တိကျန်ဗောဓိသကျ
Vol. 9 Ch. 890
ရဲ့လျိုယွင်က…
"ဒါဖြင့်လည်း မိုးကောင်းကင်တံခါးကိုယူဖို့ ကျုပ် စောင့်နေမယ်…"
လူစောယိသည် ချင်းရွှမ်နတ်တံခါးတွင် ဆန်းလျန်၏ သူငယ်ချင်းလည်းဖြစ်၊ ဂိုဏ်းတူညီအစ်ကိုလည်း ဖြစ်ခဲ့သော်လည်း လူပြန်ဝင်စားပြီးသည့်နောက်ပိုင်း အသူရာချောက်တွင် ရဲ့လျိုယွင်က သူ့ကို အကူအညီပေးထားခဲ့လေသည်။
ထို့ကြောင့် သူက ရဲ့လျိုယွင်အပေါ်တွင် ချင်းရွှမ်နတ်တံခါးထက် ပိုပြီး သစ္စာစောင့်သိလိုစိတ်ရှိသူဖြစ်သည်။
ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး လူစောယိကို လှမ်းကြည့်လိုက်သည်။
လူစောယိက…
"ဆန်းလျန်… မင်းမှာ ငါ့ကို ပြောစရာ တစ်ခုခုများ ရှိသေးလို့လား…"
ဆန်းလျန်က….
"အရင်တုန်းက ရှိခဲ့တဲ့ နတ်ဘုရားကျောင်းတော်ကြီးတွေ အတော်များများ ပျက်စီးကုန်ရတယ် ၊ ဒါပေမဲ့ လူ (၅)ယောက်အသက်ရှင်နေသေးတယ် ၊ အသက်ရှင်နေတဲ့သူ (၅)ယောက်ထဲမှာ ဂိုဏ်းတူညီလေးလူစောယိကတော့ အတိတ်က အကြောင်းအရာတွေကို မှတ်မိနေသေးတယ် ၊ ဒီတော့ ချင်းရွှမ်နတ်တံခါးကို ပြန်တည်တောင်ဖို့ ဂိုဏ်းတူညီလေးလူစောယိ စိတ်ဝင်စားသေးလား…"
လူစောယိက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ဆန်းလျန်… မင်းက ချင်းရွှမ်နတ်တံခါးကို ပြန်တည်ထောင်မလို့လား…"
ဆန်းလျန်က ခေါင်းညိတ်ပြလိုက်ရင်း…
"ဟုတ်တယ်…"
ဟု ပြောလိုက်လေသည်။
ရဲ့လျိုယွင် အနည်းငယ် စိတ်ရှုတ်ထွေးသွားသလို စိတ်လည်း လှုပ်ရှားသွားလေသည်။
သူ့တွင် များစွာသော နတ်ဆိုးစစ်ဗိုလ်ချုပ်များ ၊ နတ်ဆိုးစစ်သည်တော်များ ရှိလေသည်။ သို့သော်… သူ့ပြဿနာကို ဖြေရှင်းပေးနိုင်မည့်သူကတော့ လောကတွင် အနည်းငယ်သာ ရှိလေ၏။ ထိုအနည်းငယ်သော လူများထဲတွင် လူစောယိက အပါအဝင်ဖြစ်လေသည်။
ထို့ကြောင့် ဆန်းလျန်က လူစောယိကိုခေါ်လိုက်သည့်အခါ ရဲ့လျိုယွင်က အားကိုးရသည့် လူစောယိကို သူ့ဘေးနားမှ ထွက်ခွာသွားစေလိုခြင်း မရှိပေ။
သို့သော်… လူစောယိ၏ ဆုံးဖြတ်ချက်ကို သူ လေးစားရမည်ဖြစ်ပြီး လူစောယိကို တားဆီးထား၍ မဖြစ်နိုင်ပေ။
လူစောယိက…
"ချင်းရွှမ်နတ်တံခါး ပြန်လည်တည်ထောင်မယ့်ကိစ္စမှာ ကျုပ် တတ်နိုင်သလောက် ကူညီပါ့မယ် ၊ ဒါပေမဲ့ ကျုပ်ကိုယ်တိုင်ကတော့ သေတဲ့အထိ ဂိုဏ်းချုပ်နံဘေးမှာပဲ တာဝန်ထမ်းဆောင်သွားပါ့မယ်…"
