ကံကြမ္မာကိုပြောင်းလဲခြင်း
Vol. 9 Ch. 892
သူတို့က ဘုရင့်နေပြည်တော် မြို့လယ်ခေါင်တွင် ရှိနေခြင်း ဖြစ်လေသည်။
အချိန်က ရပ်တန့်သွားပြီး ပတ်ဝန်းကျင်မှ လူများအားလုံး မှာ ရုပ်သေများအဖြစ် ရပ်တန့်သွားကြလေသည်။ သက်ဝင်လှုပ်ရှားနေသူဆို၍ ကျောက်ဖုန်းနှင့် ဆန်းလျန် (၂)ယောက်သာ ရှိလေသည်။
ထိုအခြေအနေကို သတိပြုလိုက်မိသည့်အခါ ကျောက်ဖုန်းမှာ ပိုပြီး အံ့အားသင့်သွားရလေတော့သည်။
ကျောက်ဖုန်းက…
"မင်းက လူလား… သရဲလား…"
ဆန်းလျန်က ပြောင်စပ်စပ်မျက်နှာထားဖြင့်…
"လူဆိုလည်းဟုတ်တယ် ၊ သရဲဆိုလည်း ဟုတ်တယ်…"
ကျောက်ဖုန်းသည် ကမ္ဘာမြေမှ သူ၏ အစ်ကိုဝမ်းကွဲ ဖြစ်လေသည်။
သို့သော်… ကမ္ဘာမြေမှ လူသားအားလုံးသည် သူနှင့် သက်ဆိုင်နေလေသည်။ အဘယ်ကြောင့်ဆိုသော်… ကမ္ဘာပေါ်မှ လူသားမွေးဖွားဖြစ်တည်လာရသည့်အကြောင်းရင်းမှာ ထိုက်ယန်ကြယ်စင်ကြီးကို သူက မီးတင်ရှို့ခဲ့သောကြောင့် ဖြစ်သည်မဟုတ်ပါလား။
"မရှိမှု" မှ တစ်ခု မွေးဖွားလာပြီး ထိုတစ်ခုသည် တာအိုဖြစ်သည်ဆိုလျှင် ကမ္ဘာမြေမှ ဖြစ်တည်လာမှုသည်လည်း ထိုသို့ပင် ဖြစ်ရပေမည်။
ယနေ့ ကျောက်ဖုန်းမှာ အရင်က ကျောက်ဖုန်းအတိုင်းပင်ဖြစ်လေသည်။ သို့သော်… သူသည် ဆန်းလျန်နှင့်ပတ်သက်မှု မရှိတော့ပေ။ ထို့ပြင် ကျောက်ဖုန်း၏ အတိတ်နှင့်လက်ရှိဘဝများသည် ဆန်းလျန်၏ မျက်လုံးထဲတွင် ရှုတ်ထွေးနေလေသည်။
ကျောက်ဖုန်းက တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့်…
"ညီလေး… မင်းအခု ဒီလောက က နတ်ဘုရားတစ်ပါးလား…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"မင်း ဒီလိုမျိုးသိတယ်ဆိုရင်တော့ မင်းကိုကြည့်ရတာ သာမန်ပေါက်စီရောင်းတဲ့လမ်းဘေးဈေးသည်တော့ မဖြစ်နိုင်ဘူး…"
လွန်ခဲ့သည့် နှစ်ပေါင်း (၃၀)ခန့်က ကျောက်ဖုန်း ဤလောကသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။
ထိုအချိန်က… သူက အလွန်ကျော်ကြားသည့် ကဗျာစာပေပညာရှင်တစ်ယောက် ဖြစ်ခဲ့လေသည်။ သူမည်မျှပင် နာမည်ကျော်ကြားပါစေ ၊ မည်မျှပင် စာပေပညာတွင် သိမြင်မှုနက်ရှိုင်းပါစေ ထင်ပေါ်ကျော်ကြားလိုစိတ်မရှိသည့်အတွက် ကျင်းကျီးတွင် မြေတစ်ကွက်ဝယ်ကာ တိတ်တဆိတ်လျှို့ဝှက်နေထိုင်ခဲ့လေသည်။
