းတော်ကြီး၏ အတွင်းပိုင်းအကျဆုံးနေရာတစ်ခုဆီသို့ ရောက်ရှိသွားလေတော့သည်။

ဆန်းလျန်ရှေ့တွင် အနီရောင်တံခါးတစ်ချပ်ရှိနေပြီး တံခါးဝတွင် "စန်းလော်ခန်းမ" ဟု ရေးသားထားလေသည်။ စာလုံးရေးသားဟန်က လျှို့ဝှက်နက်နဲပြီး ဝိညာဉ်စွမ်းအားများဖြင့် ပြည့်ဝလျှက်ရှိသည်။

ဆန်းလျန် ခန်းမအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် မြင်ကွင်းက ပြောင်းလဲသွားလေသည်။ ခန်းမထဲတွင် အသက်ဓာတ်စွမ်းအားများနှင့် မရဏစွမ်းအားများ (၂)မျိုးစလုံး ရောယှက်စီးဆင်းနေလေသည်။

ထိုက်ချိယင်ယန်နှင့်သဘောတရားချင်း သွားရောက်ဆင်တူလေသည်။ သေခြင်းနှင့်ရှင်ခြင်း (၂)ခုစလုံး ရောပြွမ်းနေသည့် အနေအထားကို ဖော်ကျူးလေသည်။

ခန်းမဆောင်ထဲတွင် ရဲ့လျိုယွင် ရှိနေလေ၏။

သူက တိမ်တိုက်တစ်စအလား ဖြူစင်သည့်ဝတ်စုံကို ဝတ်ဆင်ထားလေ၏။ သူ၏ပုံစံက လောကအပြင်ဘက်မှ အဖြူရောင်တိမ်တိုက်တစ်ခုထက်တွင်ရပ်တန့်ရင်း လူပြန်ဝင်စားခြင်းဘုံ (၆)ခုဆီသို့ ခုန်ချတော့မည့်အလား ထင်မှတ်ရလေသည်။

သူက ဆန်းလျန်ဝင်လာသည်ကိုတွေ့လိုက်သည့်အခါ အံ့သြသွားရသလို တခြားသူမဟုတ်ဘဲ ဆန်းလျန်ဖြစ်နေသည့်အတွက် စိတ်သက်သာရာရသွားဟန်လည်း ရှိလေသည်။

"ဆန်းလျန်… မင်းကိုမတွေ့ရတာ နှစ်ပေါင်းတစ်သောင်းကျော်တောင်ကြာခဲ့ပြီပဲ ၊ ပိုပြီးကြည့်ကောင်းလာသလိုပဲ…"

ဆန်းလျန်က ရဲ့လျိုယွင်ကို စိုက်ကြည့်ရင်းမှ ပြုံးပြလိုက်သည်။

ထူးဆန်းသည့် အဝါရောင်အခိုးအငွေ့များက နဂါးနှင့် မြွေများအလား ထွက်ပေါ်လာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များကလည်း မြင့်တက်လျှက်ရှိလေသည်။

ထို့နောက် စန်းလော်ခန်းမဆောင်၏ တားမြစ်ထားသည့် အရံအတားများအားလုံးကို ဖျက်စီးပစ်လိုက်ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များက ရဲ့လျိုယွင်ကို ဝိုင်းရံထားလိုက်လေတော့သည်။

အရပ် (၄)မျက်နှာမှ သူ့ထံသို့ ဝင်ရောက်လာသည့် ထိပ်တန်းအဆင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ရဲ့လျိုယွင်ကလည်း ခံစားလိုက်မိလေသည်။

သို့သော်… သံသေတ္တာထဲတွင် ပိတ်လှောင်ခံထားရပြီး သေခြင်းကိုစောင့်နေရသည့်အလား ရဲ့လျိုယွင် ပိတ်မိလျှက်ရှိလေသ်ည။