လူစောယိ၏ စကားကိုကြားသည်နှင့် ရဲ့လျိုယွင်မှာ အပျော်လွန်သွားလေတော့သည်။
သူက လူစောယိ၏ လက်များကို ချက်ချင်းပင် ဆုပ်ကိုင်လိုက်ပြီး ကျေးဇူးတင်စွာဖြင့် စကားဆိုလိုက်မိသည်။
"အစ်ကိုလူစောယိက တကယ်ဆိုရင် ကျုပ်ဆီမှာ နေဖို့ တောင်မတန်ပါဘူး ၊ ကျုပ်အတွက် တာဝန်ထမ်းဆောင်ပေးဖို့လည်း မတတ်ပါဘူးဗျာ…"
ဆန်းလျန်ကတော့ လူစောယိ ထိုသို့ပင် ဆုံးဖြတ်ချက်ချလိမ့်မည်ဟု မျှော်လင့်ထားပုံရလေသည်။
ဆန်းလျန်က…
"ကျုပ်တပည့် ချန်ကျန်းချင်ရဲ့ဝိညာဉ်က အသူရာချောက်ကိုးထပ်မှာ ရှိနေပါသေးတယ် ၊ ကျုပ် သူ့ကို လူပြန်ဝင်စားနိုင်အောင် လုပ်ပေးပြီးရင် အစ်ကိုလူက သူ့ကို ပညာသင်ပေးဖို့ တာဝန်ယူပေးပါ…"
ချန်ကျင်းချင်၏ ဝိညာဉ် ရှင်သန်နေသေးသည်ကို သိလိုက်ရသည့်အခါ လူစောယိမှာ အပျော်လွန်သွားလေသည်။
ချန်ကျင်းချင်သည် ဆန်းလျန်ထက်ပင် ချင်းရွှမ်နတ်တံခါးအပေါ်တွင် အလေးအနက်ထားသည့် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်ဟု သူက မြင်မိသည်။ ချန်ကျင်းချင်က ချင်းရွှမ်နတ်တံခါးအတွက် အမြဲတမ်း ပေးဆပ်လိုစိတ်ရှိသူ ဖြစ်လေသည်။
ချန်ကျင်းချင်သည် ဆရာသခင်ကျန်းရော့ရွှီးကဲ့သို့ပင် စိတ်ထားကောင်းမွန်ပြီး သဘောထားပြည့်ဝသည့် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်လေသည်။
ချန်ကျင်းချင်သာ လူပြန်ဝင်စားနိုင်ပါက ချင်းရွှမ်နတ်တံခါး ပြန်လည်တည်ထောင်ခြင်းတွင် များစွာ အထောက်အကူ ပြုပေလိမ့်မည်။
လူစောယိက…
"ဒီကိစ္စကတော့ လုပ်ပေးရမှာပေါ့ ၊ ဒါနဲ့ ချန်ကျင်းချင်က ဘယ်မှာ လူပြန်ဝင်စားမှာလဲ…"
ဆန်းလျန်က …
"တာ့ကျောက်ပြည် ၊ ဘုရင့်နေပြည်တော်က အိမ်ရှေ့စံရဲ့ တတိယကြင်ယာတော်ဆီမှာ လူပြန်ဝင်စားလိမ့်မယ်…"
လူစောယိက ဒေါသတကြီးဖြင့်…
"မင်းက သူ့ကို ဘာကိစ္စ အရေးမပါတဲ့ တတိယကြင်ယာတော်ဆီမှာ လူပြန်ဝင်စားခိုင်းရတာလဲ ၊ မိဖုရားကြီးရဲ့သားတော်ဆို ဟုတ်တုတ်တုတ် ၊ တတိယကြင်ယာတော်ရဲ့ သားတော်ဖြစ်လာရင် သူတော့ ဒုက္ခတွေ ရင်ဆိုင်ရမှာပဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း….
