ကြယ်စင်တစ်ထောင်တန်ခိုးစွမ်းအား
Vol. 9 Ch. 893
(၉)လပိုင်း (၉)ရက်ရောက်ရန် (၇)ရက် လိုသေးသည်။
ဆန်းလျန်ကတော့ ဘုရင့်နေပြည်တော်တွင် အေးအေးဆေးဆေးပင် ရှိနေလေသည်။
နတ်ဘုရားများသည် ဘုရင့်နေပြည်တော်တွင်တဖြည်းဖြည်းပိုပြီး ခြေရှုတ်လာကြလေသည်။ နတ်ဘုရားများသာမက နတ်မိစ္ဆာများပင် ရောက်လာကြလေသည်။
ထိုအချိန်တွင်…
ဆန်းလျန်သည် ငွေရောင်စုတ်တံတစ်ချေင်းကိုကိုင်ပြီး ဆောင်းဦးရာသီ ပန်းချီကားတစ်ချပ်ကို ရေးဆွဲနေလေသည်။
ဆန်းလျန်၏ ငွေရောင်မှော်စုတ်တံကို တွေ့မြင်လိုက်ရသည့်အခါ ကျောက်ဖုန်း အလွန်အမင်းအံ့သြသွားရလေသည်။
ထိုအချိန်မှာပင်… ဆန်းလျန်၏ မှော်စုတ်တံသည် ပန်းချီဆွဲစက္ကူထက်တွင် တစ်လက်လက်တောက်ပနေလေသည်။ နေ့ခင်းကြောင်တောင် ကြယ်စင်များတောက်ပနေသည်အလား ထင်မှတ်ရသည်။
ရုတ်တရက် စုတ်တံကို ခါလိုက်သည့်အခါ ပန်းချီဆွဲစက္ကူထက်သို့ တောက်ပနေသည့် မင်စက်လေးများကျသွားပြီး ပန်းချီကားပျက်စီးသွားရလေသည်။
တစ်ခေတ်တစ်ခါပေါ်ထွက်သည့်ပန်းချီကားဟု ပြောရလောက်အောင် လှပလွန်းသည့် ပန်းချီလက်ရာတစ်ခု ပျက်စီးသွားသည့်အတွက် ကျောက်ဖုန်းက မနေနိုင်မထိုင်နိုင် နှမျောတသစွာဖြင့် အော်ဟစ်လိုက်မိလေသည်။
"နောက်ဆုံးစုတ်ချက်ကျမှ ဘာလို့ ဒီလိုအမှားမျိုး ဖြစ်ရတာလဲ…"
ဆန်းလျန်က ကောင်းကင်ထက်မှ ကြယ်စင်များကို တစ်ချက်မော့ကြည့်လိုက်ရင်း တီးတိုးပြောဆိုလိုက်သည်။
"လောကတစ်ခုလုံးမှာ မှားတာတွေရော မှန်တာတွေရော အများကြီးရှိတာပဲ ၊ ဘာထူးဆန်းလို့လဲ ၊ မင်း ပြောရင်တော့ မင်းကိုငါ တစ်ကြိမ်လောက် ကူညီပေးမယ်…"
ဆန်းလျန်ပြောနေသည့်စကားများကိုကြားသော်လည်း ကျောက်ဖုန်းက အဓိပ္ပါယ်ကို နားမလည်ပေ။
ထိုအချိန်ခဏအတွင်းမှာပင်…
ကြယ်စင်စုံသည့်မိုးကောင်းကင်တွင် အဆုံးမရှိသည့် အလင်းရောင်များ လင်းလက်တာကပလာလေသည်။
အလင်းရောင်များက စက်ဝိုင်းပုံသဏ္ဍန်တောက်ပနေပြီး အလင်းရောင်စက်ဝန်းအလယ်တွင် နန်းတော်တစ်ခု ပေါ်လာလေသည်။
နန်းတော်အပြင်ဘက်တွင် သုံးမြှောင့်ဆေးဖိုကြီး (၉)ခုက ရှေးဟောင်းကြယ်စင် (၉)စင်းအလား လှည့်ပတ်နေလေသည်။ သုံးမြှောင့်ဆေးဖို (၉)ခုမှ တန်ခိုးစွမ်းအားများ ချိတ်ဆက်သွားသည့်အခါ ပြင်းထန်သည့် နတ်ဘုရားတန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး နန်းတော်အတွင်းမှ ဆရာသခင်၏ တန်ခိုးစွမ်းအား မည်မျှမြင့်မားသည်ကို ဖော်ကျူးပြသနေလေသည်။