သို့ရာတွင်… ရဲ့လျိုယွင်ဆိုသည်က အမြဲတမ်း လွတ်လမ်းတစ်ခုကို ဖော်ဆောင်နိုင်သူ ဖြစ်လေ၏။

သူ၏ ခန္ဓာကိုယ်ထက်မှ အဖြူရောင်နှင့် အနက်ရောင် တန်ခိုးစွမ်းအား (၂)ခု ထွက်ပေါ်လာပြီး သေခြင်းရှင်ခြင်း စက်ဝန်းကြီးတစ်ခု ဖြစ်တည်လာလေသည်။

ထိုစက်ဝန်းကြီးက လည်ပတ်နေပြီး အဝါရောင်အခိုးအငွေ့များကို ခုခံတားဆီးထားလိုက်လေသည်။

အဝါရောင်အခိုးအငွေ့များက မြစ်တစ်စင်းအလား စီးဆင်းနေပြီး တောင်ငါးလုံးရွေ့လျားလာသည့်အလား အရှိန်အဟုန်ပြင်းစွာဖြင့် ရွေ့လျားလာလေသည်။

ရဲ့လျိုယွင်မှာ အဆုံးမရှိသည့်ကောင်းကင်ကြီးကို လူသားတစ်ယောက်က ထမ်းထားရသည့်အလား တဖြည်းဖြည်း ပင်ပန်းလာလေသည်။ သို့သော်… လူသားကသာပင်ပန်းလာသည် ကောင်းကင်ကြီးကတော့ ပင်ပန်းသည် မရှိပေ။

သို့သော်… ဆန်းလျန်က ရဲ့လျိုယွင်ကို သတ်ရန်အတွက် အစကတည်းက ရည်ရွယ်ချက် မရှိပေ။

အဝါရောင်တန်ခိုးစွမ်းအားများကို ဆန်းလျန်က ချက်ချင်းပင် ပြန်လည်ရုတ်သိမ်းလိုက်လေသည်။ ရဲ့လျိုယွင်၏ သေခြင်းရှင်ခြင်းစက်ဝန်းကြီးကတော့ အရှိန်ကို မထိန်းနိုင်ဘဲ ဆက်လက်လည်ပတ်လျှက်ရှိလေသည်။

ရဲ့လျိုယွင် အကောင်းဆုံးကြိုးစားခဲ့သည်ဟု ဆိုနိုင်ပြီး သူ့အနေဖြင့် စွမ်းအားများအားလုံးပင် ကုန်ဆုံးလုနီးပါး ဖြစ်သွားရသည်။

ဆန်းလျန်က သူ့လက်များကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး သေခြင်းရှင်းခြင်းစက်ဝန်းကြီးကို လက်နှစ်ချောင်းဖြင့် အသာထိထားလိုက်လေသည်။ ထိုအခါ စက်ဝန်းကြီးမှာ တဖြည်းဖြည်းကျုံ့သွားပြီး ပျောက်ကွယ်သွားလေတော့သည်။

စန်းလော်ခန်းမဆောင်ထဲတွင် ဆန်းလျန်နှင့် ရဲ့လျိုယွင် တိုက်ခိုက်နေကြသည်ကို နန်းတေ်ာအတွင်းဘက်မှရော နန်းတော်အပြင်ဘက်တွင်ရော မည်သူမှ သိရှိခြင်း မရှိကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ပိုင်းခြားထားသည့် အချိန်ကာလတစ်ခုတွင် တိုက်ခိုက်နေကြခြင်းဖြစ်ပြီး ပြင်ပလောကနှင့် အဆက်အသွယ်မရှိအောင် ဖြတ်တောက်ထားသောကြောင့် ဖြစ်လေသည်။

ရဲ့လျိုယွင်က ဆန်းလျန်ကို ရှုံးနိမ့်ခဲ့သည်ကို ဝန်ခံလိုက်ပြီး ချက်ချင်းပင် ထိုအရှုံးကို မေ့ဖျောက်ပစ်လိုက်လေသည်။