"လောကမှာ ဒုက္ခမရောက်တဲ့နေရာ ဘယ်နေရာများ ရှိလို့လဲ ၊ အနည်းဆုံးတော့ ကျုပ်က သူ့ကို ဘုရင့်သားတော်ဖြစ်အောင် လုပ်ပေးတာပဲ ၊ ပြီးတော့ သူက ဧကရာဇ်တစ်ပါးဖြစ်လာမှာပါ…"
ရဲ့လျိုယွင်မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး…
"မင်းက မင်းရဲ့ တပည့်ကို ဧကရာဇ်တစ်ပါး ဖြစ်စေချင်တာလား…"
ဆန်းလျန်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်လေသည်။
ထို့နောက် စန်းလော်ခန်းမဆောင်အတွင်းမှ ဆန်းလျန် ပျောက်ကွယ်သွားလေတော့သည်။
စန်းလော်ခန်းမဆောင်ထဲတွင် သိမ်မွေ့သည့် အသံတစ်သံက ပျံ့လွင့်ကျန်ရစ်ခဲ့လေသည်။
"ဂိုဏ်းတူညီလေး လူစောယိ ၊ တာ့ကျောက်ပြည်မှာ ဝန်ကြီးတစ်ပါးသွားလုပ်ဖို့ ပြင်ဆင်ပါ ၊ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ချန်ကျင်းချင်ကို တာ့ကျောက်မှာ ဧကရာဇ်တစ်ပါးဖြစ်လာဖို့ လုပ်ပေးနိုင်တယ်ဆိုတာ ကျုပ်သိပါတယ်…"
လူစောယိက သက်ပြင်းချလိုက်ရင်း…
"ကျုပ် ဆန်းလျန်ကို မုန်းသင့်သလား…"
သူ၏လေသံက အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေဟန် ရှိလေသည်။
ရဲ့လျိုယွင်က…
"လောကမှာ သူ့ကိုအမုန်းသင့်ဆုံးလူ တစ်ယောက်ရှိတယ်ဆိုရင် အဲဒီလူက ကျုပ်ပါပဲဗျာ ၊ ဒါပေမဲ့ ကျုပ်တောင် သူ့ကို မုန်းလို့မရဘူး…"
လူစောယိ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ရဲ့လျိုယွင်ကလည်း စကားဆက်ပြောခြင်း မရှိတော့ပေ။
စန်းလော်ခန်းမဆောင်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် တိတ်ဆိတ် ငြိမ်သက်သွားလေတော့သည်။
……………
ဆန်းလျန် အသူရာချောက်ကိုးထပ်သို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့လေသည်။
အမှန်အတိုင်းပြောရလျှင် အသူရာချောက်သို့ ပြန်ရောက်သည်နှင့် သူ့အိမ်သူ့ရာသို့ ပြန်ရောက်သလို ခံစားလိုက်ရလေသည်။ သူ့စိတ်ထဲတွင် ကရုဏာတရားများကိုလည်း ခံစားလိုက်ရသည်။ သူသည် ချင်းရွှမ်ထျန်းကျွင်းနှင့် ဆက်စပ်ပတ်သက်နေသည့်အတွက် အသူရာချောက်နှင့်လည်း ပတ်သက်နေသူတစ်ယောက်ဖြစ်လေသည်။
ယခုတော့… တိကျန်ဗောဓိသကျက အသူရာချောက်ကို သိမ်းပိုက်လိုက်ပြီး အတွင်းရောအပြင်ပါ စည်းချထားလေသည်။
ထို့ကြောင့် နတ်ဘုရားများနှင့် ဗောဓိသကျများအနေဖြင့် အသူရာချောက်ကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် သွားလာနိုင်မည် မဟုတ်ပေ။ ဝင်နိုင်လျှင်တောင်မှ သူတို့က တိကျန်ဗောဓိသကျနှင့် ပြဿနာတက်လိုကြမည် မဟုတ်ပေ။
