← Chapters

ဝမ်းကွဲညီလေး

Vol. 9 Ch. 891

ဝမ်းကွဲညီလေး

Vol. 9 Ch. 891

လက်ရှိအချိန်တွင် တိကျန်ဗောဓိသကျသည် သာမန်ဘုန်းတော်ကြီးတစ်ယောက်၏ ပုံသဏ္ဍန်နှင့် ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများ လင်းလက်ထွက်ပေါ်နေခြင်း မရှိပေ။

သို့သော်… သဘာဝအတိုင်း ကိုယ်ရောင်ကိုယ်ဝါကတော့ တောက်ပလျှက် ရှိလေသည်။

တိကျန်ဗောဓိသကျက သွေးနီရောင်ကြာပန်းကို လက်ဖဝါးထက်တွင်တင်၍ အသယာဆောင်ယူလိုက်ရင်း…

"လူတွေပြောကြတာတော့ လက်ဆောင်ပေးတယ်ဆိုတာ အပေးအယူရှိရတယ်တဲ့ ၊ ထျန်းကျွင်းက ကျုပ်ဆီက ဘာများအကူအညီတောင်းစရာ ရှိလို့လဲ…"

ဆန်းလျန်၏ နားထဲသို့ တိကျန်ဗောဓိသကျ၏ စကားသံက ဝင်ရောက်လာလေသည်။

တိကျန်ဗောဓိသကျက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ကြည်လင်သည့်မျက်ဝန်းများတွင် တစ်စုံတစ်ခုကို သိရှိလိုက်သည့်အလား ခံစားလိုက်ရလေသည်။

တိကျန်ဗောဓိသကျက…

"ဒါက အရေးမကြီးလှတဲ့ ကိစ္စလေးပဲ ၊ ထျန်းကျွင်း ကိုယ့်ဟာကိုယ် စိတ်တိုင်းကျ လုပ်ဆောင်သွားနိုုင်ပါတယ်…"

လေထဲတွင် ရယ်သံသဲ့သဲ့တစ်ချက် ထွက်ပေါ်လာလေသည်။

"ကောင်းပြီ…"

ထိုအချိန်မှာပင်…. ကောင်းကင်ထက်တွင် တိကျန်ဗောဓိသကျ၏ စီးတော်ဖြစ်သည့် ထူးဆန်းသည့်သားရဲတစ်ကောင် ထွက်ပေါ်လာလေသည်။

ထိုသားရဲသည် ကောင်းကင်ဘုံ (၉)ထပ်နှင့် အသူရာချောက် (၉)ထပ်မှ အသံအားလုံးကို နားထောင်နိုင်စွမ်းရှိပြီး တိကျန်ဗောဓိသကျ၏ မျက်စိနှင့်နားဆိုလျှင်လည်း မမှားပေ။ ထိုသတ္တဝါ၏နာမည်မှာ "တိထင်း" ဖြစ်လေသည်။

(တိထင်း - တစ်လောကလုံးမှအသံကိုနားထောင်နိုင်သူ အဓိပ္ပါယ်ရ - ဘာသာပြန်သူ)

ထိုသားရဲက တိကျန်ဗောဓိသကျခြေရင်းတွင် ဝပ်တွားလိုက်ရင်း…

"သခင်ကြီး… ဘာလို့ ဆန်းလျန်ထျန်းကျွင်းကို ဒီလိုခွင့်ပြုလိုက်ရတာလဲ…"

တိကျန်ဗောဓိသကျက ပြုံးလိုက်ရင်း…

"သူ ဒီမှာ ကြာကြာ နေမှာ မဟုတ်ပါဘူး…"

တိထင်းက…

"သူက ဆန်းလျန်ထျန်းကျွင်းအစစ်မဟုတ်ဘူးနော် ၊ ကိုယ်ခွဲတစ်ခုပဲ ၊ သခင်ကြီးက ဘယ်လိုလုပ် သူ ဒီမှာ မနေနိုင်ဘူးလို့ ပြောရတာလဲ…"