ထိုအချိန်မှာပင်…
အလင်းတန်းစက်ဝန်းအပြင်ဘက်တွင် ပုံရိပ်ယောင်ကဲ့သို့ မှော်ဝင်ဓားတစ်လက် ထွက်ပေါ်လာလေသည်။ ဓားမှထွက်ပေါ်နေသည့်အငွေ့အသက်များက ခြိမ်းခြောက်မှုများဖြင့် ပြည့်နေလေသည်။ အမှန်နှင့်အမှား ၊ အတိတ်နှင့်အနာဂတ်ကို ပြောင်းပြန်လှန်ပစ်တော့မည့်အလား ထင်မှတ်ရလေသည်။
တစ်ချိန်တည်းမှာပင်… မှော်ဝင်ဓား၏ဘေးတွင် ဓားပိုင်ရှင်ပေါ်လာလေသည်။
မှော်ဝင်ဓားပိုင်ရှင်၏ဘေးတွင် တစ်ကိုယ်လုံး ရွှေရောင်တောက်ပနေပြီး ဧကရာဇ်တစ်ပါးကဲ့သို့ ခမ်းနားမှုအသရေနှင့် ပြည့်စုံလေသည့် နတ်ဘုရားတစ်ပါးလည်း ပေါ်လာလေသည်။ သူ့ကိုမြင်လိုက်ရသည်နှင့် လူအများကြောက်ရွံ့သွားကြမည် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင်… ထူးဆန်းသည့် အဝါရောင်ရွှေစေတီတစ်ဆူပေါ်လာကာ တောက်ပနေသည့် အလင်းတန်းစက်ဝန်းကို ဖုံးအုပ်သွားလေသည်။
ကြယ်စင်ကောင်းကင်ထက်တွင် မည်သည့်အရာနှင့်မှ မနှိုင်းယှဉ်နိုင်သည့် တန်ခိုးရှင်တစ်ပါးအလား ထင်မှတ်ရလေသည်။ သူက လက်တစ်ဖက်လှုပ်ရှားလိုက်ရုံဖြင့် ကြယ်စင်ကွင်းပြင်ကြီးပင် လွင့်ထွက်သွားတော့မည့်အလားပင် ဖြစ်လေသည်။
"မာရ်နတ်နဲ့ ချင်းရွှီး နှစ်ယောက်ပေါင်းပြီး ရောက်လာကြတာပါလား ၊ ကျုပ်က မင်းတို့နဲ့ ဘာများပတ်သက်စရာရှိလို့ ရောက်လာကြရတာလဲ…"
နန်းတော်ထဲမှ အသံတစ်သံထွက်ပေါ်လာပြီး ဧကရာဇ်တစ်ပါး ထွက်ပေါ်လာလေသည်။
ဧကရာဇ်၏အသံက မိုးလုံးဟိန်းထွက်ပေါ်လာပြီး သုံးမြှောင့်မီးအိုးကြီး (၉)လုံးသည်ပင် တစ်ချက်လှုပ်ရှားသွားလေသည်။
ယန်ရွှီးတစ်ဖြစ်လဲ မာရ်နတ်က တည်ငြိမ်သည့်အမူအရာဖြင့် သုံးမြှောင့်မီးအိုးကြီး (၉)လုံး၏ အပြင်ဘက်တွင် လွင့်မျောနေပြီး မှော်ဝင်ဓားက သူ့ရင်ပတ်တည့်တည့်တွင် တည်ရှိနေလေသည်။
မာရ်နတ်နှင့် မနီးမဝေးတစ်နေရာတွင် တာအိုဆရာ ချင်းရွှီးရှိနေလေသည်။ ချင်းရွှီးမှာ ခွန်လွန်တောင် ၊ ကျောက်စိမ်းဝိညာဉ်နန်းတော်မှ ဖြစ်ပြီး သူက မာရ်နတ်နှင့်ပူးပေါင်းကာ နန်းတော်ထဲမှ ဧကရာဇ်ကို တိုက်ခိုက်လိုခြင်း ဖြစ်လေသည်။
ဤတိုက်ပွဲသတင်းသာ ပြန့်နှံ့သွားပါက စကြာဝဠာတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားနိုင်လေသည်။
ထို့ပြင် သူတို့ (၂)ယောက်သာမက ပုန်းကွယ်ပြီး တိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းနေသည့် ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးလည်း ရှိနေသေးသည်။