ကျော်ကြားခြင်းများမရှိသည့်တိုင် စိတ်ငြိမ်းချမ်းခြင်းကို ခံစားရလေ၏။
ထိုသို့ဖြင့် နှစ်ပေါင်း (၆၀)ကို ဖြတ်သန်းခဲ့ပြီး (၃)လပိုင်း မတိုင်ခင်အချိန်တွင်တော့ မနက်ခင်းတစ်ခုတွင် ရုတ်တရက် အိပ်ယာမှ နိုးလာသည့်အခါ ဘုရင့်နေပြည်တော်မှ ပေါက်စီရောင်းသူလူငယ်လေး၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိနေခဲ့လေသည်။
သူသည် ငယ်ရွယ်သည့် အသက် (၂၀)အရွယ်လူငယ်လေးဖြစ်နေခဲ့ပြီး လွန်ခဲ့သည့် အနှစ် (၃၀)ကို ပြန်ကြည့်လိုက်သည့်အခါ အိပ်မက်အလားပင် ထင်မှတ်ရလေသည်။
သူတိတ်တဆိတ်စုံစမ်းကြည့်သည့်အခါ ကျောက်မိသားစုမှ ကျောက်ဖုန်းမှာ လေဖြတ်ပြီး အိပ်ယာထဲတွင် သတိလစ်နေပြီဟု ဆိုကြလေသည်။ ကျောက်ဖုန်းက အိမ်ထောင်ပြုခဲ့ခြင်းမရှိသည့်အတွက် သားသမီးလည်း မရှိပေ။
ကျောက်ဖုန်းမှာ ငယ်ရွယ်သည့်ခန္ဓာကိုယ်တစ်ခုကို အချောင်ရလိုက်သည့်အတွက် အလွန်ပျော်ရွင်သွားခဲ့လေသည်။
သူက လွန်ခဲ့သည့်နှစ်ပေါင်း (၃၀)က ပိုက်ဆံအနည်းငယ်ကိုလည်းစုစည်းခဲ့ပြီး ကျင့်စဉ်အနည်းအပါးကိုလည်း ကျင့်ကြံခဲ့ဖူးလေသည်။
သို့သော်… ပိုက်ဆံပြည့်စုံချိန်နှင့် ကျင့်စဉ်လေးများကျင့်ခွင့်ရသည့်အချိန်တွင် သူသည် အိုပြီး သေတော့မည့်အချိန်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အသုံးမကျတော့ပေ။
အသက် (၂၀)ဝန်းကျင်ဆိုသည်မှာ မငယ်တော့သော်လည်း ကျင့်ကြံမှုပြုလုပ်ရန် အခွင့်ရေးတော့ ရှိဦးမည်ဖြစ်သည်။
ထို့ကြောင့် (၃)လပိုင်းမှစတင်ကာ သူက ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ပြီး အခြေအနေလည်း ပြောင်းလဲလာခဲ့လေသည်။
သူ ယခု ကျင့်စဉ်လမ်းကို စပြီးလိုက်သည့်အချိန်မှာပင် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သည့် သူ၏ ညီဝမ်းကွဲဖြစ်သူ လီဖုန်းကို ပြန်တွေ့လိုက်ရခြင်း ဖြစ်လေ၏။ ထို့ပြင် လီဖုန်းသည် နတ်ဘုရားတစ်ပါး ဖြစ်နေဟန်လည်း ရှိလေသည်။