တိကျန်ဗောဓိသကျက…

"တကယ်တမ်းဆို မီလဲ့ကိုယ်တော်ကတောင် သူ့ထက်အရင် လှုပ်ရှားရမှာလေ ၊ သူက အခု ကျုပ် ဒီနေရာမှာ ထိုင်နေတာကို ဆန်းလျန်ထျန်းကျွင်းထက်တောင် ကြည့်မရဖြစ်နေတာ မင်းမသိဘူးလား…"

တိထင်းက လောကတစ်ခုလုံးဆီသို့ နားတစ်ချက်စွင့်ကာ အာရုံပြုလိုက်ပြီးမှ…

"သူမနာလိုဖြစ်နေတာကို အကုန်လုံးလည်း သိနေကြတာပဲ မဟုတ်လား…"

တိကျန်ဗောဓိသကျက တိုးတိတ်သည့်လေသံဖြင့်…

"ထားလိုက်ပါ ၊ ဆန်းလျန်ထျန်းကျွင်းဆီက လက်ဆောင်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ၊ ဒီသွေးနီရောင်ကြာပန်းကို မင်းစားလိုက်ပါ ၊ နှစ်ပေါင်းတစ်သောင်းကျော် ကျင့်ကြံရတာထက်တောင် တန်ဖိုးရှိလိမ့်မယ်…"

တိထင်းက တစ်ချက်မျှစဉ်းစားပြီး သွေးနီရောင်ကြာပန်းကို ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

သွေးနီရောင်ကြာပန်းသည် တိထင်း၏ပါးစပ်တွင်းသို့ ရောက်သည်နှင့် ချက်ချင်း အရည်ပျော်သွားပြီး သူ့တစ်ကိုယ်လုံးတွင် အပူလှိုင်းတစ်ခု ဖြတ်သန်းစီးဆင်းသွားလေသည်။

ထို့နောက် သူ၏ သွေးကြောဆုံချက်များအားလုံး ချက်ချင်းတောက်ပလာပြီး သူ၏ခန္ဓာကိုယ်မှာ ကြယ်စင်တစ်စင်းအလားပင် ဖြစ်လေသည်။

ထိုအချိန်အတွင်းမှာပင်… သူ အလွန်ကံကောင်းသူတစ်ယောက်ဖြစ်ကြောင်း ချက်ချင်းသိရှိလိုက်သည်။

ထို့နောက် သူနားလည်လိုက်သည်မှာ အရင်အချိန်များတုန်းက သွေးနီရောင်ပင်လယ်၏ ကံတရားသည် သွေးနီရေကန်ထဲတွင် သိပ်သည်းပြီး သိမ်းဆည်းထားခြင်း ဖြစ်လေသည်။

ယခု သွေးနီရောင်ကန်မှ သွေးနီရောင်ကြာပန်း ပွင့်လန်းလာပြီး သွေးနီရောင်ပင်လယ်၏ အနှစ်သာရများနှင့် ပြည့်ဝလျှက် ရှိလေသည်။ ဆန်းလျန်သည်ညစ်ညမ်းသည့် ကံတရားအနှစ်သာရများကိုပင် တာအိုတန်ခိုးစွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်လေသည်။

ထိုအချက်မှာ အလွန်ကောင်းသည့် ဝမ်းမြောက်ဖွယ်ရာအချက်ပင် ဖြစ်လေ၏။

တိထင်းက…

"ဆန်းလျန်ထျန်းကျွင်းက သခင်ကြီးအပေါ် သူစေတနာကောင်းထားတာပြသဖို့ ဒီလိုအဖိုးတန်လက်ဆောင်ကို ပေးတာလား…"

တိကျန်ဗောဓိသကျက…

"မဟုတ်ဘူး ၊ သူက ကံတရားကိုတောင် သူက ပြောင်းလဲနိုင်တယ်ဆိုတာကို ပြသချင်တာ ၊ ပြီးတော့ ဒီလိုနည်းလမ်းက ကျုပ်တောင် မပြုလုပ်နိုင်ဘူး…"

တိထင်းက…

"သခင်ကြီးတောင် မတတ်နိုင်တဲ့အရာကို သူက ဘယ်လိုလုပ် တတ်နိုင်ရတာလဲ…"