ထိုသူကတော့ ကွမ်းချန်ကျီပင် ဖြစ်လေသည်။
မာရန်နတ်က ပေါ့ပါးသည့်လေသံဖြင့်…
"ယွီဧကရာဇ် ၊ ကျုပ်တို့နဲ့ပူးပေါင်းပါ ၊ မပူးပေါင်းဘူးဆိုရင် မင်းရဲ့ တန်ခိုးစွမ်းအား အရင်းအမြစ်ဖြစ်တဲ့ ဒီ သုံးမြှောင့်မီးအိုးကြီး (၉)လုံးကို ကျုပ်တို့ကို လွှဲပြောင်းပေးလိုက်ပါ…"
ယွီဧကရာဇ်ဆိုသည်မှာ အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့ပြီး ယခုအချိန်မှ ပြန်လည်ထွက်ပေါ်လာသည့် ဧကရာဇ် တစ်ပါးဖြစ်လေသည်။
"ယွီဧကရာဇ်" ဆိုသူမှာ မည်သူဖြစ်ပါသနည်း။
တကယ်တမ်းတွင် "ယွီဧကရာဇ်" ဆိုသူမှာ တာ့ရှားပြည်ကို တည်ထောင်ခဲ့သည့် ဧကရာဇ် စစ်ဝမ်မင့်ပင်ဖြစ်လေသည်။ ဆန်းလျန်၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရသည့် တာ့ရှားဧကရာဇ် စစ်ချီ၏ ခမည်းတော် ဖြစ်လေသည်။
သူက ရှေးခေတ်အချိန်အခါကတည်းက အင်အားကြီးမားသည့် ဧကရာဇ်တစ်ပါးဖြစ်လေသည်။ သို့သော်… သူက သူတော်စင်ဖူရှီးလောက်တော့ တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိပေ။ သို့သော်… သူတို့ (၂)ယောက်၏ တန်ခိုးစွမ်းအားများက သိပ်ပြီး မကွာကြပေ။
ယခုတော့ မာရ်နတ်နှင့် ချင်းရွှီးက သူ့ကိုတိုက်ခိုက်ရန် ရောက်လာခဲ့ကြပြီ။ တိုက်ပွဲကြီးတစ်ပွဲတော့ နွှဲရဦးမည် ဖြစ်လေသည်။
ယွီဧကရာဇ်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"အသူရာချောက်ကလည်း ပြောင်းလဲသွားပြီ ၊ မိုးကောင်းကင်ခုံရုံးကလည်း ပြန်လည်ဖွင့်လှစ်ပြီဆိုတာတောင် မင်းတို့က အမှားအမှန်ခွဲခြားမသိကြသေးဘူးပဲ ၊ မင်းတို့အကုန်လုံး လူပြန်ဝင်စားချင်နေပြီထင်တယ်…"
ချင်းရွှီးက…
"ဆန်းလျန်ရယ် ၊ ရွှမ်တုတောက်ကျွင်းရယ် ၊ တိကျန်ဗောဓိသကျရယ်ဆိုတာ အခုခေတ်မှာ ဘေးချင်းယှဉ်ရပ်နေတဲ့ ပြိုင်ဘက်ကင်းတွေပဲ ၊ ခေတ်အဆက်ဆက်မှာ လွှမ်းမိုးနိုင်ဆုံးလူတွေပဲ ၊ သူတို့သာ အောင်မြင်သွားရင် ကျုပ်တို့တွေ ဘာဆက်ဖြစ်မလဲဆိုတာ မသိနိုင်ဘူး ၊ မင်းက ဘာလို့ ကျုပ်တို့နဲ့ မပူးပေါင်း နိုင်ရမှာလဲ…"
ယွီဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း…
"မင်းတို့နဲ့ပေါင်းလိုက်တော့ ကျုပ်က သူတို့နဲ့ ရန်သူဖြစ်သွားမှာပေါ့ကွ… ကျုပ်ကိုများ ငတုံးထင်နေသလား…"
ချင်းရွှီးက တည်ကြည်သည့်မျက်နှာထားဖြင့်…