ခန့်မှန်း၍မရနိုင်သည့် ဆန်းလျန်နှင့် သိခဲ့ရပြီးသည့်နောက် ကျောက်ဖုန်းက သူ့အတွေ့အကြံများကို ပြောပြခဲ့လေသည်။ သူက ကမ္ဘာမြေတွင်နေခဲ့စဉ်က ကျောက်ရှောင်ယွီနှင့် တွေ့ခဲ့ရသည့်အကြောင်းများလည်း ပါဝင်လေ၏။ ။
ဆန်းလျန်က ကျောက်ဖုန်း၏ စကားများကို နားထောင်ပြီး ပြုံးလိုက်ရင်း…
"ငါ့အစ်ကိုရဲ့အတွေ့အကြံတွေကတော့ ကမ္ဘာမြေက အွန်လိုင်းစာပေတွေမှာ ရှန်းရှဝတ္ထုတစ်ပုဒ်တောင်ရေးလို့ရတယ် ၊ ဒါပေမဲ့ ဇာတ်လမ်းထဲမှာ မြှုပ်ကွက်လေးတွေတော့ နည်းနည်းထည့်ရမှာပေါ့…"
ကျောက်ဖုန်းသည် ကမ္ဘာမြေတွင်ရှိစဉ်က ရှန်းရှဝတ္ထုများကို ဖတ်ဖူးလေသည်။
"ငါက သာမန်လူတစ်ယောက်ဆိုတာ ငါသိပါတယ်ကွာ ၊ ဒါပေမဲ့ ဒီလောကမှာတော့ နတ်ဘုရားတွေ ၊ တစ္ဆေသရဲတွေ တကယ်ရှိတာဟ…"
ဆန်းလျန်က…
"အစ်ကို… မင်းက ကမ္ဘမြေကနေ တာ့ကျောက်တိုင်းပြည်ကို ရုတ်တရက်ရောက်လာတယ် ၊ အခုလည်း သေခါနီးကျ တခြားခန္ဓာကိုယ်တစ်ခုထဲကို ဝိညာဉ်က ရောက်နေပြန်တယ် ၊ ပြီးတော့ ဒီပေါက်စီရောင်းတဲ့ ကောင်လေးနာမည်ကလည်း မင်းနဲ့နာမည်တူတဲ့ ကျောက်ဖုန်းပဲ ဖြစ်နေတယ် ၊ အဖြစ်အပျက်တွေက အရမ်းတိုက်ဆိုင်မနေဘူးလား…"
ကျောက်ဖုန်းက…
"ဘာတွေဖြစ်နေမှန်း ငါလည်း မသိတော့ပါဘူးကွာ…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"မင်း ရှေ့ဆက် ဘာလုပ်ဖို့ စဉ်းစားထားလဲ…"
ကျောက်ဖုန်းက…
"အတိတ်က အနှစ် (၆၀)လုံးလုံး ငါက ကျင့်စဉ်လမ်းကို လိုက်ချင်ခဲ့တာပါ…"
ဆန်းလျန်က…
"ဒါဖြင့်မင်းက နတ်ဘုရားတစ်ပါး ဖြစ်ချင်တာလား…"
ကျောက်ဖုန်းက ခေါင်းညိတ်လိုက်ရင်း…
"အမှန်ပဲ…"
ဆန်းလျန်က…
"ဒါပေမဲ့ အစ်ကို အခုမှ စပြီး ကျင့်ကြံမယ်ဆိုရင် နောက်ကျနေပြီ ၊ ပုံမှန်အတိုင်းကျင့်ကြံသွားမယ်ဆိုရင်တောင် အသက် (၂၀၀)လောက်အထိပဲ ရှည်နိုင်လိမ့်မယ်…"
ဆန်းလျန်စကားကြောင့် ကျောက်ဖုန်း အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး…
"ငါလည်း သိပါတယ်ကွာ… ၊ ဒါပေမဲ့ တခြားနည်းလမ်းမရှိတော့ဘူးလား…"
ဆန်းလျန်က…