တိကျန်ဗောဓိသကျက…

"ဖြစ်နိုင်ချေ (၂)ခုရှိတယ် ၊ ဘာလို့လဲဆိုတော့ မူလဆန်းလျန်ထျန်းကျွင်းပဲဖြစ်ဖြစ် ၊ ဆန်းလျန်ထျန်းကျွင်းရဲ့ ကိုယ်ခွဲဖြစ်တဲ့ ချင်းရွှမ်ထျန်းကျွင်းပဲ ဖြစ်ဖြစ် သူတို့ (၂)ယောက်ထဲက တစ်ယောက်က သံသရာလည်ခြင်းနဲ့ ကံတရားအကြောင်းကို သိမြင်ထားလို့ပဲ…"

ထိုစကားကိုကြားသည်နှင့် တိထင်း၏ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်ဟန်များ အထင်းသား ပေါ်လွင်လာလေသည်။

"သူသာ အဲဒီလိုဆိုရင် သူ့အဆင့်က တာအိုဆရာသခင်ထိုက်ယီ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်မလာခင်က အဆင့်နဲ့ သွားပြီးတူနေတာပေါ့…"

တိကျန်ဗောဓိသကျက…

"ဒီနေ့ခေတ်မှာ တခြား တန်ခိုးစွမ်းအားမြင့်မားတဲ့သူတွေလည်း အများကြီးရှိပါသေးတယ် ၊ အဲဒီလူတွေ မမိုက်မဲသရွေ့ ဆန်းလျန်ထျန်းကျွင်းအနေနဲ့ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာနိုင်မှာ မဟုတ်သေးပါဘူး…"

………….

ဘုရင်မကြီးက တာ့ကျောက်တိုင်းပြည်ကို စဆင်အုပ်ချုပ်သည့်အချိန်မှစပြီး တာ့ကျောက်ပြည်က ပိုမိုအင်အားကြီးမားလာခဲ့လေသည်။

သို့သော်…. ဘုရင့်ညီလာခံမှ အရေးပါသည့် အမတ်မင်းအများစုမှာ နတ်ဘုရားများမှ လူပြန်ဝင်စားသူများ ဖြစ်ကြလေသည်။ အထူးသဖြင့် တာအိုဆရာသခင်ယွိချင်ယွမ်စီထျန်းကျွင်းနှင့် တာအိုဆရာသခင်ထိုက်ချင် ထိုက်စန့်လောင်ကျွင်းတို့၏ မျိုးနွယ်မှဆင်းသက်လာကြသည့် တပည့်တပန်း နတ်ဘုရားများ ဖြစ်ကြလေသည်။

ဘုရင်မကြီးမှာ မယ်တော်ဝမ်မူဖြစ်သည့်အတွက် သူမအနေဖြင့် ထိုသူများ၏ ဇာစ်မြစ်ကို သိရှိပြီးသားဖြစ်လေသည်။ ထို့ကြောင့် သူမက ညီလာခံမှ အမတ်မင်းများကို ဖိနှိပ်ရန်အတွက် ဗုဒ္ဓဘာသာကို အားပေး မြှင့်တင်ခဲ့လေသည်။ သို့သော်… သူမ ထိုသို့ ပြုလုပ်နေသည်ကို အမတ်မင်းများ သိရှိခြင်းမရှိအောင် ဖုံးကွယ်ထားလေ၏။

အဘယ့်ကြောင့် များစွာသော နတ်ဘုရားများ လူပြန်ဝင်စားကာ လူ့လောကသို့ ရောက်လာကြပါသနည်း။

အဘယ်ကြောင့်ဆိုသော်… ယခုအချိန်တွင် ရွှမ်ဟွမ်မိုးနတ်မင်းအဖြစ်ခံယူထားသည့် ရွှမ်တုတောက်ကျွင်းက ကောင်းကင်ဘုံ (၉)ခုကို ဖွင့်လှစ်ကာ မိုးကောင်းကင်ခုံရုံးကို ပြန်လည်တည်ထောင်လိုက်သည့်အတွက် ကောင်းကင်ဘုံတွင် နေထိုင်ရန် မဖြစ်နိုင်သူအချို့က လူပြန်ဝင်စားသွားကြခြင်း ဖြစ်လေသည်။