သူကတိုးတိတ်သည့်လေသံဖြင့်…

"မင်းသာ ကျုပ်ရဲ့ကံကြမ္မာကို ခိုးယူမသွားခဲ့ရင် ဒီနှစ်တွေအတွင်း လှုပ်ရှားနေတဲ့သူက ကျုပ်ဖြစ်နေမှာပဲ…"

ဆန်းလျန်က လေသံခပ်အေးအေးဖြင့်…

"ဒါကတော့ ဘယ်သိနိုင်မှာလဲ…"

ရဲ့လျိုယွင်က အပြုံးပါးပါးလေးတစ်ချက် ပြုံးလိုက်ရင်း…

"မသိနိုင်လည်း ခန့်မှန်းကြည့်လို့တော့ ရပါတယ်…"

ဆန်းလျန်က…

"ပြီးပြီးသားကိစ္စတွေက ပြန်ပြင်လို့ မရတော့ပါဘူး…"

ရဲ့လျိုယွင်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ကျုပ်လည်း အရာအားလုံးကို မသိနိုင်သေးပါဘူး…"

ဆန်းလျန်က…

"အစ်ကိုလျိုယွင်သာ အတိတ်အကြောင်းတွေ ပြန်တူးဖော်နေမယ်ဆိုရင် ဆန်းလျန် ပြန်တော့မယ်…"

ရဲ့လျိုယွင်က လေသံအေးအေးဖြင့်…

"နေပါဦး … မင်းက ကျုပ်ကို သတ်ဖို့လာတာလား ၊ တောင်းပန်ဖို့လာတာလား…"

ဆန်းလျန်က တည်ကြည်သည့်မျက်နှာထားဖြင့်…

"ကျုပ်ပြောခဲ့သလိုပဲ ပြီးခဲ့တာတွေက ပြောင်းလဲလို့ မရတော့ပါဘူး ၊ ပြီးတော့ ဆန်းလျန်လည်း အစ်ကိုလျိုယွင်အပေါ်မှာ ဘာအမှားမှ လုပ်ခဲ့တာမဟုတ်တော့ တောင်းပန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး…"

ရဲ့လျိုယွင်၏ မျက်နှာက တင်းမာခက်ထန်သွားလေသည်။

ဗုဒ္ဓက မျောက်မင်းစွန်းဝူခုံးကို လက်ငါးချောင်းတောင်အောက်တွင် ဖိနှိပ်ထားသည့်အချိန်တွင် မျောက်မင်းခံစားခဲ့ရသည့် ကူရာကယ်ရာမဲ့သည့်ခံစားချက်မျိုးကို ရဲ့လျိုယွင် ခံစားလိုက်ရသည်။ ထို့အတူ ဒေါသလည်းထွက်လျှက် ရှိလေသည်။

ရဲ့လျိုယွင်ကစိတ်ထဲမှ ပြောလိုက်မိသည်။

"မင်းက နည်းနည်းလေးလောက်တောင် တောင်းပန်စကားမဆိုနိုင်ဘူးပေါ့လေ…"

ရဲ့လျိုယွင်၏ မျက်ဝန်းများထဲတွင် လျှပ်စီးများ တစ်လက်လက်တောက်ပလာပြီး ဆန်းလျန်ကို စိုက်ကြည့်လိုက်လေသည်။

သို့သော်… ဆန်းလျန်၏ မျက်ဝန်းများထဲတွင်တော့ လျှပ်စီးများလင်းလက်ရုံသာမက မိုးကြိုးများပါ ပစ်ခတ်လျှက်ရှိလေသည်။

ဆန်းလျန်က ရဲ့လျိုယွင်ထက်အဆပေါင်းများစွာ သာလွန်နေခဲ့လေသည်။

ရဲ့လျိုယွင်မှာ ဆန်းလျန်မျက်ဝန်းများ၏ဒဏ်ကိုမခံနိုင်တော့ဘဲ အကြည့်များကို ရုတ်သိမ်းလိုက်ရလေသည်။