"ထိုက်စန့်လောင်ကျွင်းရဲ့ ခရမ်းရောင်ကိုးဆင့်ရွှေဆေးတို့ ၊ ကျန့်ယွမ်ကျီနတ်မင်းကြီးရဲ့ လူသားပုံသဏ္ဍန်ဂျင်ဆင်းသီးတို့ ၊ မယ်တော်ဝမ်မူရဲ့ နတ်မက်မွန်သီးတို့ရမယ်ဆိုရင်တော့ မင်းရဲ့ ခန္ဓာကိုယ်ဖွဲပစည်းပုံနည်းနည်းတိုးတက်လာအောင် လုပ်ပေးလိုက်ရင် နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်ချေ ရှိပါတယ်…"
ကျောက်ဖုန်းက…
"အဲဒါတွေက ဒဏ္ဍာရီထဲက နတ်ဆေးဝါးတွေပဲ ၊ ငါက ဘယ်လိုလုပ်ရနိုင်မှာလဲ…"
ကျောက်ဖုန်းက ထိုသို့ပြောလိုက်သည့်တိုင် သူ၏ညီဝမ်းကွဲဖြစ်သူ ဆန်းလျန်က "ငါ့မှာအဲဒါတွေရှိတယ်" ဟု ပြောလေမလား မျှော်လင့်လိုက်မိလေသည်။
သို့သော်… ဆန်းလျန်က…
"ငါ့မှာလည်း အဲဒါတွေ မရှိဘူး…"
ဆန်းလျန်စကားကြောင့် ကျောက်ဖုန်း အနည်းငယ်စိတ်ပျက်သွားပြီး…
"ညီလေး… မင်းမှာ ငါ့ကိုကူညီဖို့ တခြားနည်းလမ်း မရှိတော့ဘူးလား…"
ဆန်းလျန်က…
"မင်း ငါ့နောက်လိုက်ခဲ့ပါ ၊ မင်းအတွက် နည်းလမ်းတစ်ခုခု စဉ်းစားပေးမယ်…"
ကျောက်ဖုန်းက…
"ကောင်းပြီ…"
……………
ပူပြင်းသည့် နွေရာသီကုန်ဆုံးသွားပြီး ဆောင်းဦးလေပြေလေးတိုက်ခတ်လာလေသည်။
အချိန်က လျှင်မြန်စွာကုန်ဆုံးသွားပြီး (၉)လပိုင်းအချိန်သို့ပင် ရောက်လာခဲ့ပြီ ဖြစ်သည်။
လေထဲတွင် နတ်ဘုရားများပျံသန်းနေသည့်အလား ဆောင်းဦးရွက်ကြွေများကလည်း ပျံသန်းလျှက်ရှိလေသည်။
ဘုရင့်နေပြည်တော်၏ လေထုထဲတွင်တော့ ဓမ္မဓိဌာန်ကျမှုများ ဖုံးလွှမ်းလျှက်ရှိသည်။ သို့သော် (၉)လပိုင်း (၉)ရက်နေ့တွင် ဘုရင်မကြီးက အပြောင်းအလဲများ ပြုလုပ်မည့်နေ့ဖြစ်လေသည်။
ကျောက်ဖုန်းက ဆန်းလျန်ညွှန်ကြားသည့်အတိုင်း ဘုရင့်နေပြည်တော်တွင် ဗေဒင်ဟောသည့် ဆိုင်ခန်းတစ်ခန်း ဖွင့်ထားလေသည်။
ဗေဒင်တွက်သည်ဆိုသည်မှာ ဆန်းလျန်အတွက်တော့ အသေးအဖွဲကိစ္စပင် ဖြစ်လေသည်။ ထို့ကြောင့် သူက ဗေဒင်ပညာနှင့် လှည့်ကွက်များကို ကျောက်ဖုန်းကို သင်ပေးခဲ့လေသည်။
ကျောက်ဖုန်းမှာ ဘဝနှစ်ခုပေါင်းပြီး နှစ်ပေါင်း အတော်ကြာအောင် နေထိုင်ခဲ့သူဖြစ်သည့်အတွက် သင်ယူနိုင်စွမ်း လျှင်မြန်လေသည်။
ထို့ကြောင့် ရက်ပိုင်းအတွင်းမှာပင် ကျောက်ဖုန်း၏ ဗေဒင်ခန်းလေးသည် တဖြည်းဖြည်း နာမည်ကျော်ကြားလာလေတော့သည်။