မယ်တော်ဝမ်မူက ရွှမ်ဟွမ်မိုးနတ်မင်း၏ ရုပ်သေးရုပ်တစ်ရုပ် မဖြစ်ချင်ပေ။ သူမက လူသားဆန်မှုနှင့် ကံတရားကို တန်ဖိုးထားပြီး လူ့လောကတွင်ပင် သူမ၏ ကိုယ်ပိုင်ဟန်ဖြင့် နေလိုရန် ဆန္ဒရှိသည်။

ယခု ရွှမ်ဟွမ်မိုးနတ်မင်းက မရှိမှုကျေးရွာမှ နတ်ဘုရားဂူများကို သိမ်းပိုက်လိုက်ပြီဖြစ်လေသည်။

လင်စန်းတောင်ရှိရာ အနောက်ဘက်ကောင်းကင်ဘုံနှင့် ဖန်သားကောင်းကင်ဘုံကို သိမ်းပိုက်နိုင်ရန်မှာ သူ၏ အကြီးမားဆုံး ရည်ရွယ်ချက် ဖြစ်လေ၏။

ထို့ကြောင့် ရွှမ်ဟွမ်မိုးနတ်မင်း ထိုသို့ မပြုလုပ်နိုင်ရန် မယ်တော်ဝမ်မူနှင့် ဗုဒ္ဓဘာသာဘက်မှ ကျင့်ကြံသူများက တိုက်ခိုက်ကြမည် ဖြစ်လေသည်။

ထိုသို့ တိုက်ခိုက်ရသည်မှာ ကျင့်ကြံခြင်းလောက၏ ရုန်းကန်ရခြင်းများကို ပြသနေခြင်း ဖြစ်လေသည်။

ဝေ့၀မ်မင်းသားသည် တာ့ကျောက်ပြည်၏ အိမ်ရှေ့မင်းသားဖြစ်လာခဲ့ပြီ ဖြစ်လေသည်။

မကြာသေးမီက ဝေ့မင်းသားက ကြင်ယာတော်တစ်ယောက် မြှောက်ခဲ့လေသည်။ ထိုမိန်မပျိုမှာ ကျိုးယီတောင် ၊ ဟယ်အိမ်တော်မှ သမီးဖြစ်သူ ဟယ်စူးရင်းပင် ဖြစ်လေသည်။ သူမက ရွှမ်နွီနန်းတော်မှ တပည့်တစ်ယောက်လည်း ဖြစ်လေသည်။

ဟယ်စူးရင်းသည် ဆန်းလျန်၏ တပည့်မလေး ဟယ်ရှန်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရင်း သေလုမျောပါးဒဏ်ရာရခဲ့ပြီး အားလုံးက သေပြီဟု ထင်ကြသော်လည်း မသေဆုံးခဲ့ပေ။

ယခုတော့ ဝေ့၀မ်မင်းသားနှင့် လက်ဆက်နိုင်ခဲ့ပြီ ဖြစ်လေသည်။

ဘုရင်မကြီး စိုးစံသည့်အချိန်ကုန်ဆုံးသွားပြီးသည့်နောက် ဝေ့မင်းသားက ဘုရင်ဖြစ်လာမည့်သူ ဖြစ်လေသည်။

ထို့ပြင်… ဘုရင်မကြီးက ဝေ့မင်းသားကို တရားဝင်အိမ်ရှေ့မင်းသားအဖြစ် တရားဝင်ကြေငြာခြင်းကို  (၉)လပိုင်း (၉)ရက်နေ့တွင် ပြုလုပ်မည်ဟု သတ်မှတ်ထားလေသည်။

သို့သော်… ဝေ့မင်းသားသည် လက်ရှိအချိန်တွင် မည်သည့်အရာကိုမှ အရေးမစိုက်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ကြင်ယာတော်မှ ပထမဆုံးရင်သွေးလေးကို မွေးဖွားမည် ဖြစ်သောကြောင့်ပင်။

ထို့ပြင် နတ်ဘုရားတစ်ပါးက ဟောပြောသည်မှာ ကြင်ယာတော်က သားတော်တစ်ပါးမွေးဖွားမည်ဖြစ်ပြီး ထိုကလေးမှာ ဒုတိယသားဖြစ်မည် ဖြစ်လေသည်။ ထိုအဓိပ္ပါယ်အရဆိုလျှင် တာအိုကျင့်ကြံသူဂိုဏ်းများ ၊ နတ်ဘုရားဂိုဏ်းများက သူ့ကို ထောက်ခံကြပေလိမ့်မည်။