"သူတို့ (၃)ယောက်နဲ့ ယှဉ်လိုက်ရင် ကျုပ်တို့က အောက်ကျနောက်ကျ ဖြစ်နေတာလေ ၊ ကျုပ်တို့ (၃)ယောက် ယာယီလက်တွဲပြီး ပူးပေါင်းလိုက်ရင် ကျုပ်တို့လည်း တာအိုဆရာသခင်ကြီးတွေဖြစ်လာဖို့ မျှော်လင့်ချက် နည်းနည်းလောက်ရှိတာပေါ့ ၊ ကျုပ်တို့ဖြစ်မလာနိုင်ဘူးဆိုရင်တောင် သူတို့ ဖြစ်မလာအောင် တားလို့ရတာပေါ့…"
ယွီဧကရာဇ်က…
"ကျုပ် နတ်ဘုရားတစ်ပါးဖြစ်သွားတဲ့အချိန်မှာ ဒုတိယမိုးနတ်မင်းတောင်မှ နတ်ဘုရားတစ်ပါး မဖြစ်သေးဘူး ၊ မင်းတို့လိုပါမွှားတွေကိုများ ကျုပ်က မျက်လုံးထဲ အရေးအရာလုပ်မယ် ထင်နေသလား…"
ချင်းရွှီးက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ဒါဖြင့် မင်းက ငြင်းချင်တာလား…"
ဗလာနယ်ထဲတွင် ကျယ်လောင်သည့် ရယ်မောသံတစ်ချက် ထွက်ပေါ်လာပြီး သုံးမြှောင့်မီးအိုးကြီး (၉)ခုမှ ထူးဆန်းသည့် အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ထို့နောက် သုံးမြှောင့်မီးအိုးကြီး (၉)ခု ပေါင်းစပ်သွားပြီး သရဖူတစ်ခုအသွင် ကူးပြောင်းသွားလေသည်။ သရဖူသည် ယွီဧကရာဇ်၏ ဦးခေါင်းထက်သို့ ရောက်ရှိလာပြီး ယွီဧကရာဇ်သည်စကြာဝဠာတစ်ခုလုံး၏ ဧကရာဇ်မင်းတစ်ပါးအလား ထင်မှတ်ရလေသည်။
မာရ်နတ်က ယွီဧကရာဇ်ကို လုံးအရှုံးမပေးသည့်အကြည့်ဖြင့်စိုက်ကြည့်နေလေသည်။
ကျောက်စိမ်းရတနာအလား ဖြူစင်ဝင်းပလွန်းသည့် သူ၏ လက်ချောင်းသွယ်သွယ်တို့က မှော်ဝင်ဓားကို တင်းကျပ်စွာ စုပ်ကိုင်ထားလေ၏။
မှော်ဝင်ဓားမှ အိပ်မက်ဆန်သည့် အလင်းတန်းများ ထွက်ပေါ်လာပြီး ဗလာနယ်တစ်ခုလုံးကို ဖြတ်တောက်ချလိုက်လေသည်။ မှော်ဝင်ဓားသည် ဓား (၉)လက်အဖြစ် ခွဲဖြာထွက်သွားပြီး ယွိဟွမ်ဧကရာဇ်၏ ဦးခေါင်းထက်ရှိ သုံးမြှောင့်မီးအိုး (၉)ခုကို တစ်ချက်တည်းဖြင့် ခုတ်ပိုင်းချလိုက်လေတော့သည်။
မာရ်နတ်၏ မှော်ဝင်ဓားမှ ထွက်ပေါ်နေသည့် အလင်းရောင်များသည် အိပ်မက်ဆန်လှသည့်အတွက် အမှန်လား အမှားလား ဝေခွဲရခက်လှလေသည်။
ယွီဧကရာဇ်၏ နက်ရှိုင်းလှသည့်တန်ခိုးစွမ်းအားများနှင့် အိပ်မက်ဆန်သည့် ဓားအလင်းတန်းတို့ ထိခတ်မိသည်နှင့် ယွီဧကရာဇ်၏ ခန္ဓာကိုယ်မှ အလင်းတန်းများ တောက်ပလာပြီး သူ၏ ဦးခေါင်းထက်မှ သရဖူကို ကာကွယ်ထားလိုက်လေသည်။
သရဖူမှ အလင်းရောင်များတောက်ပနေပြီး ယွိဟွမ်ဧကရာဇ်၏ဦးခေါင်းသည် စကြာဝဠာတစ်ခုအလား ဖြစ်လေသည်။ အဆုံးမရှိသည့် နတ်ဘုရားစွမ်းအားများဖြင့်ပြည့်နက်နေလေသည်။
ချင်းရွှီးက ချီးကျူးသည့်လေသံဖြင့်…