အိမ်နီးနားချင်းများက ကျောက်ဖုန်းကို ဗေဒဝိဇ္ဇာဟု ခေါ်ကြပြီး ဆန်းလျန်ကိုတော့ နတ်ဘုရားတစ်ပါးဖြစ်ကြောင်း အစကတည်းက သိရှိထားကြလေသည်။
အချို့သူများက ပေါက်စီရောင်းသည့်လူငယ်လေးက ဗေဒင်ဟောနေသည့်အတွက် အစပိုင်းတွင် လှောင်ပြောင်ခဲ့ကြလေသည်။
သို့သော်… ကျောက်ဖုန်း၏ ဗေဒင်ဟောပြောချက်များက မှန်ကန်သည့်အတွက် နာမည်ကြီးလာသည့်အခါ သူတို့က မနာလိုပင် ဖြစ်လာကြလေသည်။
ဆန်းလျန်က ကျောက်ဖုန်းကို ဗေဒင်ပညာသင်ပေးပြီး ကျောက်ဖုန်းက ဗေဒင်ဟောသည့်အလုပ် လုပ်လေသည်။
ဆန်းလျန်၏ ဘဝကတော့ အေးအေးဆေးဆေးပင် ဖြစ်နေပြီး မိုးနှင့်မြေမှ နတ်ဘုရားများစွာသည် ဆန်းလျန် မည်သည့်နေရာတွင် ရောက်ရှိနေသည် မည်သူမှ မခန့်မှန်းနိုင်ကြပေ။
ဘုရင့်နေပြည်တော်တွင် နေထိုင်နေရခြင်းက ဆန်းလျန်တွင် ရည်ရွယ်ချက်တစ်ခုရှိလေသည်။
(၉)လပိုင်း (၉)ရက်နေ့တွင် သူ၏ တပည့်ဖြစ်သူ ချန်ကျင်းချင်း လူပြန်ဝင်စားမည် ဖြစ်လေသည်။ ထိုအချိန်တွင် တိုက်ပွဲတစ်ခု ဖြစ်မည်ဖြစ်လေသည်။
တိုင်းပြည်တစ်ပြည်၏ ဧကရာဇ်နေရာဆိုသည်က မိုးကောင်းကင်၏ ဆန္ဒဖြစ်လေ၏။ မယ်တော်ဝမ်မူပင်လျှင် ထိုသို့ ပြောင်းလဲမှုများကို လွန်ဆန်နိုင်ခြင်းမရှိဘဲ ကံတရားအတိုင်း စီးမျောရမည် ဖြစ်လေသည်။
သို့သော်… ဆန်းလျန်က တပည့်ဖြစ်သူ ချန်ကျင်းချင်ကို ဧကရာဇ်တစ်ပါး ဖြစ်စေလိုလျှင် မိုးကောင်းကင်၏ ဆန္ဒကိုတော့ ဆန့်ကျင်ရမည် ဖြစ်လေ၏။
ထိုသို့ မိုးကောင်းကင်မှချမှတ်ထားပြီးသား ကံကြမ္မာကို ပြောင်းလဲမည်ဆိုပါက အကျိုးဆက်ဖြစ်သည့် ကြမ္မာဆိုးကိုပါ ခံစားရမည် ဖြစ်လေသည်။ ကြမ္မာဆိုးကို ဆန်းလျန် တားဆီး၍ မရနိုင်သော်လည်း နည်းပါးအောင်တော့ ကြိုးစားရမည် ဖြစ်လေသည်။
သို့သော်… ထိုသို့ပြုလုပ်နိုင်သူဆို၍ လောကတွင် သူတစ်ယောက်သာရှိလေသည်။ အခြားသူဆိုလျှင် စိတ်ကူးပင်ယဉ်ရဲမည် မဟုတ်ပေ။
ထို့ပြင်… ကျောက်ဖုန်းနှင့်ပတ်သက်သည့်အဖြစ်အပျက်ကလည်း အင်မတန်ထူးဆန်းသည်ဟု ဆန်းလျန်ခံစားနေရလေသည်။ ထို့ကြောင့် သူက ကျောက်ဖုန်းကိုအနားတွင်ခေါ်ထားခြင်းဖြစ်ပြီး ထူးခြားမှုတစ်ခုခု ဖြစ်လာခဲ့လျှင်စောင့်ကြည့်ရမည် ဖြစ်လေသည်။
***