ထို့ပြင် သူ၏ ကြင်ယာတော်ထံမှ သိရှိထားသည့် အချက်တစ်ချို့ရှိသေးသည်။

ထိုသားငယ်သာ မွေးဖွားလာပါက သူသည် နှစ်ပေါင်းများစွာအတွင်း စစ်မှန်သည့်အမြင်ရှိသည့် ပထမဆုံး ဧကရာဇ်ဖြစ်လာမည်ဟူ၍ ဖြစ်လေသည်။

ထို့နောက်… ကုသိုလ်တရားများဖြင့် ဖြည့်ကျင့်ပါက သူက လောကနှင့်အညီအသက်ရှည်ပြီး ရွှမ်ဟွမ်မိုးနတ်မင်းကဲ့သို့ နောက်ဆုံးတွင် ဖြစ်လာနိုင်မည်ဟုလည်း ဆိုလေသည်။

ထိုစကားက သူ့ရည်မှန်းချက်များကို ပိုပြီးပြင်းထန်စေခဲ့ပြီး သူ၏ မိဖုရားကြီး၏ပထမဆုံးသားတော်ကိုပင် ပျက်ကျစေခဲ့ကာ ကြင်ယာတော်၏သားတော်ကို ပထမသားတော်နေရာရစေခဲ့လေသည်။

ဝေ့မင်းသား ရည်မှန်းချက်ပြင်းထန်နေသည့်အချိန်တွင် ဆန်းလျန်သည် ဘုရင့်နေပြည်တော်သို့ ရောက်ရှိလာခဲ့လေသည်။

ဆန်းလျန်က ဘုရင့်နေပြည်တော်ထဲတွင် လျှောက်သွားနေပြီး စိတ်ထဲမှ ကြိတ်ပြီး ရယ်မောနေမိလေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရင့်နေပြည်တော်ထဲတွင် နတ်ဘုရားများ တစ်ဝက်နီးပါး ရောက်နေကြသောကြောင့် ဖြစ်လေသည်။

ဘုရင်မကြီးက မယ်တော်ဝမ်မူဖြစ်လေသည်။

ဤမျှများပြားသော နတ်ဘုရားအရေအတွက် ဘုရင့်နေပြည်တော်အတွင်းသို့ ရောက်နေသည်နှင့် ကြုံတုန်းကြုံခိုက် မယ်တော်ဝမ်မူသည်ပင် နတ်မက်မွန်သီးပွဲတော်ကျင်းပမည်ဆိုလျှင် ကျင်းပ၍ ရနိုင်လေ၏။

ထိုအတွေးကြောင့် ဆန်းလျန်က ပြုံးလိုက်မိခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင်…

"ပေါက်စီတွေရမယ်… အရသာရှိတဲ့ ပေါက်စီတွေရမယ်…"

ပေါက်စီရောင်းချနေသည့်ဈေးသည်တစ်ယောက်၏ အသံစူးစူးက ထွက်ပေါ်လာလေသည်။ ဆူညံနေသည့်လမ်းတစ်လျှောက်မှ အသံများကိုပင် သူ့အသံက ဖုံးကွယ်သွားနိုင်စွမ်း ရှိလေသည်။

ဆန်းလျန်က ထိုသူကို တစ်ချက်ကြည့်လိုက်ပြီး လမ်းလျှောက်နေသည့်အရှိန်ကို အနည်းငယ်လျှော့လိုက်သည်။

ထို့နောက် သူက ပေါက်စီဝယ်ရန် တန်းစီနေကြသည့် လူများနောက်တွင်ပင် အိန္ဒြေရရ ဝင်ပြီး တန်းစီလိုက်သည်။

ဆန်းလျန် ပေါက်စီများဝယ်ရန်အလှည့်သို့ရောက်သည့်အခါ ဈေးရောင်းသူက နောက်သို့အသာဆုတ်လိုက်ပြီး သူ့ကို တအံ့တသြဖြင့်ကြည့်လိုက်ရင်း…

"ဝမ်းကွဲညီလေး…"