တိကျန်ဗောဓိသကျ၏ အကန့်အသတ်မဲ့ တန်ခိုးစွမ်းအားများဖြင့်ဆိုလျှင် သူတို့ တစ်ဘဝလုံး ကျင့်ကြံခဲ့သမျှ တစ်ခါတည်း အဆုံးသတ်သွားကြရမည် ဖြစ်လေသည်။
သို့သော်… ဆန်းလျန်ကတော့ အခြားသူများနှင့်မတူ ခြားနားသူ ဖြစ်လေသည်။
သူက သုံးလောကတွင် တိကျန်ဗောဓိသကျ မနာလိုဖြစ်ရလောက်အောင် မြင့်မားသည့် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။
ယခုအချိန်တွင် ဆန်းလျန်သည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်ခန့်ကကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိတော့သော်လည်း ယခု သူ၏ ကျင့်ကြံခြင်းအဆင့် မည်သည့်အဆင့်ဖြစ်သည်ကို မည်သူမှ သိရှိခြင်း မရှိကြပေ။ ဆန်းလျန်ကိုယ်တိုင်လည်း သူ မည်သည့်အဆင့်ရောက်နေသည်ကို သိပ်ပြီး မဝေခွဲနိုင်သေးပေ။
ထို့ကြောင့် သူသည် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ဖြစ်နေဆဲပင် ဖြစ်လေသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က အချိန်တိုင်းပြောင်းလဲနေပြီး သူသိရှိထားသည့် အာလာယဝိညာဏတန်ခိုးစွမ်းအားက လောကတစ်ခုလုံးရှိ ကျင့်စဉ်နည်းလမ်းများနှင့် ဓမ္မများအားလုံးကို နားလည်နိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် သူသည် လောကတစ်ခုလုံးရှိ အရာအားလုံးကို အမြင့်မားဆုံး နားလည်နိုင်စွမ်း ရှိနေလေသည်။
ဆန်းလျန် သုခဘုံမှ ဗောဓိပင်ရှိရာသို့ အမှန်တကယ်ပင် သွားရောက်ချင်မိသည်။ အဘယ်ကြောင့်ဆိုသော် ဗောဓိပင်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိသိသာသာ မြင့်တက်သွားစေနိုင်မည် ဖြစ်သောကြောင့်ပင်။
ဗောဓိပင်ဆိုသည်က ဗုဒ္ဓကိုယ်တော်တိုင် တရားအလင်းရခဲ့ရာ နေရာဖြစ်လေသည်။
ထို့ကြောင့် … ဗောဓိပင်အောက်တွင် ဆန်းလျန်သည်လည်း ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားနိုင်လေသည်။
သူသာ ဗောဓိပင်အောက်တွင် ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားမည်ဆိုလျှင် ရွှမ်တုတောက်ကျွင်းနှင့် တိကျန်ဗောဓိသကျတို့ သူ့နောက်တွင် ကျန်ရစ်ခဲ့ကြမည် ဖြစ်လေသည်။