"မိုးနဲ့မြေက ကြီးမြတ်တယ် ၊ တာအိုကလည်းကြီးမြတ်တယ် ၊ ပြီးတော့ ယွိဟွမ်ဧကရာဇ်ကလည်း ကြီးမြတ်ပါပေတယ်… ၊ တကယ့်ကို လေးစားလောက်စရာ တန်ခိုးစွမ်းအားပါပဲ ၊ ဒါပေမဲ့ ကံဆိုးတာက ဒီနေ့ ကျုပ်တို့ချည်းပဲ မဟုတ်ဘူး…"
ထို့နောက် ချင်းရွှီးက သူ့လက်ထဲမှ ဧကရာဇ်ပေတံကို တစ်ချက် ဝှေ့ယမ်းလိုက်လေသည်။
ဗလာနယ်ထဲတွင် လှိုင်းများထလာပြီး ဧကရာဇ်ပေတံမှ တန်ခိုးစွမ်းအားများက ယွီဧကရာဇ်ကို ရစ်ပတ်ထားလိုက်လေသည်။
ယွိဟွမ်ဧကရာဇ်က ကိုယ်ခွဲ (၉)ခု ခွဲထုတ်လိုက်လေသည်။
ကိုယ်ခွဲ (၉)ခုတွင် တစ်ခုက မူလယွီဧကရာဇ်ဖြစ်ပြီး ကျန်သည့် ကိုယ်ခွဲ (၈)ခုက ယွီဧကရာဇ်၏ တန်ခိုးစွမ်းအား (၈)မျိုးဖြစ်သည့် ခိုင်း ၊ ရှိုး ၊ စန်း ၊ ရှန်း ၊ တု ၊ ကျင် ၊ စစ် ၊ ကျင်း တို့ ဖြစ်ကြလေသည်။
ထို ကိုယ်ခွဲ (၈)ခုသည် မူလယွီဧကရာဇ်၏ ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ကာကွယ်ပေးထားလေသည်။
ချင်းရွှီးက…
"အစ်ကိုကွမ်းချန်ကျီ ၊ အခု ထွက်လာပါတော့…"
"ကောင်းပြီ… ၊ ကျုပ်လိပ်ကြီးကို ဘယ်လိုသတ်မလဲ ကြည့်ကြတာပေါ့…"
စကားသံနှင့်အတူ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်သံကြီးက စကြာဝဠာတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
ရယ်သံကြီးနှင့်အတူ ဗလာနယ်ထဲတွင် ကြယ်စင်ပေါင်းများစွာ ပျံသန်းလာပြီး ယွီဧကရာဇ်၏ ကိုယ်ခွဲ (၈)ခုကို ထိမှန်သွားလေတော့သည်။
ထိုအချိန်တွင် ဆန်းလျန်က လူ့လောကတွင် ကောင်းကင်ထက်သို့မော့ကြည့်နေခဲ့လေသည်။
ထို့ပြင် လူ့လောကမှ သာမန်လူသားများသည် ဤသို့သောမြင်ကွင်းမျိုးကို မြင်တွေ့ရန် နှစ်ပေါင်းထောင်နှင့်ချီကြာအောင် စောင့်ဆိုင်းရမည် ဖြစ်လေသည်။
ဆန်းလျန်၏ ရုပ်ခန္ဓာက နေရာတွင်ပင် တိတ်ဆိတ်စွာထိုင်နေပြီး သူ၏ မူလဝိညာဉ်ခန္ဓာကတော့ တိုက်ပွဲဖြစ်ပွားရာ စကြာဝဠာအတွင်းသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်လေသည်။
ထိုသို့ ကြယ်စင်များပျံသန်းလာသည့်အလား ဖန်ဆင်းနိုင်သည့် တန်ခိုးစွမ်းအားကို ကြယ်စင်တစ်ထောင် တန်ခိုးစွမ်းအားဟု ခေါ်လေသည်။ ထိုတန်ခိုးစွမ်းအားမှာ ယွမ်စီထျန်းကျွင်း၏ ကျင့်စဉ်တစ်ခု ဖြစ်လေသည်။
ထိုကျင့်စဉ်ကို ကျင့်ကြံအောင်မြင်ထားသူဆို၍ ကျောက်စိမ်းဝိညာဉ်နန်းတော်မှ ကွမ်းချန်ကျီသာ ရှိလေသည်။ ထိုတန်ခိုးစွမ်းအားသည် ဖန်ကူအလံနီးပါး အလွန်တန်ခိုးစွမ်းအားမြင့်မားပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှလေသည်။
***