ဟု ခေါ်လိုက်လေသည်။

ပေါက်စီရောင်းသူမှာ ကမ္ဘာမြေမှ ဒေါက်တာလီဖုန်း၏ တစ်ဝမ်းကွဲအစ်ကို ကျောက်ဖုန်းပင် ဖြစ်လေသည်။ ဒေါက်တာလီဖုန်း ယဉ်တိုက်မှုဖြင့် သေဆုံးပြီးမှ ဆန်းလျန်၏ ခန္ဓာကိုယ်ထဲသို့ ရောက်လာခြင်း ဖြစ်လေသည်။

ကျောက်ဖုန်းမှာ ကမ္ဘာမြေတွင် ကျောက်ရှောင်ယွီနှင့်ပင်ဆုံတွေ့ခဲ့ရဖူးပြီး ကျောက်ရှောင်ယွီ နာမည်ကြီးတစ်ယောက် ဖြစ်လာရန် အစပိုင်းတွင် ကူညီပေးခဲ့သူ ဖြစ်လေသည်။

ဆန်းလျန်၏ အသွင်အပြင်က အရင်ဘဝမှ ဒေါက်တာလီဖုန်းနှင့် လုံး၀ မတူပေ။

သို့သော်… ကျောက်ဖုန်းက တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏မှတ်ဉာဏ်ထဲတွင် သူ့ရှေ့မှသူမှာ လီဖုန်းပင်ဖြစ်သည်ဟု သေချာနေမိလေသည်။

ဆန်းလျန်က…

"ငါ ပေါက်စီနှစ်လုံးဝယ်မယ်…"

ကျောက်ဖုန်းက ဆန်းလျန်ကို ပေါက်စီ (၂)လုံး လှမ်းပေးလိုက်လေသည်။

ဆန်းလျန်က ကျောက်ဖုန်းကို ပိုက်ဆံပေးသည့်အခါတွင်တော့ ကျောက်ဖုန်းက…

"မပေးနဲ့တော့ ၊ ငါ မင်းကို ကျွေးတာပါကွာ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဒါဆို ယူလိုက်မယ်…"

သူငြင်းလျှင်လည်း ကျောက်ဖုန်းကအတင်းပေးမည်ကိုသိသည့်အတွက် ဆန်းလျန် လက်ခံလိုက်လေသည်။

သို့သော်… ကျောက်ဖုန်း ခေါင်းတစ်ချက်အငုံ့မှာပင် ဆန်းလျန်က သူ့ရှေ့မှ ပျောက်ကွယ်သွားလေတော့သည်။

ပေါက်စီဝယ်မည့်သူများက ဝိုင်းအုံနေကြသည့်အတွက် သူက ဆန်းလျန် မည်သည့်နေရာသို့ပျောက်သွားသည်လည်း ရှာဖွေနေချိန် မရတော့ပေ။

နောက်ဆုံးတော့ ပေါက်စီများသာ ဆက်ရောင်းနေလိုက်ရလေတော့သည်။

သူစိတ်ထဲတွင် စဉ်းစားနေသည်က သူ၏ညီတစ်ဝမ်းကွဲ သေဆုံးသွားပြီး မကျွတ်လွတ်ဘဲ သရဲဖြစ်ကာ သူ့ကိုလာပြီး ကိုယ်ထင်ပြလေသည်လားဟူ၍ဖြစ်သည်။

"ငါ သရဲမဖြစ်သေးပါဘူးကွာ…"

အေးဆေးသည့် ဆန်းလျန်၏ အသံက သူ့အနားမှ ထွက်ပေါ်လာလေသည်။

ကျောက်ဖုန်းအံ့သြသွားပြီး လှည့်ကြည့်လိုက်သည့်အခါတွင်တော့ သူ့ဘေးနားတွင်ရပ်နေသည့် ဆန်းလျန်ကို တွေ့လိုက်ရလေသည်။

ကျောက်ဖုန်းက…

"ဝမ်းကွဲညီလေး ၊ တကယ်ပဲ မင်းနော်…"

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"မင်း အရင်တုန်းက ဘာမှလဲ ဟုတ်တိပတ်တိ အလုပ်လုပ်တဲ့ကောင် မဟုတ်ပါဘူး ၊ အခုတော့ ဘာလို့ ပေါက်စီတွေရောင်းနေရတာလဲ…"

***

All Chapters