ရွှမ်တုတောက်ကျွင်းနှင့် တိကျန်ဗောဓိသကျတို့ (၂)ယောက်စလုံးက ဟွင့်ယွမ်ဝူကျီအဆင့်များ ဖြစ်ကြလေသည်။ သို့သော်… သူတို့က မှားယွင်းသည့်နည်းလမ်းဖြင့် ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်ရောက်ထားကြသူများ ဖြစ်လေ၏။ ထို့ကြောင့် သူတို့အတွက် ကျင့်စဉ်လမ်းတွင် ရှေ့ဆက်နိုင်ရန်မှာ ဖြစ်နိုင်ချေ သိပ်မရှိကြပေ။
ထို့ကြောင့် အရည်အချင်းမြင့်မားသူများဖြစ်ကြသည့် တာအိုဆရာလီချင်းဆွေ ၊ မီလဲ့ကိုယ်တော် ၊ အားလော်ဟယ် ၊ ကျန့်ယွမ်ကျီနတ်မင်းကြီးနှင့် နတ်မိစ္ဆာအဓိပတိကြီးတို့ကို မလွှမ်းမိုးနိုင်ကြခြင်း ဖြစ်လေသည်။
ထိုသူများထဲမှ (၂)ယောက် သို့မဟုတ် (၃)ယောက် ပေါင်းပြီး တိုက်ခိုက်လျှင်ပင် ရွှမ်တုတောက်ကျွင်းနှင့် တိကျန်ဗောဓိသကျတို့ ကောင်းကောင်း ဒုက္ခရောက်သွားမည် ဖြစ်လေသည်။
အကယ်၍ ဆန်းလျန်သာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်ခန့်ကကဲ့သို့ တန်ခိုးစွမ်းအားများ မြင့်မားနေလျှင် အခြေအနေက တစ်မျိုးဖြစ်သွားမည် ဖြစ်လေသည်။ ထိုအချိန်တုန်းက ဆန်းလျန်က နတ်ဆေးကိုယ်တော်ထက်ပင် တန်ခိုးစွမ်းအားမြင့်မားသူဖြစ်လေသည်။
မီးအိမ်ကိုယ်တော်မှာ တာအိုဆရာလီချင်းဆွေနှင့် အဆင့်အတန်းတူညီသည့်အတွက် ဆန်းလျန်လောက် တန်ခိုးစွမ်းအား မြင့်မားလွန်းခြင်း မရှိပေ။ ဆန်းလျန်အနေဖြင့် မီးအိမ်ကိုယ်တော်တို့ကဲ့သို့ အဆင့်မျိုးကို တစ်ချက်တည်းဖြင့်ပင် ရိုက်ချနိုင်စွမ်း ရှိခဲ့လေသည်။
ထိုအချိန်က ဆန်းလျန်သည် စစ်မှန်သည့် "ဟွင့်ယွမ်ဝူကျီ" အဆင့်ကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။
ဖြတ်လမ်းနည်းဖြင့် ဟွင့်ယွမ်ဝူကျီအဆင့်ကို တက်ရောက်ခြင်းနှင့် စစ်မှန်သည့် ဟွင့်ယွမ်ဝူကျီအဆင့်ကိုတက်ရောက်ခြင်းက အနည်းငယ်သာ ကွာခြားသည်ဟုထင်ရဖွယ်ရှိသော်လည်း တကယ်တမ်း အရည်အချင်းပိုင်းတွင် အလွန်ကွာခြားလေသည်။
ယခု ဆန်းလျန်သည် အတိတ်အကြောင်းအရာများကို အတော်များများ မှတ်မိနေပြီ ဖြစ်သည့်အတွက် ယခင် အချိန်ကကဲ့သို့ ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်ရန်မှာ သိပ်ပြီး အခက်အခဲ မရှိတော့ပေ။
သို့သော်… သူ ယခင်ကအတိုင်း တန်ခိုးစွမ်းအားများ မြင့်မားသွားပြန်ပါကလည်း လက်ရှိအချိန်မှပျောက်ကွယ်ကာ အချိန်ရေစီးကြောင်းပေါ်သို့ ထပ်ပြီးရောက်သွားလေဦးမည်လားဟု စိတ်ပူနေမိသည်။
ထို့ကြောင့် သူက ဗောဓိပင်အောက်တွင် အာလာယဝိညာဉ်ဏတန်ခိုးစွမ်းအားကို အဆုံးထိသိမြင်အောင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