ဆန်းလျန်က အေးဆေးသည့်လေသံဖြင့်…

"အစ်ကိုလျိုယွင် အခု အကြောင်းစုံကို သိသွားပြီမလား…"

ရဲ့လျိုယွင်က…

"ကျုပ်က အကြောင်းစုံသိသွားရင်တောင်မှ မင်းကို မယုံနိုင်ဘူး ဆန်းလျန် ၊ မင်းဟာ တကယ်ပဲ မိုးကောင်းကင်ကချမှတ်တဲ့ ကံကြမ္မာနဲ့ပြည့်စုံတဲ့သူလို့ ကျုပ် အမြဲတမ်း လက်ခံထားခဲ့တာ ၊ ဒါပေမဲ့ ဘယ်လောက်ရယ်စရာ ကောင်းလိုက်သလဲ ၊ ကျုပ် ရဲ့လျိုယွင် မင်းလှည့်စားသမျှ ခံခဲ့ရတာပဲ ၊ ဒါပေမဲ့ မင်းလှည့်စားနေတာတွေကို လုံးလုံး မသိခဲ့ဘူး ၊ မုန်းစရာကောင်းလွန်းတဲ့ ရယ်စရာဟာသတစ်ခုပဲ…"

ဆန်းလျန်က…

"အခု ကျုပ်က သိပ်ကိုမာနထောင်လွှားနေတယ်လို့ အစ်ကိုလျိုယွင်ထင်နေတာလား…"

ရဲ့လျိုယွင်….

"မဟုတ်လို့လား…"

ဆန်းလျန်က…

"ဟုတ်တော့ ဟုတ်ပါတယ် ၊ ဒါပေမဲ့ မိုးနဲ့မြေမှာ အမှန်တရားဆိုတာ အများကြီး မရှိပါဘူး ၊ တကယ်တမ်း ဖြစ်သင့်တဲ့အရာတိုင်းသာ ဖြစ်လာရမယ်ဆိုရင် တိကျန်ဗောဓိသကျဟာ မီလဲ့ကိုယ်တော်ဆီမှ ခစားနေရမှာ မဟုတ်လား ၊ ရွှမ်တုတောက်ကျွင်းဟာလည်း လောကအရေးတွေဝင်မစွက်ဘဲ သူ့ဟာသူ ကျင့်ကြံနေရမှာ မဟုတ်ဘူးလား ၊ ဒီလိုသာဆိုရင် ဆန်းလျန်ဆိုတာကလည်း ဇာတ်လမ်းအစကတည်းက သေဆုံးပေးခဲ့ရမှာပဲ ၊ အခုလောက်ဆို ပြာမှုံ့တောင် ကျန်တော့မှာမဟုတ်ဘူး"

ရဲ့လျိုယွင်က…

"အဲဒီတော့ မင်းက ဘာဖြစ်ချင်တာလဲ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"တစ်ခါတစ်လေတော့လည်း ဖြစ်သင့်တဲ့အတိုင်း ဖြစ်သွားရင် အကောင်းသားလို့ တွေးမိလို့ပါ ၊ အစ်ကိုလျိုယွင်က ချင်းတိဧကရာဇ် လူပြန်ဝင်စားတဲ့သူမဟုတ်လား ၊ ကျုပ်က အစ်ကိုလျိုယွင်အတွက် လူပြန်ဝင်စားခြင်းလမ်းစဉ်နဲ့ပတ်သက်တဲ့ ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်ဖို့ ကူညီပါ့မယ် ၊ မိုးကောင်းကင်လမ်းစဉ်အတိုင်း ၊ ကုသိုလ် အကုသိုလ်အတိုင်း ဖြစ်စေရပါမယ် ၊ ဒါက အစ်ကိုလျိုယွင်အပေါ် သင့်တော်တဲ့ ကျေးဇူးပြုခြင်းပါ…"

***

All Chapters