အမှန်တော့ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က ဆန်းလျန်သာ အာလာယဝိညာဏ သဘောတရားကို သိရှိခဲ့မည် ဆိုလျှင် ဆန်းလျန်သည် သူကြုံတွေ့ရမည့် ကြမ္မာဆိုးကို ရှောင်လွှဲနိုင်ကောင်းပေလိမ့်မည်။
ဗုဒ္ဓဘာသာနှင့် တာအိုဝါဒသည် အမြင့်ဆုံးအဆင့် ကျင့်ကြံခြင်းလမ်းစဉ်များဖြစ်ကြသော်လည်း အနှစ်သာရပိုင်းတွင် ကွာခြားလေသည်။
ကြာပန်း (၂)ပွင့်ကဲ့သို့ပင် ဖြစ်လေသည်။
ကြာပန်းခြင်းတူသည့်တိုင် တစ်ပွင့်နှင့်တစ်ပွင့် ထပ်တူကျ တူညီနိုင်ရန်မှာ မဖြစ်နိုင်ပေ။
ဆန်းလျန်သည် သွေးနီရောင်ပင်လယ်ကမ်းခြေတွင် မတ်တတ်ရပ်နေလေသည်။
ယခုတော့ အဆုံးမရှိသည့် အသူရာချောက် (၉)ထပ်တွင် ယင်စွမ်းအားများ ပြည့်နက်နေခြင်း မရှိတော့ပေ။ ညစ်နွမ်းခဲ့သည့် သွေးနီရောင်ပင်လယ်ရေသည်လည်း ကြည်လင်သန့်စင်လျှက် ရှိလေ၏။
သို့သော်… အချို့သောသွေးနီရောင်ပင်လယ်ရှိ နေရာအချို့တွင် သွေးနီရောင်များ ဖြည်းဖြည်းချင်း ပြန်လည်ဖြစ်တည်လျှက် ရှိနေလေသည်။
ဤသည်မှာ တိကျန်ဗောဓိသကျ ဖြေရှင်း၍ မရနိုင်သည့် အသူရာချောက်၏ ကံကြမ္မာပင် ဖြစ်လေသည်။
ယခုတော့ ညစ်ညမ်းသည့် သွေးနီရောင်ပင်လယ်ရေများသည် လေနှင့်အတူလွင့်မျောသွားပြီး တိကျန်ဗောဓိသကျနှင့် မနီးမဝေးရှိ သွေးနီရောင်ရေကန်ငယ်လေးဆီသို့ ဝင်ရောက်သွားကြလေသည်။ ထို့နောက် ရေအိုင်ထဲတွင် သွေးနီရောင်ကြာပန်းတစ်ပွင့် ပွင့်လန်းလာလေ၏။ ထိုကြာပန်းက သန့်စင်ပြီး မြင့်မြတ်သည့် ခံစားချက်ကို ပေးလေသည်။
ထိုသွေးနီရောင်ကြာပန်းမှာ ကံကြမ္မာမှ မွေးဖွားလာသည့် ကြာပန်းဖြစ်သည့်အတွက် မည်သူမဆို ထိုသို့ပင် ခံစားရမည် ဖြစ်လေသည်။ မယုံကြည်နိုင်စရာပင် ကောင်းလှလေ၏။
သို့သော်… ဤကြာပန်းပွင့်လန်းလာခြင်းသည် သွေးရိုးသားရိုးမဟုတ်သည်ကို တိကျန်ဗောဓိသကျကတော့ သိရှိလိုက်သည်။ ဤပန်းကိုပွင့်လန်းစေလိုက်သူမှာ "ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင်သခင် ချင်းရွှမ်ထျန်းကျွင်း" ပင် ဖြစ်လေသည်။
သွေးနီရောင်ရေကန်ထဲမှ လွင့်မျောလာသည့် သွေးနီရောင်ကြာပန်းသည် တိကျန်ဗောဓိသကျရှေ့သို့ ရောက်ရှိလာလေသည်။
"ကျုပ် တိကျန်ဗောဓိသကျဆီ လာရောက်လည်ပတ်တာ လက်ဆောင် ယူမလာခဲ့မိဘူး ၊ ဒီသွေးနီရောင် ကြာပန်းကိုပဲ လက်ဆောင်အဖြစ် လက်ခံပေးစေလိုပါတယ်…"
အေးချမ်းသည့် ဆန်းလျန်၏အသံက လွင့်မျောထွက်ပေါ်လာလေသည်။
***